မျက်ဝန်းမှော်ပညာ
Vol. 152 Ch. 2164
မော့ခယ်က ခေါင်းကို ငုံ့ကာ ရီဖူရှင်းအား ငုံ့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ သဏ္ဌာန်မဲ့ ဖိအားများ ထွက်ပေါ်လာကာ ရီဖူရှင်းကို လွှမ်းခြုံသွားသည်။
သို့သော် ရီဖူရှင်းက ကြောက်ရွံ့ခြင်းမရှိဘဲ သူ့အား တိုက်ရိုက် ပြန်စိုက်ကြည့်လာသည်။ သူ၏ မျက်လုံးများထဲ၌ အထင်အမြင်သေး စက်ဆုပ်ခြင်းနှင့် ဂရုမစိုက်ခြင်းအချို့ စွန်းထင်းနေသည်။
မော့ခယ်၏ အဆင့်က မည်မျှ အစွမ်းထက်နေပါစေ သူ လုပ်ခဲ့သည့် ကိစ္စရပ်များကြောင့် မည်သည့် လေးစားမှုမှ ရရှိလိမ့်မည် မဟုတ်ပေ။ ထို့အစား အခြားလူများက သူ့ကို အထင်အမြင်သေး စက်ဆုပ်ရုံသာ ရှိပေလိမ့်မည်။
လေဟာနယ်အတွင်း မမြင်နိုင်သော ဖိအားတစ်ခု ပေါ်ပေါက်လာသည်။ ရီဖူရှင်း၏ နောက်မှ မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလာကာ သူ့ထံမှ ကြီးမားသော မဟာလမ်းစဥ် စွမ်းအားတို့ ပေါက်ကွဲထွက်လာပြီး လေဟာနယ်ထဲ ဦးတည်လိုက်သည်။ ၎င်းသည် မော့ခယ်မှ ထုတ်လွှတ်ထားသော လွှမ်းမိုးနိုင်သည့် ဖိအားနှင့် ထိပ်တိုက်တွေ့ဆုံကာမမမြင်နိုင်သည့် မုန်တိုင်းအဖြစ် အမှန်တကယ် ပြောင်းလဲသွားပြီး ထိုနေရာတစ်ခွင်အား မွန်းကြပ်ဖွယ် ခံစားမှု ဖြစ်ပေါ်လာစေသည်။
"မင်း မကြည့်ရဲဘူးဆိုရင်လည်း လျှောက်ကြွားမနေနဲ့လေ။" ထို့နောက် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အတော်လေးအေးစက်ကာ စိမ်းသက်လှပြီး စက်ဆုပ်အထင်သေးမှုတို့ကို သယ်ဆောင်ထားသည်။
လူတိုင်းက အသံလာရာကို ကြည့်လိုက်သည့်အခါ ခံ့ညားကြည့်ကောင်းသည့် လူတစ်စုကို မြင်လိုက်ရ၏။ သူတို့အားလုံးက အဖြူရောင် ဝတ်ဆင်ထားကြပြီး သူတို့၏ အရှိန်အဝါက ပြင်းထန်ကာ အထူးသဖြင့် ထိုအဖွဲ့ ခေါင်းဆောင်၏ အရှိန်အဝါက ပို၍ လွှမ်းမိုးနိုင်ပေသည်။ သူက လွှမ်းမိုးနိုင်စွမ်းရှိပြီး ထူးချွန်ထက်မြက်ဟန် ပေါ်ကာ သူ၏ မျက်လုံးတစ်စုံကလည်း ထူးခြားလှသည်။ သူ၏ မျက်လုံးများက အခြားလူများနှင့် မတူညီဘဲ စိတ်ကူးယဥ်ဆန်ဆန် လှပသော ခံစားချက်ကို ပေးစွမ်းပေသည်။
"ပုံရိပ်ယောင်နန်းတော်က တန်ခိုးရှင်တွေ။" လူအုပ်ကြားထဲမှ တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။
"အဲဒါက ပုံရိပ်ယောင်နတ်ဘုရားနန်းတော်က ပိုင်ယန်ပဲ။"
ချက်ချင်းပင် ထိုအဖွဲ့၏ ခေါင်းဆောင်က ပုံရိပ်ယောင်နတ်ဘုရားနန်းတော်၏ အတော်ဆုံးတပည့် ပိုင်ယန် ဖြစ်ကြောင်း တစ်စုံတစ်ယောက်က အလျင်အမြန် သတိပြုမိသွားသည်။ သူက လက်ရှိ ပုံရိပ်ယောင်နတ်ဘုရား၏ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်ကာ ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူ့ စွမ်းအားက ထူးခြားဆန်းကြယ်လှပြီး သူက အစအနပင် မကျန်အောင် သတ်ပစ်နိုင်စွမ်း ရှိပေသည်။ သူ့ထံမှ အကြည့်တစ်ချက်က လုံလောက်အောင် သတ်ဖြတ်နိုင်သည်။
"ပုံရိပ်ယောင်နတ်ဘုရားနန်းတော်။" ရီဖူရှင်းက ၎င်းကို နှလုံးသားထဲမှ ရေရွတ်လိုက်သည်။ လေးမျက်နှာကျေးရွာ၏ နောက်ထပ် ရန်သူက ပေါ်ပေါက်လာပြီ ဖြစ်သည်။ လေးမျက်နှာကျေးရွာက အပြောင်းအလဲ ဖြစ်နေသည့် အချိန်၌ နတ်ဆိုးတိမ်လွှာကလန်နှင့် ပုံရိပ်ယောင်နတ်ဘုရားနန်းတော်မှ မည်သည့် တန်ခိုးရှင်မှ ရောက်လာခြင်း မရှိပေ။ ထိုအင်အားစုနှစ်ခုက လေးမျက်နှာကျေးရွာနှင့် နက်ရှိုင်းသော ရန်ငြိုးများရှိကြပြီး လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်များက ထိုအင်အားစုနှစ်ခုထံ ရောက်ရှိသွားခဲ့သည်။
ပုံရိပ်ယောင်နတ်ဘုရားနန်းတော်မှ တစ်စုံတစ်ယောက်သည် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ကို ဆက်ခံခဲ့သူထံမှ သံသရာမျက်ဝန်းကို ယူဆောင်ကာ သူ့မျက်လုံးများနှင့် ပေါင်းစပ်ခဲ့သည်။ ထိုနည်းလမ်းနှင့် သူသည် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ကို ကြောက်မက်ဖွယ် ရက်စက်သော နည်းလမ်းနှင့် ခိုးယူခဲ့သည်။
ရီဖူရှင်းက လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်အား မည်သို့ ဆက်ခံရရှိနိုင်သည့် အကြောင်းကို တွေးမိလိုက်ပြီးနောက် သူသည် ပုံရိပ်ယောင်နတ်ဘုရားနန်းတော်မှ မျက်လုံးများ အထုတ်ခံခဲ့ရသော နတ်ဘုရားနည်းစနစ် ဆက်ခံသူမှာ သော်ယွီ၏ သွေးသားတော်စပ်သော စီနီယာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိပေသည်။ ထိုသည်မှာ မည်သည့်အတွက် သော်ယွီက စွမ်းရည်နိုးထလာပြီး သံသရာမျက်ဝန်းကို ဆက်ခံနိုင်သူ ဖြစ်လာခြင်း ဖြစ်သည်။
"မင်း လုပ်ရဲရင် ကိုယ့်ဘာသာ ကြိုးစားလိုက်လေ။" ရီဖူရှင်းက ဂရုမစိုက်စွာ ပြောလိုက်သည်။
ပိုင်ယန်က ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ ရီဖူရှင်းသည် တစ်စုံတစ်ယောက်ကို ပုံရိပ်ယောင်လောကအတွင်း ခေါ်ဆောင်သွားနိုင်သည့် ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံကို မြင်လိုက်ရပေသည်။ ထိုမျက်ဝန်းတစ်စုံတွင် နတ်အလင်းများဖြင့် ပြည့်နေပြီး ကြီးမားသော ဝဲဂယက်အဖြစ် ပြောင်းလဲသွားကာ တစ်စုံတစ်ယောက်၏ စိတ်အာရုံကို စုပ်ယူနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။
သူက မည်သည့်စကားမှ မဆိုဘဲ ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်ကာ သူ၏ မျက်ဝန်းမှော်ပညာလောကအတွင်း ခေါ်ဆောင်သွားလေသည်။
လူတိုင်းသည် ပိုင်ယန်ကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲ၌ နတ်အလင်းတို့ စီးဆင်းနေသည်ကို မြင်လိုက်ရပြီး သူတို့သည် ချက်ချင်းပင် ပိုင်ယန်က ရီဖူရှင်းအပေါ်၌ သူ၏ မျက်ဝန်းမှော်ပညာ အသုံးပြုနေခြင်း ဖြစ်ကြောင်း နားလည်လိုက်ပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က မျက်ဝန်းမှော်ပညာလောကအတွင်း ပေါ်ပေါက်လာသည်။ သူ့ခန္ဓာကိုယ်အနီးတွင် နတ်ဘုရားကဲ့သို့ ကြီးမားလှသည့် အရိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်း၏ လက်အတွင်း လှံရှည်တစ်လက် ကိုင်စွဲထားကာ ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ ဦးတည်လိုက်သည်။
ဤနတ်ဘုရားက မျက်ဝန်းမှော်ပညာလောကအတွင်း အကြွင်းမဲ့အာဏာရှိကာ ဆန့်ကျင်ရန် မဖြစ်နိုင်ပုံရလေသည်။
ဘုန်း....
ကြောက်မက်ဖွယ် နတ်ဘုရားက နတ်လှံကို ရီဖူရှင်း၏ ခန္ဓာကိုယ်အား ထိုးစိုက်ရန် လုပ်ဆောင်လိုက်သည်။ ထိုအချိန်၌ ရီဖူရှင်းက အလွန် သေးငယ်သိမ်နုပ်နေပုံရသည်။ နတ်ဘုရားလှံက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျလာသော်လည်း ရီဖူရှင်း ခန္ဓာကိုယ်ကို ထိုးဖောက်သွားရမည့်အစား တားဆီးခံလိုက်ရပေသည်။
"ဟင်.." လေဟာနယ်အတွင်းမှ အံ့အားသင့်သည့် အသံတစ်ခုထွက်ပေါ်လာကာ ရီဖူရှင်း၏ အနီးတွင် စတင်စီးဆင်းလာပြီး သူက လေဟာနယ်အတွင်းရှိ ပုံရိပ်ယောင် နယ်မြေအား ကြည့်ကာ ပြောလိုက်သညယ "မင်းရဲ့ ကျင့်ကြံဆင့်လေးလောက်နဲ့ ငါ့အသိစိတ်ကို မျက်ဝန်းမှော်ပညာလို ပုံရိပ်ယောင်နည်းစနစ်လေးသုံးပြီး ထိန်းချုပ်ချင်တယ်ပေါ့။ မင်းက အဆင့်မမီသေးဘူး။"
ထိုအသံက အပြင်လောကတွင် ပဲ့တင်ထပ်လာသည်။ ၎င်းမှာ ရီဖူရှင်း၏ ပါးစပ်မှ ကိုယ်တိုင် ပြောလိုက်သောကြောင့် ဖြစ်ပေသည်။ လူတိုင်းက ထိုနှစ်ယောက် မလှုပ်ရှားဘဲ ရပ်နေသည်ကို မြင်ကြလျှင်ပင် သူတို့နှစ်ယောက် စတင်တိုက်ခိုက်နေပြီကို သိရှိကြပေသည်။
"အဲဒီလိုလား။" ပိုင်ယန်က အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲမှ ပို၍ ကြောက်မက်ဖွယ် ကောင်းလှသော နတ်အလင်းများ တိုးထွက်လာကာ ရီဖူရှင်း၏ ခန္ဓာကိုယ်သို့ ထိုးဖောက်လာ၏။ လူအများသည် ရီဖူရှင်းအား ကာရံထားသည့် မမြင်နိုင်သော စွမ်းအားကို ခံစားမိနိုင်ပေသည်။
မျက်ဝန်းမှော်ပညာ လောကအတွင်းတွင် ရီဖူရှင်းက ဆက်၍ ရပ်နေခဲ့သည်။ ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းတစ်ခုက သူ့ထံ စတင် ဝင်ရောက်လာ၏။ ၎င်းသည် သူရှိနေသည့် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ့အား ဝါးမြိုတော့မလို ခြိမ်းခြောက်လာသည်။
၎င်းသည် ဝိညာဥ်ကို တိုက်ခိုက်လာသည့် အစစ်အမှန် မုန်တိုင်းဖြစ်ပြီး မျက်ဝန်းမှော်ပညာ လောကအတွင်း ပုန်းကွယ်စရာ နေရာမရှိပေ။ ထိုစစ်မှန်သော စိတ်စွမ်းအားများက ဓားတစ်လက်ကဲ့သို့ ထက်ရှပြီး လေဟာနယ်ကို ဖြတ်သန်းကာ ရီဖူရှင်း၏ ခန္ဓာကိုယ်အား ရိုက်ခတ်ကာ ထိုးစိုက်ခံရသည့် ခံစားချက်များ ဖြစ်ပေါ်လာစေရန် ပြုလုပ်နေသည်။
သို့သော် သူ့ခန္ဓာကိုယ်က နတ်အလင်းများဖြင့် ကာကွယ်ခံထားရပြီး ထိုနေရာ၌ ရပ်ကာ အပြင်ဘက်သို့ ကြည့်နေခဲ့သည်။ အပြင်ဘက်ရှိ ရီဖူရှင်း၏ အကြည့်များကလည်း အလွန် ထက်ရှလာပြီး လေဟာနယ်ကို ဖြတ်သန်း၍ အရာအားလုံးကို ဖျက်ဆီးသွားကာ တစ်ဖက်လူ၏ သံသရာမျက်ဝန်းထဲသို့ ထိုးဖောက်သွားခဲ့သည်။
...
ချက်ချင်းပင် ပိုင်ယန်သည် သူ၏ စိတ်အာရုံထဲသို့ ကြောက်မက်ဖွယ် ထက်ရှသော ဓားဖြင့် ထိုးစိုက်ခံရသည်ကို ခံစားမိလိုက်၏။
၎င်းက မျက်ဝန်းမှော်ပညာပင် ဖြစ်လေသည်။
ရီဖူရှင်းသည်လည်း မျက်ဝန်းမှော်ပညာ၌ ထူးချွန်ပေသည်။
ခြောက်ခြားဖွယ် အကြည့်နှစ်ခု ဆုံစည်းသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကြားတွင် ထိတ်လန့်စရာကောင်းသည့် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည့။ ၎င်းသည် သူတို့ မျက်ဝန်းမှော်ပညာ တိုက်ခိုက်မှုများကြားမှ တိုက်ခိုက်ခြင်းပုံရိပ်ဖြစ်ပေသည်။
ဘုန်း.....
အေးစက်လှသည့် လေက ပိုင်ယန်၏ မျက်လုံးများထဲ တည့်မတ်စွာ တိုးဝင်သွား၍ သူ၏ အတွေးများက ရပ်တန့်လုနီးပါး အေးစက်လာသည်ကို ခံစားမိလာစေပြီး လှုပ်ရှားခြင်းမပြုနိုင်လောက်အောင် ဖြစ်လာကာ ထိုအေးခဲမှုက စိတ်ဝိညာဥ်ကိုပင် ခြိမ်းခြောက်လာခဲ့သည်။
ထို့နောက် ပိုင်ယန်က သူ၏ မျက်ဝန်းမှော်ပညာကို အသုံးပြုနေခြင်းမှ ရပ်တန့်လိုသော်လည်း ရီဖူရှင်း၏ မျက်လုံးများမှ တိုးထွက်လာသော နတ်အလင်းများက သူ့သိစိတ်အာရုံအတွင်း တိုးဝင်လာသည်ကိုသာ တွေ့လိုက်ရပေသည်။ ထိုပုံရိပ်ယောင်အတွင်း သူတို့အနီးမှ လူတိုင်းသည် အေးစက်နေသည့် လတစ်စင်းကို မြင်တွေ့လိုက်ရသည်။ သူတို့သည် အလွန် ခမ်းနားထည်ဝါသည့် နတ်ဓားနှင့် ပြိုင်ဘက်ကင်း လှံရှည်တစ်လက်ကို မြင်တွေ့ခဲ့ရပေသည်။
မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ်နတ်အလင်းက ပိုင်ယန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့၏။ ရီဖူရှင်း၏ မျက်လုံးများက မြင်ရသည်မှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေသည်။
ရီဖူရှင်းက ပိုင်ယန်ကို တိုက်ခိုက်ရန် အမှန်တကယ် မျက်ဝန်းမှော်ပညာအား အသုံးပြုနေသည်လား။
ပိုင်ယန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ကြည့်ရသည်မှာ သူက တိုက်ခိုက်မှုမှ လွတ်မြောက်ချင်ကာ ရုန်းကန်နေပုံရသော်လည်း နတ်အလင်းက သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ လွှမ်းခြုံထားသည်။ သူက ထိုနေရာမှ ထွက်ခွာရန် နည်းလမ်းမရှိဘဲ ပိတ်မိနေပုံရလေသည်။
၎င်းသည် လူအများကို အမှန်တကယ် ဇဝေဇဝါ ဖြစ်စေသည်။ ပိုင်ယန်၏ အကောင်းဆုံး နည်းစနစ်မှာ မျက်ဝန်းမှော်ပညာ ဖြစ်သော်လည်း သူ အကျွမ်းကျင်ဆုံး နည်းစနစ်နှင့် သူက ပြန်အတိုက်ခိုက်ခံနေရသည်။ အဆိုးဆုံးမှာ သူက မည်သည့် အရေးသာမှုမှ မရှိဘဲ အမှန်တကယ်၌ ရှုံးနိမ့်နေသည်ဟု ပြောလျှင်ပင် မမှားနိုင်ပေ။
"မင်း တခြားတစ်ယောက်ဆီက ခိုးထားတဲ့ မျက်ဝန်းမှော်ပညာကို ငါ့ရှေ့မှာ ဘယ်လို သတ္တိမျိုးနဲ့ သုံးရဲရတာလဲ။" ရီဖူရှင်းက ကြိမ်းဝါးလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပိုင်ယန်၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားလေသည်။ သူ့ မျက်နှာက သေလောက်အောင် ဖြူဖျော့နေပြီး လတ်ဆတ်သော သွေးများက သူ့မျက်လုံးမှ ယိုစီးကျလာနေသည်။
"ဘုရားရေ..."
လူတိုင်းသည် ထိုမြင်ကွင်းအား မြင်သည့်အခါ သူတို့၏ နှလုံးသားများ တုန်ယင်သွားသည်ကို ခံစားလိုက်ရပေသည်။ ရီဖူရှင်း၏ မျက်လုံးများက တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာသော်လည်း သူ ပိုင်ယန်အား ကြည့်သည့် ပုံစံ၌ စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နှက်နေပေသည်။
ပိုင်ယန်၏ သွေးထွက်နေသော မျက်လုံးများက ပွင့်လာကာ ရီဖူရှင်းကို စိုက်ကြည့်လာသည်။ သူ့မျက်နှာက စက္ကူဖြူကဲ့သို့ ဖြူဖျော့နေခဲ့သည်။ ထိုသည်မှာ သူ ခံစားဖူးခဲ့သမျှ၌ အကြီးမားဆုံး အရှက်ခွဲစော်ကားခံရခြင်းပင် ဖြစ်သည်။
သူက ရီဖူရှင်းကို တိုက်ခိုက်ရန် အကောင်းဆုံး နည်းစနစ်အား အသုံးပြုခဲ့သော်လည်း သူသည်သာ အနိုင်ကျင့်စော်ကားခံခဲ့ရပေသည်။ သူက အရှက်ခွဲခံရန် တမင်သက်သက် တောင်းဆိုခဲ့သလိုပင် ဖြစ်၏။
'ဘုရားရေ.. သူက တကယ့်ကို အစွမ်းထက်တာပါလား။' ဟု တန်ခိုးရှင်များအားလုံးက ရီဖူရှင်းကို ကြည့်ရင်း တွေးလိုက်ကြသည်။ သူတို့သည် ရီဖူရှင်း မည်မျှ အစွမ်းထက်ကြောင်း ကောလာဟလတချို့ ကြားဖူးသော်လည်း ဤသည်မှာ သူတိုက်ခိုက်သည်အား မြင်ဖူးသည်က သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ အဆင့်မြင့်သော အင်အားစုများမှ တန်ခိုးရှင်များသည်ပင် အလွန် အံ့အားသင့်ခဲ့ကြသည်။ ရီဖူရှင်းသည် ပိုင်ယန်အား ရှုံးနိမ့်စေရန် ပိုင်ယန် ကျွမ်းကျင်သည့် မျက်ဝန်းမှော်ပညာကိုသာ အသုံးပြုခဲ့ပေသည်။ ၎င်းက မည်သို့သော မှော်ပညာမျိုး ဖြစ်သနည်း။
သူတို့သည် ရီဖူရှင်းအား ကြည့်ကာ ယခင်ကထက် ပို၍ လေးစားမှု ရှိလာကြသည်။ ရှန်ချင်းနယ်မြေအတွင်းမှ အနည်းငယ်သည်သာ ထိုသို့ ကောင်းချီးပေးခံထားရသော သူမျိုးနှင့် နှိုင်းယှဥ်နိုင်ပေသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ အစွမ်းထက်ဆုံး တန်ခိုးရှင်များသည်ပင် သူ့ကြောင့် ပြင်းထန်စွာ ထိုးနှက်ခံရပြီး အရှုံးအား ဝန်ခံခဲ့ရသည်။ ယခုတွင် ပိုင်ယန်သည်လည်း မျက်ဝန်းမှော်ပညာကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
ရီဖူရှင်းက ပိုင်ယန်ကို ထပ်မကြည့်တော့ဘဲ နတ်ဘုရားခေါင်းတလားသို့ လျှောက်သွားခဲ့သည်။ သူလျှောက်သွားသည့်အခါ လူတိုင်း၏ မျက်လုံးများက သူ၏ လှုပ်ရှားမှုနောက် လိုက်ပါသွားပေသည်။ ရီဖူရှင်းက နတ်ဘုရားခေါင်းတလားအတွင်းရှိ ရှေးဟောင်းခန္ဓာကို ကြည့်သည့်အခါ မည်သို့ ဖြစ်လိမ့်မည်နည်း။
***