နှင်းလျှပ်စီးဓား ... ။
Vol. 45 Ch. 535
“ မြန်မြန် ... ။ ”
တစ်ချိန်တည်းမှာပင် အဝေးမှ ဆူညံပြီးလျင်မြန်သော အသံဗလံများ ထွက်ပေါ် လာသည်။ လူတစ်စု ထိုအလင်းတန်းနောက် ပြေးလိုက်လာခြင်းဖြစ်၏။
“ ရွှီး ... ။ ”
သို့သော် အလင်းတန်းသည် အလွန်လျင်မြန်နေကာ မျက်စိတစ်မှိတ်အတွင်း စုရီနှင့် ရီရွှမ်ထံ တည့်တည့်တိုးဝင်လာ၏။ ဤအခိုက်တွင် ရီရွှမ်မှ မသိစိတ်ဖြင့် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။
“ ဝူး ... ။ ”
အလင်းတန်းသည် အသိုက်သို့ ပြန်ရောက်လာသည့် မြွေပွေးတစ်ကောင်ကဲ့သို့ ချက်ချင်း တုန်ခါသွား၏။
ရီရွှမ်က အနီးကပ်ကြည့်လိုက်ရာ အံသြသွားသည်။ ငွေရောင်လက်နက်အပိုင်းအစ အချို့ဖြစ်နေ၏။
အပိုင်းအစတစ်ခုလုံး နှင်းကဲ့သို့ ဖြူဆွတ်နေသော်လည်း မျက်နှာပြင်ပေါ်တွင် သံချေးများ တက်နေသည်။
၎င်းက လွန်စွာ စိတ်လှုပ်ရှားနေပြီး လက်ဖဝါးထဲ၌ တုန်ခါလျက် အလင်းတန်းများ ထွက်ပေါ်လာ၏။
ရီရွှမ်တစ်ယောက် စိတ်လှုပ်ရှားမှု၊ ထိတ်လန့်မှု၊ စိတ်သက်သာရာရမှုများနှင့် တခြား အမူအရာများ ပေါ်လာနေသည်။
“ ဒါ ... မင်းဒီမှာကျန်ခဲ့တဲ့ ရတနာအပိုင်းအစပဲလား။ ”
စုရီမှ ရီရွှမ်၏ ခံစားချက်များ ဖုံးလွှမ်းနေသောအသွင်ကြောင့် မေးလိုက်သည်။ ထို့ကြောင့် အတွေးထဲနစ်မြုပ်နေသော ရီရွှမ်က လွမ်းဆွတ်နေသည့် အရိပ်အယောင်မျိုးနှင့် အလျင်အမြန် ခေါင်းညိတ်ပြလာ၏။
“ ဟုတ်တယ်၊ ဒါက ငါ့ရဲ့ဓားပဲ ... နှင်းလျှပ်စီးလို့ခေါ်တယ် ... အဲဒီကြယ်တာရာ ထောင်မှူးနဲ့တိုက်ပွဲမှာ ကံမကောင်းစွာနဲ့ ဖျက်ဆီးခံခဲ့ရတယ် ...
... နှစ်ပေါင်း သောင်းနဲ့ချီပြီး ကြာနေတာတောင် ဒီလိုအပိုင်းအစလေးက ငါ့ကိုမှတ်မိနေဦးမယ်လို့ မထင်ထားဘူး။ ”
စုရီမှ ခေါင်းညိတ်သည်။ ဤနှင်းလျှပ်စီးဓားသည် ဧကရာဇ်အဆင့် ရတနာဖြစ်၏။
ယေဘူယျအားဖြင့် ပြောရမည်ဆိုသော် ထိုအဆင့်ရတနာများသည် ကိုယ်ပိုင်ဝိညာဉ်များ မွေးဖွားတတ်ကြသည်။
ဤကဲ့သို့သော ရတနာများသည် ကောင်းကင်ကို လောင်ကျွမ်းစေပြီး မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားများ ရှိသည်။
ပိုင်ရှင်၏ အကူအညီမပါရှိဘဲ စွမ်းအားသည်ပင် ဧကရာဇ်နယ်ပယ်အောက်ရှိ မည်သူ့ကိုမဆို ခြိမ်းခြောက်ရန် လုံလောက်၏။
“ တာအိုမိတ်ဆွေ ... ငါတို့က ဒီလက်နက်အပိုင်းအစကို အရင်ဆုံးတွေ့ခဲ့တာမို့ ကျေးဇူးပြုပြီး ... ပြန်ပေးပါ။ ”
ထိုအချိန်တွင် ကောင်းကင်မှ လူအချို့ဆင်းသက်လာ၏။ ဦးဆောင်စကားကို ပြောကြားလာသူသည် စပါးအုံးမြွေ ၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်၏။
အရပ်ရှည်ပြီး အစွမ်းထက်သော ရောင်ဝါမျိုးရှိသည်။ ဝိညာဉ်ထင်ရှားခြင်း အဆင့် နှောင်းပိုင်းကျင့်ကြံမှုရှိ၏။
“ ရေတိမ်ပိုင်းထဲမှာ ပိတ်မိနေတဲ့ နဂါးတစ်ကောင်ကို ပုစွန်တွေ ကျီစားနေတယ် လွင်ပြင်ပေါ်မှာ ကျားတစ်ကောင်က ခွေးတွေရဲ့ အနိုင်ကျင့်တာခံရတယ် ...
... ငါ့အတိတ်ကို ပြန်တွေးကြည့်ရင် ဒီလိုဇာတ်ကောင်တွေထဲက ဘယ်သူများ ဒီလို ပြောဝံ့မှာလဲ။ ”
ရီရွှမ်မှ ရေရွတ်လိုက်သည်။
“ သူတောင်းစား အဖိုးကြီး၊ မင်းဘာလို့ ကြီးမြတ်သူတစ်ယောက်လို ဟန်ဆောင်နေလဲ မင်းကိုယ့်ကိုကိုယ် မကြည့်ဘဲနဲ့ မင်းကိုယ်မင်း ဘာထင်နေလဲ။ ”
အဖွဲ့အတွင်းမှ လူငယ်တစ်ယောက်မှ သည်းမခံနိုင်တော့ဘဲ ရီရွှမ်ကို ကြိမ်းမောင်း၏။ ရီရွှမ်တစ်ယောက် မျက်လုံးပြူးသွားသည်။
“ လူယုတ်မာ၊ မင်းကို ဒူးထောက်ပြီး ဘိုးဘေးလို့ ခေါ်ခိုင်းမယ် မဟုတ်ဘူး ... မင်းလို ယုတ်မာတဲ့ သားစဉ်မြေးဆက်ကို ... ငါ အသိအမှတ်မပြုနိုင်ဘူး။ ”
“ အဖိုးကြီး ပါးစပ်ပိတ်ထားပြီး ရတနာကို အခုလွှဲပေးပါ ... မဟုတ်ရင် မင်းတို့နှစ်ယောက် အသက် မရှင်နိုင်တော့ဘူး။ ”
တခြားသူများသည်လည်း စိတ်မချမ်းသာတော့ဘဲ ဝင်ရောက်ပြောကြား လာတော့၏။ သူတို့အဖွဲ့သည် အနည်းငယ် အလျင်လိုလာချေပြီ။
ရီရွှမ်က အံကြိတ်၏။ လက်ရှိ သူ့စွမ်းရည်မျိုးဖြင့် တားမြစ်နည်းစနစ်အချို့ကို အသုံးပြုခြင်းမရှိသော် ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို ရင်မဆိုင်နိုင်ချေ။
သို့သော် တားမြစ်နည်းစနစ်များ အသုံးပြုခြင်းသည် သူ့အခြေအနေကို ပို၍ ဆိုးရွားသွားစေမည်။
ယခုအခါတွင် သူသည် အကြွင်းအကျန် ဝိညာဉ်တစ်ခုမျှသာ ဖြစ်ပြီး ခန္ဓာကိုယ်သည်ပင် အလောင်းကို ကောက်ယူထားခြင်းဖြစ်၏။
“ ဝှစ် ... ။ ”
ရုတ်တရက် နောက်ထပ် လေတိုးသံများပေါ်လာပြီ အလင်းတန်းဆယ်ခု လွင့်ဝဲလာကြသည်။
စပါးအုံး၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများ အားလုံး အမူအရာ ပြောင်းလဲသွားကြသည်။
“ ရတနာကို မြန်မြန်ပေးပါ။ ”
ငွေရောင်ဝတ်ရုံဝတ် လူတစ်ဦးက စိုးရိမ်တကြီးနှင့် ရီရွှမ်ထံ ခြိမ်းခြောက်လာ၏။
“ ဟား ဟား ဟား ... မင်းတို့ဘာတွေ အလျင်လိုနေရတာလဲ ... ချီမျိုးနွယ်မိတ်ဆွေ ဒါက ကံကောင်းလိုက်တာ ... ။ ”
ရုတ်တရက် အလင်းတန်းများမှ လူရိပ်များအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ် ဆင်းသက်လာကြ၏။ ခေါင်းဆောင်သည် မိုးမခမုတ်ဆိတ်မွေးနှင့် အပြာရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အလွန်ပြေပြစ်၏။
“ စွင်းရှောင်လျူ ... မင်းတို့ ငါ့ချီမိသားစု ကိစ္စကို ပါဝင်ဖို့ စီစဉ်နေတာလား။ ”
စပါးအုံး ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် မျက်မှောင်ကြုတ် လိုက်သည်။ ဤလူများသည် မြစ်သဲပြည်နယ်ရှိ အဓိကဂိုဏ်း ခုနစ်ခုအနက်မှ တစ်ခုဖြစ်၏။
အပြာရောင် ၀တ်စုံဝတ်ဖြင့် လူကို စွင်းရှောင်လျူဟုခေါ်ကာ ဒုဂိုဏ်းချုပ်ပေပင်။ ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်ချေ၏။ စွင်းရှောင်လျူမှ သက်ပြင်းချကာ၊
“ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ... မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီနယ်မြေထဲကနေ ...
... အခွင့်အရေးတွေရခဲ့တာ ငါတို့ ကြားပါတယ် ဒါဆိုငါ့ဂိုဏ်းက အခွင့်အရေးကို လက်လွှတ်ခံမယ်များ မင်းထင်နေလား။ ”
ထိုသို့ပြောပြီးနောက် စပါးအုံး ဝတ်လုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ဂရုမစိုက်တော့ဘဲ ရီရွှမ်ထံ နွေးထွေးသောအပြုံးဖြင့် ကြည့်ကာ၊
“ မိတ်ဆွေ ... ရတနာအပိုင်းအစကို ငါ့လက်ထဲအပ်သရွေ့ ဆဋ္ဌမတန်း နတ်ကျောက် (၈၀၀)နဲ့ ကမ်းလှမ်းချင်ပါတယ်။ ”
-ဟု ပြောကြားလိုက်၏။
ရီရွှမ်၏ မျက်လုံးများသည် စပါးအုံးမြွေ ၀တ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားထံ ပြန်ကြည့်လိုက်သည်။ ထို့နောက် ပြုံးကာ၊
“ မိတ်ဆွေ ... ဒီလို နှောင့်ယှက်တဲ့ လူတစ်ယောက်ကို မင်း သည်းခံနိုင်မှာလား။ ”
-ဟု မေးခွန်းထုတ်၏။
ဤအရာသည် မီးတောက်ထဲသို့ လောင်စာထည့်ပြီး မငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ကြောင်း မည်သူမဆိုမြင်နိုင်သည်။
“ ဟမ့် ... ။ ”
စွင်းရှောင်လျူမှ မျက်မှောင်ကြုတ်ကာ သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းကိုသိမ်းလျက် ရီရွှမ်ထံ ဖမ်းကုပ်ဆွဲလိုက်၏။
“ မင်း သတ္တိရှိသလား။ ”
သို့သော် စပါးအုံး ၀တ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လက်သီးဖြင့် ပစ်ပေါက်ပြီး ပယ်ဖျက်လေသည်။
“ ဝုန်း ... ။ ”
ထို့နောက်တွင် စပါးအုံးမြွေ ဝတ်လုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားမှ၊
“ စွင်းရှောင်လျူ ... မင်းငါ့ချီမျိုးနွယ်ကို အလေးအနက်မထားဘူး ရတနာအပိုင်းအစကို ငါတို့ပိုင်တယ် လုယူဝံ့တဲ့ ဘယ်သူမဆို ငါ့ရန်သူ ဖြစ်လာရလိမ့်မယ်။ ”
သူ့ပတ်ဝန်းကျင်ရှိ လူများအားလုံး မှုန်ကုပ်ကုပ်ဖြစ်ကုန်ပြီး စွင်းရှောင်လျူအဖွဲ့ထံ အေးစက်စွာ ကြည့်နေကြသည်။
“ ငါ့မှာ အကြံရှိတယ် ... မင်းတို့နှစ်ယောက် အရင်တိုက်ပါ ... နိုင်တဲ့လူ ယူလိုက် ဘယ်လိုလဲ။ ”
ရုတ်တရက် ရီရွှမ်မှ အကြံပြုလိုက်၏။ စပါးအုံး၀တ်စုံဝတ် အမျိုးသားခမျာ နှုတ်ခမ်းများ တုန်ခါလျက် ဒေါသထွက်သွားသည်။
“ ဟမ့် ... ဒီရွံစရာအဖိုးကြီးကို ဘာလို့အရင် မသတ်ရတာလဲ။ ”
စွင်းရှောင်လျူမှ အကြံပြု၏။ စပါးအုံး ၀တ်လုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ခဏမျှငြိမ်သက်နေပြီးနောက် အံကြိတ်ကာ ‘ကောင်းပြီ’၊ ဟု သဘောတူလိုက်သည်။
“ ဟမ့် ... ခွေးနှစ်ကောင်က ခြေထောက်ရိုးအတွက် ကိုက်ကြရမှာ မဟုတ်ဘူးလား။ ”
ထိုမြင်ကွင်းကြောင့် ရီရွှမ်မှ နှာခေါင်းကိုပွတ်သပ်ကာ ညည်းတွားလိုက်၏။ ဤသည်မှာ လုံးဝ အထီမဲ့မြင်ပြုရာ ကျချေပြီ။
“ ဟားဟားဟား ... ဒီမိတ်ဆွေက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် ဒါဆို ငါလည်း ဒီပွဲကို ကြည့်ခွင့်ပြု ... ။ ”
ရုတ်တရက် ရယ်မောသံနှင့်အတူ ရွှေရောင်ဝတ်ရုံဝတ် လူတစ်ဦး လှံနက်အတိုကို ကျောတွင်လွယ်လျက် လျှောက်လှမ်း လာတော့၏။
ရောင်ဝါသည် ပတ်ဝန်းကျင်အပေါ် လွှမ်းခြုံနေပြီး ကြောက်စရာ ကောင်းချေသည်။ ထိုလူရောက်ရှိလာသည်ကို မြင်လိုက်သောအခါ စပါးအုံးဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် စွင်းရှောင်လျူမှ မျက်နှာပြောင်းသွားသည်။
“ ယွဲ့ရှင်းရှန်။ ”
တစ်ဖက်လူသည် ကောင်းကင်ပြည်နယ်၏ နံပါတ်တစ်အင်အားစုဖြစ်သော ဆင်နဂါးဂိုဏ်းမှ အတွင်းအကြီးအကဲတစ်ဦးဖြစ်၏။
ဆင်နဂါးဂိုဏ်းသည် မကြာသေးမီက ပြင်ပကမ္ဘာမှလာသော အင်အားစု သုံးခုအတက် တစ်ခုဖြစ်သည့် ‘ဟွာရှင်းနတ်ဆိုးဂိုဏ်း’ထံ အညံခံခဲ့သည်။
တစ်စုံတစ်ယောက်တွင် ထိပ်တန်း ဂိုဏ်းတစ်ခုရှိသော် အကြင်သူသည် မည်မျှပင် အားနည်းစေကာမူ လေးစားကြပေမည်။
တစ်ဖက်တွင် စုရီသည် တစ်စုံတစ်ရာ တွေးနေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေသည်။
“ မင်းလည်း ဒီလက်နက်အပိုင်းအစအတွက်ပဲလား။ ”
ရီရွှမ်မှ တည်ငြိမ်စွာ မေးလိုက်သည်။ ယွီရှင်းရှန့်ကပြုံးရယ်ကာ ခေါင်းညိတ်ပြီးနောက်၊
“ ဟုတ်ပါတယ် မိတ်ဆွေ၊ အမှန်တော့ ဒီအပိုင်းအစတွေက တကယ် အဖိုးမဖြတ်နိုင်တဲ့ ဧကရာဇ်အဆင့် ရတနာအပိုင်းအစ တစ်ခုပါ ...
.... မကြာသေးမီက ဒီသရဲဒိုမိန်းထဲ ဝင်ရောက်ခဲ့တဲ့ လူတိုင်း ဒီလိုအပိုင်းအစတွေ ရခဲ့ဖူးတယ်ဆိုတာ မိတ်ဆွေလည်း ကြားမိမှာပါ။”
-ဟု ဖြေကြားလာ၏။
“ ဒါက ပျက်စီးနေတဲ့ အပိုင်းအစတွေပဲ ဘယ်လောက်ပဲ တန်ဖိုးကြီးနေပါစေ အများကြီး အရေးပါလာမှာ မဟုတ်ဘူး ... နောက်ထပ် အကြောင်းပြချက် ထပ်ပြောပါ။ ”
စုရီက သံသယဖြင့် မေးလိုက်၏။ သူ့စကားကြောင့် လူတိုင်းအံသြလာပြီး။
“ မရဏငရဲနန်းတော်ကနေ အလားတူ အပိုင်းအစတွေကို ဝယ်ယူနေတယ်ဆိုတာ မင်း မကြားဘူးလား။ ”
-ဟု ပြန်ဖြေလာ၏။
ထိုအဖြေကြောင့် စုရီက ရီရွှမ်ထံ လှည့်ကြည့်မိ၏။ ဤသည်မှာ တစ်ဖက်လူ တည်ဆောင်ခဲ့သော ဂိုဏ်းကြီးဖြစ်သည်။
“ ယောက်ဖ၊ ငါ့တပည့်တွေက ငါ့ကို မမေ့သေးဘူး ထင်တယ်။ ”
ရီရွှမ်မှ မျက်ရည်များဝဲလျက် ခံစားချက်အပြည့်ဖြင့် ညည်းတွားလေသည်။ သို့သော် စုရီမှ လှောင်ပြုံးဖြင့် ခေါင်းရမ်း လိုက်တော့၏။
“ မင်းစိတ်ကူးယဉ်လွန်းတယ် ... ဒါက မင်းကျန်ရစ်ခဲ့တဲ့ ရတနာတွေကို စုဆောင်းဖို့ ရည်ရွယ်နေတာ ရှင်းပါတယ်။ ”
***