တိကျန်းဘိုးဘေး
Vol. 40 Ch. 600
လုယန်အတွေးအရ ရှေးဟောင်းနယ်မြေတွင် မှတ်တမ်းတစ်ခုဖန်တီးပြီး စတုတ္ထအဆင့်သို့ တက်နိုင်သည်ဆိုလျှင် လျှို့ဝှက်မြေဂိတ်တံခါးတွင် နတ်ဆိုးမျိုးနွယ်များစွာက သူ့ကိုစောင့်ကြိုချီးကျူးနေသင့်သည်။
အထူးသဖြင့် ကျိုးယင်မျိုးနွယ်။ ချင်ဖုန်းတို့မဟာမိတ်အဖွဲ့ဝင်များကို လျှို့ဝှက်မြေထဲတွင် သူတိုက်ခိုက်သည်။ သူအပြင်ထွက်လာသည်နှင့် ချင်ဖုန်းကဦးဆောင်၍ တိုက်ခိုက်လာခြင်းမျိုး ဖြစ်သင့်သည်။
ပထမဆုံး ချင်ဖုန်းကသူ့ကို နှစ်ယောက်ချင်းစိန်ခေါ်မည်။ ချင်ဖုန်းရှုံးသွားချိန်တွင် ကျိုးယင်အကြီးအကဲ ဝင်ပါလာမည်။ အားနည်းသူကို အနိုင်ကျင့်မည်။
ထိုအချိန်တွင် ဖီးနစ်မျိုးနွယ်ကက သူ့ဘက်မှရပ်တည်ပြီး ကျိုးယင်အကြီးအကဲကို တိုက်ခိုက်မည်။
ကျိုးယင်မျိုးနွယ်၏ ပြဿနာရှာနိုင်သည့်စွမ်းရည်ကို ထည့်တွက်စဉ်းစားပြီးနောက် နတ်ဆိုးမဟာမိတ်အဖွဲ့ဝင်အားလုံး ကျိုးယင်မျိုးနွယ်ဘက်မှ ရပ်တည်ကြမည်။ 'ဖြောင့်မတ်မှုမရှိတဲ့ မင်းလိုလူဟာ လျှို့ဝှက်မြေရတနာနဲ့ မထိုက်တန်ဘူး။ ရတနာကိုချက်ချင်းလွှဲပေးစမ်း၊ မင်းအသက်ကို ချမ်းသာပေးမယ်"။ "နတ်ဆိုးမဟာမိတ်အဖွဲ့တင်ကို စော်ကားတဲ့အတွက် မင်းသေရမယ်" စသဖြင့် ဒိုင်ယာလော့များစွာ ပြောကြမည်။
နတ်ဆိုးမဟာမိတ်ကို မယှဉ်နိုင်သဖြင့် ဖီးနစ်မျိုးနွယ် အခက်ကြုံမည်။ လုယန် အန္တရာယ်ကြုံမည်။
ထိုအချိန်တွင် အကြီးအကဲကျန်းလျန်ယိ လူလုံးထွက်ပြမည်။ တင်းမာသည့်ဖိနစ်မျက်လံးအကြည့်ဖြင့် လုယန်ကို ထောက်ခံပေးမည်။ မသေမျိုးတစ်ဝက်အဆင့်စွမ်းအင်ရောင်ကို ထုတ်လွှတ်မည်။ 'ဘယ်သူ သူ့ကိုထိရဲသလဲကြည့်ရတာပေါ့'ဟု ပြောမည်။ တစ်လောကလုံးခြောက်ခြားအောင်လုပ်မည်။
အတော်စိတ်လှုပ်ရှားစရာကောင်းသည့် ဒရာမာကွက်မျိုးဖြစ်မည်။
သို့သော်ယခု လောင်မုန်နှင့် အမသုံးသာ ဂိတ်တံခါးတွင်ရှိနေသည်။
အပြင်ဘက်မြင်ကွင်းက လုယန်အစီအစဉ်အတိုင်း မဟုတ်တော့သဖြင့် ကျန်းလျန်ယိလည်း သူအချက်ပြသည်ကို မစောင့်တော့ဘဲ လျှို့ဝှက်မြေမှ ထွက်လာသည်။
တောက်ပသည့်အနီရောင်ဝတ်စုံကို ဝတ်ထားသည်။ အရပ်မြင့်၍ ကျော့ရှင်းသည်။ ဟန်ပန်တည်ကြည့်သည်။ အံ့ဖွယ်အားလုံး စုဝေးနေသည်။
မုန်ကျင်းကျိုး မင်သက်မိသွားသည်။ လူတစ်ယောက်တိုးလာသည်ကို သူစဉ်းစားမရ။ ထိုလူကို လျှို့ဝှက်မြေထဲတွင် သူမမြင်ခဲ့။
ကန်ထန်က ပိုအံ့အားသင့်နေသည်။ သူ့အသံများ တုန်ရင်နေသည်။
"ရှင်...ရှင်က ဖီးနစ်ဘိုးဘေးလား"
ဖီးနစ်မျိုးနွယ်တွင် သူတို့ဘိုးဘေး၏ ပန်းချီပုံများရှိသည်။ ကန်ထန်မြင်ဖူးထားသည်။
ရှောင်လုခေါ်လာသည့်လူက ရှေးပန်းချီကားထဲမှ ထွက်လာသလိုထင်ရသည်။ ချွတ်စွပ်တူသည်။
မဟုတ်သေး။ ပန်းချီကားထဲတွင် မြင်ရသည်ထက် ပိုအသက်ဝင်လှပသည်။
ကန်ထန်သည် သမိုင်းရာဇဝင်ကို စိတ်ဝင်စားသည်။ ရှေးဟောင်းခေတ်မှလူတစ်ယောက်ကို ယခု သက်ရှိထင်ရှားတွေ့နေရသည်။ တွေ့ရသည့်လူကလည်း နာမည်ကျော်ဖီးနစ်ဘိုးဘေးဖြစ်သည်။ ထို့ကြောင့် သူအတော်စိတ်လှုပ်ရှားနေသည်။
ထို့နောက် ကန်ထန်စိတ်ပြန်ငြိမ်သွားသည်။ လုယန် ဘယ်လောက်ကံကောင်းသည်ဖြစ်စေ ဖီးနစ်ဘိုးဘေးအစစ်ကို ရှာတွေ့ဖို့ ဖြစ်နိုင်သည်မဟုတ်။ ဤလူသည် ဖီးနစ်ဘိုးဘေး၏ ကိုယ်ပွားရုပ်တစ်မျိုးသာ ဖြစ်ရမည်။
"ငါက ကျန်းလျန်ယိပါ"
တတိယအလွှာမြို့တော်တွင် နေထိုင်သူများသည် ခေတ်ဘာသာစကားကို ပြောကြသည်။ ကျန်းလျန်ရိက ထိုမြို့တော်ကို ဝိညာဉ်အာရုံဖြန့်၍ ဘာသာစကားကိုလေ့လာခဲ့သည်။
ကျန်းလျန်ယိ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သဖြင့် ကန်ထန်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။
အမှန်တကယ် ဒဏ္ဍာရီဖီးနစ်ဘိုးဘေးလော...
မုန်ကျင်းကျိုးက ကျန်းလျန်ယိနှင့်လုယန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။
ဘာတွဖြစ်လာတာလဲ။ ရှေးဟောင်းမြေခရီးမှာ ဘာလို့ဖီးနစ်ဘိုးဘေးက မင်းနဲ့အတူ ထွက်လာတာလဲ။
ကန်ထန်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးသည်။
"ဒဏ္ဍာရီမှာပြောထားတာ ရှင်ကွယ်လွန်သွားတယ်တဲ့။ ရှင်အသက်ပြန်ရှင်သန်လာတာလား။ အသစ်ပြန်မွေးဖွားလာတာလား"
ကျန်းလျန်ယိ "..."
သူပြန်မွေးဖွားသည့်ဇာတ်လမ်းက ယနေ့ခေတ်အထိ ပျံ့နှံ့နေပြီလားမသိ။ သေဟန်ဆောင်နေချိန် မီးရှို့ခံရသည့်အဖြစ်ကို ထုတ်ပြောလိုက်လျှင် သူ့ပုံရိပ်ထိခိုက်သွားနိုင်သည်။
"ဒီကိစ္စကို လျှို့ဝှက်ထားကြတာပေါ့။ ငါပြန်ရှင်သန်တဲ့ကိစ္စ မင်းတို့သုံးယောက်ပဲ သိပါစေ"
သုံးယောက်သား ခေါင်းငြိမ့်ကြသည်။
"အဲ ဒါနဲ့...ဖီးနစ်မျိုးနွယ်ရဲ့ တစ်ခြားမျိုးနွယ်တွေကရော"
ဖီးနစ်ဘိုးဘေးကို လှုပ်နှိုးပြီး နတ်မယ်နှင့်လည်း ပတ်သက်နေသူဖြစ်၍ သူ့အနေဖြင့် ဖီးနစ်မျိုးနွယ်၏ ဒုတိယဘိုးဘေးဖြစ်လာဖို့ သိပ်မခက်လောက်ဟု တွေးနေသည်။
ကန်ထန်က လုယန် ဝင်သွားချိန်မှစ၍ ထွက်မလာမီစပ်ကြား ဖြစ်ခဲ့သမျှအကြောင်းစုံကို ပြန်ပြောပြသည်။
ကျန်းလျန်ယိ နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ သိပ်အလိုမကျချင်
"ကျူးထန် အတော်သတ္တိကောင်းနေပါလား။ ငါမရှိတဲ့အချိန်မှာ အရိယဖလသန္ဓေနဲ့ ငါ့ဖီးနစ်မျိုးနွယ်ကို ထိန်းချုပ်ဖို့ကြိုးစားတယ်ပေါ့"
ကျူးထန်သည် တစ်ချိန်က ရှေးဟောင်းတိကျန်းဘိုးဘေး၏ နာမည်ဖြစ်သည်။ တိကျန်းမျိုးနွယ်သည် တစ်ကိုယ်လုံး သွေးကဲ့သို့နီရဲနေသဖြင့် "ကျူး"ဟူသည့် မျိုးရိုးနာမည်ကို ယူခဲ့ကြသည်။
ကျန်းလျန်ယိလည်း အားအကြီးဆုံးရှင်သန်မှုအရိယဖလသန္ဓေပိုင်ရှင်ဖြစ်၍ တိကျန်းဘိုးဘေး တစ်ခြားမျိုးနွယ်များအပေါ် ခတ်နှိပ်ခဲ့သည့် ဝိညာဉ်တံဆိပ်အကြောင်း ကောင်းကောင်းသိသည်။ အားကြီးသူက အားနည်းသူအပေါ် အပြည့်အဝထိန်းချုပ်ခြင်းဖြစ်သည်။ သေခြင်းရှင်ခြင်းကိုပင် ကြိုးတစ်ချောင်းဖြင့် ချည်ထားသည်။
ရှေးဟောင်းခေတ်တွင် ထိုလုပ်ရပ်မျိုး သူတစ်ခါမှမလုပ်ဖူးခဲ့။ ယခု မသေမျိုးများမရှိသည့် ခေတ်ကာလတွင် ကျူးထန်က အတင့်ရဲလာသည်။ နတ်ဆိုးမျိုးနွယ်ကို စုစည်းချင်ရုံမက ဖီးနစ်မျိုးနွယ်ကိုပါ ထိန်းချုပ်ချင်လာသည်။
ဖီးနစ်တို့၏ အခြေခံအင်အားသာ အားနည်းလျှင် ထိန်းချုပ်ခံဘဝသို့ ရောက်ခဲ့ပြီးဖြစ်မည်။
"ကျူးထန်ဘယ်မှာလဲ။ ငါသူ့ကို သွားရှာမယ်"
သွေးဆူတတ်သည့် သူ့စိတ်ဓာတ်ကို သိနေသည့်တိုင် ကျူးထန်လိုလူက သူ့မျိုးနွယ်ကို လာဖိနှိပ်ရဲသလော...။ သူ့ကိုသေပြီဟု ထင်နေသလော...။
လုယန် ထိတ်လန့်သွားပြီး သိစိတ်နယ်မြေတွင် တီးတိုးကျိတ်မေးသည်။
"နတ်မယ်၊ အချိန်အကြာကြီး အိပ်ပျော်ရာကနေ နိုးလာတဲ့လူရဲ့စွမ်းအားဟာ အများကြီးယုတ်လျော့လို့ အချိန်အတ်ောကြာအားပြန်ဖြည့်ဖို့လိုတယ်လို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား။
အကြီးအကဲလျန်ယိက အခုမှနိုးထလာတာလေ။ တိကျန်းဘိုးဘေးကို တကယ်အနိုင်ယူနိုင်မှာလား"
"နင်လာနောက်နေတာလား။ ငါ့ရဲ့သေဟန်ဆောင်ပညာကို တစ်ခြားအညံ့စားပညာတွေနဲ့ အတူတူပဲလို့ မတွေးလိုက်နဲ့။
သေဟန်ဆောင်ပညာကိုသုံးရင် အသက်ဓာတ်ကို ခန္ဓာကိုယ်ထဲမှာ အပြည့်အဝပိတ်လှောင်နိုင်တယ်။ လျန်ယိရဲ့စွမ်းအားက ရှေးဟောင်းခေတ်ကအနေအထားအတိုင်း အမြင့်ဆုံးမှာပဲရှိတယ်"
နတ်မယ် တင်ပါးပေါ်လက်တင်၍ပြောသည်။ သူ့ပညာရပ်အစွမ်းသူ အတော်ဂုဏ်ယူနေပုံရသည်။
ကျန်းလျန်ယိစွမ်းအားကို အတည်ပြုပြီးနောက် လုယန်၏လေးစားမှုလည်း ပိုတိုးလာသည်။ ချက်ချင်းအကြံပြုသည်။
"အကြီးအကဲ၊ ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့။ ကျူးထန်က ခြေရာခံဖို့ခက်တယ်။ ဒါပေမယ့် နိုင်င့တည်အခမ်းအနားက မကြာခင်ကျင်းပတော့မှာ။
နိုင်ငံ့အုပ်ချုပ်သူအနေနဲ့ ကျူးထန် ဒီပွဲကိုမဖြစ်မနေတက်ရမှာပဲ။ အဲဒီကိုသွားပြီး သူနဲ့တွေ့လိုက်လို့ရပါတဘ်"
"ဒီစိတ်ကူးမဆိုးဘူး"
လုယန်က နောက်ထပ် အကြံပြုသည်။
"နောက်တစ်ခုရှိသေးတယ်။ ခင်ဗျားဝတ်ထားတဲ့ဝတ်စုံက မြင်သာထင်သာရှိလွန်းတယ်။ ပွဲတော်မစခင်မှာတောင် တစ်ခြားလူတွေ အာရုံစိုက်မိလောက်တယ်။ ခင်ဗျားရောက်လာမှန်းသိရင် ကျူးထန်ရှောင်ပြေးသွားနိုင်တယ်။
ခင်ဗျားရုပ်ကို နည်းနည်းလောက် ဖုံးကွယ်ဖို့ စဉ်းစားကြည့်ပါလား"
ကျန်းလျန်ယိအကြောင်းမသိလျှင်ပင် သူ့အလှက ရှေးဟောင်းခေတ်၏ ထိပ်တန်းသုံးယောက်စာရင်းဝင်သည်။ သွားလေရာ အာရုံစိုက်ခံရပေလိမ့်မည်။
ထို့ပြင် ဖီးနစ်မျိုးနွယ်တွင် သူ့ပုံတူပန်းချီများလည်း ရှိနေသည်။ ဘယ်သူမှသတိမထားမိလျှင် ထူးဆန်းနေပေတော့မည်။
ကျန်းလျန်ယိ ပြန်စဉ်းစားပြီးနောက် လုယန်အကြံကို လက်ခံလိုက်သည်။
အနက်ရောင်ဝတ်စုံတစ်ခု မှော်လက်စွပ်ထဲမှထုတ်၍ ကိုယ်ပေါ်သို့ခြုံလိုက်သည်။ အကြိမ်ကြိမ်လုပ်ခဲ့ဖူးသကဲ့သို့ပင် ကျွမ်းကျင်နေသည်။
"အဲ...ငါဘာလို့ဒီလိုလုပ်မိနေတာလဲ"
ကျန်းလျန်ယိ တစ်ချက်ရပ်သွားပြီး တွေးမရဖြစ်နေသည်။
သူ့ပင်ကိုယ်စရိုက်အရ လှုပ်ရှားမှုများကို ပုန်းလျှိုးကွယ်ရှိုးလုပ်လေ့မရှိ။ ဝတ်ရုံတစ်ခုကို မကြာခဏဖုံးကွယ်ဝတ်ဆင်ခဲ့စရာ အကြောင်းမရှိ။
ဖြစ်နိုင်စရာမရှိ။
သို့သော် နတ်မယ်က လုံးဝမအံ့ဩဘဲ သိစိတ်အာရုံမှ ရှင်းပြသည်။
"ငါက နင်နဲ့ရှောင်လင်းကို လေလံပွဲလိုနေရာတွေကို မကြာခဏခေါ်သွားပြီး ကြောင်နဲ့ကြွက်ကစားနည်း ကစားကြတယ်လေ။ အဲလိုအချိန်ကျရင် ငါတို့အားလုံး ဒီလိုဝတ်ရုံတွေဝတ်ကြတာ"
ကန်ထန်က သားရေပြားတစ်ချပ်ထုတ်၍ ကျန်းလန်ယိကို ဝင်ထိုင်ရန်ဖိတ်ခေါ်သည်။ ထို့နောက် တိကျန်းမျိုးနွယ်ရှိရာသို့ ဦးတည်ပျံသန်းသွားသည်။
လေးယောက်လုံး ထွက်ခွာလာသည်။ သားရေချပ်ပေါ်တက်သည်။ နတ်မယ်က ပျင်းပျင်းရိရိရှိနေရာမှ တစ်စုံတစ်ခုကို တွေးမိသည်။
"နင်နဲ့လန်ယိ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဝေါ်တာက နည်းနည်းမဟုတ်သေးသလိုပဲ။ လျန်ယိကငါ့ကို အမလို့ခေါ်တယ်။ လုယန်၊ နင်ကသူ့ကို အကြီးအကဲလို့ခေါ်တယ်။ လျန်ယိကနင့်ကို နာမည်အတိုင်းခေါ်တယ်"
"အဲဒါဘာမှားလို့လဲ"
လုယန် ဘာအမှားမှမမြင်။
ထိုသို့မခေါ်လျှင် လျန်ယိကို အမလျန်ယိဟု သူခေါ်ရမည်လော...
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဝါစဉ်က ရှုပ်နေတဘ်။ လျန်ယိကို ငါက တပည့်အဖြစ်တရားဝင်လက်မခံပေမယ့် ဆရာတပည့်ဆက်ဆံရေးမျိုး နည်းနည်းရှိတယ်။
လုယန်၊ နင်က ထာဝရမျိုးဆက်ရဲ့ ဒုတိယခေါင်းဆောင်။ ပြီးတော့ ငါ့တပည့်ပဲ။ ငါ့မျိုးဆက်စည်းမျဉ်းအရ နင့်အဆင့်အတန်းက လျန်ယိထက်မြင့်သင့်တယ်မဟုတ်လား"
"အဲဒီတော့...."
"ဒီတော့ နင်က လျန်ယိရဲ့ အကိုကြီးပေါ့"
ကျန်းလျန်ယိက အလေးအနက်မျက်နှာဖြင့် ခေါင်းငြိမ့်သည်။
"မသေမျိုးအမစကားကို ကျွန်မနားထောင်ပါ့မယ်"
လုယန် "..."
နတ်မယ်...ပေါက်တတ်ကရတွေမပြောပါနဲ့။ ချီလင်မသေမျိုး ကျုပ်နောက်မှာ ရုတ်တရက်ပေါ်လာမှာစိုးလို့ပါ။
ပြီးတော့ အကြီးအကဲလျန်ယိ၊ ပြဿနာတက်အောင်မလုပ်ပါနဲ့။ ကျုပ်ကံကြမ္မာက ဒီဘွဲ့ထူးမျိုးကို ခံနိုင်ရည်မရှိလို့ပါ
*******************************