ယုံကြည်မှု
Vol. 40 Ch. 596
"ရှင်ဘယ်သူလဲ"ဟု ကျန်းလျန်ယိမေးချိန်တွင် လုယန် ရင်ထဲထိတ်လန့်တုန်လှုပ်သွားသည်။
နောက်ကွယ်မှတရားခံသည် နတ်မယ်အကြောင်း အားလုံးဖျက်ဆီးခဲ့ပုံရသည်။ စာအုပ်ထဲမှ နာမည်များကိုပြောင်းရုံသာမဟုတ်။ မှတ်ဉာဏ်များကို ပြောင်းလဲခဲ့သည်။ လူတိုင်း၏ မှတ်ဉာဏ်ထဲမှ နတ်မယ်နှင့်ပတ်သက်သည့် အကြောင်းအရာအားလုံး ဖျက်ဆီးခဲ့သည်။ ကျန်းလျန်ယိကိုပါ အလွတ်မပေး။
ကျန်းလျန်ယိသည် မသေမျိုးရာထူးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် မသေမျိုးတစ်တက်အဆင့်ဖြစ်သည်။ သူသည်ပင် မလွတ်မြောက်လျှင် တစ်ခြားကျင့်ကြံသူများနှင့်သေမျိုးများ ဘယ်လိုရှိမည်ကို စိတ်ကူးယဉ်ကြည့်နိုင်သည်။
နတ်မယ်သေဆုံးပြီးနောက် နတ်မယ်ကိုအသက်သွင်းဖို့ တစ်ယောက်မှ နာမည်မခေါ်ခဲ့သည်မှာ မဆန်းတော့။
"ထာဝရနတ်မယ်ပဲဝါလား"
ကျန်းလျန်ယိ အကိုရပ်သွားသည်။ ထိုနာမည်နှင့် လုံးဝမရင်းနှီး။ လုံးဝမမှတ်မိ။ သူ့မျက်လုံးတွင် ရှုပ်ထွေးသည့်အရိပ်များသာ ပြည့်နေသည်။
နတ်မယ်မျက်နှာမှအပြုံး တဖြေးဖြေးပျောက်ကွယ်သွားသည်။
သူအားတင်းထားသော်လည်း ကျန်းလျန်ယိက သူ့ကိုမေ့နေသည့်အဖြစ်ကြောင့် သူနာကျင်ဝမ်းနည်းရသည်။
"ဟုတ်တယ်။ ငါက ထာဝရနတ်မယ်၊ ပဲဝါပါ။ ချီလင်မသေမျိုး၊ ကိုးဆမသေမျိုး၊ ယင်ထန်မသေမျိုး၊ အချိန်မသေမျိုးတို့နဲ့အတူ ရှေးဟောင်းမသေမျိုးငါးယောက်အဖြစ် ကျော်ကြားခဲ့တဲ့လူပါ။ ငါက ငါးယောက်ထဲမှ နောက်ဆုံးမှမသေမျိုးဖြစ်ခဲ့တာ"
"ငါးယောက်ထဲမှ မသေမျိုးနောက်ဆုံးဖြစ်ခဲ့တာ ကျွန်မယောက်ျားပါ။ လေးယောက်မြောက်ပေါ့။ ရှေးဟောင်းခေတ်မှာ မသေမျိုးလေးယောက်ပဲ ရှိခဲ့တာ။ ငါးယောက်မြောက်မသေမျိုး ဘယ်ကရောက်လာတာလဲ"
"ဒါဆို မင်းရဲ့ဟင်းချက်ပညာတွေ ဘယ်လိုတတ်လာတာလဲ။ ငါက မင်းနဲ့ရှောင်လင်းကို ဟင်းချက်နည်းသင်ပေးခဲ့တာပါ"
ရှောင်လင်းသည် နဂါးဘိုးဘေးပါရမီရှင် အောင်းလင်းဖြစ်သည်။
"ကျွန်မတို့နှစ်ယောက်လုံး ကိုယ့်ဘာသာသင်ခဲ့တာပါ။ ဆရာမရှိပါဘူး"
"ဒါဆို မင်းသုံးခဲ့တဲ့ သေဟန်ဆောင်ပညာကရော။ အဲဒီ့ပညာ မင်းတို့ကို ငါသင်ပေးခဲ့တာ"
"သေဟန်ဆောင်ပညာက ကျွန်မနဲ့ရှောင်လင်း လျှို့ဝှက်မြေတစ်ခုကို သွားလေ့လာတဲ့အချိန် ရခဲ့တာ။ အဲဒီ့နယ်မြေက ဟောင်းနွမ်းပျက်စီးနေလို့ မူလဇစ်မြစ်ကို မသိရဘူး။ ကျွန်မတို့ထွက်လာပြီးတော့ အဲဒီ့နယ်မြေ ပြိုကျပျက်စီးသွားတယ်"
"မင်းနဲ့ချီလင်တို့လက်ထပ်တော့ 'အလှဆုံးနတ်ဆုံးမျိုးနွယ်သို့'လို့ စာရှေးထားတဲ့ မသေမျိုးသစ်သီးတစ်လုံးတောင် ငါမင်းတို့ကိုပေးခဲ့သေးတယ်လေ"
'ကျွန်မအဲဒီကိစ္စမမှတ်မိဘူး။ ကိုးဆမသေမျိုး၊ ယင်ထန်မသေမျိုး၊ အချိန်မသေမျိုးတို့က ကျွန်မတို့ကို လာပြီးဂုဏ်ပြုကြတယ်။ မသေမျိုးသစ်သီးတွေပေးကြတယ်။ ဒါပေမယ့် စာရေးထားတာတို့ဘာတို့ မရှိပါဘူး"
"ငါတို့အတူတူစားသောက်လေ့ရှိခဲ့တယ်။ မင်းရဲ့အိမ်တော်၊ မင်းရဲ့အိပ်ခန်း၊ ငါအားလုံးရောက်ဖူးတယ်"
နတ်မယ်က အဖြစ်အပျက်များကို တစ်ခုပြီးတစ်ခု အသေးစိတ်ပြောသည်။ ကျန်းလျန်ယိ အသံပိုတိတ်သွားသည်။ အတော်ကြာအောင် အသံတိတ်နေသည်။
"ဆောရီးပါ၊ ရှင်ပြောတာတွေ ကျွန်မတစ်ခုမှမမှတ်မိဘူး"
နိုးထစအချိန်ကလို ကျန်းလျန်ယိ ငူငူငိုင်ငိုင်မဟုတ်တော့။ သူ့မှတ်ဉာဏ်အားလုံးကို အမြန်ခွဲခြားသုံးသပ်ပြီးဖြစ်သည်။ သူမအိပ်စက်မီကဖြစ်ခဲ့သည့် ကိစ္စများကိုပင် ပြန်မှတ်မိသည်။
ထိုအချိန်က သူ့ယောက်ျား၏အပြုအမူအက ထူးဆန်းနေသည်။ အကြောင်းရင်းကိုမရှင်းပြဘဲ သေဟန်ဆောင်ပညာကိုသုံးဖို့ အတင်းပြောခဲ့သည်။
သူ့ယောက်ျားကိုယုံပြီး သေဟန်ဆောင်ပညာကို သူအသက်သွင်းလိုက်သည်။ ယခု နိုးလာချိန်တွင် ထူးဆန်းသည့်မိန်းမတစ်ယောက်နှင့် ရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ကို တွေ့ရသည်။
သူ့မှတ်ဉာဏ်များ ရှင်းလင်းပြည့်စုံကြောင်း သေချာသိသည်။ ဟာကွက်မရှိ။ အစအဆုံး ကျိုးကြောင်းဆီလျော်သည်။ နတ်မယ်နှင့်ပတ်သက်သည့် အချက်အလက် တစ်ခုမှမပါ။
နတ်မယ်မျက်လုံးတွင် မျက်ရည်များစုဝေးလာပြီး ခန္ဓာကိုယ်ယိမ်းယိုင်သွားသည်။ လဲမကျအောင် အတင်းထိန်းထားသည်။
သူ့အခြေအနေကိုကြည့်၍ ကျန်းလျန်ယိစိတ်ထဲ နာကျင်လာသည်။ သို့သော် အကြောင်းရင်းကို အဖြေရှာမရ။
"နတ်မယ်..."
လုယန် ထာဝရနတ်မယ်ကို နှစ်သိမ့်ရန် ကြိုးစားသည်။ သို့သော် နတ်မယ်ပုခုံးကို ပုတ်လိုက်ချိန်တွင် သူ့လက်က လေဟာနယ်ကိုဖြတ်သန်းသွားသည်။
နတ်မယ်သည် ဝိညာဉ်ပုံစံဖြင့် ရှိနေခြင်းဖြစ်သည်။
ကျန်းလျန်ယိ နှစ်သိမ့်စကားတစ်ချို့ ပြောရန်ပြင်နေချိန်တွင် သူ့ရင်ဘတ်နေရာမှ တစ်စုံတစ်ခုကို တိထားမိသည်။
အလိုလုသူလက်လှမ်းလိုက်သည်။ သူ့ရင်ဘတ်မှ ကျောက်တုံးတစ်ခုဆွဲယူလိုက်သည်။
"မှတ်ဉာဏ်ကျောက်လား"
သူပို၍တွေးမရဖြစ်သွားသည်။
သူအိပ်မပျော်မီကအဖြစ်ကို သူမှတ်မိသည်။ ထိုကျောက်တုံးမရှိခဲ့။
သူ့ယောက်ျားက သူမသိအောင်တမင်ဝှက်၍ထည့်ခဲ့သလောမသိ။
ဝိညာဉ်စွမ်းအင်များ မှတ်ဉာဏ်ကျောက်တုံးထဲသို့ ပို့လွှတ်လိုက်သည်။ မျက်နှာပြင်တွင် နူးညံ့ခမ်းနားသည့်ပုံရိပ်များ ပေါ်လာသည်။ သန္တာရောင်ဦးချိုးများနှင့် ယောက်ျားတစ်ယောက်အရိပ် ထိုးထွက်လာသည်။
ခံ့ညားထည်ဝါသည်။ သတ္တဝါစုံတို့၏ရုပ်ပုံပါသည့် အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။
"ချီလင်မသေမျိုးလား"
"ယောက်ျား..."
ထိုပုံရိပ်သည် ချီလင်မသေမျိုး၏ပုံရိပ်ဖြစ်သည်။
လုယန်လည်း ချီလင်မသေမျိုးကိုသိနေသည်။ ပထမတစ်ကြိမ်က သမိုင်းပဲ့တင်ပုံရိပ်တွင်မြင်ခဲ့သည်။ ယခု မှတ်ဉာဏ်ပုံရီပ်ဖြင့် မြင်ရသည်။
"လျန်ယိ၊ မင်းစိတ်ထဲ မေးချင်တာတွေအများကြီးရှိနေမှာပဲ။ လူတစ်ယောက်နဲ့ မင်းတွေ့လိမ့်မယ်။ မကြောက်ပါနဲ့။ အဲဒီ့လူဟာ ယုံကြည်ရတယ်။ ငါတို့ ယင်ထန်တို့ထက်တောင် ပိုယုံကြည်ရပါတယ်။
ဒီလူကို အတော်ထူးဆန်းနေသလို မင်းထင်လိမ့်မယ်။ သူ့အကြောင်းကို မင်းမှတ်မိမှာမဟုတ်ဘူး။
သူနဲ့မင်း ဘာမှမပတ်သက်ဘူးဆိုရင် မင်းရဲ့သေဟန်ဆောင်ပညာကို သူဘယ်လိုပြန်ဖြေပေးနိုင်သလဲဆိုတာ တွေးကြည့်ပါ"
ကျန်းလျန်ယိ အံ့အားသင့်သွားသည်။
မှန်သည်။ ရှေးဟောင်းနယ်မြေက ပျောက်ကွယ်သွားသည်။ သူနှင့်ရှောင်လင်းသာ သေဟန်ဆောင်ပညာအကြောင်း သိသည်။
သူ့ယောက်ျား၊ ယင်ထန်၊ ကိုးဆ၊ အချိန်မသေမျိုးတို့ တစ်ယောက်မှ ထိုပညာမတတ်ကြ။ သင်ဖို့လည်း မလိုအပ်ပါ။
ထာဝရနတ်မယ်ဟုခေါ်သည် ဤမိန်းမက ထိုပညာဘာကြောင့်တတ်နေသနည်း။
"တစ်ယောက်ယောက်က မင်းရဲ့မှတ်ဉာဏ်တွေကို ပြောင်းလဲခဲ့တာ။ အဲဒီ့လူရဲ့ သရုပ်မှန်ကို ငါမသိသေးဘူး။ ဒီကိစ္စရဲ့ အသေးစိတ်ကို မင်းသိဖို့မလိုဘူး။ ဝင်လည်းမစွက်သင့်ဘူး။ ဒါက မသေမျိုးအဆင့်တိုက်ပွဲပါ။
မင်းကို နှိုးခဲ့တဲ့လူဟာ ယုံကြည်ရတယ်ဆိုတာပဲ မင်းသိဖို့လိုတယ်"
ထို့နောက် ချီလင်ပုံရိပ်က နတ်မယ်ဆီပြုံး၍လှည့်ကြည့်သည်။ လက်နှစ်ဘက်ဆုပ်အရိုအသေပေးသည်။
"ထာဝရ၊ နောက်ဆုံးတော့ မင်းပြန်မွေးဖွားလာပြီပဲ။ မင်းရောက်နေတဲ့ခေတ်နဲ့ ငါရှိခဲ့တဲ့ခေတ် ဘယ်လောက်ကွာခြားခဲ့ပြီလဲဆိုတာတော မသိဘူး။ ငါတို့မင်းကို ပြန်အသက်မသွင်းနိုင်ခဲ့တဲ့အတွက် ဆောရီးပါ။
ရန်သူရဲ့နည်းလမ်းတွေက ငါတို့ထင်ထားတာထက် ပိုရှုပ်ထွေးတယ်။ မသေမျိုးတစ်ဝက်တွေတင်မဟုတ်ဘူး။ ငါတို့အပေါ်ပါ သက်ရောက်မှုရှိတယ်။ မင်းနာမည်ကို 'ထာဝရ'ဆိုတာပဲ မှတ်မိတာ။ မင်းနာမည်အစစ်ကို ဘယ်လိုမှစဉ်စားမရဘူး။
မင်းနာမည်ကို တစ်လှည့်စီခေါ်ကြည့်ဖို့ ငါတို့ကြိုးစားတယ်။ ဒါပေမယ့် နာမည်တစ်ခုတည်းပဲ ထွက်လာတယ်။ အရင်က ငါတို့ခေါ်ခဲ့ပြီးသားနာမည်ကို မေ့သွားတယ်။ အဲလိုနဲ့ သံသရာလည်နေတယ်။
ဒါပေမယ့် အချိန်လမ်းကြောင်းကနေတစ်ဆင့် မင်းဟာနောင်တစ်ချိန်ပြန်ရှင်သန်မယ်ဆိုတာ သိခဲ့ရလို့ စိတ်ဖြေသာပါသေးတယ်။ လျန််ယိ မင်းအပေါ်ထားတဲ့ခင်မင်မှုက ငါ့ထက်ပိုနက်ရှိုင်းတယ်။
သူ့သက်တမ်းအကန့်အသတ်ကြောင့် မင်းနဲ့မတွေ့လိုက်ဘဲ သူသေသွားရတာမျိုး ငါမဖြစ်စေချင်ဘူး။ ဒါကြောင့် မင်းတို့နှစ်ယောက် တွေ့နိုင်အောင် ငါစီစဉ်ခဲ့တာ။
သူမင်းကိုမေ့သွားရင်တောင် မင်းပြန်ရှင်သန်လာတာမြင်ရင် သူသေချာပေါက်ဝမ်းသာမှာပါ။ လျန်ယိကို မင်းရှာတွေ့နိုင်အောင် ဒီလျှို့ဝှက်မြေကို ငါတည်ဆောက်ပြီး လျန်ယိကို စတုတ္ထအလွှာမှာ ဝှက်ထားခဲ့တယ်။
နောက်ပိုင်းမျိုးဆက်ကျင့်ကြံသူတွေအတွက် ဒီနေရာကို ရှေးဟောင်းလျှို့ဝှက်မြေတစ်ခုလို့ သတ်မှတ်ကြလိမ့်မယ်။
ဒါပေမယ့် အရေးမကြီးတော့ပါဘူး။ ဘာပဲပြောပြော ဒီလျှို့ဝှက်မြေက ကျင့်ကြံသူတွေအတွက် တန်ဖဖိုးကြီးတယ်။ အတော်နာမည်ကြီးလာလိမ့်မယ်။ မင်းက လူစည်ကားတဲ့နေရာတွေကို သဘောကျတော့ ဒီနေရာကို သေချာပေါက်ရောက်လာပါလိမ့်မယ်။
လျှို့ဝှက်မြေတည်ဆောက်ရင်းနဲ့ ငါတို့နတ်ဆိုးမျိုးနွယ်အတွက် အခွင့်အရေးတစ်ခုပေးဖို့ ငါဆုံးဖြတ်ခဲ့တာ။
အနာဂတ်အချိန်လမ်းကြောင်းမှာ စကားပြောတုန်းက မင်းဟာဝိညာဉ်အဖြစ်ရှိနေတာ ငါတို့သိရတယ်။ မင်းဘေးမှာ ရွှေသန္ဓေအဆင့် လူငယ်တစ်ယောက်လည်းရှိတယ်။
သူ့သိစိတ်နယ်မြေမှာ မင်းတစ်ချိန်လုံးနေထိုင်နေရတာပဲဖြစ်လိမ့်မယ်။ ဒီလျှို့ဝှက်မြေက မင်းကိုတင်မဟုတ်ဘူး သူ့ကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်။
ပထမအလွှာရဲ့ စမ်းသပ်ချက်က အခြေခံစွမ်းအားစမ်းသပ်ချက်ပါ။ မင်းရှိနေရင် ရွှေသန္ဓေအဆင့်တစ်ယောက် ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ မခက်ပါဘူး။
ဒုတိယအလွှာစမ်းသပ်ချက်က ပိုရှုပ်ထွေးတယ်။ မင်းရဲ့ဖြတ်ထိုးဉာဏ်က ထက်မြက်တယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေ မင်းလုပ်နိုင်ပါလိမ့်မယ်။ ဒီတော့ ဒီစမ်းသပ်မှုကလည်း မင်းအတွက်မခက်လောက်ပါဘူး။
တတိယအလွှာက မင်းနဲ့ နတ်ဆိုးမျိုးနွယ်လူငယ်ပါရမီရှင်တွေကြား ခွဲထုတ်ဖို့ပဲ။ ဒီနေရာကမေးခွန်းတွေကို မင်းတစ်ယောက်ပဲ ဖြေနိုင်လိမ့်မယ်။
ဒါနဲ့စကားမစပ် လောလောဆယ် မင်းကိုသတ်ဖို့ကြိုးစားခဲ့တဲ့လူကို နည်းလမ်းစုံသုံးပြီး ငါတိုက်ခိုက်ခနေတယ်။ မင်းပြန်နိုးထလာတဲ့အချိန် ငါဘယ်ရောက်နေမလဲ သေချာမသိဘူး။
ဒီတော့ မင်းအတွက် လမ်းကြောင်းပြအမှတ်အသားချန်ခဲ့လည်း အကျိုးရှိမယ်မထင်ဘူး။ မင်းပြန်နိုးထလာရင် လောကကြီးက အကျယ်ကြီးပါ။ နောက်ဆုံးကျရင် ငါတို့တွေ ပြန်တွေ့ကြမှာပါ။
အခုတော့ နှုတ်ဆက်ပါတယ်"
********************************