ပထမတွေ့ဆုံခြင်း
Vol. 40 Ch. 597
အချိန်မသေမျိုး၏အရိပ် ပျောက်ကွယ်သွားသလို မှတ်ဉာဏ်ကျောက်ပေါ်မှ မျဉ်းကြောင်းများလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ဝိညာဉ်စွမ်းအင်ဘယ်လောက်ထည့်သွင်းသည်ဖြစ်စေ အကျိုးမရှိတော့။ ကျောက်တုံးကလည်း အသုံးမဝင်သည့်ကျောက်ပြားတစ်ခုအဖြစ် ပြောင်းသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ကျန်းလျန်ယိ လက်နှစ်ဘက်ကိုဖြန့်၍ နတ်မယ်ကိုပွေ့ဖက်ပြီး ကျောကုန်းကိုပုတ်၍ နှစ်သိမ့်ပေးသည်။
"မငိုပါနဲ့၊ ကျွန်မရှင့်ကို ယုံကြည်ပါတယ်။ ရှင်မှတ်မိတဲ့ ကျွန်မအကြောင်း ပြောပြပါလား"
လုယန်သည် နတ်မယ်ကိုထိ၍မရ။ သူ့ဝိညာဉ်ကျင့်ကြံမှုစွမ်းအား မလုံလောက်သောကြောင့်ဖြစ်သည်။ သို့သော် ကျန်းလျန်ယိအတွက်တော့ အလွန်လွယ်ကူသည်။
"အင်း..."
နတ်မယ် အလေးအနက်ခေါင်းငြိမ့်၍ မျက်ရည်သုတ်သည်။
ကျန်းလျန်ယိ ကုတင်ပေါ်မှထ၍ နတ်မယ်နှင့်လုယန်ကို ကျောက်စားပွဲဆီဖိတ်ခေါ်ပြီး လက်ဖက်ရည်ဖြင့်ဧည့်ခံသည်။
ကွေးညွှတ်နေသည့်ရွှေရောင်လက်ဖက်ရွက်များ ခွက်ထဲတွင် ပြန့်ကားသွားသည်။ စွမ်းအင်မျိုးစုံ ပျော်ဝင်ပြောင်းလဲနေသည်။ ထို့နောက် အားလုံးက လက်ဖက်ရည်အဖြစ် ပြန်လည်ပေါင်းစုသွားသည်။
ထိုလက်ဖက်ရည်က နတ်မယ်သောက်ဖို့ဖြစ်သည်။ လုယန်သာသောက်လျှင် နေရာတင်ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားလောက်သည်။
ကျန်းလျန်ယိက လုယန်အတွက် ကိုယ်တိုင်လက်ဖက်ရည်ငှဲ့ပေးသည်။ လုယန်ချက်ချင်းထရပ်၍ ကျေးဇူးတင်စကားပြောသည်။
လုယန်သောက်သည့်လက်ဖက်ရည်က နောက်တစ်မျိုးဖြစ်မည်။ အမျိုးအမည်မသိရ။ လက်ဖက်ရည်ကောင်းဖြစ်မှန်းတော့ သေချာသည်။ အမွှေးနံ့က နှာသီးထိပ်တွင် ဝေ့ဝဲလာသည်။ ကိုယ်ထဲမှကျင့်စဉ်စွမ်းအား အလိုလိုလည်ပတ်လာသည်။
"ငါတို့စပြီးခင်မင်ရင်းနှီးတာက နားလည်မှုလွဲတာကနေ စခဲ့တာ"
နတ်မယ်က သူနှင့်ကျန်းလျန်ယိတို့ ရင်းနှီးခဲ့သည့်ဇတ်ကြောင်းကို အသေးစိတ်ဆက်တိုက်ပြန်ပြောပြသည်။ ဟင်းချက်သင်ခန်းစာများ သေဟန်ဆောင်ပညာများအကြောင်းလည်းပါသည်။
"အရင်က မင်းနဲ့အောင်းလင်းက ငါ့တပည့်ဖြစ်ချင်ပါတယ်လို့ ငိုယိုပြီးပြဿနာရှာတယ်။ ဒါပေမယ့် ငါလက်မခံခဲ့ဘူး။
နောက်တော့ သိပ်မကြာခင် မင်းတို့နှစ်ယောက် ချီလင်မသေမျိုးနဲ့ တိုက်ခိုက်ကြတယ်။ အားအကြီးဆုံးရှင်သန်မှုအရိယဖလကို မင်းတို့မယှဉ်နိုင်လို့ မသေမျိုးဖြစ်ခွင့်မရခဲ့ကြဘူး။
ချီလင်မသေမျိုးနှင့်လက်ထပ်သည့်ဖြစ်စဉ်၊ လက်ထပ်ပြီး နေထိုင်ခဲ့ကြသည့်ဘဝ၊ မသေမျိုးငါးယောက် ဆွေးနွေးပွဲများ၊နှင့် သူတို့ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများ...
နတ်မယ်ပြောပြချက်များက ရှင်းလင်းပီပြင်လွန်းသဖြင့် ဇာတ်ကြောင်းထဲတွင် ကျန်းလျန်ယိ အာရုံမျောသွားသည်။
"နောက်ဆုံးတော့ ငါ့ဝိညာဉ်ပျောက်သွားတယ်။ ငါပြန်နိုးလာတော့ လုယန်နဲ့ တွေ့ခဲ့တယ်လေ"
နောက်ဆုံးတွင် နတ်မယ်ကိုယ်တိုင်ပင် ရယ်ရယ်မောမောဖြစ်လာသည်။
"မင်းဘာလို့ငိုနေတာလဲ"
ကျန်းလျန်ယိ ငေးကြောင်နေဆဲဖြစ်သည်ကို နတ်မယ်သတိထားမိသည်။ မျက်ရည်စီးကြောင်းနှစ်ခု ပါးပြင်ပေါ်မှကျနေသည်။
"အဲ..."
နတ်မယ်သတိပေးမှ ကျန်းလျန်ယိ အိပ်မက်မှနိုးလာသလို ကိုယ့်ကိုယ်ကို သတိထားမိသည်။ မျက်ရည်များကိုသုတ်၍ မချိပြုံးပြုံးသည်။
"ရှင်က ကျွန်မအားနည်းနေတဲ့အချိန်မှာ ဖမ်းမိသွားတာပဲ။ ကျွန်မဘာကြောင့် မျက်ရည်ထိန်းမရမှန်းမသိဘူး"
နတ်မယ်ပုံစံက သနားစရာကောင်း၍လား၊ နိုးထလာချိန်တွင် သူရင်းနှီးသည့်မျက်နှာများ မတွေ့ရ၍လား။ သူ့အကြောင်း လောကကြီးကမေ့သွား၍လား။ ကိုယ့်ကိုယ်ကို သနားစရာကောင်းမှန်းသတိမထားမိဘဲ အပူပင်ကင်းစွာ ရှင်သန်နေဆဲဖြစ်၍လား။ သို့မဟုတ် တစ်ခြားအကြောင်းရှိ၍လား။
ကျန်းလျန်ယိ သေချာမသိ။
မျက်ရည်သုတ်၍ ပင့်သက်နှစ်ကြိမ် ရှူထုတ်ပြီး စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။ ပုံမှန် တည်ကြည်လေးနက်သည့်ဟန်ပန်မျိုး ပြန်ဖြစ်လာသည်။
"ရှင်ပြောတဲ့ ကျန်းလျန်ယိပုံစံက ကျွန်မနဲ့အတော်တူတယ်။ ရှင်ပြောပြတဲ့အဖြစ်အပျက်တွေကလည်း လိမ်ညာနေတာမဟုတ်လောက်ဘူး။ ဒါပေမယ့် ရှင်ပြောတဲ့အဖြစ်အပျက်တွေကို ကျွန်မတကယ်မမှတ်မိဘူး။ ဒါတွေကိုခံစားဖို့ ကျွန်မမှာ အတွေ့အကြုံမရှိဘူး။
ကျွန်မစိတ်ထဲကအသံတစ်ခုက ရှင့်ကိုယုံကြည်ဖို့ ကျွန်မကိုပြောနေတယ်။ ကျွန်မယောက်ျားလည်း အဲလိုပဲပြောတယ်။
ဒါကြောင့် ကျွန်မရှင့်ကိုယုံကြည်တယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေကို မမှတ်မိတော့တာ အတ်ောဆိုးတာပဲ။ ကျွန်မက ရှင်မှတ်မိတဲ့ ဖီးနစ်ပါရမီရှင်မဟုတ်ဘူး။ အဲဒီ့လူအဖြစ်လည်း ဟန်ဆောင်ပြီးမနေနိုင်ဘူး"
ကျန်းလျန်ယိ ထရပ်၍ လက်ကိုဆန့်ထုတ်ပြီး ပြုုံးလိုက်သည်။
"ရှင်နဲ့ကျွန် ပြန်ပြီးမိတ်ဖွဲ့ကြတာပေါ့။ ကျွန်မနာမည်ကျန်းလျန်ယိပါ"
နတ်မယ်လည်း ထရပ်၍ ပြုံးပြီးလက်ဆွဲနှုတ်ဆက်သည်။
"ငါ့နာမည် ပဲဝါပါ"
ပထမဆုံးတွေ့ဆုံမှုအဖြစ် ပြုံးပြနှုတ်ဆက်နေသော်လည်း ဟိုအရင်ကတည်းက သိကျွမ်းရင်းနှီးခဲ့သူများလို ဖြစ်နေသည်။
ထို့နောက် ကျန်းလျန်ယိ လုယန်ဆီလျှောက်လာသည်။ လုယန် လန့်သွားသည်။ ထိုရှေးဘိုးဘေး ဘာလုပ်ချင်သည်မသိ။
ကျန်းလျန်ယိက အလေးအနက်လေသံဖြင့်
"မသေမျိုးအမကို ပြန်အသက်သွင်းပေးတဲ့အတွက် ရှောင်လင်းနဲ့ ကျွန်မယောက်ျား ကျေးဇူးတင်ကြောင်း ပြောခငျ်ပါတယ်"
ထိုသို့ပြောပြီး အလေးအနက်ဦးညွှတ်အရိုအသေပြုသည်။ လုယန် မျက်လုံးပြူးသွားပြီး ထရပ်လာသည်။ မလိူအပ်ကြောင်းပြောသည် ကျန်းလျန်ယိကို ပြန်ဆွဲထူပေးသည်။
သို့သော် အဆင့်မြင့်သည့် မသေမျိုးတစ်ဝက်ကျန်းလျန်ယိဖြစ်သည်။ လုယန်စွမ်းအားကုန်ထုတ်သုံးသည့်တိုင် ဝတ်ရုံစကိုပင်လှုပ်ရှားအောင် မလုပ်နိုင်။
ကျန်းလျန်ယိအရိုအသေပေး၍ ခါးပြန်ဆန့်လာသည်ကိုကြည့်ရင်း သူကြက်သီးထနေသည်။
"မင်းသေဟန်ဆောင်ပညာမသုံးခင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး"
နတ်မယ်ကမေးသည်။
"ရပါတယ်"
သုံးယောက်သား ပြန်ထိုင်သည်။ ကျန်းလျန်ယိ သူ့အဖြစ်ကိုစပြောသည်။
"အဲဒီတုန်းက ကျင့်ကြံနေရင်း ကျွန်မခေါင်းထဲ ရုတ်တရက် မိုက်ခနဲဖြစ်သွားတယ်။ အရမ်းအရေးကြီးတဲ့အရာတစ်ခုကို မေ့သွားသလိုမျိုးပဲ။ စိတ်ထဲမှာ ဟာသွားတယ်။ မှတ်မိအောင်ကြိုးစားပေမယ့် ဘာကိုမေ့သွားတာလဲဆိုတာ ပြန်စဉ်းစားလို့မရဘူး။
ကျွန်မယောက်ျားက ကျွန်မကို ကာကွယ်ပေးတယ်။ သူ့အမူအရာအကြီးအကျယ် ပြောင်းသွားတယ်။ ဒေါသအရမ်းထွက်နေတယ်။
သူဒီလောက်ဒေါသထွက်တာမျိုး တစ်ခါမှမမြင်ဖူးဘူး။ ချီလင်အဖြစ် မူလအသွင်ကိုပြောင်းပြီး သူ့စွမ်းအားကိုအပြည့်အဝထုတ်လွှတ်တယ်။
ကြယ်စုတန်းတစ်ခုလုံး တုန်ခါသွားတယ်။ သူနဲ့အနီးဆုံးမှရှိနေတဲ့ကျွန်မက အဲဒီ့စွမ်းအားကို သေချာခံစားမိတယ်။ မခံမရပ်နိင်လောက်အောင် ပြင်းထန်လွန်းတဲ့ဖိအားပဲ။ ကျွန်မစိတ်တွေခြောက်ခြားလောက်အောင် စွမ်းအားကြီးတယ်။
ကျွန်မယောက်ျားက အပြင်ကိုပျံထွက်ပြီး မြောက်ဘက်ဆီ ဦးတည်သွားတယ်။ ကြယ်စုတန်းတွေဖြတ်ကျော်သွားတယ်။ မြောက်ပိုင်းကြယ်နားမှာ ရပ်သွားတယ်ထင်တယ်။
အဲဒီ့အချိန်မှာ ကျွန်မမြင်ရတယ်။ ကျွန်မယောက်ျားတင်မဟုတ်ဘူး။ ယင်ထန်ရော ကိုးဆရော အချိန်မသေမျိုးရော အတူရောက်နေကြတာ။ သူလည်း ကျွန်မယောက်ျားလိုပဲ ဒေါသထွက်နေကြတယ်။
မသေမျိုးလေးယောက် လှုပ်ရှားတဲ့အချိန်မှာ စကြာဝဠာတစ်ခုလုံး သူတို့စွမ်းအား ပျံ့နှံ့တယ်။ အရာအားလုံး မီးလောင်ပြာကျတော့မလို ခြောက်ခြားစရာဖြစ်လာတယ်။
သူတို့ တစ်ယောက်နဲ့တစ်ယောက် မကြာခဏလက်ရည်စမ်းပြီး တိုက်ခိုက်ဖူးတယ်။ မီးတောက်စစ်တွေ ထုတ်လွှတ်တယ်။ ဒါပေမယ့် ဘယ်တိုက်ခိုက်မှုမှ အဲဒီ့တိုက်ခိုက်မှုကို မမီဘူး။
သူတို့ရန်သူကဘယ်သူလဲ ကျွန်မမသိဘူး။ တိုက်ပွဲက အနိုင်အရှုံးမသဲကွဲပဲ ခုနစ်ရက်ခုနစ်ညကြာခဲ့တယ်ဆိုတာပဲ မှတ်မိတယ်။ တိုက်ပွဲက ကျွန်မနားလည်နိုင်စွမ်းထက် ကျော်နေတယ်။ အသေးစိတ်ကို ကျွန်မပြောမပြတတ်ဘူး။
ပြိုင်ဘက်က ပျောက်သွားလို့လား ဒါမှမဟုတ် တစ်ခြားအကြောင်းကြောင့်လားမသိဘူး။ နောက်ဆုံးကျတော့ အရိယဖလစွမ်းအားနဲ့ ကြယ်ကမ္ဘာတွေကို တိုက်နယ်ကြီးခြောက်ခုအသွင်ပြောင်းပြီး သူတို့လေးယောက်အပါအဝင် သက်ရှိအားလုံးကို ပိတ်လှောင်လိုက်တယ်။
ကျွန်မယောက်ျားက ဒဏ်ရာအပြင်းအထန်ရပြီးပြန်လာတယ်။ အခြေအနေက အရမ်းရှုပ်ထွေးလို့ ကျွန်မကို သေဟန်ဆောင်ပညာသုံးခိုင်းတယ်။ ကျန်တာကို သူတာဝန်ယူမယ်တဲ့။ သူအတင်းတိုက်တွန်းနေလို့ သေဟန်ဆောင်ပညာကို ကျွန်မသုံးလိုက်တယ်။
အခုပြန်နိုးလာတဲ့အချိန် ရှင့်ကိုတွေ့တာပဲ"
နတ်မယ် ခေါင်းငြိမ့်သည်။
"ဒါဆို ဒီလျှို့ဝှက်မြေကိုဖန်တီးခဲ့တာ ချီလင်ပေါ့"
"အနည်းဆုံးတော့ ဒီလျှို့ဝှက်မြေအကြောင်း ကျွန်မမသိဘူး။ ပထမအလွှာ၊ ဒုတိယအလွှာတွေလည်းမသိဘူး"
"အခုဘာဆက်လုပ်ကြမလဲ။ မင်းငါတို့နဲ့အတူ ဒီနေရာကထွက်ချင်လား"
"ကျွန်မအိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ"
"နှစ်သုံးသိန်းနီးပါးကြာပြီ။ မင်းတို့ဖီးနစ်မျိုးနွယ်က နတ်ဆိုးနယ်မြေမှ နံပတ်တစ်မျိုးနွယ် ဖြစ်လာပြီ။ သူတို့ကမင်းကို ရှေးဘိုးဘေးအဖြစ် လေးစားနေကြတယ်။ အခု အပြင်လောကမှာ မင်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ အများကြီးရှိတယ်"
"ကျွန်မအိပ်ပျော်သွားတာ အဲလောက်ကြာပြီပေါ့"
ကျန်းလျန်ယိ အံ့အားသင့်နေသည်။
အများဆုံး နှစ်တစ်သောင်းနှစ်သောင်းလောက်သာကြာခဲ့သည်ဟု သူထင်နေသည်။
ထိုမျှနှစ်ပေါင်းများစွာအတွင်း ကျင့်ကြံသူလောက ဘယ်လောက်ပြောင်းလဲသွားသည်မသိ။
"ဒါဆို အပြင်လောကထွက်ပြီး ကြည့်ကြတာပေါ့"
သူစိတ်ဝင်စားလာသည်။
"ဪ...ဒါနဲ့ ခုနက ပြောသင့်မပြောသင့်တွေးနေခဲ့တဲ့ တစ်ခြားကိစ္စတစ်ခုရှိသေးတယ်"
ကျန်းလျန်ယိက ပြောသည်။
"ပြောပါ"
"ရှင်ဒီထက်ပိုပြီး ပုံစံကျတဲ့ဝတ်စုံမျိုးပြောင်းဝတ်လို့မရဘူးလား"
ကျန်းလျန်ယိက နတ်မယ်ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ နတ်မယ်၏ဝတ်စုံက အရိုင်းဆန်လွန်းသည်ဟု ယူဆသည်။
"မရဘူး"
"ဪ..အင်း"
************************************