ကောင်းကင်ရှိ အပြောင်းအလဲများ။
Vol. 45 Ch. 529
စကြာဝဠာကျွန်းအပြင်ဘက်တွင် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိ နက်ရှိုင်းသော ဥက္ကာခဲချောက်ကြီးအထက်၌ မြူများရောယှက် လာကာ မျက်ဝန်းတစ်စုံအဖြစ် ပေါင်းစည်းသွားသည်။
ထိုမျက်ဝန်းများက ကောင်းကင်၏ နက်နဲရာကို ဖြည်းညှင်းစွာ ကြည့်နေတော့၏။ များမကြာမီပင် စိတ်လှုပ်ရှားမှု အပြည့်ဖြင့်၊
“ မိုးပြာအရင်းအမြစ်က ဒီထက် ပိုကြာအောင် မထိန်းနိုင်တော့ဘူး ... ငါ ဒီကနေ လွတ်မြောက်ရင် အဲဒီပုရွက်ဆိတ်ကိုသတ်ပြီး ပြန်ယူရမယ်။ ”
-ဟု ကြွေးကြော်လိုက်လေသည်။
ထိုညတွင် မဟာရှတော်ဝင်မိသားစု၊ ရှေးဟောင်းအကြွင်အကျန် အင်အားစုများ၊ ဖြတ်ကျော် ဝင်ရောက်သူများ စသည့် အင်အားစု အသီးသီးသည် ကောင်းကင်ပေါ်မော့ကြည့်ကာ စိတ်လှုပ်ရှားနေခဲ့သည်။
“ ဟားဟား ... ဒီညပြီးရင် ငါတို့ရဲ့ မျိုးနွယ်စုတွေမှာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတွေ မွေးဖွားဖို့ အချိန်ကျပြီ။ ”
ကောင်းကင်နှင့်မြေကြီး ပြန်လည် နိုးထလာမှု လက္ခဏာများသည် လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီး ယနေ့ညတွင် ထင်ရှားသည့် အပြောင်းအလဲများ ပြသလာနေ၏။
ကောင်းကင်ထက်တွင် ဧရာမမြစ်ကြီးများ တောင်တန်းကြီးများ ပေါက်ရောက်လာသကဲ့သို့ လေဟာနယ်ပရမ်းပတာဖြစ်လာ၏။
“ မြန်မြန် ... ဝင်္ကပါကို ဖွင့်ပြီး မဟာတာအိုကို စုဆောင်းပါ။ ”
မိုးပြာတိုက်ကြီးအနှံ အလားတူ မြင်ကွင်းများ ဖြစ်ပေါ်နေသည်။ နှစ်ပေါင်း (၃၀၀၀၀)တိုင်ကြာ ဖုံးအုပ်ထားသော အမှောင်တားမြစ်စွမ်းအားမှာ အလုံးစုံကင်းစင်ပေတော့မည်။
ထိုဖြစ်စဉ်သည် အင်အားစုများစွာကို သွေးနံ့ရသော ငါးမန်းများကဲ့သို့ ဖြစ်လာစေကာ ချက်ချင်း သက်ဝင်လှုပ်ရှားစေ၏။
“ ဆရာ ... ဘာကြည့်နေတာလဲ။ ”
လျှို့ဝှက်နယ်မြေတစ်ခုတွင် ချီကျန့်စုက မျက်မမြင်အဘိုးအိုကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး မေးလိုက်၏။
“ ဒီနေ့ ကမ္ဘာကြီး ပြောင်းလဲသွားပြီ... သုံးလအတွင်း ရွှေခေတ်ရောက်လာလိမ့်မယ် ကောင်မလေး ... ငါတို့ဆရာစုရဲ့ ကျက်သရေကို မြင်ခွင့်ရတော့မယ်။ ”
“ ဘာလို့လဲ ... ။ ”
မျက်မမြင် အဘိုးအိုက ခေါင်းခါပြီး၊
“ ဒါကို မင်းနားမလည်ဘူး ဆိုတော့ ပြောစရာအကြောင်း မရှိသေးပါဘူး ဆရာစုလို လူသာ ဒီလျှို့ဝှက်ချက်ကို နားလည်နိုင်မယ်။ ”
-ဟု တုန့်ပြန်၏။
စုရီအကြောင်းပြောသောအခါတွင် ဆရာသခင်သည် နိမ့်ကျသူတစ်ဦးနှင့်တူနေခဲ့ပြီး အပြောအဆို အပြုအမူများ ရိုသေလှသည်။
ဤအချင်းအရာသည် သူမကို အလွန်စိတ်ရှုပ်စေ၏။ စုရီဟူသည် မည်မျှပင် အံ့သြစရာကောင်းနေပါစေ ဆယ်ကျော်သက် တစ်ယောက်သာဖြစ်သည်။
“ မြန်လိုက်တာ ... ။ ”
အရှေ့ပင်လယ်တွင် စုတ်ပြတ်နေသော အဝတ်အစားဖြင့် တာအိုအဖိုးအိုတစ်ယောက် မရေမရာဖြစ်နေသည်။
“ ဟမ့် ... ငါထပ်ပြီး တွန့်ဆုတ် မနေနိုင်တော့ဘူး အခု မြန်မြန်သွားတွေ့ရမယ် မဟုတ်ရင် ဒီပွဲကြီးကို လွတ်သွားလိမ့်မယ်။ ”
အချိန်အတော်ကြာပြီးနောက် တာအိုအဖိုးအိုသည်အံကြိတ်လျင် အဝေးသို့ ချက်ချင်းပျံသန်းသွားတော့၏။
ညသည် မဲမှောင်နေပြီး မှုန်မှိုင်းကာ မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်တခွင်တွင် တဟုန်ထိုး တောက်လောင်နေသည်။
စုရီတစ်ယောက် လေထဲတွင်ရပ်ကာ ကြယ်ရောင်စုံနေသော ကောင်းကင်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ငေးကြည့်လျက် ဝတ်လုံစများ တဖျပ်ဖျပ်ခတ်နေ၏။
မလှမ်းမကမ်းတွင် နင်းစစ်ဟွာနှင့် အခြားသူများက မတ်တပ်ရပ်ကာ သူ့နည်းတူ ကောင်းကင်ပေါ် မျှော်ကြည့်နေကြသည်။
ရုတ်တရက် မိုးပြာတိုက်ကြီးအထက် ကောင်းကင်ယံ၌ ဖော်မပြနိုင်သောအသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံသည် သက်ရှိအားလုံး၏ စိတ်နှလုံးများ တုန်လှုပ်သွားကာ အနည်းငယ်မျှ မျက်နှာပြောင်းလဲသွားစေသည်။
မြင့်မားသော ကျင့်ကြံမှုရှိသူများ၏ မျက်လုံးများ၌ ကောင်းကင်မှ မဟာတာအိုများ မိုးများသကဲ့သို့ ရွာချနေသည်ကိုမြင်နိုင်၏။
မှင်များကဲ့သို့ မည်းမှောင်နေသော ကောင်းကင်ကြီးသည် ချက်ချင်း တောက်ပစွာ လင်းလက်လာနေသည်။
အနီးကပ်ကြည့်သော် အလင်း မိုးရေစက်များသည် အရွယ်အစားအမျိုးမျိုးနှင့် တောက်ပပြီး ပြိုးပြက်နေ၏။ သို့သော်ငြားလည်း ထိုမိုးရေများသည် ဤလောကရှိ ကျင့်ကြံသူများ အတွက် ရူးသွပ်စရာဖြစ်လေသည်။
ရှေးခေတ် အင်အားစုအချို့သည် ပြင်ဆင်ထားခဲ့သော ဝင်္ကပါများကို အသုံးပြုကာ ကောင်းကင်မှကျလာသော ထိုကံကြမ္မာကို စုဆောင်းရန် ကြိုးစားနေ၏။
“ ဒီလိုကံကြမ္မာကို အလဟဿမဖြစ်စေနဲ့ သွားတော့ ... ။ ”
စုရီက အမှောင်နတ်ဓားကို လေထဲ ပစ်လိုက်သည်။ အနက်ရောင် အလင်းတန်း ဖြတ်ပျံသွားပြီး ငှက်ကြီးတစ်ကောင် လိုက်ပါသွား၏။
မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ ငှက်တစ်ကောင်သည် အလင်းမိုးရေစက်များအပေါ် အရူးအမူး ချိုးချနေသည်ကို မြင်နိုင်သည်။
တစ်ချိန်တည်းမှာပင် စုရီတစ်ယောက် ပါးစပ်ကိုဖွင့်ကာ တစ်စုံတစ်ရာ ထွေးထုတ်လိုက် ပြန်၏။ ထွက်သက်ဝင်သက်အောက်တွင် လှုပ်ခတ်နေသော ပဲတောင့်ငယ်ထွက်လာသည်။
“ ဂျိန်း ... ။ ”
ထိုအချိန်တွင် နေမင်းကြီးအလား တောက်ပသောအလင်းများဖြာလျက် ထိုအလင်း မိုးများကို စုပ်ယူတော့၏။
“ ဝူး ... ။ ”
ဤအခိုက်တွင် ဆင့်ခေါ်ခံရသကဲ့သို့ အလင်းမိုးများက လမ်းကြောင်းများ ရုတ်တရက် ပြောင်းလဲသွားကာ ဝိညာဉ်ပင်လယ်အတွင်း အပြေးအလွှားရောက်ရှိလာ၏။
“ ဘာအတွက် ရပ်နေကြတာလဲ ... မြန်မြန်သွားပြီးတော့ တာအိုအနှစ်သာရကို စုပ်ယူကြပါ။ ”
စုရီက ဘေးတွင်ရပ်နေသော လူအုပ်ကို သတိပေးလိုက်သည်။ အဆုံးတွင် လူတိုင်းသည် အိပ်မက်မှ နိုးလာကုန်၏။
“ ဝှစ် ... ။ ”
ဝမ်လင်ရွယ်တစ်ယောက် လေထဲပျံတက်သွားပြီး လက်များဆန့်တန်းကာ အလင်းမိုးဖွဲဖွဲများထံ ဖမ်းဆုပ်လိုက်သည်။
“ အရမ်းကောင်းတယ် ... ။ ”
ထို့နောက်တွင် သူမ၏လှပသော မျက်နှာပေါ်တွင် မူးဝေနေသည့် အကြည့်တစ်ခု ပေါ်လာ၏။
မဟာတာအို၏ ပူနွေးသော စီးကြောင်းကြောင့် တစ်ကိုယ်လုံး စိုစွတ်နေမှန်း ခံစားမိချေပြီ။ ခန္ဓာကိုယ်၏ တစ်လက်မတိုင်းကို အာဟာရဖြည့်သွင်းထားနေပြီး ကျင့်ကြံမှုပင် သန့်စင်ခံနေရ၏။
“ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့ တန်ခိုးလဲ။ ”
“ ငါ ... ငါ့ရဲ့ ပိတ်ဆို့မှု ပျောက်သွားပြီ ... ။ ”
“ ဒါက ဘယ်လိုရလာဒ်လဲ။ ”
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး စိတ်လှုပ်ရှားစွာ ထုတ်ဖော် ပြောဆိုလာကြ၏။ ဤမိုးသည် မဟာတာအို၏ အသန့်ရှင်းဆုံးနှင့် မူလအငွေ့အသက်ပါရှိသည်။
ထိုစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်စွမ်းအင်များအပေါ် စုပ်ယူခြင်းထက် သာလွန်ကောင်းမွန်၏။
ကျင့်ကြံသူများ မဆိုနှင့် သာမန်လူများပင်လျှင် ဤစွမ်းအားမှ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်။
တောင်များ၊ လယ်ကွင်းများ၊ လွင်ပြင်များ စသည်တို့တွင် သစ်ပင်ပန်းမန်များစွာတို့သည် အံ့သြဖွယ်ကောင်းသော တက်ကြွမှုများဖြင့် ပြည့်နှက်လာသည်။
“ ဒီညပြီးရင် ... ကမ္ဘာကြီးမှာ ကျွမ်းကျင်သူတွေ ဘယ်လောက်များ ပေါ်ထွန်း လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ”
စုရီက လက်တစ်ဖက်တွင် မိုးပြာမျိုးစေ့ကို ဆုပ်ကိုင်ပြီး ကောင်းကင်မှ အလင်းမိုးဖွဲလေးထံ ကြည့်နေမိသည်။
အချို့က ပင်လယ်ပေါ်ကျပြီး အချို့ကို နင်စစ်ဟွာနှင့် အခြားသူများမှ စုပ်ယူထားသည်။ အများစုကို မိုးပြာမျိုးစေ့မှ ဝါးမျိုနေ၏။ ခဏမျှ စောင့်ကြည့်ပြီးနောက် နတ်ဆိုးသန္ဓေသားထံ ကြည့်ကာ၊
“ လိပ်မိုက်လေး လောဘကြီးမနေနဲ့ ... ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သတိထားပါ မဟုတ်ရင် မင်းအတွက် အန္တရာယ်ဖြစ်မယ်။ ”
-ဟု သတိပေးလိုက်၏။
“ စိတ်ချပါဆရာ။ ”
ရွှမ်နင်အသံ ထွက်ပေါ်လာသည်။ စုရီကဝိုင်သောက်လျက် အဆိုပါမြင်ကွင်းများထံ ဆက်၍ စောင့်ကြည့်နေခဲ့၏။ သူသည် ထိုမဟာ တာအိုကို သန်စင်စရာမလိုအောင် ပြည့်လျှံနေပြီဖြစ်သည်။
ဆိုလိုသည်မှာ ကျင့်ကြံမှုသည် ဝိညာဉ်တာအိုနယ်ပယ်သို့ ဤညအခြေချရန် နီးစပ်လာပြီဖြစ်၏။
“ ငါ့စိတ်က အခု စိုးရိမ်စရာတွေ ကင်းစင်နေပြီ ... မဟာတာအိုအုတ်မြစ်ကလဲ အမြင့်ဆုံးအမှတ်ကို ရောက်နေတာမို့ အရင်ဘဝ ခွန်အားတွေထက် ကျော်လွန်နိုင်တယ် ...
... အခုချိန် ငါခံယူရမဲ့ ကပ်ဘေးက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ကြောက်စရာမလိုတော့ဘူး … ။ ”
စုရီတစ်ယောက် ပို၍ သက်တောင့်သက်သာရှိလာသည်။ အချိန်များ ကုန်လွန်သွား၏။ နာရီဝက်အတွင်းမှာပင် အလင်းမိုးများ ကျဲပါးလာသည်။
“ ဟမ့် ... ။ ”
သို့သော် ကောင်းကင်သည် ရုတ်တရက် တစ်စုံတစ်ရာကို ပြင်ဆင်နေကြောင်း သတိပြုမိ လာခဲ့၏။
အသက်တရှိုက်စာအတွင်း နေရောင် ကွယ်ပျောက်သွားကာ ကောင်းကင်တစ်ခုလုံး ဒေါသများ ဖုံးလွှမ်းလာသည်။
အလွန်ဆိုးရွားသော တိမ်တိုက်ပေပင်။ ကောင်းကင်မှ အဆက်မပြတ်ကျဆင်းလာသော အလင်းမိုးများကိုပင် ရပ်တန့်သွားစေ၏။
“ ဂျိန်း ... ။ ”
တစ်ချိန်တည်းမှာပင် အဖျက်စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းသော ဘေးဥပဒ်၏ အရိပ်အယောင်များ လွှမ်းခြုံသွားသည်။
“ ဒါ ... ။ ”
လူတိုင်းထိတ်လန့်ကာ တာအိုသန့်စင်နေမှုများကို ရပ်လိုက်ကြတော့၏။ ခန္ဓာကိုယ်များ တောင့်တင်းလျက် မျက်နှာများ ဖြူဖျော့လာနေသည်။
“ ဒါ ... ငါ့ရဲ့ကပ်ဘေးပဲ ... ထိတ်လန့်နေစရာမလိုဘူး ဓားမျှော်စင်ထဲမှာ ပြန်နေပါ။ ”
စုရီက တည်ငြိမ်စွာ ပြောကြားလိုက်ပြီး လက်ဝှေ့ရမ်းလိုက်၏။ အလင်းမိုးများကိုစုပ်ယူ နေသည့် အမှောင်နတ်ဓားက အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ စုရီလက်ဖဝါးထဲ ပြုတ်ကျလာသည်။
ထိုအမြင်ကွင်းကြောင့် လူတိုင်း နှောင့်နှေးဖို့ရန်မဝံ့တော့ဘဲ အမြန် ပြန်ဆုတ် သွားကြ၏။
“ လိပ်မိုက်လေး ပြန်လာခဲ့။ ”
စုရီက အမိန့်ပေးလိုက်သည်။ နတ်ဆိုးသန္ဓေသားသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲဝင်ရောက်လာ၏။
“ ဝှစ် ... ။”
မိုးပြာမျိုးစေ့သည်လည်း ထိုနည်းလည်းကောင်းပေပင်။ ထို့နောက် စုရီက ကောင်းကင်ကို မော့ကြည့်ကာ ဆက်၍ စောင့်ဆိုင်းနေခဲ့သည်။
“ ဂျိန်း ... ။ ”
ကောင်းကင်ထက်တွင် ဘေးဆိုးတိမ်တိုက်များ တရွေ့ရွေ့စုပုံလာကာ အနက်ရောင်တောင်တန်းများ ဖြစ်လာ၏။
အဆုံးမရှိ ပျက်စီးခြင်းနှင့် ဘေးဥပဒ် အရှိန်အဝါသည် လေဟာနယ်အပေါ်ဖိနှိပ်နေပြီး ပြင်းစွာလှုပ်ခါသွားစေတော့သည်။
ဝိညာဉ်ပင်လယ်ကြီးသည် ကြီးစွာသော ထိတ်လန့်မှု အငွေ့အသက်များ အောက်သို့ ထိုးကျသွားခဲ့၏။
ကောင်းကင်အောက်တွင် စုရီ၏ ကျောက်စိမ်းရောင်ဝတ်ရုံစ တဖျပ်ဖျပ်လွင့်ဝဲကာ အံ့သြမှုအရိပ်အမြွက် ပေါ်လာသည်။
များမကြာမီ ဤအံ့အားသင့်မှု အရိပ်အမြွက်နေရာ၌ ပျော်ရွှင်မှုများ အစားထိုး ဝင်လာတော့၏။
ဤကပ်ဘေးသည် အမှန်ပင် မကြုံစဖူးဖြစ်သည်။ ယခင်ဘဝ အတွေ့အကြုံ၌ မည်သူတစ်ဦးတစ်ယောက်မျှ ဤသို့သော ကပ်ဆိုးမျိုးနှင့် ကြုံဖူးခြင်း မရှိချေ။
ဘေးဥပဒ် အရိပ်အမြွက်တွင် ထူးဆန်းပြီး တားမြစ်ထားသော ရနံ့တစ်ခုပင် ရှိသေးသည်။ ယင်းသည် သူ့ အသိဉာဏ်ထက် ကျော်လွန် နေမည်မှာ သေချာ၏။ သို့သော် ဤသည်ကိုပင် သူ မျှော်လင့်နေခြင်းဖြစ်သည်။
“ ဒီဘေးဆိုးကြီးသာ ... သာမန်ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတော့မှာလဲ။ ”
စုရီက ခေါင်းမော့ပြီး ဝိုင်များကို တစ်ကျိုက်တည်း အကုန်သောက်ပစ်ကာ ဝိုင်အိုး ပစ်ချလိုက်တော့သည်။
***