အမှောင်နတ်မိစ္ဆာတောင်တန်း ... ။
Vol. 45 Ch. 539
သရဲဒိုမိန်းဗဟိုနယ်မြေတွင် ဆိုးရွားစွာ ပျက်စီးနေသော တောင်တန်းကြီး တည်ရှိနေ၏။ တောင်တန်းတစ်လျှောက်တွင် သွေးမြူများဖြင့် ဖုံးလွှမ်းကာ အဖျက်စွမ်းအားများ လေထဲ ရစ်သိုင်းနေသေးသည်။
မကြာသေးမီက မရဏငရဲနန်းတော်မှ တန်ခိုးကြီးသော လူတစ်စုသည် ဤတောင်ကို ပိတ်ဆို့ထားခဲ့၏။
“ ဝူး ... ဝူး ... ။ ”
သွေးမြူများ ဖုံးလွှမ်းနေသော တောင်တန်းကြီးကိုမြင်ပြီးနောက် ရီရွှမ်ခမျာ စိတ်လှုပ်ရှားသွားသည်။ စုရီက တံဆိပ်ကို ရုပ်သိမ်းပေးလိုက်ကာ၊
“ ယောက်ဖ ရှေ့မှာ ... ။ ”
ဤသင်ခန်းစာအပြီးတွင် ရီရွှမ်သည် စကားပြောဆင်ခြင်လာ၏။ စုရီမှ ခေါင်းညိတ်လျက်၊
“ ဒီတောင်က ... မင်းနဲ့ ကြယ်တာရာထောင်မှူးတို့ တိုက်ပွဲဖြစ်တဲ့ နေရာ မဟုတ်လား။ ”
-ဟု ပြောကြားလိုက်သည်။
“ ဟုတ်တယ်။ ”
ရီရွှမ်မှ သက်ပြင်းချပြီး၊
“ ဒီလူက အမှောင်တားမြစ်စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင် ... ငါ အသတ်ခံရမှာ မဟုတ်ဘူး။ ”
“ သူက ဘယ်လိုအသွင်အပြင်ရှိလဲ။ ”
စုရီမှ မေးသည်။
" အသက် အရမ်းငယ်သေးတယ် အထူးခြားဆုံးကတော့ သူ့မျက်ခုံးကြားမှာ ရွှေရောင်အမှတ်အသား ပါနေတာပဲ ဒေါင်လိုက် မျက်ဝန်းလို အရမ်းမိုက်တယ် ...
... အဲဒီတုန်းက ... ငါ သူ့နဲ့ တိုက်ခိုက်နေချိန်မှာ အမှောင်တားမြစ်စွမ်းအား အသုံးပြုလိုက်တိုင်း အဲဒီရွှေရောင် အမှတ်အသားဟာ ...
... ငါ့ စိတ်ဝိညာဉ်အပေါ် အလွန် အဟန့်အတား ဖြစ်စေတဲ့ လှိုင်းလုံးကြီးကို ထုတ်လွှတ်တယ် ...
... ဒီတိုက်ပွဲက နတ်ဘုရားကို တိုက်နေရသလိုပဲ ငါ့ကို့ စိတ်ဓာတ်ကျစေတယ် မျှော်လင့်ချက်မဲ့ပြီး အရေးမပါတော့ဘူး။ ”
စကားပြောနေစဉ် ကြယ်တာရာ ထောင်မှူးနှင့် ကြေကွဲဖွယ်တိုက်ပွဲမြင်ကွင်းများ ပြန်အမှတ်ရလာ၏။
“ ဒေါင်လိုက်မျက်ဝန်းနဲ့တူတဲ့ ရွှေရောင်အမှတ်အသားတစ်ခုလား ... ပြီးတော့ စိတ်ဝိညာဉ်ကို ထိတ်လန့်စေတဲ့ တိုက်ခိုက်ရေး စွမ်းအားလား ... ဒီလိုစွမ်းအားမျိုးက မွေးရာပါ မဟုတ်ဘူး ... အမွေတစ်မျိုးမျိုးကို သူ လေ့ကျင့်ထားတာပဲ။ ”
စုရီက သဲလွန်စများကို ကောက်ချက်ချပေး၏။ တစ်ဆက်တည်းမှာပင် ဥက္ကာခဲတွင်းနက်ကြီးမှ ထိုမျက်ဝန်းသည် ရီရွှမ်ကို သတ်ခဲ့သော ထိုကြယ်တာရာ ထောင်မှူး ဖြစ်နိုင်မည်ဟု ခံစားရသည်။
နှစ်ယောက်သား စကားစမြည် ပြောကြားလျက် တောင်တန်းအတွင်းသို့ နက်နက်ရှိုင်းရှိုင်း တိုင်းဝင်လာခဲ့၏။
အဝေးမှနေ၍ သွေးစွန်းနေသော မြူခိုးများဖုံးလွှမ်းနေသည့် တားမြစ်နယ်မြေကို မြင်လာခဲ့သည်။
“ ယောက်ဖ ငါခံစားရတယ်။ ”
ဤအခိုက်တွင် သူ့အလောင်း၏ အရိပ်အယောင်ကို ခံစားနိုင်သဖြင့် ရီရွှမ်ခမျာ ရုတ်တရက် စိတ်လှုပ်ရှားလာ၏။
သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း တစ္ဆေသရဲတစ်ကောင်လို လွင့်မျောပြီး ရှင်သန်ခဲ့ရသည်။ ထို့ကြောင့် ခန္ဓာကိုယ်သည်သာ ပြန်လည်ရယူနိုင်သော် ခွန်အားကို ပြန်ရနိုင်၏။
“ အရမ်းမပျော်နဲ့ဦး ... မင်းခန္ဓာကို ပြန်ရရင်တောင် အထွတ်အထိပ်အဆင့်ကို ပြန်တက်လှမ်းဖို့ ခက်လိမ့်မယ် ...
... သေချာတာက မင်းဟာအကြွင်းအကျန် ဝိညာဉ်တစ်ခုပဲ မင်းရဲ့အတိတ်က စွမ်းရည်တွေနဲ့ အုတ်မြစ်တွေအားလုံး ပျက်စီးသွားတာ ကြာနေပါပြီ။”
နှစ်ယောက်သား စကားပြောနေစဉ် ကျယ်လောင်သော အော်ဟစ်ဟန့်တားသံနှင့် အတူ လူရိပ်နှစ်ရိပ် ထွက်ပေါ်လာ၏။
“ အမှောင်နတ်မိစ္ဆာ တောင်တန်းကို ငါ့မရဏငရဲနန်းတော်က ချိတ်ပိတ်ထားလိုက်ပြီ မင်းတို့နှစ်ယောက် ချက်ခြင်းထွက်သွားပါ မဟုတ်ရင် ကရုဏာမရှိ သတ်ပစ်ရလိမ့်မယ်။ ”
တစ်ယောက်သည် အဖြူရောင်ဝတ်ရုံ ၀တ်ဆင်ထားပြီး မျက်လုံးများသည် နတ်ဆိုး တစ်ကောင်ကဲ့သို့ စိမ်းမြနေသည်။
ကျန်တစ်ယောက်သည် ဆံပင်များ ကျဲပါးနေသော အဘိုးကြီးပေပင်။ အရိုးဖြင့် ပြုလုပ်ထားသည့် ဆေးတံရှည်ကြီးကို ကိုင်ထား၏။
သူတို့နှစ်ဦးလုံးသည် ဝိညာဉ် ထင်ရှားခြင်းအဆင့် ရောက်ရှိနေကြပြီဖြစ်သည်။ ဤနေရာတွင် ဝိညာဉ်ထင်ရှားခြင်း အဆင့် ကျွမ်းကျင်သူ နှစ်ယောက်ကို ထားရှိခြင်းသည် မည်မျှအရေးကြီးကြောင်း ပြသနေသည်။
“ မင်းတပည့်တွေက ... သူတို့ဘိုးဘေးရဲ့ တာအိုခန္ဓာကိုယ်ကို ရှာတွေ့ပြီး ... သိမ်းဆည်းဖို့ ပြင်နေပုံရတယ်။ ”
စုရီက နောက်ပြောင်သည်။ ရီရွှမ်မှ မျက်နှာပျက်ယွင်းသွားပြီး၊
“ ယောက်ဖ၊ ဒီဟာသက ရယ်စရာ မကောင်းဘူးနော် ... ။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်၏။
“ မင်းတို့နှစ်ယောက်ကို ထွက်သွားဖို့ ငါပြောနေတယ်မဟုတ်လား နေဝံ့သေးသလား၊ မင်း သေခြင်းကို တကယ်ရှာနေတာလား။ ”
ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် အမျိုးသားမှ မကျေမနပ်ဖြင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ကာစိုက်ကြည့်လာ၏။
စုရီက သူ့ကိုလျစ်လျူရှုပြီး ရီရွှမ်ထံလှည့်ကြည့်ကာ၊
“ ဒါဆို မင်းရဲ့တပည့်ကို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”
-ဟု မေးမြန်းလိုက်သည်။ ရီရွှမ်တစ်ယောက် စိတ်ရှုပ်ထွေးလာပြီး၊
“ ကမ္ဘာကြီးဟာ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားပြီ လက်ရှိ မရဏငရဲနန်းတော်ဟာ ငါနဲ့မသက်ဆိုင်တော့ဘူး ဆိုပေမယ့် ... သူတို့ကိုတော့ မသေစေချင်ဘူး။ ”
“ ကောင်းပြီ ... ။ ”
စုရီမှ ခေါင်းညိတ်လျက် လေထဲ လက်လှမ်းလိုက်တော့သည်။ ဆေးတံရှည်ကြီး ကိုင်ဆောင်ထားသော အဘိုးအိုတစ်ဦးသည် တောင်တစ်လုံးဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ မြေကြီးပေါ် လဲကျသွား၏။
“ ဒါ ... ။ ”
အဖြူရောင်၀တ် အမျိုးသားခမျာ အေးခဲသွားသည်။ ဤလူငယ် မည်သူနည်း။ အဘယ့်ကြောင့် သည်မျှ ကြောက်စရာ ကောင်းနေသနည်း။
သို့သော် သူအာရုံ ပြန်မရမီ စုရီမှ နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လာ လေသည်။
“ ဖြန်း ... ။ ”
လေထဲ လက်ဖဝါးရိပ်ကြီးပေါ်လာကာ လဲကျသတိလစ်သွား၏။ အစမှအဆုံးအထိ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် တုန့်ပြန်မှုပင် မပြုနိုင်ခဲ့ချေ။
“ သွားကြစို့ ... ။ ”
စုရီမှ ဆက်လျှောက်သွား၏။ ရီရွှမ်တစ်ယောက် သက်ပြင်းချလျက် အပြေး လိုက်ပါသွားလေသည်။ သူ့ယောက်ဖသည် အချိန်တိုင်း ကြီးစိုးနေ၏။
တစ်ချိန်တည်းမှာပင် သွေးမြူများဖုံးလွှမ်းနေသည့် ဧရိယာအတွင်း၌ တာအိုဝတ်လုံဝတ် အမျိုးသားတစ်ဦး လက်နှစ်ဖက်နောက်ပို့ကာ ရပ်နေခဲ့သည်။
သူ့ရှေ့တွင် တည်ဆောက်ထားသော ကြေးပလ္လင်လေးခုရှိ၏။ ပလ္လင်တစ်လုံးစီတွင် ရတနာအပိုင်းအစများစွာ ထားရှိသည်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှ ကျင့်ကြံသူလေးဦးသည် ပလ္လင်တစ်လုံးစီ ရှေ့၌ တင်ပျဉ်ခွေထိုင်နေ၏။
ပလ္လင်ထံမှ တောက်ပသော အလင်းတန်းများသည် ပိုက်ကွန်ကြီးကဲ့သို့ ဒေသကြီးအနှံ့ ဖုံးလွှမ်းနေသည်။
တာအိုဝတ်ရုံဝတ် အမျိုးသားသည် ဤမြင်ကွင်းများကို ကြည့်ရှုနေခဲ့ပြီး ဖုံးကွယ်၍ မရသော မျှော်လင့်ချက်များ ပြသနေ၏။
“ အကြီးအကဲကူ ... ငါတို့ ဘယ်လောက်အထိ စောင့်ရမှာလဲ။ ”
ထိုအမျိုးသား၏ ဘေးတွင် နှင်းကဲ့သို့ဖြူဖွေးသော အသားအရည်မျိုးနှင့် အနက်ရောင်ဝတ် အမျိုးသမီးတစ်ဦးရှိ၏။
သူမက ထိုအမျိုးသားကို ကြည့်ကာ မေးမြန်းလိုက်ခြင်းပေပင်။ တာအိုဝတ်လုံဝတ် အမျိုးသားမှ အနည်းငယ်တွေးတောလျက်၊
“ ငါ့ရဲ့အမြင်အရ နေ့တစ်ဝက်အတွင်း ဘိုဘေးချန်ထားခဲ့တဲ့ တာအိုရုပ်အလောင်းကို ဖော်ယူနိုင်ပါလိမ့်မယ်။ ”
-ဟု ပြန်ဖြေ၏။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက နှုတ်ခမ်းများဖွဖွကိုက်ကာ သက်ပြင်းချလျက်၊
“ ဘိုးဘေးလို တန်ခိုးရှင် ဒီနေရာမှာ ဆုံးပါးသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ”
-ဟု ညည်းတွားလိုက်၏။
သူမမျက်ခုံးကြားတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေသည်။ တာအိုဝတ်လုံ ဝတ် အမျိုးသားက၊
“ နှစ်တွေ ကြာခဲ့ပြီလေ ... မရဏငရဲနန်းတော်ရဲ့ သားမြေးတွေအနေနဲ့ နန်းတော်သခင်ရဲ့ ညွှန်ကြားချက်အတိုင်း ငါတို့က ဘိုးဘေးရုပ်အလောင်းကို ပြန်ယူပေးသင့်ပါပြီ။ ”
-ဟု ပြောကြားလာ၏။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးမှ၊
“ ဒါဆို ... ဘိုးဘေးနယ်မြေမှာ ငြိမ်းချမ်းစွာ သင်္ဂြိုဟ်မယ်မဟုတ်လား။ ”
-ဟု ပြန်မေး၏။ တာအိုဝတ်ရုံဝတ် အမျိုးသားမှ မျက်လုံးများ တဖျပ်ဖျပ်ခတ်လျက်၊
“ ဒီကိစ္စကို ငရဲနန်းတော်သခင်က စီစဉ်ပါလိမ့်မယ်။ ”
-ဟု တုန့်ပြန် ဖြေကြားသည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ခေတ္တမျှတိတ်ဆိတ်နေပြီး၊
“ အကြီးအကဲကူ ... မင်းမပြောဘူး ဆိုရင်တောင် နန်းတော်သခင်က မင်းနဲ့အတူ ကာကွယ်သူ လေးယောက်ကို ဒီတစ်ကြိမ် စေလွှတ်ခဲ့တာကို ငါနားလည်ပါတယ် ...
... ဒါက ဘိုးဘေးရဲ့ရုပ်ကြွင်းကို ထုတ်ယူပြီးရင် သင့်လျော်တဲ့သင်္ဂြိုဟ်မှုလုပ်မှာ မဟုတ်ဘူး မဟုတ်လား။ ”
“ မင်းဘာကိုဆိုလိုတာလဲ ... ။”
တာအိုဝတ်လုံဝတ် အမျိုးသားမှ မျက်မှောင်ကြုတ်သွားတော့၏။ အနက်ရောင် ဝတ်လုံဝတ် အမျိုးသမီးမှ ခေါင်းယမ်းပြီး၊
“ ဘာမှ မဟုတ်ပါဘူး ... ဘိုးဘေးရဲ့ ရုပ်ကြွင်းကို အခွင့်အရေးအနေနဲ့ မမြင်စေချင် သလို ဒီလိုလုပ်ရပ်မျိုးကလည်း ...
... ဘိုးဘေးအပေါ် သစ္စာဖောက်သလို ဖြစ်မယ်မဟုတ်လား ဘိုးဘေးသာ သိသွားခဲ့ရင် ဒေါသဖြစ်မှာ ငါကြောက်မိတယ်။ ”
“ ဟမ့် ... ရွှမ်ကျစ် ... မင်းငါ့ကိုသာ ဒီလိုပြောနိုင်ပေမယ့် တခြားသူတွေကြားသွားရင် ဒီစကားတွေက မင်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်ဆိုတာ သိရဲ့လား။ ”
အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ယောက် ထိတ်လန့်သွားပြီး အမျိုးသား၏ ခြိမ်းခြောက်မှုကြောင့် ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
***