← Chapters

နတ်မိမယ်ချီဟွမ်

Vol. 153 Ch. 2168

နတ်မိမယ်ချီဟွမ်

Vol. 153 Ch. 2168

ရီဖူရှင်းက ကျိုးလင်ရှီးကို တုံ့ပြန်ခဲ့သော်လည်း ၎င်းက ယဥ်ကျေးသည့် စကားလေးမျှသာ ဖြစ်သည်။ အမှန်တွင် သူ မည်သို့မည်ပုံ လုပ်ခဲ့သည်ကို မည်သူမှ နားမလည်။ သူတို့က ခန့်မှန်းရုံသာ တတ်နိုင်သည်။ သူသည် တုန်းဟွာနယ်မြေအတွင်း မိစ္ဆာနတ်ဘုရားကျောင်းမှ လက်ခံရရှိခဲ့သော ကောင်းချီးလက်ဆောင်ကြောင့် မဟာအင်ပါယာ၏ နတ်ရောင်ဝါ စွမ်းအားကို တားဆီးနိုင်ခြင်း ဖြစ်နိုင်ပေသည်။

“ဒါက တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ အင်ပါယာရီ.. ခင်ဗျားက ဒီရုပ်ကြွင်းကို နားလည်နိုင်တယ်ဆိုရင် ဒီအခွင့်အရေးကို လွဲချော်မသွားစေချင်ဘူး။” ကျိုးမုဟွမ်က အပြုံးနှင့် ပြောလိုက်သည်။

“နားလည်ပါပြီ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ် ကြိုးစားပြီးတော့ နတ်ဘုရားရုပ်ကြွင်းကနေ ရှေးဟောင်းကျင့်ကြံခြင်း နည်းစနစ်တချို့ မြင်နိုင်မလား ကြည့်ကြည့်ပါမယ်။ ဒါပေမယ့် ကျုပ်က ခဏလေးပဲ ကြည့်နိုင်ခဲ့ရင် အဲဒါက လေ့လာသင်ယူဖို့ အချိန် လုံလောက်မှာ မဟုတ်ဘူး။ နတ်ဘုရားခန္ဓာကိုယ်က အံ့သြစရာအပြည့်ဆိုပေမယ့် အများကြီး ဖော်ထုတ်ဖို့တော့ ခက်ခဲလိမ့်မယ်။”

“မဟာအင်ပါယာရှန်ကျားရဲ့ ခန္ဓာကိုယ်က တကယ့်ကို အံ့သြစရာပဲ။ ကျုပ်တို့ အတူတူ လေ့လာကြတာပေါ့။ မင်း တစ်ခုခု မေးစရာရှိရင် အင်ပါယာရီ ကျုပ်ကို နယ်မြေသခင်အိမ်တော်မှာ အချိန်မရွေး လာရှာနိုင်ပါတယ်။ ကျုပ်တို့ မင်းရဲ့ အမြင်ကို ဆွေးနွေးနိုင်တယ်လေ။” ကျိုးမုဟွမ်က ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ကျိုးမုဟွမ်က သူ့ကို ထပ်မပြောတော့ပေ။ သူက လူအုပ်ကြီးထံ ပြန်လှည့်ကာ ပြောလိုက်သည်။ “ကြိုးစားကြည့်ချင်တဲ့ ဘယ်သူမဆို ဘယ်လိုအမှားမှ မလုပ်မိအောင် ဂရုစိုက်ရမယ်။ ထိန်းချုပ်မှု မလုံလောက်ရင် မကြိုးစားသင့်ဘူး။ တကယ်လို့ ထိန်းချုပ်မှု လုံလောက်တယ် ထင်ရင် အင်ပါယာရီနဲ့အတူ ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ ကြိုးစားသင့်တယ်။”

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ကျိုးမုဟွမ်၏ မြင့်မြတ်သော အဆင့်အတန်းအရ သူက သူတို့အား ထိုကဲ့သို့ သင်ကြားပိုင်ခွင့် ရှိပေသည်။

ထိုသို့ပြောပြီးနောက် ကျိုးမုဟွမ်က ပြန်လှည့်ထွက်သွားကာ နယ်မြေသခင်အိမ်တော်သို့ ဦးတည်လိုက်သည်။

သူက ခေါင်းကို လှည့်ကာ ထိုနေရာ၌ ရပ်နေသည့် ကျိုးလင်ရှီးကို ကြည့်လိုက်သည်။ “လင်ရှီး ဒီမှာ ဆက်နေဦးမှာလား။ အိမ်တော်ကို ပြန်လိုက်မှာလား။” သူက မေးလိုက်သည်။

“ညီမ ဒီမှာ နေပြီး ကြည့်ချင်သေးတယ်။ အစ်ကို ပြန်နှင့်ပါ။” ကျိုးလင်ရှီးက ပြောလိုက်၏။

“ကောင်းပြီ။” ကျိုးမုဟွမ်က ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။

ကျိုးလင်ရှီးက ရီဖူရှင်းနှင့် မနီးမဝေးတွင် ရပ်လိုက်ပြီး သူ့အား ပြုံးကာ ပြောလိုက်သည်။ “ရှင် မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကနေ တော်ဝင်စွမ်းအားကို နားလည်နိုင်ဖို့ မျှော်လင့်ပါတယ် ဆရာရီ။”

“ယဥ်ကျေးလွန်းနေပါပြီ မင်းသမီးလင်ရှီး။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

လူအုပ်ကြားမှ ချန်ယိနှင့် အခြားလူအချို့သ​ည်လည်း သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အတော်လေး ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဤကျိုးလင်ရှီးက ရီဖူရှင်းကို အတော်ရင်းနှီးလိုပုံရ၏။

“ရုပ်ရည်သွင်ပြင်က အဓိကကျနေဆဲပဲ။” ချန်ယိက ရေရွတ်လိုက်သည်။ ရန်ဟောင်အဆင့်ရောက်နေလျှင်ပင် ရုပ်ရည်သွင်ပြင်က အရေးပါနေဆဲ ဖြစ်သည်။

“ခင်ဗျား နားမလည်ပါဘူး။” ဆရာသိမ်းငှက်က ချန်ယိအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။  ချန်ယိနားမလည်နိုင်သည်မှာ အံ့သြစရာမရှိပေ။

“ကျုပ်က နားမလည်ဘူးလား။” ချန်ယိက သရော်လိုက်သည်။ “ကျုပ်က ဘာကို နားမလည်တာလဲ။”

“သခင်က သူ့ ကိုယ်ပိုင်ရောင်ဝါအောက်မှာ ကိုယ်ပိုင်လမ်းစဥ်နဲ့ လျှောက်လှမ်းနေတာ။ ခင်ဗျားက ဘယ်လို နားလည်နိုင်မှာလဲ။” သိမ်းငှက်သခင်ကြီးက ပြောလိုက်သည်။

“ဘာကြီး။” ချန်ယိက သိမ်းငှက်လေးကို ငတုံးတစ်ကောင်လို ကြည့်လိုက်သည်။ “သားရဲတိုင်းက အဲဒီလိုပဲ အရှက်မရှိ မြှောက်ပင့်တတ်တာပဲလား။”

“နွေဦးပိုးကောင်တွေက ရေခဲအကြောင်း နားမလည်နိုင်သလိုမျိုး သာမန်လူတွေကလည်း လောကရဲ့ ဆရာသခင်တွေအကြောင်းကို ဘယ်လိုနားလည်နိုင်ပါ့မလဲ။” သိမ်းငှက်လေးက နားလည်ရခက်ခဲစွာ ပြောလိုက်သည်။ ချန်ယိက သိမ်းငှက်လေးကို ရိုက်နှက်ချင်စိတ်များ ဖြစ်လာသည်။

သို့သော် သူက ထိုသို့ လုပ်ရန် မလိုအပ်ပေ။ သိမ်းငှက်လေးက ပြောနေရင်း ချက်ချင်းပင် အေးစိမ့်သလို ခံစားလိုက်ရ၏။ သူက လှည့်ကာ ကြည့်လိုက်လျှင် အေးစက်စွာ ကြည့်နေသည့် ရှားရှင်းယွန်ကို မြင်လိုက်ရသည်။ ၎င်း၏ နောက်ကျောက ကျုံ့သွားလေသည်။ သူမ၏သတ်ဖြတ်လိုသော အငွေ့အသက်အား သူခံစားမိသည်။

ထိုအချိန်၌ နူးညံ့ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ “လူစွမ်းကောင်းတွေ အားလုံးထဲမှာအင်ပါယာရီက နတ်ဘုရားခန္ဓာကိုယ်ကို လေ့လာနိုင်တဲ့ တစ်ယောက်တည်းသော သူပဲ။ အဲဒီလိုဆိုတော့ သူက ရှန်ချင်းနယ်မြေရဲ့ အစွမ်းထက် တန်ခိုးရှင်တွေကြားမှာ အစွမ်းထက်ဆုံးလို့ ဆိုလိုတာလား။” ကောင်းကင်မှ တိမ်တိုက်များက ရွေ့လျားနေပြီး ကောင်းကင်မှ လူအုပ်ကြီး ဆင်းသက်လာသည်။ မျက်နှာကာအုပ်ထားသော အမျိုးသမီးများက  ရထားလုံးတစ်စီးအား သယ်ဆောင်လာသည်။ ရထားလုံးက အလွန် ကျယ်ဝန်းပြီး ပါးလွှာသည့် ကန့်လန့်ကာနောက်တွင် ညှို့ချက်ပြင်းသော ပုံရိပ်တစ်ခုက မှီနွဲ့ကာ ထိုင်နေရင်း စိတ်ကူးယဥ်ပုံရိပ်တစ်ခုဟုပင် ထင်မှတ်ရလုနီးပါး ဖြစ်သည်။ ကန့်လန့်ကာကို ဖြတ်၍ မြင်ရလျှင်ပင် သူမက အလွန် အံ့ဖွယ်ကောင်းအောင် လှပကြောင်း သိသာပေသည်။

သိမ်းငှက်နက်လေးက မော့ကြည့်ကာ ရေရွတ်လိုက်သည်။ “နားလည်လား။”

သိမ်းငှက်လေး၏ အမူအရာက လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသိမ်မွေ့ပေသည်။ သူက မှော်ဆန်သော အငွေ့အသက်များ လွှမ်းခြုံထားသလို ထင်မှတ်ရပေသည်။

ချန်ယိ၏ နှုတ်ခမ်းများက တွန့်ချိုးသွားခဲ့သည်။ သူက ယခု အနည်းငယ် နားလည်လာပုံရလေသည်။

...

လူတိုင်း၏ မျက်လုံးများက ရထားလုံးပေါ်သို့ ကျရောက်သွားသည်။ အမျိုးသမီးရန်ဟောင်များက ရထားလုံးကို ဆွဲလာလေရာ အထဲ၌ ပါလာသည်မှာ မည်သို့သော လူမျိုး ဖြစ်နိုင်သနည်း။

“ပုံရိပ်ယောင်နတ်ဘုရားနန်းတော်က လူပဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“အဲဒါ သူမပဲ။” ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များက သူတို့မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ သူတို့က မည်သူရောက်လာသည်ကို သိရှိပြီး ဖြစ်သည်။ ထိုအမျိုးသမီးက ကျင့်ကြံခြင်းလောကအတွင်း အလွန်ကျော်ကြားပေသည်။ ထို့အပြင် သူမက အနည်းငယ် ထူးခြားပေသည်။

သူမက ပုံရိပ်ယောင်နတ်ဘုရားနန်းတော်၌ မွေးဖွားခဲ့သော်လည်း သူမ ငယ်ရွယ်စဥ်၌ မိသားစုအတွင်းရေး ပဋိပက္ခများကြောင့် ကန်ထုတ်ခံခဲ့ရသည်ဟု ဆိုသည်။ သူမက ခက်ခဲသော ဘဝ၌ နေထိုင်ခဲ့ရပြီး ဒုက္ခမျိုးစုံ တွေ့ကြုံခံစားခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် သူမ၏ ကိုယ်ပိုင်မိသားစုကို နာကျင်စေခဲ့သော မိသားစု၏ အဖွဲ့ဝင်များ အားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်က မုန်တိုင်းထန်စေခဲ့ပြီး လူအများကလည်း ထိုအကြောင်းကို ကြားဖူးကြသည်။ သို့သော် ပုံရိပ်ယောင်နတ်ဘုရားနန်းတော်က သူမကို နောက်တစ်ဖန် လက်ခံခဲ့သည်။

ဤအမျိုးသမီးကို ကျင့်ကြံခြင်းလောကမှ လူများက နတ်မိမယ်ချီဟွမ်ဟု ခေါ်ကြသည်။

သူမက ယခု အဆင့်ကိုးရန်ဟောင် အဆင့်သို့ ရောက်နေပြီး သူမ၏ မဟာလမ်းစဥ်က ပြီးပြည့်စုံခြင်း မရှိသော်လည်း ပုံရိပ်ယောင် စွမ်းရည်က အစွမ်းထက်ပေသည်။ သူမသည် လူအများကို အဆုံးမရှိသော လိုအင်ဆန္ဒများဆီ ဆွဲခေါ်သွားပြီး သူတို့ကိုယ်သူတို့ ဆွဲထုတ်၍ မရနိုင်လောက်အောင် နက်ရှိုင်းသည့် နွံထဲ ကျရောက်သွားစေနိုင်သည်။ ထို့ကြောင့် သူမကို နတ်မိမယ်ချီဟွမ်ဟု ခေါ်ကြသည်။ သူမ၏ မိသားစုရန်သူများနှင့် ရင်ဆိုင်သောအခါ သူမသည် သူတို့ကို အသက်ဆက်ရှင်ရန် ဆန္ဒမရှိပင် မရှိလောက်အောင် ဆိုးဆိုးဝါးဝါး ထိခိုက်နာကျင်စေခဲ့သည်။

“ဂရုစိုက်။ အဲဒီနတ်မိမယ်ချီဟွမ်က အဆင့်ကိုးရန်ဟောင်ပဲ။ သူမရဲ့ ပုံရိပ်ယောင်စွမ်းရည်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ သူမက ပရိယာယ်များလွန်းတဲ့ သူတစ်ယောက်ပဲ။ သူမက ပုံရိပ်ယောင်နတ်ဘုရားနန်းတော်ရဲ့ ထူးခြားဆန်းကြယ်သူတစ်ယောက်ပဲ။” သွမ့်ချုံးက ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ ပုံရိပ်ယောင်နတ်ဘုရားနန်းတော်နှင့် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုတို့ အင်အားစုနှစ်ခုလုံး အလယ်အလတ်ကောင်းကင်တတိယအလွှာ၌ အင်အားစုကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် သူက သူတို့ကို အလွန် နားလည်ပေသည်။ သူက နတ်မိမယ်ချီဟွမ်ကို သေချာသိရှိပေသည်။

ရီဖူရှင်းက ၎င်းကို ကြားသည့်အခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ဤနတ်မိမယ်ချီဟွမ်က သူ့ကို မြှောက်ပင့်နေသော်လည်း သူမ၏ စကားလုံးများက သူ့ကို မုန်တိုင်းအလယ် တွန်းပို့နေခြင်း ဖြစ်သည်။ သူ့ ယခင်က အပြုအမူများသည်ပင် အာရုံစိုက်မှု အများအပြားကို ဆွဲဆောင်ခဲ့ပြီး ဖြစ်သည်။ ယခု နတ်မိမယ်ချီဟွမ်က သူသည် ရှန်ချင်းနယ်မြေ၏ ထူးချွန်ထက်မြက်သော တန်ခိုးရှင်အားလုံးကြားတွင် အစွမ်းထက်ဆုံးဟု ပြောလိုက်သည်လား။

ထိုသို့သော ဘွဲ့ထူးမှာ ကောင်းသည့်အရာ မဟုတ်ပေ။

“ခင်ဗျား ကျုပ်ကို မြှောက်လွန်းနေပါပြီ စီနီယာ။ ကျုပ် နတ်ဘုရားရုပ်ကြွင်းကို စူးစမ်းလေ့လာနိုင်တယ်ဆိုတာ ကျုပ်ရဲ့ ထူးခြားတဲ့ ကျင့်ကြံခြင်းကြောင့်ပါ။ ကျုပ်ကိုယ်ကျုပ် အစွမ်းထက်ဆုံးလို့ မခံယူရဲပါဘူး။ ကျုပ်ထက် အစွမ်းထက်တဲ့ တခြားရန်ဟောင်တွေ အများကြီး ရှိသေးတယ်။” ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။ သူက သူမ အမည်ကို သိသော်လည်း သူ့ကို နတ်မိမယ်ဟု မခေါ်ဘဲ 'စီနီယာ'ဟုသာ ပြောခဲ့သည်။

ငွေရောင်ဆည်းလည်းကဲ့သို့ ရယ်မောသံ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းအထက် လေထဲမှ အမျိုးသမီးက ရထားလုံးနှင့်အတူ ဆင်းလာပြီး သူမရှေ့မှ ကန့်လန့်ကာစက လေထဲတွင် လွင့်နေခဲ့သည်။ လူတိုင်းသည် အထဲ၌ မှီလျောင်းနေသော မှင်တက်ဖွယ် ပုံရိပ်ကို ခပ်ဖျော့ဖျော့ မြင်နိုင်ပေသည်။ သူမ မျက်လုံးများက လူတိုင်း၏ ဝိညာဥ်ကို ဖမ်းစားနိုင်စွမ်းရှိသလို ထင်မှတ်ရသည်။ သူမက ရီဖူရှင်းကို ပြုံးပြလိုက်၏။ သူမထံမှ သာမန်အကြည့်တစ်ချက်ကပင် တစ်စုံတစ်ယောက်ကို စိတ်ကူးယဥ်ကမ္ဘာထဲ ဝင်ရောက်သွားစေနိုင်သည်။ သူမသည် သူမကိုယ်သူမ ရီဖူရှင်း မြင်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်လာအောင် ပြုလုပ်လိုက်သည်။ သူ့ အာရုံက ရထားလုံးအတွင်း ဆွဲယူခံရကာ သူမ၏ ပြီးပြည့်စုံကာ ချို့ယွင်းချက်ကင်းသည့် အသွင်သဏ္ဌာန်ကို မြင်တွေ့ရပေသည်။

ထိုအမျိုးသမီး၏ လှပမှုက ကျိုးလင်ရှီးထက် မလျော့ပေ။ သူမသည် ဆွဲဆောင်နိုင်သော အာရုံခံစားမှုကို ပို၍ ပေးစွမ်းပေသည်။ သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကလည်း ပို၍ ကြီးမားသည်။ လူတိုင်းသည် အလှအပကို နှစ်သက်တတ်ကြပြီး ကျင့်ကြံသူများကလည်း ကွာခြားမှုမရှိပေ။ သို့သော် သူတို့၏ အလှအပအပေါ် နှစ်သက်မှုအား ထိန်းချုပ်နိုင်စွမ်း ရှိပြီး သူတို့ စိတ်များကို သက်ရောက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ ရန်ဟောင်အဆင့် တန်ခိုးရှင်များအတွက် အထူးမှန်ကန်ပြီး ထိုအဆင့်ရောက်နေပါက သူတို့က အလှအပ၌ နစ်မြောသွားကြလိမ့်မည် မဟုတ်ပါချေ။

ထို့ကြောင့် သူမ၏ အလှအပက ရီဖူရှင်းအား ဖမ်းစားနိုင်လိမ့်မည် မဟုတ်ပေ။

“အင်ပါယာရီ ဒီလိုခေါ်တာကို ကြားရတာ ကျွန်မကို နာကျင်စေတယ်။” နတ်မိမယ်ချီဟွမ်က နူးညံ့စွာ ပြောလိုက်သည်။ သူမ၏ အသံက ဆန်းကြယ်စွာ ဆွဲဆောင်မှု ရှိနေပြီး စိတ်ကူးယဥ်အိပ်မက်အတွင်း ကျရောက်သွားအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

“စီနီယာက ကျုပ်ထက် အသက်ကြီးသလို ကျုပ်ထက်လည်း ကျင့်ကြံခြင်းပိုမြင့်တယ်။ ဒါကြောင့်ပဲ ကျုပ်က လေးစားသမှုနဲ့ စီနီယာလို့ ခေါ်တာပါ။ ဘာလို့ ကျုပ်က စီနီယာကို နာကျင်စေတယ်လို့ ပြောရတာလဲ။” ရီဖူရှင်းက ကောင်းကင်ထက်မှ ပုံရိပ်ကို မော့ကြည့်ကာ သာမန်ကာလျှံကာ ပြောလိုက်သည်။ သူက သူမကို 'နတ်မိမယ်' မဟုတ်ဘဲ 'စီနီယာ' ဟု ခေါ်နေဆဲ ဖြစ်ပေသည်။

ထည်ဝါလှပသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်မိမယ်ချီဟွမ်က ပြုံးကာ ရထားလုံးထဲမှ ထွက်လာပြီး လေထဲ၌ ရပ်လိုက်သည်။ သူမက ကျက်သရေရှိကာ ခမ်းနားထည်ဝါလှပေသည်။ ချက်ချင်းပင် သူမက ဆွဲဆောင်မှု ရှိသည့် အမျိုးသမီးတစ်ဦးမှ ပြိုင်ဘက်ကင်း ကျက်သရေရှိသည့် တော်ဝင်ဧကရီတစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။

သူမ၏ အမူအရာ ပြောင်းလဲသွားသည်နှင့် လူအများကိုပင် မကြည့်ရဲအောင် ဖြစ်သွားစေသည်။

ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။ ဤအပြောင်းအလဲ အလွန် လျင်မြန်လှသည်။ သူမက အမှန်တကယ်ပင် ပုံရိပ်ယောင်နတ်ဘုရားနန်းတော်မှ တန်ခိုးရှင်တစ်ယောက် ​ဖြစ်ပေသည်။

“အင်ပါယာရီသာ ဆန္ဒရှိရင် ခေါ်ချင်သလိုသာ ခေါ်ပါတော့။” သူမက အပြုံးနှင့် ပြောလိုက်သည်။ သူမ တစ်ချက်ကြည့်လိုက်သည်နှင့် မြင့်မြတ်သော အရှိန်အဝါက ရီဖူရှင်းပေါ်သို့ လွှမ်းခြုံလာသည်။ ချက်ချင်းပင် သူမက သူ့စိတ်အတွင်း ဝင်ရောက်လာသလို ထင်မှတ်ရပေသည်။

“အင်ပါယာရီရဲ့ လုပ်ဆောင်ချက်တွေကို ကြားဖူးပြီး အရမ်းလေးစားနေခဲ့တာ။ ကျွန်မ ရှင့်ရဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။” နတ်မိမယ်ချီဟွမ်က အပြုံးနှင့် ဆက်ပြောလိုက်သည်။ သူမ အသံက  သူ့ထံ ရောက်လာသည်နှင့် ရီဖူရှင်းသည် နောက်ထပ် လေဟာနယ်ဖြစ်သည့် မှော်ဆန်သော ပုံရိပ်ယောင်လောကသို့ ဝင်ရောက်သွားသလို ခံစားမိပေသည်။

ဤလောကတွင် သူနှင့် နတ်မိမယ်ချီဟွမ်သာလျှင် ရှိတော့သလို ခံစားလိုက်ရပေသည်။

“ခင်ဗျားရဲ့ မိတ်ဆွေဖွဲ့ နည်းလမ်းက အရမ်း ထူးခြားတာပဲ။” ရီဖူရှင်းက ပြောလိုက်၏။

နတ်မိမယ်ချီဟွမ်က လေဟာနယ်ကို ဖြတ်၍ ရှေ့သို့ ခြေလှမ်းလိုက်ကာ ရီဖူရှင်း ရှေ့ ရောက်သည်ထိ လျှောက်လာပေသည်။ “အပြင်လောကက လူတွေ ကျွန်မတို့ကို နှောက်ယှက်မှာ မလိုချင်လို့ပါ။” သူမက ပြောလိုက်သည်။ “ဒီနေရာမှာ ရှင်နဲ့ ကျွန်မပဲ ရှိတော့တယ်။ ရှင် လိုချင်သမျှ ကျွန်မကို ပြောလို့ရတယ်။ ဘယ်လိုသဘောရလဲ။”

“ကျုပ်တို့က အခုလေးတင် တွေ့ခဲ့ကြတာ။ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့အရာ ပြောရမှာလဲ။” ရီဖူရှင်းက မထုံတက်တေး အမူအရာနှင့် ပြောလိုက်သည်။

“ကျွန်မတို့က အခုမှ တွေ့ပေမယ့် ကျွန်မ ရှင့်နာမည်ကို ကြားဖူးတာတော့ အတော်ကြာပါပြီ။ ဘာလို့ အချင်းချင်း ယုံကြည်ပြီး မပြောနိုင်ရမှာလဲ။” နတ်မိမယ်ချီဟွမ်က ရီဖူရှင်း ရှေ့တွင် ရပ်ကာ သူ့မျက်လုံးများထဲ စိုက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် အစွမ်းထက် စွမ်းအားတစ်ခုက ရီဖူရှင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ရုတ်တရက် ပုံရိပ်များစွာက သူ့စိတ်ထဲသို့ ရောက်ရှိလာပြီး အများစုက ဤအမျိုးသမီး၏ ပုံရိပ်များ ဖြစ်​သည်။

ရီဖူရှင်းက ရုတ်တရက် သတိအနေအထား ဖြစ်သွားခဲ့သည်။ သူက အရာအားလုံးကို ဖြတ်တောက်နိုင်သည့် အစွမ်းထက် စွမ်းအားများ ထုတ်လွှတ်လိုက်သည်။ ၎င်းသည် သူ့စိတ်ထဲမှ နတ်မိမယ်ချီဟွမ်၏ ပုံရိပ်များစွာကို ဖျက်ဆီးပစ်လိုက်၏။

ဘုန်း...

အပြင်ဘက်မှ လူတိုင်းသည် ရီဖူရှင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်း၍ လေထဲသို့ မော့ကြည့်လိုက်သည်ကိုသာ မြင်လိုက်ကြရသည်။ နတ်မိမယ်ချီဟွမ်က အလွန် တော်ဝင် မြင့်မြတ်သော အမူအရာနှင့် ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။

သူမက သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ရှင်က တစ်စုံတစ်ယောက်ကို အရူးအမူးချစ်နေတဲ့သူ ဖြစ်လိမ့်မယ်လို့ လုံးဝ ထင်မထားမိခဲ့ဘူး... အင်ပါယာရီ။”

“အဲဒါက ဘာစွမ်းအားလဲ။” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။ သူက လေထဲရှိ ပုံရိပ်ကို ကြည့်ရင်း သူ့မျက်လုံးများက ကျဥ်းမြောင်းသွားပေသည်။ နတ်မိမယ်ချီဟွမ်က သူ၏ စိတ်စွမ်းအားများထဲ ကျူးကျော်နိုင်စွမ်း ရှိကာ သူ၏ စိတ်ခံစားချက်ကမ္ဘာအတွင်းသို့ပင် ထောက်လှမ်းနိုင်စွမ်း ရှိပေသည်။

သူသည် ယခင်က ထိုကဲ့သို့ စွမ်းအားမျိုးနှင့် မတွေ့ကြုံခဲ့ဖူးပေ။

“ရှင် စိတ်မရှိရင် ကျွန်မ တကယ်ကို ရှင်နဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ် အင်ပါယာရီ။” နတ်မိမယ်ချီဟွမ်က ဆက်ပြောလိုက်သည်။

“စိတ်ရှိတယ်။” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူက ကောင်းကင်၌ ရပ်နေသော သူမကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက ခင်ဗျား ကျုပ်ကို ဆန့်ကျင်မိတဲ့ ပထမဆုံးအကြိမ် ဖြစ်လို့ ဒီကိစ္စကို ဗွေမယူတော့ဘူး။ နောက်တစ်ခါဆိုရင်တော့ အကျိုးဆက်ကို ခင်ဗျားခေါင်းနဲ့ ပြန်ပေးဆပ်ရမယ်။”

“ဟမ်” လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။ အခြေအနေက အလွန် အပြောင်းအလဲ မြန်လှသည်။

***

All Chapters