ရင်းနှီးလာခြင်း
Vol. 152 Ch. 2167
ကျိုးမုဟွမ်က ရီဖူရှင်း ပြောသည်အား ကြားသည့်အခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျုပ် နားလည်ပါတယ်။"
ရီဖူရှင်းနောက်မှ အခြားလူများက သူ့ကို နက်ရှိုင်းသော အဓိပ္ပါယ်များနှင့် ကြည့်လိုက်ကြသည်။ ထိုသို့သော အခွင့်အရေးကို လက်လွတ်ခံရန်မှာ အမှန်တကယ် နှမြောစရာပင် ဖြစ်သည်။ ရီဖူရှင်းကဲ့သို့ အလွန် ပါရမီရှိသော သူမျိုးမှာ အနာဂတ်၌ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ချေ အလွန် မြင့်မားပေသည်။
သို့သော် သူက နယ်မြေသခင်အိမ်တော်၌ ကျင့်ကြံပါက ထိုသို့ အောင်မြင်မှုမျိုးကို လျင်မြန်စွာ ရရှိရန် သေချာလှသည်။
အရေးကြီးဆုံးမှာ ရီဖူရှင်းထံ၌ ရန်သူများစွာ ရှိပေသည်။ သူတို့ အမြင်အရ သူတို့၏ အောင်မြင်ရာလမ်းဆီ လျှောက်လှမ်းနေစဥ်၌ သတ်ဖြတ်ခံလိုက်ရသော ထူးချွန်လှသည့် ပါရမီရှင်များစွာ ရှိပေသည်။ ရီဖူရှင်းက နယ်မြေသခင်အိမ်တော်၌ ကျင့်ကြံနိုင်ခဲ့လျှင် သူက ရှန်ချင်းနယ်မြေသခင်အိမ်တော်၏ ကာကွယ်ပေးမှုကို ရရှိလိမ့်မည်ဖြစ်ကာ အန္တရာယ်နည်းပါးသွားနိုင်ပေသည်။ သို့သော် သူက နယ်မြေသခင်အိမ်တော်အစား လေးမျက်နှာကျေးရွာကို ရွေးချယ်ခဲ့သည်။
ကျိုးမုဟွမ်က လူအုပ်ကြီးအား ကြည့်ကာ ပြောလိုက်၏။ "ဒီနေ့ ရောက်ရှိနေကြတဲ့ ခင်ဗျားတို့အားလုံးက ရှန်ချင်းနယ်မြေရဲ့ အတော်ဆုံးတွေပါ။ နတ်ဘုရားခေါင်းတလားကို ကြည့်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။ ကြည့်ချင်တဲ့ ဆန္ဒရှိတဲ့ ဘယ်သူမဆို တခြားသူ လုပ်တဲ့အတိုင်း လိုက်မလုပ်ကြပါနဲ့။ ခင်ဗျားတို့ ဒီကနေ တစ်ခုခု ရသည်ဖြစ်စေ မရသည်ဖြစ်စေ ခင်ဗျားတို့ ကိုယ်တိုင်ပေါ်ပဲ မူတည်တယ်။"
လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ကျိုးမုဟွမ်က ပြောလာပြီဖြစ်ရာ အခြားလူများက မည်သည်ကို ပြောနိုင်ပါတော့မည်နည်း။
ကျိုးမုဟွမ်သည် နတ်ဘုရားခေါင်းတလားထံ လျှောက်သွားခဲ့ပြီး အထဲသို့ တစ်ချက်ကြည့်လိုက်သည်။ သူတစ်ချက်ကြည့်လိုက်ရုံနှင့် သူ့အနီးတွင် ကြီးမားသော မဟာလမ်းစဥ်စွမ်းအားများက တုန်ခါလာသည်။ သို့သော် ထိုကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံက နတ်ဘုရားခေါင်းတလားအတွင်း ဆက်ကြည့်နေခဲ့သည်။ သူက အချိန် အတော်လေးကြာပြီးနောက် မျက်လုံးများကို မှိတ်ကာ အဝေးသို့ ဆုတ်ခွာလိုက်သည်။
ကြည့်နေကြသည့် လူအားလုံးက အံသြထိတ်လန့်သွားကြပြီး သူက အတော်ဆုံးများထဲမှ အတော်ဆုံးဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ကြောင်း ယူဆလိုက်ကြသည်။ ကျိုးမုဟွမ်က မုယွင်လန်နှင့် မော့ခယ်တို့ထက် အဆင့် တစ်ဆင့်လေးမျှသာ မြင့်သော်လည်း ထိုတစ်ဆင့်လေး၏ ကွာခြားချက်က မိုးနှင့်မြေကဲ့သို့ ဖြစ်လေသည်။ ထူးချွန်သည့်လူ မည်မျှ များနေပါစေ သူတို့က လက်တွဲကာ ကျိုးမုဟွမ်အား ရင်ဆိုင်လျှင်ပင် သူတို့ အနိုင်ရလိမ့်မည် မဟုတ်ဟု ဆိုကြပေသည်။
"အဲဒီတော့ ဒါက မဟာအင်ပါယာအဆင့်တွေ ဘယ်လိုလဲ ဆိုတာလား။" ကျိုးမုဟွမ်က ရေရွတ်လိုက်သည်။ သူ၏ အရှိန်အဝါက ပြောင်းလဲနေပြီး သူသည် အများထက်မှ သာလွန်သော တစ်စုံတစ်ယောက်ဟု ခံစားရအောင် ပြုလုပ်နေသည်။ သူသည် ထိုမြင်နေရသော ရှေးဟောင်းသင်္ကေတအက္ခရာများက လူအများသိထားသည့် မဟာလမ်းစဥ်ထက် ကျော်လွန်နေကြောင်း ပြောနိုင်ပေသည်။ ၎င်းသည် မဟာအင်ပါယာရှန်ကျား ကိုယ်တိုင် ဖန်တီးထားသည့် လမ်းစဥ်ဟုပင် ဆိုနိုင်သည်။
သင်္ကေတအက္ခရာများမှာ သူ့ခန္ဓာကိုယ်အတွင်း ထွင်းထုထားသလို ဖြစ်နေပြီး လမ်းစဥ်ခန္ဓာ ဖြစ်လာပုံရလေသည်။
ထိုအချိန်၌ တစ်စုံတစ်ယောက်က ကျိုးမုဟွမ်၏ ဘေးသို့ လျှောက်လာခဲ့သည်။ ထိုအမျိုးသမီးမှာ ထူးခြားသော သွင်ပြင်လက္ခဏာရှိပြီး အလွန် ကျက်သရေရှိလှသည်။ သူမသည် သာမန်ဘုံသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ ခံစားမိစေသည်။
ထိုအမျိုးသမီးမှာ ကျိုးမုဟွမ်၏ ညီမ ကျိုးလင်ရှီး ဖြစ်သည်။
ကျိုးလင်ရှီးက သူမ အစ်ကိုကို ကြည့်လိုက်သည်ကို မြင်သည့်အခါ ကျိုးမုဟွမ်က ပြောလိုက်၏။ "မင်း ကြည့်မယ်ဆိုရင် သေချာဂရုစိုက်။ မဟာအင်ပါယာရှန်ကျားက ဟိုးနှစ်ပေါင်းများစွာကတည်းက သာမန်လူတွေ နားမလည်နိုင်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။ ငါတို့ ကျွမ်းကျင်တဲ့ စွမ်းအားတွေ အားလုံးက သူ့ရှေ့မှာ အသုံးမဝင်ဘူး။ မင်း တကယ် ကြည့်ချင်တယ်ဆိုရင် သေချာပြင်ဆင်ရမယ်။"
"ကြည့်ချင်တယ်။" ကျိုးလင်ရှီးက ပြန်ဖြေလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော ရည်မှန်းချက်များကို မြင်နေရသည်။ သူမသည် မည်သည့် အကျိုးဆက် ဖြစ်လာသည်ဖြစ်စေ လုပ်နိုင်စွမ်းရှိသည်ဟု ယူဆမိပြီး ထိုရုပ်ကြွင်းအား သူမ၏ မျက်လုံးများနှင့် မမြင်ရမချင်း မည်သည့်အခါမှ စိတ်အေးနိုင်လိမ့်မည် မဟုတ်ပေ။
"ဒါဆို ကောင်းပြီလေ။" ကျိုးမုဟွမ်က ခေါင်းညိတ်ကာ ကျိုးလင်ရှီးအား မရပ်တန့်တော့ပေ။
ကျိုးလင်ရှီးက ဆက်လျှောက်သွားကာ သူမကိုယ်သူမ နတ်အလင်းနှင့် လွှမ်းခြုံထားပြီး သူမကို ပို၍ ထူးခြားဆန်းကြယ်ကာ စိတ်ကူးယဥ် ဆန်လာစေသည်။
နယ်မြေသခင်အိမ်တော်မှ ထိုမင်းသမီးလေးသည်လည်း ထူးချွန်သော ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ သူမသည် ထူးချွန်ထက်မြက်သော ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်ဖြစ်ကာ ချို့ယွင်းချက်ကင်း အဆင့်ခြောက်ရန်ဟောင် ဖြစ်ပေသည်။ သူမသည် အဆင့်မြင့်ရန်ဟောင်တစ်ပါး အဆင့်ကို ခြေလှမ်းထားခဲ့ပြီး ဖြစ်သည်။ နယ်မြေသခင်အိမ်တော်၏ စွမ်းအား အလားအလာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းနိုင်ကြပေသည်။
နယ်မြေသခင်ကိုယ်တိုင်အပြင် သူ၏ ကလေးများသည်ပင် အားလုံး အထက်၌ ရှိနေသည်မှာ သိသာသည်။
ကျိုးလင်ရှီးက နတ်ဘုရားခေါင်းတလားထံ လျှောက်သွားကာ အထဲသို့ ကြည့်လိုက်သည်။ မည်သည့် အံ့သြဖွယ် အဖြစ်အပျက်မှ ဖြစ်မလာပေ။ နယ်မြေသခင်အိမ်တော်၏ မင်းသမီး ဖြစ်သော်လည်း ထိုရုပ်ကြွင်းအား တစ်ချက်ကြည့်ရုံနှင့်ပင် သူမ မျက်လုံးများမှ သွေးတို့ ယိုစီးလာပြီး အရှိန်အဝါတို့က လှုပ်ခတ်လာသည်။ သူမသည် မျက်နှာထက် သွေးတို့ စီးကျလာကာ နောက်သို့ လွင့်စင်သွားပေသည်။ သူမက မျက်နှာကို လက်များဖြင့် ကာထားပြီး အလွန် ဆိုးဝါးစွာ တုန်ယင်နေခဲ့သည်။
လူအများသည် ထိုအမျိုးသမီး ရန်ဟောင်လေးက သနားစဖွယ် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အခါ သနားသည်ဟု ခံစားလိုက်ကြရပေသည်။
ကျိုးမုဟွမ်က မည်သည့်စကားမှ မဆိုဘဲ သူမ ဘေးသို့ လျှောက်လာခဲ့သည်။ ကျိုးလင်ရှီးက သူမ၏ အခြေအနေ တဖြေးဖြေး တည်ငြိမ်လာစေရန် အနည်းငယ် စောင့်လိုက်ရသည်။ သူမက လက်ကို အဝေးဖယ်လိုက်ပြီး သူမ မျက်လုံးများတွင် သွေးစီးကြောင်းတို့ ကျန်ရှိနေခဲ့သည်။ ၎င်းသည် သူမကို နွမ်းနယ်နေသော အလှလေးဟု ထင်မှတ်ရပေသည်။ သူမက အချိန်မရွေး ကြွေကျသွားတော့မည့် ပန်းလေးတစ်ပွင့်ဟု ထင်မှတ်ရစေသည်။
"မင်း အဆင်ပြေရဲ့လား။" ကျိုးမုဟွမ်က မေးလိုက်သည်။
"အဆင်ပြေတယ်။" ကျိုးလင်ရှီးက ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ ငွေရောင်နှင်းမှုန်များ ပေါ်ပေါက်လာပြီး သူမ မျက်နှာပေါ်မှ သွေးများကို ဆေးကြောသန့်စင်လိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် သွေးရောင်လွှမ်းနေပြီး သူမ မျက်လုံးများကို အပြင်းအထန် ထိခိုက်ထားကြောင်း သိသာနေသည်။ သူမက အဆင့်ခြောက်သာလျှင် ရှိသေးပေသည်။ ထိုသည်မှာ မုယွင်လန်နှင့် မော့ခယ်က သူမထက် နိမ့်ကျကြောင်း သိသာစေသည်။
လူအများသည် တီးတိုးရေရွတ်ရင်း တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။ လူအများက ရီဖူရှင်းကို အထင်ကြီးလေးစားစွာ ကြည့်လိုက်ကြသည်။
သူတို့သည် ကျိုးလင်ရှီး နတ်ဘုရားခေါင်းတလားအား ကြည့်သည့်အခါ မည်သို့ ဖြစ်ပျက်သွားသည်ကို မြင်ပြီးနောက် ရီဖူရှင်းက အမှန်တကယ် မည်မျှ ရှားပါးသူဖြစ်ကြောင်း ပြောနိုင်ပေသည်။
သူက မုယွင်လန်၊ မော့ခယ်တို့နှင့် နှိုင်းယှဥ်သည့်အခါ သူတို့ထက် ပိုမို သာလွန်နိုင်စွမ်း ရှိပေသည်။ ရီဖူရှင်းထက် ကျင့်ကြံဆင့်ပိုမြင့်သော ကျိုးလင်ရှီးသည်လည်း မည်သို့ ဖြစ်သွားသည်ကို လူတိုင်း ဖြစ်နိုင်ကြပေသည်။
...
ကျိုးလင်ရှီးသည် သူမ၏ မျက်လုံးများနှင့် ရီဖူရှင်းကို လှည့်ကြည့်လိုက်သည်။ သူမက သူ့ထံ ကျက်သရေရှိစွာ လျှောက်လှမ်းလာပြီး သူ့အား ဇဝေဇဝါအမူအရာ ဖြစ်ပေါ်လာစေသည်။
ကျိုးလင်ရှီးက ရီဖူရှင်းဘေးသို့ လျှောက်လာကာ သူမက သူ့အား အမှန်တကယ်ပင် ဦးညွှတ်လိုက်သည်။ သူက မျက်ခုံးများကို ပင့်ကာ မေးလိုက်၏။ "ဘာများ အမိန့်ပေးချင်လို့လဲ မင်းသမီးလင်ရှီး။"
"တစ်ခုလောက် မေးချင်လို့ပါ ဆရာရီ။" ကျိုးလင်ရှီးက ပြောလိုက်သည်။ ရီဖူရှင်းက ပြန်ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဘာသိချင်လဲဆိုတာ မင်းသမီးလင်ရှီး ပြောပါ။"
"ကျွန်မ နတ်ဘုရားခေါင်းတလားထဲကို တစ်ချက် ကြည့်ပြီးတော့ ထိန်းမထားနိုင်ခဲ့ဘူး။ အဲဒါက ဆရာရီ ရှင် ဘယ်လောက် ထူးချွန်တယ်ဆိုတာကို သိခွင့်ရစေခဲ့တယ်။ ဒါပေမယ့် နတ်ဘုရားခေါင်းတလားထဲမှာ ဘာရှိတယ်ဆိုတာ အနည်းနဲ့ အများတော့ ပြောနိုင်ပါတယ်။ အထဲမှာ ရှိတဲ့ နတ်ဘုရားရုပ်ကြွင်းကနေ ဒဏ်ရာမရအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ခဲ့လဲဆိုတာ ပြောပြပေးလို့ ရနိုင်မလား။"
ကျိုးလင်ရှီးက မေးလိုက်လျှင် လူတိုင်းက သိချင်စိတ်နှင့် ကြည့်လိုက်ကြ၏။ သူမ မေးလိုက်သည့် မေးခွန်းမှာ သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ လူတိုင်းလည်း သိချင်နေကြခြင်း ဖြစ်သည်။ မော့ခယ်သည်လည်း ယခင်က မေးဖူးခဲ့ပြီး ရီဖူရှင်းက တစ်ခုတစ်လေမှ ပြောမပြချင်ခဲ့ပေ။
သို့သော် နယ်မြေသခင်အိမ်တော်၏ မင်းသမီးက ထိုမျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် သူ့ အကြံဉာဏ်ကို မေးမြန်းခဲ့လေရာ ရီဖူရှင်းက မငြင်းဆန်နိုင်တော့ပေ။
ရီဖူရှင်းက မင်းသမီးအား ကြည့်လိုက်ပြီး သူသည် အဖြေပေးဖို့ရာ ငြင်းဆန်ရန် အမှန်တကယ် ခက်ခဲကြောင်း ရှာတွေ့ခဲ့သည်။
သို့သော် သူ နတ်ဘုရားရုပ်ကြွင်းအား ကြည့်နိုင်စွမ်းရှိသည်မှာ ကမ္ဘာ့သစ်ပင်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေပြီး ထိုသည်မှာ သူက အဖြစ်မှန်တစ်ခုလုံးကို ပြောမပြနိုင်ဟု ဆိုလိုပေသည်။
သို့သော် သူသည် မင်းသမီးက အမှန်တကယ် သူ၏ လမ်းညွှန်မှုကို မေးနေသည်လား သူ့အား စမ်းသပ်နေသည်လား သိချင်မိပေသည်။
ကြည့်ရသည်မှာ အရှေ့တစ်ခုက အမှန် ပိုဖြစ်နိုင်သည်။ သူမက ခေါင်းတလားအား သူမကိုယ်တိုင် ကြည့်ရှုရန် ကြိုးစားခဲ့ပြီး ၎င်းကြောင့်ပင် များစွာ ထိခိုက်ခဲ့ရပေသည်။ ထို့အပြင် နယ်မြေသခင်အိမ်တော်မှ ကျိုးမောင်နှမက သူ့အပေါ်တွင် အလွန် ယဥ်ကျေးကြပေသည်။
"ကြည့်ရတာ ထုတ်မပြောနိုင်တဲ့ အရာတွေ ရှိမယ် ထင်တယ်။ ဆရာရီ ကျွန်မရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။" ကျိုးလင်ရှီးက ပြောရင်း နောက်တစ်ခါ အရိုအသေပေးလိုက်သည်။
"တကယ်တော့ အဲဒီလောက်ကြီး အဆင်မပြေတာ မဟုတ်ပါဘူး။ နတ်ဘုရားရုပ်ကြွင်းကို ကြည့်နိုင်ရတဲ့ အဓိကအကြောင်းရင်းက ကျုပ်ရဲ့ ကျင့်ကြံရေးကြောင့်ပါ။ ပြီးတော့ တုန်းဟွာနယ်မြေမှာ တွေ့ကြုံခဲ့ရတဲ့ အခွင့်အလမ်းတချို့ကလည်း အဲဒီသက်ရောက်မှုကို ခုခံနိုင်စွမ်း တိုးမြင့်စေတယ်။ ဒါပေမယ့် အဲဒါတွေက မင်းသမီးအတွက် များများစားစား အသုံးဝင်လိမ့်မှာ မဟုတ်ဘူး။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
"သိပါပြီ။" ကျိုးလင်ရှီးက ခေါင်းညိတ်လိုက်သည်။ "ကြည့်ရတာ နတ်ဘုရားရုပ်ကြွင်းကနေ သင်ယူနိုင်မယ့် အခွင့်အရေးမျိုး ကျွန်မမှာ မရှိဘူးထင်ပါတယ်။ ရှင့်မှာ ဒီလို စွမ်းရည်မျိုး ရှိတယ်ဆိုတော့ ဆရာရီ ရှင် နတ်ဘုရားရုပ်ကြွင်းကနေ ရှေးဟောင်းနတ်ဘုရားရဲ့ စွမ်းအားကို ခံစားနိုင်စွမ်းရှိလား။"
***