ထူးခြားသည့်ဆုလာဒ်
Vol. 40 Ch. 591
လော်ဟုန် အကြီးအကျယ်အံ့အားသင့်သွားသည်။ ဘယ်လိုတုံ့ပြန်ရမှန်းပင်မသိတော့။
မွေးကတည်းက လျှို့ဝှက်မြေ၏ဝိညာဉ်ဖြစ်ခဲ့သည်။ နှစ်သုံးသိန်းကျော် နတ်ဆိုးမြေပါရမီရှင်များအားလုံးကို မြင်ခဲ့သည်။
ယနေ့ခေတ်နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်များအားလုံး စမ်းသပ်မှုဖြတ်ကျော်ရန် ဤနေရာသို့လာကြသည်။
ယနေ့လိုအဖြစ်မျိုး တစ်ခါမှမကြုံဖူး။
ဒုတိယအလွှာသည် လိမ်နိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်သည်။ သို့သော် ထိုမျှယုံချင်စရာကောင်းလောက်အောင် လိမ်နိုင်သူမျိုးရှိမည်ဟု သူလုံးဝမတွေးခဲ့မိ။
တကယ်လိမ်နေသည်မှ ဟုတ်ပါလေစ။
လုယန်ပြောနေသည့်စကား လိမ်နေခြင်းဟုတ်မဟုတ် သူသေချာမပြောနိုင်။
သိစိတ်နယ်မြေမှနတ်မယ် မြေပေါ်၌လူးလှိမ့်၍ ခွက်ထိုးခွက်လန်ရယ်နေသည်။ မျက်လုံးမှ မျက်ရည်များစီးကျနေသည်။
"မရဘူး...ငါမရတော့ဘူး။ ရယ်ရလွန်းလို့ အူတွေနာနေပြီ ဟားဟားဟားဟား"
မျက်ရည်များကိုသုတ်၍ အရယ်ရပ်ရန်ကြိုးစားသည်။ သို့သော် လော်ဟုန်အမူအရာကိုကြည့်၍ အော်ရယ်မိပြန်သည်။
လုယန် နတ်မယ်ကို စိတ်ပျက်လက်ပျက်ကြည့်သည်။ တကယ်ထိုမျှလောက်ထိ လိုအပ်ပါ၏လော။
...အကြီးအကဲလော်ဟုန်၊ ခင်ဗျား ဒါကိုတကယ်နားမလည်ဘူးလား။ အခု လိမ်နိုင်စွမ်းကို စမ်းသပ်နေတာပဲမဟုတ်လား...
လုယန်သည် အမြဲတမ်း စည်းမျဉ်းများကို ဦးစားပေးသည်။ စည်းလွတ်ဝါးလွတ်မလုပ်။
စည်းမျဉ်းအတိုင်းလုပ်၍ရလျှင် ဘာကြောင့်လိမ်ညာနေမည်နည်း။
ယခုစည်းမျဉ်းများက အတော်ရိုးရှင်းသည်။ တစ်ချက်ကြည့်ရုံဖြင့် ဟာကွက်များက ရှင်းလင်းနေသည်။
ဥပမာ မျိုးစေ့ အပင်ပေါက်ရမည်ဟု ပြောမထား။ ဆယ့်ငါးရက်မြောက်နေ့တွင် ပန်းပွင့်ရမည်ဟု ပြောမထား။
ရိုးသားမှုကိုစစ်ဆေးခြင်းလော၊ လိမ်နိုင်စွမ်းကိုစစ်ဆေးခြင်းလာ မသေချာသည်သာရှိသည်။
မည်သို့ဆိုစေ ဒုတိယအလွှာမှ စည်းမျဉ်းများကို လော်ဟုန်ကိုယ်တိုင် ကြေညာခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင် လိုက်နာချင်မှလိုက်နာမည်။
ထို့ကြောင့် လုယန် ဖြစ်နိုင်ခြေနှစ်ခုလုံးအတွက် ပြင်ဆင်သည်။ ပန်းအိုးအလွတ်တစ်လုံး ယူလာသည်။
ရိုးသားမှုကိုစစ်ဆေးသည်ဆိုလျှင် ဘာပန်းပင်မှမစိုက်နိုင်ခဲ့ပါဟုဖြေမည်။
လိမ်ခိုင်းသည်ဆိုလျှင် ခုနကလို လက်တမ်းလိမ်နည်းများသုံးမည်။
"မင်း...အောင်တယ်"
လုယန်သည် ပြိုင်ပွဲသမိုင်းတလျှောက် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်သည်။
အောင်းယွဲ့နှင့်နတ်ဆိုးမျိုးနွယ်ပါရမီရှင်များ လုယန်ကို တအံ့တဩကြည့်နေကြသည်။
ထိုလူဘယ်မျိုးနွယ်ကမှန်းမသိ။ ပထမအလွှာတွင် ချင်ဖုန်းတို့လူစုအကြံကို ကြိုရိပ်မိပြီး သန္ဓေသေတ္တာဖန်တီး၍ ထောင်ချောက်ဆင်သည်။
ဒုတိယအလွှာတွင် ထူးခြားသည့်နည်းလမ်းဖြင့် စမ်းသပ်ပွဲဖြတ်ကျော်သည်။
ထိုထူးခြားပါရမီရှင်နှစ်ယောက်ကို ကျန်းရှီရှီ ဘယ်ကတွေ့သနည်း။
အောင်းယွဲ့နားလည်သလောက် ကျန်းရှီရှီသည် ဤပြိုင်ပွဲအတွက် သူ့လိုပင် ရွေးချယ်မှုလုပ်ခဲ့လိမ့်မည်။ သို့သော်ယခု ရလာဒ်က လုံးဝကွဲပြားသွားသည်။ သူက ထုတ်ပယ်ခံရသည်။ ကျန်းရှီရှီက အဆင့်တက်သွားသည်။
ဒုတိယအလွှာစမ်းသပ်ပွဲ ပြီးသွားသည်။ လုယန်အကြောင်းမတွေးမိအောင် စိတ်ထိန်း၍ လော်ဟုန် တာဝန်အတိုင်း ဆက်လုပ်သည်။
လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ရတနာများ မိုးရွာသလိုကျလာသည်။ တောင်လိုပုံသွားသည်။
လော်ဟုန်က လုယန်တို့လေးယောက်ကို လက်ညှိုးထိုး၍
"မင်းတို့လေးယောက် တတိယအလွှာကို ဆက်တက်လို့ရတယ်။ ကျန်တဲ့လူတွေကို ထုတ်ပယ်လိုက်ပြီ။ ဒါပေမယ့် ပထမအလွှာကို ဖြတ်ကျော်နိုင်ခဲ့တဲ့လူတွေဖြစ်လို့ ရတနာတစ်ခုစီ လက်ဆောင်ရမယ်။
ဒီရတနာကို ကိုယ့်ဘာသာပဲသုံးရမယ်။ တစ်ခြားလူကို ပေးလို့မရဘူး။ ရောင်းလို့မရဘူး"
စွမ်းအားမြင့်သူများက ရတနာများကို မလုယူနိုင်အောင် ထိုစည်းမျဉ်း ချမှတ်ထားခြင်းဖြစ်သည်။
မည်သို့ဆိုစေ ဤနေရာမှ ရတနာများကို အဆင့်မြင့်နတ်ဆိုးများပင် မျက်စိကျကြရသည်။
"ဒါက ငါတို့ဘိုးဘေးချန်ခဲ့တဲ့ ကျင့်စဉ်အတွေးအမြင်ပဲ။ သန္ဓေခွဲပြီး နတ်ဝိညာဉ်တည်ဆောက်တဲ့အကြောင်းတွေပါတယ်"
ကျောက်စိမ်းယုန်ပါရမီရှင်က တအံ့တဩရေရွတ်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့နားရွက်များ တဖျတ်ဖျတ်ခါနေသည်။
ကျင့်စဉ်အတွေးအမြင်ကျမ်းများကို လော်ဟုန်က ဘာသာပြန်ထားပြီးဖြစ်သည်။
"ငါတို့ရှေးဘိုးဘေးရဲ့ ကျင့်စဉ်အတွေးအမြင်တွေလည်းရှိနေတာပဲ"
ချုန်းချီတစ်ယောက်က တအံ့တဩ ပြောသည်။
ကျင့်စဉ်ကျမ်းပေါ်တွင် 'သတ္တုနှင့်ကျောက်'ဟူသည့်စာလုံး ရေးထားသည်။ ရှေးဟောင်းချုန်းချီ၏ နာမည်အစစ်ဖြစ်သည်။
ကျိုးယင်မျိုးနွယ်၊ ထောင်ကျူးမျိုးနွယ်တို့၏ ကျင့်စဉ်ကျမ်းများလည်းရှိသည်။ တစ်ခြားစာအုပ်များနှင့် ရောနှောနေသည်။ သေချာမရှာလျှင် မတွေ့နိုင်။
မျိုးနွယ်ဘိုးဘေးတို့သည် အားလုံးမသေမျိုးတစ်ဝက်အဆင့်များမဟုတ်။ အများစုက ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။
ရှေးဟောင်းခေတ်ကူးဖြတ်ခြင်းအဆင့်သည် လက်ရှိခေတ်ကူးဖြတ်ခြင်းအဆင့်နှင့်မတူ။
ရှေးခေတ်စွမ်းအားရှင်တို့သည် မသေမျိုးတို့ဩဝါဒများကို ကြားနာခဲ့ရသည်။ မသေမျိုးတစ်ဝက်များဆွေးနွေးပွဲကို တက်ရောက်ခွင့်ရခဲ့သည်။ သူတို့သင်ယူကြားနာခဲ့ရသည်က လက်ရှိခေတ်လူများနှင့် လုံးဝမတူ။
ကူးဖြတ်ခြင်းအဆင့်သည်ပင် ရှေးစွမ်းအားရှင်နှင့် ခေတ်စွမ်းအားရှင် အဆင့်အတန်းကွာခြားသေးသည်။
အောင်းယွဲ့လည်း နဂါးဘိုးဘေးချန်ခဲ့သည့် ကျင့်စဉ်အတွေးအမြင်ကျမ်းကိုတွေ့သည်။ သူအတော် စိတ်လှုပ်ရှားလာသည်။
နဂါးဘိုးဘေးသည် မသေမျိုးများပြီးလျှင် စွမ်းအားအကြီးဆုံးလူဟု နာမည်ကျော်သည်။
"ဒါကဘာလဲ။ မသေမျိုးတစ်ယောက်ရဲ့ မှတ်စုတွေလား။ 'ရွှေကျီးကန်းနဲ့ကျောက်စိမ်းယုန် မိတ်လိုက်နည်းမှတ်တမ်းများ'တဲ့"
ယုန်မျိုးနွယ်ပါရမီရှင် ခေါင်းစဉ်ကိုကြည့်၍ အကြီးအကျယ်လန့်ဖျတ်သွားသည်။ လက်ထဲမှစာအုပ်ပင် လွတ်ကျမတတ်ဖြစ်သွားသည်။
လုယန် "..."
ယင်ယန်အပြောင်းအလဲများအကြောင်း ကိုးဆမသေမျိုး လေ့လာခဲ့သည့် မှတ်တမ်းစာအုပ်ဖြစ်ကြောင်း သူသိလိုက်သည်။
ဖန်တီးခြင်းရှေးဟောင်းမြေမှ ပစ္စည်းများက အတော်စုံလှသည်။ ထိုမှတ်တမ်းစာအုပ်ပင် ရှိနေသည်။
ကျင့်စဉ်ကျမ်းများ မှတ်တမ်းများအပြင် သဘာဝရတနာများလည်းရှိသည်.
သက်တမ်းငါးရာဆွဲဆန့်နိုင်သည့် သက်ရှည်မြက်၊ အတွင်းဒစ်ရာများပျောက်ကင်းစေနိုင်သည့် ဝိညာဉ်သစ်သီးများ၊ အဆိပ်ဖြေဆေးများ...
ချစ်သူရည်းစားများ ဆွေမျိုးများ ရှေးဟောင်းအဆိပ်မိ၍ အဆိပ်ဖြေဆေးရှာဖို့ ဤနယ်မြေသို့ရောက်လာသည့် နတ်ဆိုးပါရမီရှင်များ အရင်က ရှိခဲ့ဖူးသည်။ အပြင်လောကတွင် မျိုးတုန်းပျောက်ကွယ်ပြီး လျှို့ဝှက်မြေတွင်သာ ရှင်သန်ကျန်ရစ်တော့သည့် အဆိပ်ဖြေဆေးပင်မျိုး လာရှာခြင်းဖြစ်သည်။
ဤနှစ် ထိုအဖြစ်မျိုးမကြုံရ။
"ဒီပစ္စည်းတွေက ..."
နတ်မယ် သစ်ကိုင်းပေါ်တွင် ခန္ဓာကိုယ်ရှေ့နောက်လွှဲယမ်းနေရင်း မျက်မှောင်နည်းနည်းကျုံ့သွားသည်။
"ဒီပစ္စည်းတွေက ဘာဖြစ်လို့လဲ"
"ဒါတွေက သာမန်နတ်ဆိုးမျိုးနွယ်တွေရနိုင်တဲ့ပစ္စည်းမဟုတ်ဘူး။ ကျင့်စဉ်အတွေးအမြင်ကျမ်းအတော်များများက မသေမျိုးတစ်ဝက်အဆင့်တွေရေးခဲ့တာ။ သာမန်မသေမျိုးတစ်ဝက်အဆင့်တွေ တစ်ခြားမသေမျိုးတစ်ဝက်တွေဆီက ကျင့်စဉ်အတွေးအမြင်တောင်းခွင့်မရှိဘူး။ ဒီယုန်နဲ့ကျီးကန်း မိတ်လိုက်နည်းမှတ်တမ်းက ကိုးဆမသေမျိုးလေ့လာထားတဲ့ တွေ့ရှိချက်တွေပဲ။ ငါတို့လေးယောက်မှာပဲ မိတ္တူတစ်အုပ်စီရှိတာ။ မသေမျိုးတစ်ဝက်တွေမှာတောင် မရှိဘူး။
ဒီရှေးဟောင်းလျှို့ဝှက်မြေကို ဘယ်သူတည်ဆောက်ခဲ့တာများလဲ...."
လုယန် ရင်ထိတ်သွားသည်။
ဤရှေးဟောင်းလျှို့ဝှက်မြေသည် နတ်ဆိုးမျိုးနွယ် ကူးဖြတ်ခြင်းအဆင့် သို့မဟုတ် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်ယောက် ဖန်တီးခဲ့ခြင်းမဟုတ်။ ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှ တစ်ယောက်ယောက်ဖြစ်နေမလားမသိ။
"ကိစ္စမရှိပါဘူး။ တတိယအလွှာရှိသေးတာပဲ။ အခက်အခဲတွေ နင်ကြိုးစားဖြတ်ကျော်လိုက်ရင် တတိယအလွှာမှာ သဲလွန်စတစ်ခုခုတွေ့လာမှာပါ"
"မတွေ့ခဲ့ရင်ရောဘယ်လိုလုပ်မလဲ"
နတ်မယ်က သွားတန်းပေါ်အောင်ပြုံး၍ လက်မထောင်ပြသည်။
"ဒါဆို လော်ဟုန်ဆိုတဲ့ကောင်မလေးကို တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ စစ်ဆေးမေးမြန်းကြည့်ရမှာပေါ့"
တတိယအလွှာတွင် သဲလွန်စရှာတွေ့ပါစေဟု လုယန် ဆုတောင်းမိသည်။
...
နတ်ဆိုးမျိုးနွယ်ပါရမီရှင်များ သူတို့သဘောကျသည့် ရတနာများကို ရွေးချယ်ယူကြသည်။
အောင်းယွဲ့က နဂါးဘိုးဘေးကျင့်စဉ်အတွေးအမြင်ကျမ်းကိုမယူ။ အတွင်းဒဏ်ရာများပျောက်ကင်းစေနိုင်သည့် ဝိညာဉ်သစ်သီးတစ်လုံးယူသည်။
ထို့နောက်သူတို့အဖွဲ့ လျှို့ဝှက်မြေအပြင်ဘက်သို့ ပို့ခံရသည်။
အပြင်ဘက်မှ ပတ်ဝန်းကျင်က တင်းမာနေသည်။ နတ်ဆိုးမျိုးနွယ်ဝင်အားလုံး ကျိုးယင်မျိုးနွယ်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။
ဖန်တီးခြင်းလျှို့ဝှက်မြေကို တစ်သက်တွင်တစ်ကြိမ်သာဝင်နိုင်သည်။ ယခု ချင်ဖုန်း၏ ပေါက်တတ်ကရစကားများကို ယုံစားမိ၍ ဘာအကျိုးအမြတ်မှမရခဲ့။ နတ်ဆိုးမဟာမိတ်အဖွဲ့သားအားလုံး ပယ်ထုတ်ခံရသည်။
ချင်ဖုန်းက အကြီးအကဲတစ်ယောက်နောက်တွင် ကြောက်ရွံ့စွာပုန်းနေသည်။ ရှေ့ထွက်လျှင် အရှင်လတ်လတ်အရေဆုတ်ခံရမည်ကို ကြောက်နေဟန်ရှိသည်။
အောင်းယွဲ့တို့ထွက်လာချိန်တွင် ဖီးနစ်အကြီးအကဲက လူစစ်ကြည့်သည်။ ကျန်းရှီရှီပါမလာသေးကြောင်းသိရသဖြင့် စိတ်သက်သာရာရသွားသည်။
ကျန်းရှီရှီသည် အောင်းယွဲ့နှင့် အဆင့်တူဖြစ်သည်။ အောင်းယွဲ့လိုထုတ်ပယ်ခံလူစုထဲ ပါလာမည်ကို သူစိုးရိမ်သည်။
ကန်ထန်က အတက်အကျမရှိသည့်လေသံဖြင့်
"မြင်ပြီလား၊ ငါတို့နဲ့ပူးပေါင်းရင်း စိတ်မပျက်စေရဘူးလို့ ပြောခဲ့သားပဲ"
************************************