← Chapters

အရှုပ်တော်ပုံ

Vol. 40 Ch. 592

အရှုပ်တော်ပုံ

Vol. 40 Ch. 592

သူငယ်စဉ်ကလည်း ဤလျှို့ဝှက်မြေသို့ ဝင်ဖူးသည်။ ကျန်းရှီရှီ၏စိတ်ဓာတ်အရ တတိယအလွှာသို့ဝက်ဖို့ မလွယ်ကြောင်း သူသိသည်။

ယခု ကျန်းရှီရှီ တတိယအလွှာသို့ရောက်သွားသည်မှာ စိတ်ဓာတ်တိုးတက်လာသည့်သဘောပင်ဖြစ်သည်။

အရည်အချင်းရှိသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ စွမ်းအားရှိရုံဖြင့်မလုံလောက်။ ပါးနပ်ဖို့လိုသည်။ အရေထူဖို့လိုသည်။

အရေထူသည့်နေရာတွင် အတော်ဆုံးက ချုန်းချီမျိုးနွယ်အကြီးအကဲဖြစ်သည်။

"ထွက်မလာတာ ဘယ်သူတွေရှိသေးလဲ။ ကျန်းရှီရှီနဲ့ စုလန်အာလား"

အကြီးအကဲတစ်ယောက်က လူစစ်ဆေးကြည့်ပြီးပြောသည်။ ဖီးနစ်မျိုးနွယ်ပါရမီရှင်နှင့် မြေခွေးပါရမီရှင်တို့ ထွက်မလာသေးကြောင်း သတိထားမိသည်။

"မဟုတ်ဘူး၊ ကျန်းရှီရှီနဲ့အတူ တစ်ခြားနှစ်ယောက်လည်းပါတယ်"

ချင်ဖုန်းက အော်ပြောသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့၏ မျိုးနွယ်နှင့်နာမည်ကိုမသိသော်လည်း ထိုမျက်နှာများကို သူလုံးဝမမေ့။

"ဪ...ကျန်းရှီရှီနဲ့အတူတူလား"

ကျိုးယင်အကြီးအကဲ မျက်လုံးများမှေးစင်းသွားသည်။

"အကြီးအကဲကျန်းဝေ၊ ဒါတော့ သိပ်မဟုတ်သေးဘူးနော်။ မျိုးနွယ်ဝင်တစ်ယောက်စီပဲ လွှတ်ရမယ်လို့ ကျုပ်တို့ကြိုတင်သဘောတူထားတယ်မဟုတ်လား။ အခု မင်းတို့ဖီးနစ်မျိုးနွယ်က သုံးယောက်လွှတ်တယ်ပေါ့"

လူအားလုံးကို သူအာရုံပြောင်းချင်သည်။ ချင်ဖုန်းလုပ်ရပ်ကြောင့် နတ်ဆိုးမဟာမိတ်ပါရမီရှင်များ ပထမအလွှာမှာပင် ထုတ်ပယ်ခံရသည်။ ထိုထဲတွင် ဖီးနစ်မျိုးနွယ်မပါ။

"သုံးယောက်လွှတ်တော့‌ရော ဘာဖြစ်လဲ"

အကြီးအကဲကျန်းဝေက လှောင်ပြုံးပြုံးသည်။ မျက်နှာလုံးဝမပျက်။

နတ်ဆိုးနယ်မြေတွင် ဖီးနစ်မျိုးနွယ်သည် အမွေအနှစ်အများဆုံးဖြစ်သည်။ တိကျန်းဘိုးဘေးပင် လောလောဆယ် သူတို့ကိုလာမထိန်းချုပ်ရဲ။

နဂါးမျိုးနွယ်က အရှေ့ပင်လယ်နှင့် နတ်ဆိုးနယ်မြေတွင် အုပ်စုနှစ်ခုကွဲနေသည်။ ထို့ကြောင့် ပိုင်ဆိုင်သည့်အမွေအနှစ်လည်း နှစ်ခုကွဲသည်။

အမွေအနှစ်နှင့်ပတ်သက်လျှင် ဖီးနစ်မျိုးနွယ်ကို မယှဉ်နိုင်။

အကြီးအကဲကျန်းဝေ လုယန်တို့ကိစ္စကို ခေါင်းခံလိုက်သည်။ ထိုနှစ်ယောက် လူသားမျိုးနွယ်ဖြစ်ကြောင်း သို့မဟုတ် တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်ကြောင်း ထုတ်ပြော၍မရ။

ထိုနှစ်ယောက်ကို ဖီးနစ်မျိုးနွယ်များအဖြစ်ကြေညာလိုက်သည်က ပြဿနာတားဆီးရာရောက်သည်။ ဖီးနစ်မျိုးနွယ်သည် အမြဲတမ်းလည်း ထိုသို့ပင် စိတ်ထင်ရာလုပ်တတ်သည်။

လုယန်တို့ တာအိုလမ်းစဉ်ဂိုဏ်းဝင်ဖြစ်ကြောင်းသိသွားလျှင် ဘေးမှကြည့်နေသည့် မျိုးနွယ်များပါ အာရုံစိုက်လာနိုင်သည်။

လုယန်တို့ အနိုင်ကျင့်ခံရလျှင် ကန်ထန်ကလည်း ယွမ်ကျိကိုလှမ်းခေါ်လိမ့်မည်။ အခြေအနေ ပိုရှုပ်ထွေးလာနိုင်သည်။

"ဖီးနစ်မျိုးနွယ်တွေက တကယ်မောက်မာတာပဲ"

ထောင်ကျူးမျိုးနွယ် ကျားဖြူမျိုးနွယ်နှင့် တစ်ခြားနတ်ဆိုးမဟာမိတ်အဖွဲ့ဝင်များ ကျိုးယင်ဘက်မှရပ်တည်ရန် ရှေ့တက်လာသည်။

ဤပြဿနာကိုအခွင့်ကောင်းယူ၍ ဖီးနစ်မျိုးနွယ် အားနည်းအောင်လုပ်နိုင်လျှင် တိကျန်းဘိုးဘေး၏ မျက်နှာသာပေးခြင်း ခံရနိုင်သည်။

"ဖီးနစ်မျိုးနွယ်က မိသားစုဝင်များတယ်၊ လုပ်ငန်းကိုင်ငန်းလည်းများတယ်။ ပါရမီရှင်နှစ်ယောက်ဝှက်ထားပြီး နယ်မြေထဲလွှတ်တာ ဘာထူးဆန်းလို့လဲ"

နဂါးမျိုးနွယ်အကြီးအကဲက ဖီးနစ်မျိုးနွယ်ဘက်မှ ထောက်ခံရန် ရှေ့တက်လာသည်။

အောင်းယွဲ့ဒုတိယအလွှာထိ တက်နိုင်ခဲ့သည်မှာ ကျန်းရှီရှီကူညီခဲ့ခြင်းဖြစ်ကြောင်း သူသိရသည်။ အောင်းယွဲ့ ဒဏ်ရာဟောင်းများကုသနိုင်သည့် သစ်သီးတစ်လုံးရခဲ့သည်။ ထိုအကူအညီကို မျက်ကွယ်ပြုထား၍မဖြစ်။

"ဖီးနစ်မျိုးနွယ် ဒီတစ်ခါ ချွင်းချက်အနေနဲ့လုပ်ခဲ့တာ နားလည်ပေးသင့်တယ်လို့ ငါလည်းယူဆတယ်"

ကျောက်စိမ်းယုန်မျိုးနွယ်အကြီးအကဲလည်း ရှေ့တက်လာသည်။

တန်ကုမျိုးနွယ်၊ ပါရှားမျိုးနွယ်စသဖြင့် နောက်ထပ်နတ်ဆိုးမျိုးနွယ်များလည်း ဖီးနစ်မျိုးနွယ်ဘက်မှ ထောက်ခံကြောင်းပြကြသည်။

နတ်ဆိုးမဟာမိတ်အဖွဲ့သားများမှလွဲလျှင် ကျန်သည့်ပါရမီရှင်အားလုံး ဖီးနစ်မျိုးနွယ်ထံမှ အကူအညီရခဲ့သူများဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကန်ထန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။

လျှို့ဝှက်နယ်မြေတွင် ထိုလူငယ်နှစ်ယောက် ဘာတွေလုပ်ခဲ့သည်မသိ။

ဤနတ်ဆိုးမျိုးနွယ်များက ပြုစားခံထားရသကဲ့သို့ ဘာကြောင့်ဖီးနစ်မျိုးနွယ်ဘက်မှ ရပ်တည်နေသည်မသိ။

သူ့ဆရာဝစီပိတ်တို့ လျှို့ဝှက်မြေသို့ဝင်စဉ်ကပင် ထိုအဖြစ်မျိုးမကြုံခဲ့။

.....

လုယန်တို့လေးယောက်ကို တတိယအဆင့်သို့ လော်ဟုန်ပို့ပေးသည်။ အလွန်မှုန်မှိုင်းနေသည့် နေရာတစ်ခုဖြစ်သည်။

လော်ဟုန် မြက်ဖျာလေးချပ်ဖြင့် လူလေးယောက်ကို ဖဲချပ်ဝေသလို ပစ်ချပေးသည်။

"မစိုးရိမ်ပါနဲ့။ ထိုင်ကြပါ။ မင်းတို့လေးယောက်လုံး ပထမနှစ်ဆင့်ကို ဖြတ်သန်းပြီးပြီပဲ။ တတိယစမ်းသပ်ချက်ကို မကျော်နိုင်ရင်တောင် မင်းတို့ရမယ့်ဆုလာဒ်က အရင်လူတွေထက်ပိုများမှာပါ"

ပထမစမ်းသပ်ပွဲတွင် လုယန်၊ မုန်ကျင်းကျိုးနှင့် ကျန်းရှီရှီတို့ ပထမနေရာကို ပူးတွဲရခဲ့သည်။ သမိုင်းတွင် တစ်ခါမှမကြုံဖူး။

ဒုတိယစမ်းသပ်မှုတွင် လုယန်က အမှတ်အများဆုံးရသည်။ ပြီးလျှင်မုန်ကျင်းကျိုး။ ထို့နောက် ကျန်းရှီရှီ။ စုလန်အာက နောက်ဆုံးဖြစ်သည်။

ပျမ်းမျှအဆင့်သတ်မှတ်ချက်က အတူတူသာဖြစ်သည်။

လုယန်က သမိုင်းတလျှောက် အမှတ်အများဆုံးဖြစ်သည်။ မုန်ကျင်းကျိုးက ဒုတိယအများဆုံးဖြစ်သည်။

လုယန် မြက်ဖျာပေါ် စိတ်အေးလက်အေးထိုင်သည်။ ကျန်သုံးယောက်လည်း ထိုင်ကြသည်။

"ဘယ်လိုလဲ၊ တတိယပွဲမှာ ဘယ်သူအမှတ်အများဆုံးရမလဲ လောင်းချင်လား"

မုန်ကျင်းကျိုးက လုယန်ကို မျက်စပစ်၍မေးသည်။ အသာစီးယူချင်နေသည်။

"ကောင်းပါ့မလား"

ကောင်းပါ့မလားဆိုသော်လည်း လုယန်မျက်နှာ ပြုံးနေသည်။

နှစ်ယောက်လုံးက ဘယ်သူမှ အလွယ်အညံ့ခံမည့်သူများမဟုတ်။

နိုင်ဖို့သေချာနေလျှင်လည်း ဘာကြောင့်အလောင်းအစားလုပ်နေမည်နည်း။

မုန်ကျင်းကျိုး ထပ်မေးသည်။

"နိုင်တဲ့လူအတွက် ဆုကဘယ်လိုသတ်မှတ်မထဲ"

"မင်းပြောကြည့်ပါ"

"ရုံးတဲ့လူက နိုင်တဲ့လူအတွက် ကိစ္စတစ်ခု လုပ်ပေးရမယ်"

"သဘောတူတယ်"

နှစ်ယောက်လုံး ဘာကန့်သတ်ချက်မှမထား။ သူတို့တတ်နိုင်သည့် အတိုင်းအတာအတွင်းဖြစ်ဖို့သာလိုသည်။

ထိုအတိုင်းအတာအတွင်းသာ လုပ်ခိုင်းရမည်ကိုလည်း နှစ်ယောက်လုံးသိကြသည်။ ဘာမှထပ်ပြောဖို့မလို။

လော်ဟုန် ခံတွင်းတစ်ချက်ရှင်းလိုက်သည်။

"နတ်ဆိုးမျိုးနွယ်ဆိုတာ သမိုင်းကိုမမေ့ရဘူး။ သမိုင်းကနေ အတွေ့အကြုံနဲ့သင်ခန်းစာယူရမယ်။ တတိယစမ်းသပ်မှုက နတ်ဆိုးနယ်မြေရဲ့ ရှေးဟောင်းခေတ်သမိုင်းဗဟုသုတအကြောင်း စစ်ဆေးမှာပါ"

လုယန် "..."

မုန်ကျင်းကျိုး '..."

ဒါတော့ သက်သက်ညစ်သလိုပါလား.. ပြိုင်ပွဲလို့တောင် သတ်မှတ်လို့မရတော့ဘူး...

လော်ဟုန်က လုယန်နှင့်မုန်ကျင်းကျိုးတို့ စိတ်အတွေးများကိုမသိဘဲ အစီအစဉ်အတိုင်း ဆက်သွားသည်။

"ငါမေးခွန်းတစ်ခုမေးပြီးရင် သိတဲ့လူ ပြန်ဖြေနိုင်တယ်။ မှန်ရင်တစ်မှတ်ရမယ်၊ မှားရင်တစ်မှတ်လျော့မယ်။ မဖြေရင် အမှတ်မရဘူး။

သမိုင်းအပြောင်းအလဲ အများကြီးဖြစ်ခဲ့တယ်။ လက်ရှိခေတ်နတ်ဆိုးမျိုးနွယ်ရဲ့အမြင်နဲ့ ငါမေးခွန်းတွေမေးမယ်။

ကဲ...ပထမဆုံးမေးခွန်းကို နားထောင်ပါ။ နတ်ဆိုးမသေမျိုးဟာ ဘယ်မျိုးနွယ်ဝင်လဲ"

ကျန်းရှီရှီနှင့်စုလန်အာတို့ မျက်လုံးပြူးသွားသည်.

နတ်ဆိုးမသေမျိုး(ချီလင်)ဘယ်မျိုးနွယ်မှန်း ဘယ်သူသိမည်နည်း။

နတ်ဆိုးမျိုးနွယ်ပညာရှင်အတော်များများ ရှေးဟောင်းသမိုင်းကိုလေ့လာခဲ့သည်။ နတ်ဆိုးမသေမျိုး၏ဇစ်မြစ်နှင့်ပတ်သက်၍ ခန့်မှန်းချက်အမျိုးမျိုးရှိသည်။

"နတ်ဆိုးမသေမျိုးဟာ ဘယ်မျိုးနွယ်ဝင်မှမဟုတ်ဘူး။ သူဟာ လောကမှာ တစ်ဦးတည်းသောချီလင်ပဲ"

လုယန်က ပျင်းရိပျင်းတွဲလေသံဖြင့်ဖြေသည်။ မေးခွန်းက လွယ်လွန်းနေသည်။

မုန်ကျင်းကျိုး သမ်းတစ်ချက်ဝေသည်။ သူလုံးဝစိတ်ပျက်ငြီးငွေ့နေသည်။ ဂိုဏ်းပြန်ရောက်လျှင် ဘယ်အစားအသောက်စားရမည်ကိုသာ စဉ်းစားနေသည်။

"မှန်တယ်၊ တစ်မှတ်"

ကျန်းရှီရှီ လုယန်ကို သံသယမကင်းဟန်ဖြင့် လှမ်းကြည့်သည်။

ကံကောင်း၍မှန်သွားခြင်းလော တကယ်သိနေခြင်းလော မပြောတတ်။

လုယန်တွေးသည်။ ချီလင်မသေမျိုး၏ ရှက်စရာအတိတ်အကြောင်းများကို သုံးရက်သုံးညတိုင်တိုင် မနားတမ်းပြောနိုင်သည်။

လုယန် မြန်မြန်ဖြေနိုင်သည်ကိုကြည့်၍ လော်ဟုန်အံ့အားသင့်သွားသည်။

တတိယအဆင့်မေးခွန်းများက ကျပမ်းစီစဉ်ထားခြင်းဖြစ်သည်။ မေးခွန်းတစ်ခုချင်းစီကလည်း မတူကြ။ အမှားအမှန်အကဲဖြတ်ဖို့သာ သူတာဝန်ရှိသည်။ အဖြေမှန်ကိုလည်း မပြောဘဲထားနိုင်သည်။

"ဒုတိယမေးခွန်း၊ ဖီးနစ်ဘိုးဘေးဟာ နတ်ဆိုးမသေမျိုး ဓားစက်ဝန်းအတင်းသုံးရအောင်လုပ်ဖူးလား။ လုပ်ဖူးတယ်ဆိုရင် ဘယ်လိုကိစ္စမျိုးဖြစ်ခဲ့တာလဲဆိုတာ ယုတ္တိကျအောင်ပြောပြပါ"

ကျန်းရှီရှီမျက်လုံးများ အရောင်လက်လာသည်။ ကျန်သည့်အကြောင်းများ သိချင်မှသိမည်။ သူ့ဖီးနစ်ဘိုးဘေးအကြောင်းတော့ သူသိသည်။

စုလန်အာက ကျန်းရှီရှီကို အားကျသည့်အကြည့်ဖြင့်ကြည့်နေသည်။

အမြီးကိုးချောင်းမြေခွေးမျိုးနွယ်အကြောင်း ဘာကြောင့်မမေးသည်မသိ။

ကျန်းရှီရှီ ပျော်ရွှင်စွာလက်မြှောက်လိုက်သည်။

"ဒီကိစ္စ ကျွန်မသိတယ်။ တစ်နေ့မှာ ကျွန်မတို့ဖီးနစ်ဘိုးဘေးက နတ်ဆိုးမသေမျိုးခေါင်းမမော့နိုင်တဲ့ အမှန်တရားတစ်ခုကို ပြောလိုက်တယ်။ နတ်ဆိုးမသေမျိုး မြေပေါ်ကိုဒူးထောက်ကျသွားတယ်။

ပြင်းထန်တဲ့ဖိအားကြောင့် နတ်ဆိုးမသေမျိုး ဓားစက်ဝန်းကိုအသက်သွင်းပြီး ခုခံတယ်။ ဒါပေမယ့် မခုခံနိုင်ဘဲ အညံ့ခံလိုက်ရတယ်။

ဒါဟာ 'စကားတစ်ခွန်းကြောင့် မသေမျိုးဒူးထောက်ခဲ့ရတယ်"ဆိုတဲ့ နာမည်ကျော်ဖြစ်ရပ်ပါ။ အဲဒီကိစ္စက နတ်ဆိုးမသေမျိုး မသေမျိုးမဖြစ်ခင်က ကြုံခဲ့တာဖြစ်မယ်ထင်တယ်။ အဲလိုသာမဟုတ်ရင် နတ်ဆိုးမသေမျိုးက ဖီးနစ်ဘိုးဘေးကိုရှုံးစရာအကြောင်းမရှိနိုင်ဘူးလေ။

"အဖြေမှားတယ်၊ တစ်မှတ်လျော့တယ်"

"ဘယ်လို....."

နားကြားမှားသလားဟု ကျန်းရှီရှီ ထင်လိုက်မိသည်။ ထိုဇာတ်လမ်းကို မျိုးနွယ်ခေါင်းဆောင်ထံမှ ကြားဖူးထားခြင်းဖြစ်သည်။ ခိုင်မာသည်။

ဘယ်လိုမှားနိုင်မည်နည်း။

တစ်ခြားဖြေမည့်လူတစ်ယောက်မှ မရှိတော့သဖြင့် လုယန် သက်ပြင်းတစ်ချက်ချ၍ ဖြေသည်။

"အကြီးအကဲလောပြောတာ ဘယ်လိုအဖြစ်အပျက်လဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အဲဒီ့နေ့ နတ်ဆိုးမသေမျိုး အိမ်ပြန်လာတဲ့အချိန်မှာ ဖီးနစ်ဘိုးဘေးက သူ့ကိုစိုက်ကြည့်ပြီး 'ဘယ်သူနဲ့သွားတွေ့တာလဲ'လို့ ခပ်တင်းတင်းမေးတယ်။

နတ်ဆိုးမသေမျိုး မျက်နှာအကြီးအကျယ်ပျက်သွားတယ်။ ဓားစက်ဝန်းကို ချက်ချင်းဆွဲချပြီး စက်ဝန်းပေါ်မှာဒူးထောက်တယ်။ ဒါမျိုးထပ်မလုပ်တော့ပါဘူး။ ထပ်လုပ်ခဲ့ရင် မိုကြိုးငါးချက်ပစ်ပါစေဆိုပြီး ကောင်းကင်ကို သူကျိန်ဆိုတယ်"

"အဖြေမှန်တယ်၊ တစ်မှတ်ရတယ်"

********************************

All Chapters