မျိုးစေ့
Vol. 40 Ch. 590
အပြင်လောကမှအဖြစ်အပျက်များကို လုယန်တို့မသိ။ နတ်ဆိုးမျိုးနွယ်အယောင်ဆောင်၍ ဒုတိယအလွှာသို့ဝင်လာသည်။
ဒုတိယအလွှာတွင် ပန်းနံ့များမွှေးကြိုင်နေသည်။ ပန်းများ နေရာစုံတွင် ဖူးပွင့်နေသည်။
အဆုံးမဲ့ပန်းဥယျာဉ်တစ်ခုဖြစ်သည်။ ဥယျာဉ်မြေပေါ်တွင် လှပသည့်သဏ္ဍာန်တစ်ခု ဒူးထောက်၍ ပန်းရနံ့များကို ရှူရှိုက်နေသည်။
အားလုံးရောက်လာချိန်တွင် ထိုသဏ္ဌာန်ထရပ်လာသည်။ လက်ခုပ်တီး၍ အပြုံးဖြင့်ကြိုဆိုသည်။
"အားလုံးပဲ၊ ဒုတိယအလွှာကနေ ကြိုဆိုပါတယ်။ ငါက လျှို့ဝှက်မြေရဲ့ဝိညာဉ်ပါ။ လော်ဟုန်လို့ခေါ်နိုင်ပါတယ်"
လျှို့ဝှက်မြေဝိညာဉ်ဆိုသည်မှာ ကူးဖြတ်ခြင်းအဆင့်များဖန်တီးသည့် နယ်မြေမျိုးတွင်သာရှိသည်။ သက်ရှိများနှင့်မတူ။ ကြိုတင်စီစဉ်ထားသည့် မှော်စွမ်းအင်တစ်မျိုးနှင့် ပိုတူသည်။
သို့သော် ဤမှော်စွမ်းအင်သည် အတွေ့အကြုံများစွာပေါင်းစပ်ထားသည်။ သက်ရှိတို့၏ တွေးခေါ်ပုံကို အတုယူနိုင်သည်။
ဤလျှို့ဝှက်မြေသည် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။ ပထမအလွှာတွင် စည်းမျဉ်းများကို ကြေညာချိန်တွင် ခေတ်ဘာသာစကားကို အသုံးပြုခဲ့သည်။ နယ်မြေဝိညာဉ်လော်ဟုန်က အမြဲမပြတ် လေ့လာနိုင်စွမ်းရှသောကြောင့်ဖြစ်သည်။
လျှို့ဝှက်မြေသခင်မရှိလျှင် လျှို့ဝှက်မြေ၏ဝိညာဉ်သည် အမြင့်ဆုံးဩဇာကိုပိုင််ဆိုင်သည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်"
မှော်ဝိညာဉ်ဖြစ်ကြောင်းသိသော်လည်း ဘယ်သူမှမလေးမစားမလုပ်ရဲ။ အားလုံး အရိုအသေပြုကြသည်။
"ကြည့်ရတာ ဒီမျိုးဆက်က အတော်ယဉ်ကျေးသေးတဲ့ပုံပဲ။ ပထမအလွှာက မင်းတို့စွမ်းအားကို စမ်းသပ်ခဲ့တာ။ ဒုတိယအလွှာက မင်းတို့စိတ်ဓာတ်ကို စမ်းသပ်လိမ့်မယ်။
လုပ်ရမယ့်ကိစ္စက ရိုးရိုးလေးပါ။ မင်းတို့ ပန်းစိုက်ရမယ်။
အခုမင်းတို့ကိုင်ထားတဲ့ မျိုးစေ့တွေဟာ အရိပ်လပန်းမျိုးစေ့တွေပဲ။ အပြည့်အဝပွင့်လန်းချိန်ဆို လရောင်အောက်မှာကခုန်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့တူတယ်။ အရမ်းကြည့်ကောင်းတယ်။
အရိပ်လပန်းက အပြည့်အဝကြီးထွားဖို့ ဆယ့်ငါးရက်ကြာတယ်။ မင်းတို့လုပ်ရမှာက ဆယ့်ငါးရက်အတွင်း ပန်းပွင့်အောင်လုပ်ဖို့ပဲ။ လုပ်နိုင်ရင် ဒီအဆင့်ကို မင်းတို့အောင်မြင်မယ်။
ပန်းပွင့်တွေရှင်သန်အားကောင်းလေ မင်းတို့ရမှတ်တိုးလေပဲ။..သတိထားပါ၊ ဒီတစ်ခါ မင်းတို့ ဘာမှော်ပညာ၊ ဘာရတနာ၊ ဘာကျင့်စဉ်စွမ်းအားမှ မသုံးရဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း စကားမပြောရဘူး။
ကိုယ့်ဘာသာပဲ ပန်းစိုက်ရမယ်"
အားလုံးမျက်နှာပျက်သွားသဖြင့် လော်ဟုန်ပြုံး၍ ထပ်ပြောသည်။
"စိတ်မပူပါနဲ့။ အရိပ်လပန်းက ဂရုစိုက်ရလွယ်တယ်။ မြေကြီးကိုထိတာနဲ့ အမြစ်တွယ်ပြီးအညှောက်ထွက်လာတယ်"
"နတ်မယ်၊ ဒီပန်းအကြောင်း ခင်ဗျားကြားဖူးလား"
လုယန် နတ်မယ်ကိုကျိတ်မေးသည်။
"ကြားဖူးတာပေါ့။ ဒီပန်းက အရမ်းလှပြီး လူကြိုက်များတယ်။ နင်မကြားဖူးဘူးဆိုတော့ အခုခေတ်မှာ မျိုးတုန်းသွားလို့ပဲဖြစ်မယ်"
ဒုတိယအလွှာ၏ စည်းမျဉ်းများက ရိုးရှင်းပုံရသည်။...သို့သော် လောင်မုန်နှင့် သူဆွေးနွေး၍မရတော့။
ကျန်းရှီရှီ ပန်းအိုးပြင်သည်။ မြေကြီးထဲ မျိုးစေ့မြှုပ်သည်။ မြေကိုဆွပေးသည်။ ရေလောင်းသည်။ သို့သော် အပင်ပေါက်လာမည့်လက္ခဏာမပြ။
သူမျက်မှောင်ကျုံ့သွားသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို တိုင်ပင်ချင်ိစတ် အလိုလိုပေါ်လာသည်။ သို့သော် စည်းမျဉ်းကို သတိရလာသဖြင့် ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။
စည်းမျဉ်းများကို ထပ်ကာထပ်ကာစဉ်းစားသည်။ တစ်ခုခုလိုနေသလားဟု တွေးသည်။
"ငါ့နေရာမှာ လုယန်သာဆိုရင် ဘာလုပ်မလဲ..."
...
ဆယ့်ငါးရက် လျင်မြန်စွာကုန်လွန်သွားသည်။ အကဲဖြတ်သည့်နေ့ရောက်လာသည်။
နတ်ဆိုးမျိုးနွယ်ပါရမီရှင်များနှင့် လူသားမျိုးနွယ်နှစ်ယောက် တန်းစီရပ်လျက် လော်ဟုန်၏ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
ရှေ့ဆုံးတွင် မြေခွေးမျိုးနွယ်ပါရမီရှင် စုလန်အာ ရပ်နေသည်။
စုလန်အာအလှက ထူးခြားသည်။ ဝတ်ရုံဖြူဝတ်ထားသည်။ ပန်းအိုးကိုင်ထားသည်။ မျက်နှာက သနားကမားဖြစ်သည်။
သူ့ပန်းအိုးထဲတွင် ဘာမှမရှိ။
လော်ဟုန် မျက်မှောင်ကျုံ့သွားသည်။
"မင်းရဲ့ပန်းက ဘယ်မှာလဲ"
စုလန်အာမျက်လုံးမှ မျက်ရည်များစီးကျလာသည်။ မြင်ရသူအဖို မျက်ရည်ပြေးသုတ်ပေးချင်လောက်အောင် ဖမ်းစားနိုင်သည်။
"ပန်းပင်က ကောင်းကောင်းကြီးထွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မက မြေခွေးဘိုးဘေးတွေရဲ့ 'ငါးတွေပုန်းအောင်းပြီး လမင်းအရှက်ရတဲ့' အလှဗီဇကို အမွေခံထားတယ်။
အရိပ်လပန်းက ပွင့်လာလာချင်းပဲ ကျွန်မကိုမြင်ပြီး ချက်ချင်းနွမ်းခြောက်သွားပါတယ်"
စုလန်အာကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် လော်ဟုန်သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
"ထားပါတော့လေ။ မင်းအောင်တယ်"
နောက်တစ်ယောက်က ကျန်းရှီရှီဖြစ်သည်။
သူ့အိုးထဲမှပန်းက လှပစွာပွင့်လန်းနေသည်။ မြင်သူတိုင်းကို ဆွဲဆောင်နိုင်သည်။
လော်ဟုန်သဘောကျသွားပြီး ခေါင်းတစ်ချက်ငြိမ့်သည်။ အောင်မြင်ကြောင်း သတ်မှတ်လိုက်သည်။
ထို့နောက် အောင်းယွဲ့အလှည့်ဖြစ်သည်။
အောင်းယွဲ့၏အိုးထဲတွင်လည်း ဘာမှမရှိ။
"မင်းရဲ့ပန်းပွင့် ဘယ်မှာလဲ"
အောင်းယွဲ့ လက်နှစ်ဘက်ဆုပ်၍ ရိုရိုသေသေပြန်ဖြေသည်။
"ကျုပ် ပန်းမစိုက်ခဲ့ပါဘူး"
"အကြောင်းပြချက်ပေးပါဦး"
အောင်းယွဲ့ ခေါင်းမော့၍ ပြုံးလိုက်သည်။
"ဒုတိယအလွှာရဲ့ စမ်းသပ်မှုက စိတ်ဓာတ်ကိုစစ်ဆေးတာလို့ အကြီးအကဲလော် ပြောခဲ့ပါတယ်။ ကျုပ်တို့ကိုပေးထားတဲ့ မျိုးစေ့တွေဟာ အရိပ်လပန်းတွေ မပေါက်နိုင်ဘူးလို့ ကျုပ်ယူဆပါတယ်။
ဒါဟာ ကျုပ်တို့ရိုးသားမှုရှိမရှိ စမ်းသပ်တာပါ"
"...မင်းကိုထုတ်ပယ်လိုက်ပြီ"
"ဘာလို့လဲ"
အောင်းယွဲ့ မျက်လုံးပြူးသွားသည်။ သူအောင်သင့်သည်ဟု တွေးနေသည်။
လော်ဟုန်က အေးစက်စက်နှာခေါင်းရှုံ့သည်။
"မင်းက ဘာကြောင့်လဲလို့ မေးရဲသေးတယ်ပေါ့။ ...ဟုတ်တယ်၊ ငါမင်းတို့ကို အပင်မပေါက်နိုင်တဲ့ ပြုတ်ထားပြီးသား မျိုးစေ့တွေ ပေးလိုက်တာ။
ဒါပေမယ့် ဒီစမ်းသပ်ပွဲက ရိုးသားမှုကိုစမ်းသပ်တာပါလို့ ဘယ်သူပြောခဲ့လို့လဲ။ လူသားမျိုးနွယ်တွေက ဉာဏ်များပြီး အရှက်တရားကင်းမဲ့တယ်။
ဒါကို နတ်ဆိုးမျိုးနွယ်က ရိုးသားမှုအကြောင်း ပြောနေသေးတယ်ပေါ့။ အဲဒီ့ရိုးသားမှုနဲ့ လူသားတွေကို အနိုင်ယူနိုင်မှာလား။
ဒီပွဲက လိမ်ညာနိုင်စွမ်းကို စမ်းသပ်တာပဲ။ ဟိုမြေခွေးမလေးတောင် လိမ်တာညံ့ပေမယ့် သူ့ကိုအအောင်ပေးထိုက်တယ်လို့ ငါတွေးခဲ့သေးတာပဲလေ"
"ကျန်းရှီရှီကရော ဘာကြောင့်အောင်တာလဲ။ ဘယ်လိုလုပ် အရိပ်လပန်းကို စိုက်နိုင်ခဲ့တာလဲ"
လော်ဟုန် လှောင်ပြုံးဆက်ပြုံးနေသည်။
"ငါစည်းမျဉ်းတွေပြောတုန်းက မင်းသေချာနားမထောင်ဘူးလား။ အိုးထဲမှာ ပန်းစိုက်ဖို့ပဲပြောတာလေ။ ငါပေးတဲ့မျိုးစေ့နဲ့စိုက်ရမယ်လို့ ဘယ်တုန်းကပြောခဲ့လို့လဲ"
အောင်းယွဲ့ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ လော်ဟုန်စကားက တကယ်လည်း ဟုတ်မှန်နေသည်။
အောင်းယွဲ့သာမဟုတ်။ ဗလာပန်းအိုးကိုင်၍ သူ့နောက်တွင်ရပ်နေသည့် နတ်ဆိုးပါရီရှင်များအားလုံး ရှက်ရှက်ဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။
လော်ဟုန်က ရိုးသားမှုကိုစစ်ဆေးသည်ဟု သူတို့လည်း ယူဆခဲ့ကြသည်။
ကျန်းရှီရှီ သက်ပြင်းတစ်ချက်ချလိုက်သည်။ လုယန်၏တွေးပုံတွေးနည်းကို အတုခိုးခဲ့သဖြင့် သူကံကောင်းသွားခြင်းဖြစ်သည်။ စည်းမျဉ်းကို သေချာပြန်တွေးခဲ့သည်။ လော်ဟုန်လိုချင်သည့်အရာကို နားလည်ခဲ့သည်။
အောင်းယွဲ့နောက်တွင် တန်းစီရပ်နေသည့် နတ်ဆိုးများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပယ်ထုတ်ခံရသည်။ နောက်ဆုံးတွင် လော်ဟုန် မုန်ကျင်းကျိုးရှေ့သို့ ရောက်လာသည်။ ခြေဆုံးခေါင်းဆုံး အကဲခတ်သည်။ ပထမစမ်းသပ်ပွဲမှ မုန်ကျင်းကျိုး၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်ကို သူစိတ်ဝင်စားနေသည်။
"မင်းရဲ့ပန်းအိုး ဘယ်မှာလဲ"
မုန်ကျင်းကျိုးလက်ထဲတွင် ဘာမှမရှိ။ ပန်းမပြောနှင့်၊ အိုးပင်မရှိ။
"ကျုပ်နောက်ကလိုက်ခဲ့ပေးပါ"
မုန်ကျင်းကျိုးက လော်ဟုန်ကို တစ်နေရာသို့ခေါ်သွားသည်။ ထူးထူးခြားခြားလှပနေသည့် အရိပ်လပန်းများပြည့်နေသည့်နေရာဖြစ်သည်။
မုန်ကျင်းကျိုး၏ပန်းအိုးက အောက်ခြေ(ဖင်)ဖွင့်ထားသည်။ အသန်စွမ်းဆုံး အရိပ်လပန်းအုပ်စု စည်းရိုးသဖွယ်ဘောင်ခတ်ထားသည်။
မုန်ကျင်းကျိုးက နည်းနည်းအားနာဟန်ဖြင့် ခေါင်းကုတ်၍ ပြုံးဖြီးဖြီးလုပ်နေသည်။
"အား...ကျုပ်တောင်းပန်ပါတယ်။ ဘာဖြစ်သွားမှန်းမသိဘူး။ ကျုပ်စိုက်လိုက်တဲ့ပန်းတွေက အပင်သန်လွန်းတော့ အိုးဖင်ပေါက်ထွက်သွားတယ်။
နောက်ဆုံးရလာဒ်ကတော့ အခုမြင်တဲ့အတိုင်းပါပဲ။ အပင်သန်လေ ရမှတ်မြင့်လေလို့ အကြီးအကဲလော် ပြောခဲ့တယ်မဟုတ်လား"
လော်ဟုန် "..."
အပင်သန်လေ ရမှတ်မြင့်လေလို့ ပြောခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ဒါကြီးကတော့ မလွန်လွန်းဘူးလား...
လိမ်ညာနိုင်စွမ်းကို စစ်ဆေးမှန်းရိပ်မိထားလို့ ပေါက်တတ်ကရတွေလျှောက်ပြောနေတာ သိသာလွန်းမနေဘူးလား...
"မင်းအောင်တယ်"
နောက်ဆုံးကျန်သူက လုယန်ဖြစ်သည်။ သူ့ပန်းအိုးထဲတွင် ပန်းမရှိ။ မြေကြီးပင်မရှိ။
"ဘာမှလည်းမရှိပါလား။ ဒါဆို မင်းမအောင်..."
"ခဏနေပါဦး"
လုယန် လက်ကာပြသည်။
"ဆယ့်ငါးရက်အတွင်း ပန်းအိုးထဲက ပန်းတစ်ပင်ပေါက်ရင် အောင်တယ်လို့ သတ်မှတ်တယ်မဟုတ်လား"
"ဟုတ်တယ်"
"ဒါဆို ကျုပ်အောင်သွားပြီ"
"မင်းပန်းက ဘယ်မှာလဲ"
လုယန် ဘေးပတ်လည်ဥယျာဉ်ထဲမှ ပန်းပွင့်များကို လက်ညှိုးထိုးပြသည်။
"ဒီဆယ့်ငါးရက်အတွင်း ဥယျာဉ်ထဲကပန်းတွေကို ပန်းအိုးထဲမှာပျိုးတယ်။ ပြီးတော့ နေရာပြောင်းစိုက်တယ်။ ပြီးနောက် နောက်တစ်သုတ်ထပ်ပျိုးတယ်။ ထပ်ပြောင်းစိုက်တယ်။ ကျုပ်အဲလိုဆက်တိုက်လုပ်နေခဲ့တာပါ။
ဒီဥယျာဉ်ထဲက ပန်းတွေအားလုံး ကျုပ်ပန်းအိုးထဲကနေ ပေါက်လာတာလို့ ပြောလို့ရတယ်။ အကြီးအကဲလော်မယုံဘူးဆိုရင် ဒီပန်းတွေအားလုံးရဲ့ အမြစ်ကို စစ်ဆေးကြည့်ပါ။ ကျုပ်အိုးထဲကမြေကြီးတွေ သေချာပေါက်ကပ်နေပါလိမ့်မယ်"
လော်ဟုန် "..."
စမ်းသပ်မှုအောင်မြင်သည့်သတ်မှတ်ချက်သည့် 'ဆယ့်ငါးရက်မြောက်နေ့'ဟု သီးခြားသတ်မှတ်ထားခြင်းမဟုတ်။ ပြိုင်ပွဲစသည့်အချိန်မှစ၍ ဆယ့်ငါးရက်အတွင်းဖြစ်သည်။
စည်းမျဉ်းထဲတွင် ထိုဟာကွက်ရှိကြောင်း လော်ဟုန်ကိုယ်တိုင်ပင် မစဉ်းစားမိခဲ့။
"မဟုတ်သေးဘူး။ ဒုတိယအလွှာရဲ့ စမ်းသပ်ချက်က ဘယ်လောက်လိမ်နိုင်စွမ်းရှိလဲဆိုတာကိုကြည့်တာပါ"
လော်ဟုန် သိက္ခာဆည်ရန် ကြိုးစားသည်။
"ဟုတ်ပါတယ်၊ အခုကျုပ်ပြောတာတွေအားလုံးက လက်တမ်းလိမ်နေတာပါ"
**************************************