← Chapters

ဝိညာဉ် ကပ်ဘေးခံယူခြင်း ... ။

Vol. 45 Ch. 530

ဝိညာဉ် ကပ်ဘေးခံယူခြင်း ... ။

Vol. 45 Ch. 530

အလင်းမိုးများ တဖွဲဖွဲရွာနေသော ကောင်းကင်ကြီးသည် ချက်ချင်း တိမ်ဆိုင်များ အုံ့မှိုင်းလာ၏။

လူအများ၏ နှလုံးသားကို ဖိနှိပ်လျက် အဖျက်စွမ်းအားအပြည့်နှင့် ကပ်ဘေးကြီး ဆင်းသက်လာချေပြီ။

“ ဆရာစုရဲ့ ကပ်ဘေးက ငါဝိညာဉ်ထင်ရှားခြင်း အဆင့်ကို တက်လှမ်းစဉ် ထက်တောင် ပိုကြောက်စရာ ကောင်းတယ်။ ”

အင်မော်တယ်ဓားမျှော်စင်၏ အပျက်အစီးများအတွင်း၌ ရပ်ကြည့်နေသော ရင်ချုံးက အေးစက်သည့်လေထုကို ရှူရှိုက်လိုက်မိသည်။

“ ဘယ်လောက် ကွာခြားလဲ။ ”

ယွမ်ဟမ်မှ သိချင်သွားသည်။

“ အရမ်းကွာခြားတယ် ဘေးဆိုးကြီး မရောက်သေးတာတောင် ... ဒီရောင်ဝါနဲ့တင် ငါကြုံဖူးတဲ့ ဘေးဒုက္ခထက် အဆတစ်ထောင် ပိုကြီးတယ်။ ”

လူတိုင်း တုန်လှုပ်သွားတော့၏။ ရင်ချုံး၏အခြေခံအုတ်မြစ်နှင့် စွမ်းရည်များသည် ကမ္ဘာပေါ်ရှိ သာမန်လူသားများထက် သာလွန်ကောင်းမွန်ချေပြီ။

နဂါးမိသားစုဝင် တစ်ဦးအနေဖြင့် ၎င်းကြုံတွေ့ခဲ့ရသော ဝိညာဉ်ကပ်ဘေးသည် ကြောက်စရာကောင်းနေမည်မှာ သေချာ၏။

“ ဒါက ... ဘယ်လိုကပ်ဆိုးကြီးလဲ။ ”

အဝေးရှိ ပင်လယ်ပြင်တစ်နေရာတွင် ရပ်ကြည့်နေသော တာအိုအဖိုးအိုမှ မျက်ခုံးပင့် လိုက်တော့၏။

ကောင်းကင်၌ တိမ်တိုက်များစုဝေးကာ ထူးဆန်းသော မြည်သံများဖြင့် တုန်ခါနေသည်။ စုရီမှ သတိပြုမိပြီး သူ့ထံလှမ်းကြည့်၏။

ဤတာအိုအဖိုးအိုတွင် ထူးဆန်းသောဇစ်မြစ်ရှိကြောင်း မျက်မမြင် အဘိုးအိုမှ ပြောကြားဖူးသည်ကို သတိရလာသည်။

သူ့ကိုယ်သူ ငရဲကျီးကန်းဟု ခေါ်တွင်ပြီး ခန္ဓာကိုယ်ပေါ်၌ နာကျည်းခြင်းပင်လယ်၏ အငွေ့အသက်များ ပါရှိနေ၏။ ငရဲကမ္ဘာရှိ အလွန်အန္တရာယ်များသော ထိုအရပ်သို့ ရောက်ဖူးသူဟု သံသယရှိခဲ့သည်။

ထို့ပြင် ဤတာအိုအဖိုးကြီးသည် သူ့ကံကြမ္မာကို ခန့်မှန်းရန် လျှို့ဝှက်ရတနာကို အသုံးပြုခဲ့ဖူး၏။ သို့သော် ပျက်စီးသွားသည်။

ယခုကဲ့သို့ အဆင့်ချိုးဖြတ်တော့မည့် အချိန်တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

“ မင်းက ငါ့ရန်သူလား။ ”

စုရီက တိုက်ရိုက်မေးသည်။ သို့သော် တာအိုအဖိုးကြီးမှ အလျင်စလို လက်ဝှေ့ယမ်းပြီး၊

“ မင်းဒုက္ခကို ကျော်လွှားဖို့သာ ... အာရုံစိုက်ပါ ငါမင်းရဲ့ရန်သူ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ”

-ဟု ငြင်းဆန်လိုက်၏။

စုရီမှ လျစ်လျူရှုလိုက်သည်။ တာအိုအဖိုးအိုက သက်ပြင်းချကာ လေထဲတွင် ရပ်နေသောစုရီကိုကြည့်ပြီး တစ်စုံတစ်ခု သတိရနေသကဲ့သို့ နစ်မျောနေ၏။

“ ဂျိန်း ... ။ ”

အချိန်အတော်ကြာ တိတ်ဆိတ်နေစဉ် မိုးခြိမ်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး မိုင်တစ်ထောင်ဝန်းကျင်ရှိ လေဟာနယ်ကို ဖရိုဖရဲဖြစ်ပေါ်လာစေခဲ့သည်။

ကောင်းကင်ထက်တွင် စုရုံးနေသော တိမ်တိုက်များ ရုတ်တရက်တုန်ခါပြီး ပြိုးပြက် ဝင်းလက်လာ၏။

စုရီတစ်ယောက် ကပ်ဘေး၏ အဖျက်စွမ်းအား အငွေ့အသက်ကို ငြိမ်သက်စွာ ခံစားနေခဲ့သည်။

ထိုသို့ မကြုံစဖူး ကပ်ဆိုးကြီးသည်သာ သူ့ဘဝကို ပြန်လည်တည်ဆောက်လိုသည့် ဆန္ဒအပေါ် ဖြည့်ဆည်းပေးနိုင်မည်။

“ ဂျိန်း ... ဒလိန်းလိန်း ... ။ ”

မိုးခြိမ်းသံများ ကောင်းကင်တခွင် ကျယ်လောင်လာပြီး မိုင်တစ်ထောင်ဧရိယာကို မိုးကြိုးမုန်တိုင်းဖြင့် လွှမ်းခြုံတော့၏။

ဤခဏတွင် ဝိညာဉ်ပင်လယ်ရှိ သတ္တဝါများအားလုံး ကြောက်ရွံ့တုန်လှုပ်ကာ အသံအနည်းငယ်မျှပင် မထွက်ဝံ့ချေ။

ဓားမျှော်စင်၏ အပျက်အစီးမြေတွင် ပုန်းအောင်းနေသော အခြားသူများသည်ပင်လျှင် စိတ်ဓာတ်ကျကုန်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာနေ၏။

ကမ္ဘာကြီး နိဂုံးချုပ်တော့မည်ဟု ခံစားလာရချေပြီ။ မိုးခြိမ်းသံသည် ကောင်းကင် ကိုးပါးကို လှုပ်ခါပြီး လျှပ်စီးများကမ္ဘာမြေအနှံ့ လောင်မြိုက်စေ၏။

“ ခရစ် ... ။ ”

ထူထဲသော အနက်ရောင် တိမ်တိုက်များကွဲအက်ကာ မိုးကြိုးမုန်တိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

၎င်းသည်သာ ပစ်ခတ်ခံရပါက မိုင်တစ်ရာအတွင်းရှိ အရာအားလုံး အပိုင်းပိုင်း အဖြစ် ဖျက်ဆီးခံရနိုင်၏။

“ ဒါ ... ဝိညာဉ်ထင်ရှားခြင်းအဆင့် ကပ်ဘေးမဟုတ်ဘူး ဝိညာဉ်ပြောင်းလဲခြင်း ဒုက္ခအဆင့်ကို မီနေပြီ။ ”

ဝေးကွာသော ပင်လယ်ပြင်ပေါ်တွင် တာအိုအဖိုးအိုက တုန်လှုပ်စွာ ညည်းတွား လိုက်‌တော့သည်။

“ ဂျိန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံများ ကောင်းကင်၌ ပဲ့တင်ထပ်နေကာ လျှပ်စီးတိုင် တစ်တိုင်ဖြင့် စတင်လာခဲ့၏။

ယင်းသည် ကပ်ဘေးအစဖြစ်သဖြင့် အားပျော့နေသည်။ သို့သော် ထိုစွမ်းအားသည် ယခင်ကြုံတွေ့ရသော ဒုက္ခထက် အဆပေါင်း များစွာ ကြီးမားနေသောကြောင့် ရင်ချုံးခမျာ မျက်လုံးပြူးသွား၏။

“ ကောင်းတယ် ... ။ ”

စုရီမှ တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ ကျောက်စိမ်းရောင်ဝတ်ရုံများ တဖျပ်ဖျပ် လွင့်ဝဲလျက် ဆံပင်များပြေကျလာ၏။

သူ့တစ်ကိုယ်လုံး သွေးသားများ အထိန်းအကွပ်မဲ့စွာ စီးဆင်းလာနေခဲ့သည်။

“ ဂျိန်း ... ။ ”

ကြောက်စရာကောင်းသော ခရမ်းရောင်လျှပ်စီးများက စုရီကိုလမ်းခရီး၌ ဖြတ်ရိုက်ခတ်သွား၏။

ထို့နောက်တွင် လျှပ်စီးစွမ်းအင်များ သူ့ခန္ဓာကိုယ်၏ ထောင့်တိုင်း၊ ကြွက်သားများနှင့် အရိုးများသို့စိမ့်ဝင်ကာ ဖျစ်ဖျစ်မြည်နေခဲ့သည်။ အတွင်းမှ ကြောက်မက်ဖွယ် ပျက်စီးခြင်း၏ အငွေ့အသက်များ ထွက်လာနေ၏။

စုရီတစ်ယောက် မျက်မှောင်ကြုတ်ပြီး အစွမ်းကုန်သန့်စင်ရန် ထိုအခွင့်အရေးအပေါ် အရယူလိုက်သည်။

ဝိညာဉ်ထင်ရှားခြင်း ကပ်ဆိုးသည် အန္တရာယ်နှင့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ၎င်းအပေါ် တာအိုနိယာမများဖြင့် ဖန်တီးပြီး ခန္ဓာကိုယ်အတွက် သန်မာစေသော အာနိသင်ရရှိပေမည်။

ဝိညာဉ်တာအိုနယ်ပယ် အစွမ်းထက်နေရသည့် အကြောင်းရင်းမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မိုးကြိုးကပ်ဘေးဖြင့် သန့်စင်ထားသောကြောင့်ဖြစ်၏။

စုရီ အနီးတစ်ဝိုက်တွင် အလင်းငါးပါး စီးဆင်းနေကာ ယင်နှင့်ယန်တို့ စက်ဝိုင်းအသွင် ပေါင်းစည်းလာခဲ့သည်။

လေနှင့်မိုးကြိုး စွမ်းအင်များသည်လည်း ရေဝဲတစ်ခုကဲ့သို့ လှည့်ပတ်လျက် အသက်ဝင် လာတော့၏။

ပတ်ဝန်းကျင်၌ ပြည့်နှက်​နေသော ခရမ်းရောင်မိုးကြိုးများက ကြိတ်ဆုံကျောက်ဖြင့် ကြေမွပစ်သကဲ့သို့ ပျော်ဝင်သွားသည်။

များမကြာခင် ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာလေသည်။ ဤသည်မှာ သေမျိုးလောက၌ နှစ်အတန်ကြာ ကျင်လည်ပြီး ကြွင်းကျန်ရစ်သော အညစ်အကြေးများပေပင်။

“ ဂျိန်း ... ။ ”

မိုးကြိုးမုန်တိုင်းများမှာ ပို၍ ပြင်းထန်လာချေ၏။ စုရီခန္ဓာကိုယ်သည်လည်း စိန်တုံးကဲ့သို့ ပို၍ တောက်ပလာသည်။

“ ဂျိန်း ... ဂျိန်း ... ။ ”

ဤတစ်ကြိမ်တွင် မိုးကြိုးကိုးစင်း ပြုတ်ကျလာ၏။ ကပ်ဘေး၏ ဒုတိယအဆင့် ဖြစ်လေသည်။

မိုးကြိုးရောင်ဝါသည်ပင် ငွေရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်လာကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ၏။

ကျင့်ကြံသူတိုင်းအတွက် ဝိညာဉ်ကပ်ဘေးသည် ပြင်းစွာသော ကပ်ဘေး ဖြစ်သည်။

ရည်ရွယ်ချက်မှာ ဝိညာဉ်များကို ကွဲအက်စေလျက် ခန္ဓာကိုယ်များ ဖျက်ဆီးခြင်း ဖြစ်၏။ အဆုံးတွင် သတ်ခြင်းပေပင်။

ထို့ကြောင့် ဉာဏ်ကြီးရှင်များသည် တားမြစ်နည်းစနစ်များ၊ ရတနာများကိုသုံးကာ ဖြတ်ကျော်ရန်ပြင်ဆင်ကြသည်။

ရှေးခေတ်မှသည် ယနေ့တိုင်အထိ ထိုကပ်ဘေး၌ ကျဆုံးခဲ့ကြသော ပါရမီရှင်များစွာ ရှိနေခဲ့ကြ၏။

စုရီအတွက်မူ ပြောစရာမရှိချေ။ လက်ရှိကပ်ဘေးသည် အသွင်ပြောင်းအဆင့် ဘေးဆိုးကို မီလေသည်။

သို့သော် သူတို့အမြင်တွင် စုရီသည် ​မိုးရေချိုးရန် စောင့်မျှော်နေသကဲ့သို့ အနည်းငယ် သက်တောင့်သက်သာ အသွင်ဖြစ်နေ၏။

“ ဂျိန်း ... ။ ”

မိုးကြိုးမုန်တိုင်းမှာ ပို၍ပြင်းလာသည်။ များမကြာခင် တတိယအဆင့် ရောက်ရှိလာပြီး လျှပ်စီးနဂါးများ ပေါ်လာခဲ့၏။

အဆုံးတွင် လျှပ်စီးနဂါးကိုးကောင်သည် ရုတ်တရက် ပေါင်းစပ်ကာ ခုန်ဆင်းလာသည်။ ဤတိုက်ခိုက်မှုစွမ်းအားသည် မိုးကြိုးဘေးဒုက္ခ တတိယအဆင့်ထက် များစွာ အားကောင်းနေ၏။

ထိုအချိန်တွင် စုရီသည် လေးနက်မှု အရိပ်အယောင်ကိုပြသကာ နောက်မဆုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။

“ ဝုန်း ... ။ ”

မီးများ တဟုန်းဟုန်းတောက်လျက် အကန့်အသတ်မဲ့ လျှပ်စီးများအတွင်း နစ်မြုပ် သွားခဲ့ချေသည်။

“ ဟမ့် ... ။ ”

သို့သော် နတ်တောင်ကြီးငါးလုံးက ထိုလျှပ်စီးနဂါးများကို လှီးဖြတ်ကာ အပိုင်းပိုင်း ပြန့်ကျဲစေပြီးနောက် ထိုစွမ်းအင်များအပေါ် ချက်ချင်းစုပ်ယူတော့၏။

“ ဂျိန်း ... ။ ”

အဆုံးတွင် ထိုနတ်တောင်များကို ဖြိုခွင်းလိုသော မိုးကြိုးများထပ်မံ ကျဆင်းလာ တော့၏။ ဤသည်မှာ မိုးကြိုးကပ်ဘေး၏ စတုတ္ထအဆင့် ရောက်ရှိလာခဲ့ချေပြီ။

သို့တိုင် စုရီအသွင်သည် တုန်လှုပ်ခြင်း အလျင်းကင်းကာ တည်ငြိမ်နေဆဲ ဖြစ်နေသည်။

***

All Chapters