လေးလွှာ
Vol. 40 Ch. 594
မုန်မိသားစုအကြီးဆုံးသားဟူသည့် သူ့နောက်ခံကြောင့် ခေတ်သစ်ကျင့်ကြံသူလောကအကြောင်း အတော်များများသိသည်။ လုယန်ထက်ပင် ပိုသိသည်။
သို့သော် ရှေးဟောင်းခေတ်သမိုင်းကိုတော့ သူလုံးဝမကျွမ်းကျင်။
ခေတ်သစ်ကျင့်ကြံသူများသိထားသည့် ရှေးဟောင်းခေတ်သမိုင်းကလည်း တကယ့်အဖြစ်မှန်နှင့် များစွာကွဲလွဲနေတတ်သည်။ ထို့ကြောင့် ပြောစရာပင်မလိုတော့။
ဘာမှယှဉ်ပြိုင်နေစရာမလို။ လုယန်ကိုသာ သူဖြေခိုင်းသည်။
ထင်သည့်အတိုင်း လုယန် မေးခွန်းဆယ်ခုလုံးမှန်သည်။ အမှတ်ပြည့်ရသည်။ တစ်ခါမှမရှိခဲ့ဖူးသည့်ရမှတ်မျိုးဖြင့် အောင်မြင်သည်။
သို့သော် သူ့လိုသုညသမားက ဒုတိယရသည့်ကိစ္စကိုတော့ အံ့ဩမိသည်။
လော်ဟုန်က လုယန်နှင့်မုန်ကျင်းကျိုးကို ထောက်ခံသည့်အကြည့်ဖြင့် ကြည့်သည်။
"မင်းတို့နှစ်ယောက်လုံးရဲ့ ရမှတ်တွေက သမိုင်းမှာ အမြင့်ဆုံး ပထမနဲ့ဒုတိယရမှတ်ပဲ။ တော်တယ်"
မုန်ကျင်းကျိုး "...."
အရင်နှစ်များက တတိယအလွှာထိ ရောက်ခဲ့သူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များဟု ဆိုနိုင်သည်။ ရှေးဟောင်းခေတ်လက်ရှိခေတ် ဗဟုသုတများ ကြွယ်ဝသူများဖြစ်သည်။
ကိုယ်ပိုင်လေ့လာမှုကို ယုံကြည်ထားကြသဖြင့် မေးခွန်းစမေးသည်နှင့် ချက်ချင်းဖြေကြသည်။
ထို့သို့ဖြင့် အမှတ်လျော့သည့်အဖြစ်များ ကြုံလာရသည်။
တစ်ခါမှားသည်ကို မတော်တဆဟု သတ်မှတ်ပြီး အမှတ်ပြန်ရဖို့ ကြိုးစားကြသည်။ မြန်မြန်ဆက်ဖြေကြသည်။ ဖြေလေလေ သူတို့အမှတ်များ လျော့လာလေဖြစ်သည်။
မေးခွန်းဆယ်ခုပြီးချိန်တွင် ဘယ်သူအမှတ်ပိုနှုတ်ခံရသည်ကိုသာ ပြိုင်ကြရတော့သည်။
လော်ဟုန်က မုန်ကျင်းကျိုး၊ ကျန်းရှီရှီနှင့် စုလန်အာကို လက်ညှိုးထိုးသည်။
"မင်းတို့သုံးယောက် ဆုလာဒ်တွေရမယ်"
လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ရွှေရောင်တောင်ပနေသည့် ရတနာများပေါ်လာသည်။ အားလုံးက တန်ဖိုးကြီးသည်။ အပြင်လောကတွင် မိုးထိထိုးတက်မတတ်ဈေးနှုန်းဖြင့် အလုအယက်ဝယ်ကြမည့် ပစ္စည်းများဖြစ်သည်။
ဒုတိယအလွှာတွင်တွေ့ခဲ့သည့် နှင့်မတူ။ ဤတစ်ကြိမ်ရတနာများက ပိုအဖိုးတန်သည်။ ပျောက်ကွယ်နေသည့် နဂါးချုပ်လက်ဝါးပညာကျမ်းမျိုးပင် ပါသည်။
ရတနာအများစု၏အထက်တွင် နံပတ်များပါသည်။ 'တစ်'ဟု ရေးထားသည်။ တစ်ချို့က 'နှစ်' နှင့် 'သုံး'ဟု ရေးထားသည်။
နဂါးချုပ်လက်ဝါးကျမ်းစာအုပ်ကို 'သုံး'ဟု အမှတ်အသားပြထားသည်။
"စုလန်အာ၊ မင်းက ပထမအလွှာမှာ ပုံမှန်စွမ်းဆောင်ရည်ပဲရှိတယ်။ ဒုတိယအလွှာမှာ ငါစမ်းသပ်ချင်တဲ့ရည်ရွယ်ချက်ကို မင်းကြိုမရိပ်မိဘူး။ လိမ်တာက မင်းရဲ့ဗီဇစိတ်အလျောက် တုံ့ပြန်မှုပဲ။ တတိယအလွှာမှာ မင်းစွမ်းဆောင်ရည်က ပုံမှန်ပဲ။ ဒီထဲကနေ ပစ္စည်းတစ်ခု မင်းရွေးလို့ရတယ်"
"ကျေးဇူးပါ အကြီးအကဲလော်"
ဖန်တီးခြင်းရှေးဟောင်းမြေတွင် ဤအဆင့်လောက်ထိရောက်မည်ဟု တစ်ခါမှ မတွေးဖူး။ ယခုပင် သူထင်ထားသည့်ထက် များစွာကျော်လွန်နေပြီဖြစ်သည်။
"ကျန်းရှီရှီ၊ ပထမအလွှာမှာ ဝိညာဉ်သန္ဓေ နှစ်ရာ့ရှစ်ဆယ်ရတယ်။ စွမ်းဆောင်ရည်ထူးချွန်တဲ့ သမိုင်းမှတ်တမ်းတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒုတိယအလွှာမှာ ငါစမ်းသပ်ချင်တာကို မင်းရိပ်မိတယ်။
တတိယအလွှာမှာ မင်းရဲ့စွမ်းဆောင်ရည်က သာမန်ပဲရှိတယ်။ ဒီကနေ ပစ္စည်းသုံးမျိုး မင်းရွေးလို့ရတယ်"
"ကျေးဇူးပါ အကြီးအကဲလော်"
"ငါသတိပေးထားမယ်။ ရတနာအများစုကို မင်းတို့လွတ်လွတ်လပ်လပ်ရွေးလို့ရတယ်။ ဒါပေမယ့် တစ်ချို့က တန်ဖိုးအရမ်းမြင့်တယ်။ တစ်ခုရွေးတာက နှစ်ခုသုံးခုရွေးတာနဲ့ တန်းတူဖြစ်သွားနိုင်တယ်။
နဂါးချုပ်လက်ဝါးကျမ်းဟာ 'သုံး'လို့ပြထားတယ်။ ဒီတော့ ဒီကျမ်းကို ရွေးချယ်မယ်ဆိုရင် ပစ္စည်းသုံးမျိုးရွေးတာနဲ့ အတူတူပဲ။
ပြည့်စုံတဲ နဂါးချုပ်လက်ဝါးကျမ်းဟာ နဂါးဘိုးဘေးကို အနိုင်ယူနိုင်တဲ့အစွမ်းရှိတယ်။ အဆင့်မြင့်မဟာနတ်စွမ်းအားပညာပဲ။ ဒီပညာက မပြည့်စုံဘူးဆိုပေမယ့် အဆင့်တူတွေကြားမှာတော့ ပြိုင်ဘက်ကင်းဖြစ်လာနိုင်တယ်"
ထို့နောက် လော်ဟုန် မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။
"ပထမအလွှာမှာ သန္ဓေနှစ်ရာ့ရှစ်ဆယ့် မင်းရတယ်။ ကျန်းရှီရှီနဲ့ အဆင့်တူပဲ။ ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့တယ်။
ဒုတိယအလွှာမှာ စမ်းသပ်တဲ့အကြောင်းရင်းကို မင်းရိပ်မိတဘ်။ ပန်းအိုးတွေထဲမှာလည်း ပန်းတွေအများကြီးစိုက်ခဲ့တယ်။
တတိယအလွှာမှာ မင်းစွမ်းဆောင်ရည်က သမိုင်းရဲ့ဒုတိယအကောင်းဆုံးပဲ။ ဒီကနေ ပစ္စည်းငါးခု မင်းရွေးချယ်လို့ရတယ်"
ငါးခုရွေးချယ်ခွင့်ရခြင်းသည် မုန်ကျင်းကျိုး၏ စွမ်းဆောင်ရည်က လျှို့ဝှက်မြေသမိုင်းတွင် ဒုတိယအကောင်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။
လုယန်သာမရှိလျှင် ပထမနေရာကို သူရလိမ့်မည်။
စုလန်အာက စုစည်းခြင်းအဆင့်တစ်ယောက်၏ ခွန်အားပြည့်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် ရှေးဟောင်းအကာအကွယ်မှော်အဆောင်တစ်ခုကို ရွေးချယ်သည်။
ကျန်းရှီရှီက အသက်ဝင်သည့် ဖီးနစ်ပုံပန်ချီတစ်ချပ်ရွေးချယ်သည်။ ဖီးနစ်ကအသက်ဝင်လွန်းသဖြင့် ပန်းချီကားထဲမှ ခုန်ထွက်လာတော့မယောင်ထင်ရသည်။
မသေမျိုးတစ်ဝက်တစ်ယောက် ဖန်တီးခဲ့သည့် ဤပန်းချီကားသည့် ဝိညာဉ်ကိုတည်ငြိမ်စေခြင်း သွေးဆက်ကိုအားဖြည့်ပေးခြင်း သွေးဆက်လှုံ့ဆော်ပေးနိုင်ခြင်း စသည့်အစွမ်းများရှိသည်။
ပန်းချီကားတွင် 'သုံး'ဟု အမှတ်အသားပြထားသည်။
မုန်ကျင်းကျိုးက ပစ္စည်းရွေးရင်း အခက်တွေ့နေသည်။ ပစ္စည်းအများစုက သူ့အတွက်အသုံးမဝင်။ သူလိုချင်လျှင် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုပစ္စည်းမျိုး အားလုံးရှိသည်။
"အဲ...ဒါက ဘာပညာပါလိမ့်။ နာမည်က ထူးဆန်းသားပဲ။ ဂဏန်းပြမသေမျိုးပညာတဲ့လား။ နာမည်ကရှည်သားပဲ။ ဘယ်လိုပညာပါလိမ့်"
ဘာသာပြန်ထားသည့် ကျင့်စဉ်ကျမ်းကို မုန်ကျင်းကျိုးလှန်ဖတ်ကြည့်သည်။ စာအုပ်ကို 'ငါး'ဟု အမှတ်အသားပြထားသည်။ ရှိနေသည့်ရတနာများထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်သည်။
"စာအုပ်ကတစ်ဝက်ပဲရှိတာကို ဒီလောက်တောင်ဈေးကြီးတယ်ပေါ့"
ကျင့်စဉ်ပညာက ချီအဆင့်မှ ဝိညာဉ်ပြောင်းအဆင့်ထိ ကျင့်ကြံနည်းသာပါသည်။ စာအုပ်တစ်ဝက်ဟုသာ ဆိုရမည်။
"ဂဏန်းပြမသေမျိုးကျင့်စဉ်ပညာလား..."
နာမည်ကြားသည်နှ့် လုယန်မျက်လုံးပြူးသွားသည်။
ထိုပညာတကယ်ရှိနေသည်။
ကိုးဆမသေမျိုး၏ ကျင့်စဉ်ပညာဖြစ်သည်။
"ဒီကျင့်စဉ်ကို မင်းကြားဖူးတယ်ပေါ့"
လုယန် ခေါင်းငြိမ့်သည်။
တကယ်ရတနာအစစ်ဖြစ်သည်။
"မရွေးချယ်နဲ့ဦး။ ငါအရင်မေးကြည့်ဦးမယ်"
လုယန် သိစိတ်နယ်မြေသို့ဝင်၍မေးသည်။
"နတ်မယ်၊ ဒီဂဏန်းပြမသေမျိုးကျင့်စဉ်ရဲ့ အကြောင်းအရာတွေကို ခင်ဗျားသိလား"
နတ်မယ်နှုတ်တိုက်ရသည်ဆိုလျှင် ချရေးစရာမလိုတော့။
နတ်မယ့်က နှာခေါင်းရှုံ့သည်။
"ကိုးဆမသေမျိုးရဲ့ ကျင့်စဉ်နာမည်ကို ငါမှတ်မိပါတယ်။ ဒါပေမယ့် ကျင့်စဉ်နည်းလမ်းအကြောင်းအရောတွေကို ငါကဘာလို့မှတ်ထားရမှာလဲ"
"လောင်မုန်လက်ထဲက ကျင့်စဉ်တစ်ဝက်က ဘယ်လိုလဲ"
"အဲဒါကိုယူလိုက်ပါ။ ဒီကျင့်စဉ်ပညာက အတော်ကောင်းတယ်။ ဒီပညာအကြောင်း ကိုးဆက ငါ့ရှေ့မှာ တစ်ခါကြွားဖူးတယ်။ ဒီကျင့်စဉ်ပညာကနေ လူတွေအများကြီး မတူကွဲပြားတဲ့ အတွေးအမြင်တွေရလိမ့်မယ်လို့ပြောတယ်။
ကိုယ်ကျင့်ကြံတဲ့ ကျင့်စဉ်စွမ်းအားတွေကိုလည်း နားလည်စေသလို တစ်ခြားနတ်စွမ်းအားတွေအကြောင်းလည်း နားလည်အောင် ကူညီပေးနိုင်တယ်တဲ့။ နောက်တစ်ခုရှိသေးတယ်။ ဒါပေမယ့် ဘာမှန်းငါသေချာမမှတ်မိဘူး"
အတည်ပြုချက်ရပြီဖြစ်၍ လုယန် သိစိတ်အာရုံမှထွက်လာပြီး ခေါင်းငြိမ့်ပြသည်။
"ယူလိုက်တော့"
တစ်ဝက်သာရှိသည့် ထိုကျင့်စဉ်ကျမ်းကို မုန်ကျင်းကျိုး ရွေးချယ်လိုက်သည်။
လော်ဟုန်လက်ဝှေ့ယမ်းပြသည်။
"အခု မင်းတို့သုံးယောက် သွားလို့ရပြီ"
လုယန်နှင့် စကားပြောခွင့်မရမီ မုန်ကျင်းကျိုးတို့သုံးယောက် နယ်မြေအပြင်ဘက်သို့ ပို့ခံလိုက်ရသည်။
ကျန်ပြန့်သည့် လေဟာနယ်ထဲတွင် လုယန်နှင့်လော်ဟုန်သာ ကျန်ရစ်ခဲ့သည်။
"အကြီးအကဲလော်...ခင်ဗျား..."
လော်ဟုန်က လုယန်ကို စိတ်ဝင်တစားလှည့်ပတ်ကြည့်၍ စုပ်သပ်နေသည်။
"မေးခွန်းတစ်ခုခုကို ကံကောင်းပြီးမှန်အောင်ဖြေနိုင်တဲ့လူတွေ ငါမြင်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းလို့ မေးခွန်းဆယ်ခုလုံးမှန်အောင် ဖြေနိုင်တဲ့လူမျိုးတော့ တစ်ခါမှမရှိခဲ့ဖူးဘူး။
ဒီလိုလူမျိုး ဘယ်တော့မှမရှိနိုင်ဘူးလို့ ငါအမြဲတွေးခဲ့တာ"
လော်ဟုန်လက်ဖျောက်တစ်ချက်တီးလိုက်သည်။ မှုန်မှိုင်းနေသည့် တတိယအလွှာက ချက်ချင်းလင်းလက်သွားသည်။
တတိယအလွှာသည် လူစည်ကားနေသည့် မြို့တော်တစ်ခုဖြစ်သည်။ သွားလာနေသည့်ယာဉ်များ၊ လူများရှိသည်။ နတ်ဆိုးကြီးများလည်း သူတို့ကြားတွင် လျှောက်သွားနေသည်။ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ် သဟာဇာတဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသည့် ခေတ်တစ်ခုကို ထင်ဟပ်နေသည်။
"မအံ့ဩပါနဲ့။ ဒါက ငါအမြဲနေတဲ့ ပုံရိပ်နယ်မြေလေ။ နှစ်သုံးသိန်းလုံး ဥယျာဉ်စိုက်လိုက်၊ နတ်ဆိုးသားရဲတွေနဲ့ လှည့်ပတ်လျှောက်သွားလိုက်နဲ့တော့ ငါဘယ်နေနိုင်ပါ့မလဲ။
အခု စတုတ္ထအလွှာကို မင်းသွားဖို့လိုတယ်"
"စတုတ္ထအလွှာ...."
လျှို့ဝှက်မြေသို့ဝင်စက ရှင်းပြခဲ့သည့်နယ်မြေပုံစံတွင် စတုတ္ထအလွှာအကြောင်း မပါ။
လော်ဟုန် ဘာမှမပြောဘဲ ပြုံးနေပြီး ကောင်းကင်သို့မော့ကြည့်ရန် လုယန်ကို အချက်ပြသည်။
အဖြူရောင်အလင်းတန်းတစ်ခု ကောင်းကင်တွင်ပေါ်လာပြီး ရွှေလှေခါးတစ်ခုအသွင်ပြောင်း၍ တတိယအလွှာနှင့် စတုတ္ထအလွှာကို ဆက်သွယ်ပေးသည်။
မြို့ထဲမှသက်ရှိအားလုံး ခြေလှမ်းရပ်လျက် ကောင်းကင်ကိုမော့ကြည့်သည်။ စူးစမ်းစိတ်နှင့်ကြောက်စိတ်ရောနေသည့်မျက်နှာအမူအရာများဖြင့် ရွှေလှေခါးကို လက်ညှိုးထိုး၍ ပြောဆိုနေကြသည်။
"လျှို့ဝှက်မြေတတိယအဆင့်ကို ဖြတ်နိုင်တဲ့လူရှိရင် စတုတ္ထအဆင့်ကို ဆက်သွားခွင့်ပေးရမယ်လို့ ငါ့ကိုဖန်တီးခဲ့တဲ့လူကပြောတယ်။။ အဲဒီ့စတုတ္ထအလွှာဟာ ငါ့ထိန်းချုပ်မှုအောက်မှာမရှိဘူး။ အဲဒီမှာ ဘာတွေရှိမှန်းလည်း ငါမသိဘူး"
"အကြီးအကဲလော်ကို ဘယ်သူဖန်တီးခဲ့တာလဲ"
"စတုတ္ထအလွှာကနေ မင်းဆင်းလာတဲ့အခါ ပြောပြပါမယ်"
လော်ဟုန်ကပြုံး၍ပြောသည်။
စတုတ္ထလွှာသို့မရောက်မချင်း နောက်ထပ် စကားအစ်၍ရမည်မဟုတ်ကြောင်း လုယန်နားလည်လိုက်သည်။ ကိစ္စတော့မရှိ။ စတုတ္ထအလွှာသို့သွားဖို့ သူလည်းရည်ရွယ်ထားသည်။
"ဒါဆိုအခု ကျုပ်သွားတော့မယ့် အကြီးအကဲလော်"
လုယန် ဦးညွှတ်အရိုအသေပြုလိုက်သည်။
"သွားပါ သွားပါ။ ငါဒီကနေ မင်းပြန်အလာကိုစောင့်နေမယ်"
လုယန် ရွှေလှေခါးပေါ်တက်သွားသည်။ ခြေနင်းလိုက်သည်နှင့် ပူနွေးသည့်စွမ်းအင်လှိုင်းတစ်ခု သူကိုယ်ထဲ စီးဆင်းသွားသည်။ စွမ်းအားများပြည့်လာသည်.
မကြာမီ လုယန် စတုတ္ထလွှာသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ရွှေလှေခါးလည်းပြိုကျပျက်စီးသွွားပြီး ရွှေရောင်မိုးရေအဖြစ်ပြောင်း၍ မြို့ပေါ်သို့ရွာချသည်။
စတုတ္ထအလွှာသည် အစောပိုင်းသုံးလွှာနှင့် ပုံစံချင်းမတူ။ မိန်းမတစ်ယောက်၏ခန်းဆောင်တစ်ခုနှင့်တူနေသည်။
အသေးစိတ်အချက်အလက်တိုင်းက အခန်းရှင်သည် စေ့စပ်သေချာသူဖြစ်ကြောင်းပြနေသည်။
"ဒီအခန်းကို မြင်ဖူးနေသလိုပဲ"
တစ်ခြားဘယ်သူမှမရှိသဖြင့် နတ်မယ် သိစိတ်နယ်မြေမှထွက်လာသည်။ သူ့ဝတ်စုံက အရိုင်းဆန်နေဆဲဖြစ်သည်။ အထိန်းအကွပ်လုံးဝမရှိ။
*************************************