အမုန်းတရားဆွဲဆောင်ခြင်း
Vol. 40 Ch. 599
ဖန်တီးခြင်းလျှို့ဝှက်မြေဂိတ်တံခါးတွင် အဖွဲ့နှစ်ခု တိုက်ခိုက်ကြတော့မည့်အနေအထားရှိသည်။
"မျိုးနွယ်ခေါင်းဆောင်ကျန်း၊ မင်းအညံ့ခံလိုက်တာကောင်းမယ်။ မှန်ကန်တဲ့အချိန်မှာ ဆုံးဖြတ်ချက်ချတာဟာ ဉာဏ်ပညာပဲ။ မင်းတို့ဖီးနစ်မျိုးနွယ်လုပ်ရပ် တရားလွန်လွန်းသွားပြီ"
ကျိုးယင်ခေါင်းဆောင်က အေးစက်စက်ပြောသည်။ သူ့မျက်လုံးများက အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုဖြစ်နေသည်။
"မင်းတို့မျိုးနွယ်က လူသုံးယောက်လွှတ်ရုံတင်မကဘူး။ နှစ်ယောက်က တတိယအလွှာမှာဆုရခဲ့တယ်။ ကျန်တဲ့တစ်ယောက်က ထွက်မလာသေးဘူး"
ရှိနေသည့် နတ်ဆိုးမျိုးနွယ်အကြီးအကဲအားလုံး လျှို့ဝှက်မြေထဲဝင်ဖူးသည်။ အလွှာသုံးခုခွဲထားမှန်းသိသည်။ ပထမအဆင့်ကျော်ဖြတ်နိုင်မှ ဆုရမှန်းလည်းသိသည်။
နတ်ဆိုးမဟာမိတ်အဖွဲ့မှပါရမီရှင်များက ပထမလွှာကိုပင်မဖြတ်ကျော်နိုင်ဘဲ ထုတ်ပယ်ခံခဲ့ရသည်။
အောင်းယွဲ့တို့လူစုက ဒုတိယအလွှာတွင် ထုတ်ပယ်ခံရသည်။ အခြေခံအကျဆုံး ဆုလာဒ်များသာရသည်။
မုန်ကျင်းကျိုး ကျန်းရှီရှီနှင့် စုလန်အာက တတိယအဆင့်ဆုလာဒ်များရခဲ့သည်။
ထိုမျှလောက်သာဆိုလျှင် သိပ်မဆိုးသေ။ သမိုင်းတွင် တတိယအဆင့်ဆုလာဒ်များရသည့် နတ်ဆိုးပါရမီရှင်များရှိခဲ့သည်။
သို့သော်ယခု လျှို့ဝှက်မြေမှ ထွက်မလာသေးသည့်လူ တစ်ယောက်ကျန်သေးသည်။ ထိုကိစ္စမျိုး တစ်ခါမှမဖြစ်ဖူး။
ဖန်တီးခြင်းလျှို့ဝှက်မြေသည် ထူးဆန်းနက်နဲသည်။ တတိယအဆင့်ဆုလာဒ်များကို စုစည်းခြင်းအဆင့်များပင် မက်မောကြသည်။
လျှို့ဝှက်မြေထဲတွင် အချိန်ကြာကြာနေလျှင် ဘယ်လိုဆုလာဒ်မျိုးရမည်နည်း။
ကျိုးယင်မျိုးနွယ်ကို နတ်ဆိုးသံစဉ်မယ်မိုယင်၏ အလုပ်ရှင်ဟု သံသယဝင်ခံထားရသည်။ ကျိုးယင်သခင်လေးချင်ဖုန်းက လျှို့ဝှက်မြေထဲတွင် နတ်ဆိုးမဟာမိတ်ပါရမီရှင်များကို ထောင်ချောက်ဆင်ခဲ့သည်။
အဓီကနတ်ဆိုးမျိုးနွယ်ကြီးများ၏ဒေါသက သူတို့ဆီကျနေသည်။ အရေးတကြီး အာရုံလွှဲဖို့လိုနေသည်။
ဖီးနစ်မျိုးနွယ်သည် အကောင်းဆုံးအာရုံလွှဲစရာပစ်မှတ်ဖြစ်သည်။
ကျိုးယင်မျိုးနွယ်က ဖိအားပေးဖို့ မျိုးနွယ်ခေါင်းဆောင်ကိုပင် ဆင့်ခေါ်ခဲ့ည်။
"မင်းတို့ဖီးနစ်မျိုးနွယ် နတ်ဆိုးနိုင်ငံကို အညံ့ခံမယ်ဆိုရင် ဖြစ်ခဲ့တာတွေကို ငါတို့မေ့ပေးလို့ရတယ်"
ကျိုးယင်မျိုးနွယ်ခေါင်းဆောင်က ပြောသည်။ နက်မှောင်သည့်သူ့မျက်လုံးတွင် သူ့ရည်ရွယ်ချက်အစစ်က ပေါ်ထွက်နေသည်။
ဖီးနစ်မျိုးနွယ်သည် နတ်ဆိုးမဟာမိတ်ဖိနှိပ်အုပ်ချုပ်သည့် အဝိုင်းအဝန်းအတွင်း ရှိနေပြီးဖြစ်သည်။ သို့သော် ဖီးနစ်တို့၏အခြေခံက တောင့်တင်းလွန်းသဖြင့် တိကျန်းဘိုးဘေး အလောတကြီးမလှုပ်ရှားရဲ။
နတ်ဆိုးမျိုးနွယ်မဟာမိတ်၏ အရှိန်အဝါဖြင့် ဖီးနစ်မျိုးနွယ်ကို သိမ်းသွင်းနိုင်လျှင် တကယ်ထူးခြားသည့်အောင်မြင်မှုဖြစ်သည်။
"ဖြစ်ခဲ့သမျှတွေ မေ့ပေးမယ်တဲ့လား။ စကားကြီးစကားကျယ်တွေ ပြောနေတာပဲ"
ဖီးနစ်မျိုးနွယ်ခေင်းဆောင် လှောင်ပြုံးပြုံးသည်။ ကျိုးယင်ခေါင်းဆောင်၏အကြံကို သူချက်ချင်းရိပ်မိသည်။
ဖီးနစ်မျိုးနွယ်ခေါင်းဆောင်၏နာမည်က ကျန်းရှစ်ဖြစ်သည်။ နန်းဆန်၍လှပသည့် မိန်းမတစ်ယောက်ဖြစ်သည်။ ဖီးနစ်ဝတ်စုံဝတ်ထားသည်။ ကျန်းရှီရှီနှင့် ရုပ်ချင်းဆင်သည်။
ဖီးနစ်မျိုးနွယ်သည် မိန်းမအသားပေးမျိုးနွယ်ဖြစ်သည်။ စွမ်းအားကြီးမျိုးနွယ်ဝင်အများစုက မိန်းမများဖြစ်သည်။ ရိုးရာဓလေ့အရ မျိုးနွယ်ခေါင်းဆောင်နေရာကို အမျိုးသမီးကသာ ထိန်းထားသည်။
"မင်းတို့မျိုးနွယ်ပါရမီရှင်တွေ အရည်အချင်းမမီလို့ ငါတို့ကိုမယှဉ်နိုင်တာလေ။ အခုမင်းတို့က ငါတို့မျိုးနွယ်ကို လာပြီးအပြစ်တင်နေတယ်ပေါ့"
ပထမအလွှာတွင် လုယန်နှင့်မုန်ကျင်းကျိုးသာ မကူညီလျှင်၊ သူတို့လုပ်ရပ်ဖြင့် ဉာဏ်အလင်းမပြခဲ့လျှင် ဒုတိယအလွှာကို ကျန်းရှီရှီ ဘယ်လိုဖြတ်ကျော်နိုင်မည်နည်း။ ဖီးနစ်ပန်းချီကို ဘယ်လိုရနိုင်မည်နည်း။
ရှေးဘိုးဘေးတစ်ယောက်ထားခဲ့သည့် ပန်းချီရတနာဖြစ်သည်။
ကျန်းရှီရှီ၏ ထူးခြားသည့်ပါရမီနှင့် ထိုရတနာအကူအညီကြောင့် ကူးဖြတ်ခြင်းအဆင့်သို့ တက်နိုင်မည်မှာ သေချာနေသည်။
ထိုအကြောင်းတစ်ချက်တည်းနှင့်ပင် လုယန်တို့နှစ်ယောက်ကို သူတို့မျိုးနွယ်ကာကွယ်ထိုက်သည်။
မူလပြဿနာက ကျိုးယင်အကြီးအကဲများ နတ်ဆိုးမဟာမိတ်နှင့် ပူးပေါင်း၍ ဖီးနစ်မျိုးနယ်ကို ဖိအားပေးခြင်းဖြစ်သည်။
ဖီးနစ်မျိုးနွယ်က လျှို့ဝှက်မြေတွင် လုယန်တို့အကူအညီရခဲ့သည့် နဂါးမျိုးနယ်နှင့် တစ်ခြားမျိုးနွယ်များ၏ အထောက်အပံ့ရှိသဖြင့် နတ်ဆိုးမဟာမိတ်ကို မကြောက်။
ထို့ကြောင့် ကျိုးယင်မျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်ကို ဆင့်ခေါ်လိုက်သည်။ ဖီးနစ်မျိုးနွယ်ကလည်း မျိုးနွယ်ခေါင်းဆောင်ကို ဆင့်ခေါ်လိုက်သည်။
နှစ်ဘက်မျိုးနွယ်ခေါင်းဆောင်များက သက်ဆိုင်ရာမျိုးနွယ်အတွက် ရပ်တည်ကြသည်။ ထိုသို့ဖြင့် ယခုလိုအခြေအနေရောက်လာသည်။
"ရှောင်လုဘာတွေဖြစ်နေတာလဲ။ သူထွက်မလာတာ သုံးရက်ရှိပြီ"
ကန်ထန် မုန်ကျင်းကျိုးကို လှည့်မေးသည်။
လျှို့ဝှက်မြေတွင် လုယန်တစ်ခုခုဖြစ်လျှင် တစ်သက်လုံး သူလိပ်ပြာသန့်မည်မဟုတ်တော့။
မုန်ကျင်းကျိုးက စိတ်ပျက်လက်ပျက်ပြုံးသည်။
"အမသုံး၊ လျှို့ဝှက်မြေစည်းမျဉ်းအရ အထဲကကိစ္စတွေကို အပြင်မှာပြောလို့မရဘူးလေ။ ကျုပ်ပြောနိုင်ခဲ့ရင်တော့ လုယန် အထဲမှာ ဘာတွေလုပ်နေလဲဆိုတာ ကျုပ်တကယ်မသိဘူး။
သူ့အတွက်စိုးရိမ်စရာမလိုပါဘူး အမသုံး။ ကျုပ်သိသလောက်တော့ လျှို့ဝှက်မြေထဲမှာ သူ့အတွက်ဘေးကင်ပါတယ်။ အခုကျုပ်တို့အပြင်မှာကြုံနေရတာထက်တောင် ပိုစိတ်ချရပါသေးတယ်"
လုယန်၏ ဝှက်ဖဲများကို သူသိသည်။ ရှေးဟောင်းမသေမျိုးတစ်ယောက်က အထဲမှကာကွယ်ပေးထားသည်။ အရိပ်တုလက်သီးဖြင့် ယွမ်ကျိကို ဆင့်ခေါ်နိုင်သည်။ အတွင်းအပြင် အကူအညီနှစ်ခုရှိနေသူသည် ဘာဖြစ်နိုင်မည်နည်း။
"စကားနဲ့ကောင်းကောင်းပြောနေတာကို နားမလည်ဘူးပဲ"
ကျိုးယင်ခေါင်းဆောင် မျက်နှာတင်းလာသည်။ နတ်ဆိုးမျိုးနွယ်အများစုက နတ်ဆိုးနိုင်ငံသို့ ဝင်ကြပြီးဖြစ်သည်။
တိကျန်းဘိုးဘေး နတ်ဆိုးနယ်မြေကို စုစည်းသည့်ကိစ္စက သေချာပေါက်ဖြစ်လာမည်။ သို့သော် နဂါးမျိုးနွယ်နှင့်ဖီးနစ်မျိုးနွယ်က အခြေအနေကို သေချာနားမလည်ဘဲ ခေါင်းမာစွာဆန့်ကျင်နေသည်။
ခုနက အညံ့ခံဖို့ စေတနာဖြင့် အကြံပေးခဲ့သည်။ သိုသော် သူ့စေတနာကို တန်ဖိုးမထားကြ။ သေခြင်းတရားဟူသည့်စကားကို နားလည်ကြဟန်မတူ။
"ဟားဟား၊ ဒီမှာ ဘယ်လိုပျော်စရာတွေရှိနေတာလဲ"
ရယ်သံတစ်ခု ကောင်းကင်မှပေါ်လာသည်။ နတ်ဆိုးနယ်မြေအပြင်မှ အင်အားစုများ ရောက်လာခြင်းဖြစ်သည်။
"ဒါက ခေါင်းကိုးလုံးမြွေလား။ မင်းကိုငါ လျှို့ဝှက်မြေထဲ ငါးနှစ်ကြာအောင် လှောင်ပိတ်ထားခဲ့တာ မှတ်မိသေးလား။
အခုဆို ငါတို့ချင်းမတွေ့ကြတာ နှစ်တစ်ထောင်ကျော်လောက်ရှိပြီထင်တယ်နော်"
"မင်းနာမည်ဘာပါလိမ့်...အဲ ထောင်ကျူးမျိုးနွယ်မဟုတ်လား။ ငါ့ကိုမှတ်မိလား။ အရင်က ငါမင်းကိုရိုက်ခဲ့တာလေ"
ထိုစကားသံကို မုန်ကျင်းကျိုး မှတ်မိသည်။ ကောင်းကင်သို့ သူမော့ကြည့်သည်။
တတိယအကြီးအကဲက တိမ်တိုက်ပေါ်ထိုင်၍ ကျိုးယင်မျိုးနွယ်ခေါင်းဆောင်နှင့် တစ်ခြားနတ်ဆိုးများ၏ ငယ်ကျိုးငယ်နာကိုပြန်ဖော်နေသည်။
တတိယအကြီးအကဲအပြင် မဟာအကြီးအကဲ၊ စတုတ္ထအကြီးအကဲ၊ ပဥ္စမအကြီးအကဲနှင့် သတ္တမအကြီးအကဲတို့လည်း ပါသည်။
တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲ တစ်ဝက်ကျော်ခန့် ဖန်တီးခြင်းနတ်ဆိုးမြေသို့ ရောက်လာသည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ကန်ထန် စိတ်သက်သာရရသွားသည်။ အခြေအနေသိပ်မကောင်းသဖြင့် ယွမ်ကျိကိုဆက်သွယ်ပြီး မည်သို့ဖြေရှင်းရမည်ကို လှမ်းမေးခဲ့သည်။
ယွမ်ကျိအဖြေက ရိုးရှင်းသည်။ အာရုံလွှဲဖို့ တစ်ယောက်ယောက်လွှတ်လိုက်မည်ဟုပြောသည်။
နတ်ဆိုးနိုင်ငံတည်ထောင်သည့်ကိစ္စက နာမည်ကျော်သဖြင့် ကျင့်ကြံသူလောကမှ အဓိကအင်အားစုအားလုံး လူလွှတ်ကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းလည်း လူလွဝ်သည်။
ယွမ်ကျိက အကြီးအကဲများကိုစေလွှတ်ပြီး နတ်ဆိုးနိုင်ငံတည်ပွဲတော်တွင် လုယန်နှင့်မုန်ကျင်းကျိုးကို ကူညီခိုင်းသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကလူတွေဟေ့"
ရင်းနှီးနေသည့်မျက်နှာများကိုကြည့်ပြီး ကျိုးယင်ခေါင်းဆောင် ဒေါသူပုန်ထသွားသည်။ သူ့မျက်နှာတွန့်လိမ်ရှုံ့မဲ့လာပြီး ကျိုးယင်မူလအသွင်ဖြစ်သည့် ခေါင်းကိုးလုံးကောင်းကင်မျိုစပါးကြီးမွေအဖြစ် အသွင်ပြောင်းလိုက်သည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်ကအဖြစ်ကို မနေ့ကလိုပင် မှတ်မိနေသေးသည်။ ထိုငရှုပ်ငပွေများကြောင့်သာမဟုတ်လျှင် လျှို့ဝှက်နယ်မြေတွင် သူတို့ ငါးနှစ်ကြာအောင် ပိတ်မိခဲ့မည်မဟုတ်။
ကျင့်စဉ်လမ်းပင် ပျက်စီးမတတ်ဖြစ်ခဲ့သည်။
ထောင်ကျူးမျိုးနွယ်ခေါင်းဆောင်လည်း ဒေါသထွက်နေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က သူသည် ထောင်ကျူးမျိုးနွယ်၏ နာမည်ကျော်ပါရမီရှင်ဖြစ်သည်။
သူနာမည်အကျော်ဆုံးအချိန်တွင် တာအိုလမ်းစဉ်းဂိုဏ်းမှ ဤလူများရောက်လာပြီး သူ့ကို နှစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့သည်။
တာအိုလမ်းစဉ်ဂိုဏ်းလူစုက မသမာနည်းလမ်းသုံး၍ သူ့ကိုအနိုင်ယသွားလျှင် ဖြေသာသေးသည်။ ယခု ထိုသို့မဟုတ်ခဲ့။ မျှတသည့်တိုက်ပွဲဖြစ်သည်။ ရုပ်ခန္ဓာစွမ်းအား ပြိုင်ဘက်ကင်းသည့် သူ့လိုလူက တာအိုလမ်းစဉ်ဂိုဏ်းမှ တတိယအကြီးအကဲကို ရှုံးခဲ့သည်။
ထိုအရှက်တရားကို သူဘယ်လိုမှဖြေမဆည်နိုင်ခဲ့။ နှလုံးနတ်ဆိုးဖြစ်လုနီးပါးအခြေအနေသို့ ရောက်ခဲ့သည်။
ယခု တတိယအကြီးအကဲတို့လူစုက ထိုအဖြစ်အပျက်ကို လူရှေ့သူရှေ့တွင် ထုတ်ပြောနေသည်။ သူသည်းမခံနိုင်။
ဤမျိုးနွယ်နှစ်ခုသာမဟုတ်။ ပုံမှန်အားဖြင့် စိတ်ထားနူးညံ့သည့် ကျောက်စိမ်းယုန်မျိုးနွယ်ပင် တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများကို မြင်သည်နှင့် ရန်လိုသည့်အမူအရာ ပြလာကြသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကလူတွေပဲ။ အတူတူတိုက်ခိုက်ကြစို့"
ငယ်ကျိုးငယ်နာဖော်ခံရသည့် နတ်ဆိုးများ ဘာကိုမှအရေးမစိုက်ကြတော့ဘဲ သူတို့ကိုဖမ်းဆီးရန် ရှေ့တက်သွားကြသည်။
မဟာနတ်ဆိုးများက မူလအသွင်ပြောင်းကြသည်။ နတ်ဆိုးများအုပ်လိုက် ရှေ့တက်လာသဖြင့် ကောင်းကင်တွင် နတ်ဆိုးစွမ်းအင်ရောင်များ ထိုးတက်လာသည်။
ရည်မှန်းချက်အောင်မြင်ပြီးနောက် မဟာအကြီးအကဲက အဖွဲ့တင်အားလုံးကို ခေါ်ထုတ်၍ထွက်ပြေးသည်။
"မင်းတို့သတ္တိရှိရင် မပြေးနဲ့ကွ"
ကျိုးယင်ခေါင်းဆောင် နောက်မှအတင်းလိုက်သည်။ သို့သော် မဟာအကြီးအကဲက သူ့ပေါက်တတ်ကရစကားများကို နားမထောင်။ တိမ်ကိုစီး၍ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသည်။
လူစည်ကားနေသည့် ဖန်တီးခြင်းရှေးဟောင်းမြေ ချက်ချင်းငြိမ့်သက်တိတ်ဆိတ်သွားသည်။ ကန်ထန်နှင့်မုန်ကျင်းကျိုးသာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အူတူတူဖြင့် ကျန်ရစ်ခဲ့သည်။
ဖီးနစ်မျိုးနွယ်သည်ပင် လိုက်ဖမ်းကြသည့်အဖွဲ့ထဲ ပါသွားသည်။
ဖီးနစ်မျိုးနွယ်နှင့် တာအိုလမ်းစဉ်ဂိုဏ်းကြား အငြှိုးအတေးကြီးကြီးမားမားမရှိသော်လည်း ယခုလိုအခြေအနေမျိုးတွင် အများနည်းတူမလှုပ်ရှား၍မဖြစ်။
မုန်ကျင်းကျိုး မျက်ခုံးလှုပ်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်ကြောင်း ထုတ်မပြောဘဲ နတ်ဆိုးနယ်မြေတွင် ခပ်လျှိုလျှိုနေခဲ့မိသဖြင့် ကျိတ်၍သက်ပြင်းချသည်။
ထုတ်ပြောမိလျှင် သူဘယ်အခြေအနေကြုံရမည်မသိ။
"ဟားဟား၊ ငါထွက်လာပြီကွ"
လျှို့ဝှက်မြေဝင်ပေါက်ပွင့်ပြီး လုယန် ထွက်လာသည်။ အားလုံး၏ ကြိုဆိုသံကိုစောင့်နေသည်။
"ဟ...လူတွေဘယ်ရောက်သွားတာလဲ"
**********************************