← Chapters

အလှည့်စားခံ

Vol. 40 Ch. 589

အလှည့်စားခံ

Vol. 40 Ch. 589

သက်တူရွယ်တူများကြားတွင် ဝိညာဉ်အာရုံအစွမ်း၌ လုယန်ကို ဘယ်သူယှဉ်နိုင်မည်နည်း။

ပထမအလွှာသို့ဝင်ပြီးနောက် မုန်ကျင်းကျိုးက မြေပုံသုံး၍တွက်ချက်ကြည့်သည်။ သူတို့ အမြန်ဆုံးသွားလျှင်ပင် ဝင်ပေါက်မှ 'ကောင်းကင်လှေခါး'အထိ တစ်ရက်ကြာမည်။

ပထမအလွှာက စက်ဝိုင်းပုံလေဟာနယ်ဖြစ်သည်။ ဝိညာဉ်သန္ဓေရဖို့ သားရဲများကိုအမဲလိုက်ရမည်ဟု စည်းမျဉ်းများက ဖော်ပြထားသည်။ လူတိုင်းဖြစ်ပေါ်လာသည့် ပထမဆုံးအသိက စဝင်သည့်ဝင်ပေါက်မှ နေရာဖြန့်ပြီး နတ်ဆိုးသားရဲများ ရှာဖွေသတ်ဖြတ်ဖို့ဖြစ်သည်။ ဒုတိယအလွှာဝင်ခွင့်လှေခါဆီသွားကြည့်ဖို့ ဘယ်သူမှစိတ်ကူးမရှိကြ။

ပထမအလွှာ၏စည်းမျဉ်းများကို နားလည်သည်နှင့် လုယန်ရော မုန်ကျင်းကျိုးပါ လှေခါးရင်းတွင် သေတ္တာတစ်လုံးထားပြီး သန္ဓေစုစည်းဖို့ စိတ်ကူးမိကြသည်။

ထိုအစီအစဉ်တွင် မသေချာသည့်တစ်ခုတည်းသောအချက်က နတ်ဆိုးသားရဲများ၏ စွမ်းအားဖြစ်သည်။

နတ်ဝိညာဉ်အဆင့်သားရဲက ဝိညာဉ်ပြောင်းအဆင့်စွမ်းအားမျိုး ထုတ်နိုင်သည်ဆိုလျှင် နတ်ဆိုးပါရမီရှင်များ သားရဲသန္ဓေဆယ်ခုစီ ရနိုင်မည်မဟုတ်။ သို့ဆိုလျှင် ကောင်းကင်လှေခါးရှေ့တွင် သန္ဓေသေတ္တာထားလည်း ဘာမှအကျိုးရှိမည်မဟုတ်။

သူတို့သုံးယောက်ပေါင်း၍ အမဲလိုက်ပြီး သန္ဓေစုဖို့သာရှိသည်။

ထို့ကြောင့် လုယန်တို့နှစ်ယောက် နတ်ဆိုးသားရဲတစ်ကောင်ကို ချက်ချင်းအမဲလိုက်၍ လေ့လာကြည့်ခြင်းဖြစ်သည်။

သားရဲများစွမ်းအားကို သေချာသိပြီုးနောက် မုန်ကျင်းကျိုးက လှေခါးဆီ ချက်ချင်းသွားသည်။

သူတို့ရည်ရွယ်ချက်အမှန် မပေါ်စေရန် လုယန်က ကိုယ်ပွားပညာနှင့်အရိပ်တုလက်သီးသုံး၍ မုန်ကျင်းကျိုးအတုတစ်ယောက် ဖန်တီးသည်။

ထို့ပြင် အနီးအနားတွင် ချင်ဖုန်းပုန်းအောင်းနေသည်ကို လုယန်အာရုံခံမိသည်။ ကစားပွဲပြောင်းရန် ဆုံးဖြတ်သည်။ ဝင်ပေါက်ပိတ်ဆို့မည့်အစီအစဉ်ကို တမင်ကြားအောင်ပြောသည်။ ကျန်းရှီရှီကို သိစိတ်အာရုံမှ အစီအစဉ်အစစ်ကို ရှင်းပြသည်။

ထိုအချိန်ကျမှ ကျန်းရှီရှီက စိတ်လှုပ်ရှားမှုပြလာသည်။ အကယ်၍သူကိုယ်တိုင်သာ စီစဉ်ရမည်ဆိုလျှင် ဆယ်ရက်ကြာလျှင်ပင် ထိုအတွေးမျိုးစဉ်းစားနိုင်မည်မဟုတ်။

လူသားပါရမီရှင်တို့၏ ဉာဏ်ရည်က ထူးခြားလွန်းသည်။

လုယန်နှင့်ကျန်းရှီရှီ ပုံမှန်အတိုင်း သားရဲများကို အမဲလိုက်သည်။ ကောင်းကင်လှေခါးသို့ရောက်မည့်အချိန်ကို တမင်နှေးထားသည်။

နောက်ဆုံးတွင် ယခုလက်ရှိအနေအထားရောက်လာသည်။

"မိတ်ဆွေချင်ဖုန်း၊ မင်းက တကယ်အလုပ်ကြိုးစားခဲ့တာပဲ။ ဒီသန္ဓေတွေ ငါယူလိုက်တော့မယ်နော်"

မုန်ကျင်းကျိုးက သေတ္တာအစွန်းတွင်ရပ်လျက် တဟားဟားရယ်နေသည်။ သန္ဓေလုံးများကို ကြိုးဖြင့်သီ၍ လည်ပင်းတွင်ဆွဲထားသည်။ မြင်သူတိုင်း မနာလိုချင်စရာဖြစ်နေသည်။

ထိုသန္ဓေများသည် ပါရမီရှင်အားလုံး၏ ဆယ်ရက်တာစုစည်းမှုဖြစ်သည်။

"ခွေးသူတောင်းစား"

ချင်ဖုန်း ဒေါသထွက်သွားပြီး မူလပုံစံ ကျိုးယင်အဖြစ်ပြောင်းလိုက်သည်။

ကျိုးယင်သည် ခေါင်းကိုးလုံးပါသည့် သတ္တဝါဖြစ်သည်။ ခေါင်းတစ်လုံးချင်းစီက အနက်ရောင်စပါးကြီးမြွေနှင့် ပုံစံတူသည်။ မျက်လုံးဆယ့်ရှစ်ခုက နီရဲနေသည်။

ဝင်ပေါက်ပိတ်ဆို့မည့်အစီအစဉ်ကို နတ်ဆိုးမဟာမိတ်‌ပါရမီရှင်းများအား သူအကြံပြုခဲ့သည်။ ထို့ကြောင့် ခေါင်းဆောင်နေရာရခဲ့သည်။

ယခု အစီအစဉ် တန်ပြန်သက်ရောက်မှုဖြစ်လာသည်။ သူအသုံးချခံလိုက်ရသည်။ သန္ဓေတစ်ခုမှမရှိတော့။ နတ်ဆိုးမဟာမိတ်အဖွဲ့၏ဒေါသက သူ့အပေါ်ပုံကျလာမည်မှာ သေချာသည်။

သူ့ကိုကာကွယ်ပေးသည့် ကူးဖြတ်ခြင်းအဆင့်အကြီးအကဲရှိသော်လည်း ထိုမျိုးနွယ်ဝင်များ၏ ဒေါသကို ခံနိုင်ရည်ရှိမည်မဟုတ်။

"သန္ဓေတွေ ပြန်ပေးစမ်း"

ချင်ဖုန်း ဒေါသတကြီးအော်ဟစ်သည်။ မြွေခေါင်းကိုးလုံး မုန်ကျင်းကျိုးဆီ တိုးဝင်လာသည်။ ထိုသို့ သွေးရူးသွေးတန်းဖြစ်မည်ကို ကြိုတွက်ထားပြီးဖြစ်၍ မုန်ကျင်းကျိုးက ဘေးသို့ခုန်ရှောင်သည်။

ထိုမြင်ကွင်းကြောင့် နတ်ဆိုးမဟာမိတ်ပါရမီရှင်များ သူတို့အရူးလုပ်ခံရသည့်အဖြစ်ကို နားလည်လာသည်။ နတ်ဆိုးပုံစံအစစ်ပြောင်း၍ မုန်ကျင်းကျိုးကို ခုန်အုပ်ကြသည်။

သန္ဓေတစ်ခုပင် ပြန်မယူနိုင်လျှင် ပထမအလွှာစမ်းသပ်ပွဲကို သူတို့ဖြတ်ကျော်နိုင်မည်မဟုတ်။

အောင်းယွဲ့လက်ဝါးတွင် လျှပ်စီးလှိုင်းများ တဖျတ်ဖျတ်တောက်ပနေသည်။ ဝင်တိုက်ခိုက်ပြီး သန္ဓေများကို လုသင့်မလုသင့်ချိန်ဆနေသည်။

သူတို့သန္ဓေများလည်း မုန်ကျင်းကျိုးထံတွင် ရောက်နေသည်။

ထိုစဉ် ကျန်းရှီရှီက အောင်းယွဲ့ရှေ့တွပ် ပိတ်ရပ်သည်။

အလုပ်များနေသည့် မုန်ကျင်းကျိးကို လက်ညှိုးထိုးပြ၍

"ဒီလူက ငါ့နဲ့တစ်ဖွဲ့တည်းပါ။ နတ်ဆိုးမဟာမိတ်အဖွဲ့ရဲ့အကြံကို ငါတို့ကြိုသိလို့ ဒီလိုထောင်ချာက်ဆင်ခဲ့တာ။

နင်တို့အားလုံး စိတ်မပူပါနဲ့။ ငါတို့က နတ်ဆိုးမဟာမိတ်အဖွဲ့ကိုပဲ ပစ်မှတ်ထားတာပါ။ သူလွတ်လာတာနဲ့ နင်တို့ဒုတိယအလွှာကိုဝင်နိုင်အောင် သန္ဓေဆယ်ခုစီပေးပါ့မယ်"

ထိုအချက်ကိုလည်း သူနှင့်လုယန် ကြိုဆွေးနွေးခဲ့သည်။

အောင်းယွဲ့တို့အမြင်အရ ချင်ဖုန်းကို လုယန်တို့လှည့်စားထားမှန်းမသိကြ။ လုယန်တို့က ပိုဉာဏ်ထက်၍ ချင်ဖုန်းတို့လုပ်ရပ်ကို ကြိုရိပ်မိပြီး သန္ဓေသေတ္တာဖန်တီး၍ တရားမျှတမှုပြန်ယူသည်ဟုသာ ယူဆလိမ့်မည်။

သူတို့ဆုံးရှုံးထာားသမျှ ပြန်ရလျှင် အပိုသန္ဓေလည်း တောင်းကြမည်မဟုတ်။ သန္ဓေဆယ်ခုဆို လုံလောက်သည်။

ထို့ကြောင့် လုယန်တို့သုံးယောက် နာမည်ကောင်းရရုံသာမက သားရဲသန္ဓေလည်း အများဆုံးပိုင်ဆိုင်လာသည်။

လုယန်တို့နှစ်ယောက်နှင့်လက်တွဲဖို့ အကြီးအကဲသဘောတူခဲ့သည်ကို ကျန်းရှီရှီကျေးဇူးတင်နေသည်။ ထိုသို့မပူးပေါင်းခဲ့လျှင် ယခုချိန် သူ့လက်ထဲတွင် သန္ဓေဆယ်ခုသာ ရှိပေလိမ့်မည်။

အဖြစ်အပျက်ကို ပြန်စဉ်းစားရင်း သူကျောချမ်းမိသည်။ လူသားပါရမီရှင်နှစ်ယောက်သည် အလွန်ဉာဏ်နီဉာဏ်နက်များလွန်းသည်။

သူ့ကျင့်စဉ်ပါရမီပြည့်စုံသော်လည်း ဉာဏ်ရည်နှင့်အတွေ့အကြုံနိမ့်သေးကြောင်း အကြီးအကဲပြောခဲ့သည်မှာ မဆန်းတော့။ လုယန်တို့နှင့်ကွာသည်မှာ ထိုအချက်ဖြစ်သည်။

"ကျေးဇူးပါ သခင်မလေးကျန်း"

တစ်ခြားပါရမီရှင်များကလည်း ကျန်းရှီရှီ၏ သဘောထားကြီးမှုကြောင့် ကျေးဇူးတင်နေကြသည်။

တစ်ခုခုတော့မူမမှန်ဟု အောင်းယွဲ့ခံစားနေရသည်။ သို့သော် လောလောဆယ် ထိုကိစ္စတွေးနေရမည့်အချိန်မဟုတ်။

နတ်ဆိုးမဟာမိတ်က သူတို့ကို ဆိုးဆိုးဝါးဝါးအနိုင်ကျင့်ခဲ့သည်။ ယခု ပြန်တိုက်ခိုက်ရမည့်အချိန်ဖြစ်သည်။

"အားလုံးပဲ။ အတူလက်တွဲပြီး စိတ်ထားကောင်းတဲ့ဟိုလူကို လွတ်အောင်ကူညီကြစို့"

အောင်းယွဲ့ အဇူရာနဂါးအဖြစ် အသွင်ပြောင်းလိုက်သည်။ သူ့နဂါးဖန်လုံးမှ လျှပ်စီးတန်းများ ပေါက်ကွဲထွက်လာသည်။ နဂါးအော်သံဟိန်းထွက်သွားသည်။ နဂါးလက်သည်းများကို ဝေ့ယမ်း၍ နတ်ဆိုးမဟာမိတ်အုပ်စုထဲ တရကြမ်းဝင်ရောက်တိုက်ခိုက်သည်။

တစ်ခြားပါရမီရှင်များလည်း အော်ဟစ်မန်သွင်း၍ မဟာမိတ်အဖွဲ့ကို ဝင်တိုက်ခိုက်ကြသည်။

မုန်ကျင်းကျိးကို လိုက်လံတိုက်ခိုက်နေသည့် မဟာမိတ်နတ်ဆိုးများ အောင်းယွဲ့တို့အဖွဲ့၏ တိုက်ခိုက်မှုကိုလည်း ခုခံကာကွယ်ကြရသည်။ ချင်ဖုန်းအပေါ် မကျေနပ်သည့်စိတ်များ ပိုတိုးပွားလာသည်။ အမိန့်ကိုလုံးဝမနာခံကြတော့သဖြင့် မကြာမီ အဖွဲ့ဖရိုဖရဲဖြစ်၍ ကြောက်လန့်တကြားထွက်ပြေးကြသည်။

"ဘယ်လိုလဲ မိန်းကလေးကျန်း၊ ငါတို့နဲ့လက်တွဲရတာ ထိုက်တန်တယ်လို့ယူဆရဲ့လား"

လုယန်က ခပ်ညှင်းညှင်းရယ်၍မေးသည်။

ကောင်းကင်လှေခါးဝင်ပေါက်သို့ရောက်ပြီးနောက်ပိုင်း လုယန် ကိုယ်တိုင်မလှုပ်ရှားတော့။ အားလုံးက သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်လာသည်။

အထူးသဖြင့် မျောက်တစ်ကောင်လို ဟိုခုန်ဒီကူးရှောင်တိမ်းနေရသည့် မုန်ကျင်းကျိုးကို နောက်ဘက်မှ အရသာခံကြည့်နေရသည့်အဖြစ်ကို သူအတော်သဘောကျနေသည်။

"ဒါပေါ့၊ တကယ်ထိုက်တန်ပါတယ်"

ကျန်းရှီရှီ ခေါင်းငြိမ့်သည်။

ထိုက်တန်ရုံလောက်မကပါ။ ပွပေါက်တိုးခြင်းဖြစ်သည်။

လျှို့ဝှက်မြေမှ အဖြစ်အပျက်များကို အပြင်လောကတွင် ပြန်ထုတ်ပြောခွင့်မရှိ။ သို့သော် ယနေ့ ဤလုပ်ရပ်တစ်ခုတည်းဖြင့်ပင် တစ်ခြားပါရမီရှင်များအမြင်တွင် သူ့အဆင့်အတန်း မြင့်မားသွားပြီဖြစ်ကြောင်း သူကောင်းကောင်းသိသည်။

နတ်ဆိုးမဟာမိတ်အဖွဲ့ ကစဉ့်ကလျားထွက်ပြေးကြသည်။

မသတ်ဖြတ်ရဟု စည်းမျည်းများက တားမြစ်မထား။ လျှို့ဝှက်မြေတွင်သေသွားလျှင် ဤနေရာမှအဖြစ်အပျက်ကို ပြန်မပြောဖို့သာ တားမြစ်သည်။ သေဆုံးသူအတွက် တန်ပြန်လက်စားချေခွင့်မရှိသည့်သဘောဖြစ်သည်။

မုန်ကျင်းကျိုး အသက်ကိုပင်ပန်းကြီးစွာ ရှူရိုက်နေသည်။ နောက်ဘက်တွင် အေးအေးလူလူရပ်နေသည့် လုယန်ကို မြင်သွားပြီးနောက် အပင်ပန်းခံရသည့်အလုပ်ကို သူရွေးမိပြန်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။

တစ်ခြားရွေးချယ်စရာလည်းမရှိ။ သူသည် လုယန်လို သစ်ပင်စိုက်ပညာမတတ်။ အရိပ်တုလက်သီးပညာမတတ်။

သူတို့အစီအစဉ်အတိုင်း မုန်ကျင်းကျိုးက အောင်းယွဲ့တို့လူစုကို သန္ဓေဆယ်ခုစီပေးသည်။ ကျန်သည့်သန္ဓေရှစ်ရာကို သုံးယောက်ခွဲယူသည်။

အားလုံး အတော်ကြာအောင်ရှာဖွေသော်လည်း သန္ဓေထည့်ရမည့်နေရာကို ရှာမတွေ့ကြ။

အောင်းယွဲ့က အကဲစမ်း၍ ကောင်းကင်လှေခါးပေါ်တက်လိုက်သည်။ လှေခါးက သန္ဓေဆယ်ခုကို စုပ်ယူသွားသည်။ ထို့နောက် ဒုတိယအလွှာသို့ သူ့ကို ပို့ပေးသည်။ ပထမအလွှာမှ ဒုတိယအလွှာသို့ကူးဖြတ်နည်းကို ထိုအချိန်ကျမှ အားလုံး နားလည်သွားကြသည်။

တစ်ယောက်ပြီးတစ်ယောက် တန်းစီ၍ ဒုတိယအလွှာသို့ ဝင်ကြသည်။ နတ်ဆိုးမဟာမိတ်အဖွဲ့ဝင်များသာ မနီးမဝေးတွင် ယောင်ချာချာကျန်ရစ်သည်။

လုယန်တို့တက်သွားပြီးနောက် ချင်ဖုန်းလည်း ဒုတိယအလွှာသို့ဝင်ရန် ကြိုးစားသည်။ သို့သော် သားရဲသန္ဓေတစ်ခုမှမရှိ။ ကောင်ကင်လှေခါးရှေ့တွင် အတားအဆီးတစ်ခုပေါ်လာပြီး သူ့လမ်းကိုပိတ်လိုက်သည်။

သဲနာရီ၏နောက်ဆုံးသဲမှုန် ကျသွားသည်။ ဆယ်ရက်ပြည့်သွားသည့်လက္ခဏာဖြစ်သည်။ နတ်ဆိုးမဟာမိတ်ပါရမီရှင်အားလုံး လျှို့ဝှက်မြေအပြင်ဘက်သို့ အထုတ်ခံလိုက်ရသည်။

"ချင်ဖုန်း၊ အားလုံးက မင်းကြောင့်ပဲ"

မဟာမိတ်အဖွဲ့ပါရမီရှင်တို့၏မျက်လုံးများ ဒေါသကြောင့် နီရဲနေသည်။

ဖန်တီးခြင်းလျှို့ဝှက်မြေမှရနိုင်သည့် အခွင့်အလမ်းများက များပြားသည်။ သို့သော်သူတို့ ဘာတစ်ခုမှမရလိုက်။

"အကြီးအကဲ၊ ကျုပ်ကိုကယ်ပါဦး"

ချင်ဖုန်း ထိတ်လန့်သွားပြီး သူ့ကာကွယ်သူနောက်သို့ အမြန်ဝင်ပုန်းသည်။

ထို့အချိန်ကျမှ ပတ်ဝန်းကျင်က နည်းနည်းထူးဆန်းနေကြောင်း သူသတိထားမိသည်။ လေးလံထိုင်းမှိုင်းနေသည်။ မျိုးနွယ်အားလုံး၏အကြည့်က သူတို့ကျိုးယင်မျိုးနွယ်ဆီရောက်နေသည်။ အကြည့်များက နှစ်လိုဖွယ်အကြည့်မျိုးမဟုတ်။

ဘာတွေဖြစ်ခဲ့သည်မသိ။

*******************************

All Chapters