← Chapters

ထိခိုက်ဒဏ်ရာရခြင်း

Vol. 153 Ch. 2169

ထိခိုက်ဒဏ်ရာရခြင်း

Vol. 153 Ch. 2169

ရီဖူရှင်းက အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်သော နတ်မိမယ်ချီဟွမ်ကို ခြိမ်းခြောက်နေသည်။ ၎င်းက ပြောပြ၍ မရနိုင်အောင် မောက်မာခြင်းပင် ဖြစ်သည်။

သို့သော် ရှေးဟောင်းတော်ဝင်သွမ့်မိသားစုသို့ သူတစ်ယောက်တည်းနှင့် ထိုးဖောက်ဝင်ရောက်ကာ သူတို့၏ ရန်ဟောင်များအားလုံးကို ရှင်းလင်းပစ်ခဲ့သော သူ၏ ယခင်က အောင်မြင်မှုများကို ထည့်တွက်သင့်သည်။ သူသည် ယခင်ကအဆင့်ကိုးရန်ဟောင်များကို ရှုံးနိမ့်စေခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းမှာလည်း ပထမဆုံးအကြိမ် ဟုတ်ပုံမရပေ။ ထို့အပြင် သူတို့၏ မဟာလမ်းစဥ်က ပြီးပြည့်စုံခြင်း မရှိသရွေ့ ရီဖူရှင်းက အမှန်တကယ် စိုးရိမ်ခြင်း မရှိသည်လည်း ဖြစ်နိုင်ပေသည်။

သို့သော် နတ်မိမယ်ချီဟွမ်က သာမန်လူမဟုတ်ပေ။ သူမကို သာမန်အဆင့်ကိုး ရန်ဟောင်များနှင့် နှိုင်းယှဥ်၍ မရနိုင်ချေ။ သူမ၏ ကျင့်ကြံခြင်းနည်းစနစ်က လျှို့ဝှက်ဆန်းကြယ်ကာ ပြိုင်ဘက်ကင်းပြီး ယှဥ်ပြိုင်ဘက်၏ စိတ်ဆန္ဒများကို လှုံ့ဆောင်ပေးနိုင်သည်။ ကြည့်ရသည်မှာ သူမက ရီဖူရှင်းအပေါ် တစ်စုံတစ်ခု လုပ်ဆောင်ခဲ့ပြီး သူ့ကို ဤသို့သော တုံ့ပြန်မှု ဖြစ်ပေါ်လာစေခြင်း ဖြစ်နိုင်ပေသည်။

သို့သော် လူတိုင်းသည် နတ်မိမယ်ချီဟွမ်က သူမ၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့ကြောင်း သိကြပေသည်။ သူမသာ ရီဖူရှင်းကို အမှန်တကယ် ဆန့်ကျင်ခဲ့လျှင် ထိုကဲ့သို့ လွယ်လွယ်ကူကူ အဆုံးသတ်သွားလိမ့်မည် မဟုတ်ပေ။

နတ်မိမယ်ချီဟွမ်က ရီဖူရှင်း၏ စကားများကို ကြားသောအခါ အံ့သြမှင်တက်သွားခဲ့လေသည်။ သူမက လှပသော မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေခဲ့ပြီး ဆံပင်အဖြူရောင်နှင့် လူငယ်လေးကလည်း သူမအား အေးစက်မှုတို့ ပြည့်နေသည့် နက်ရှိုင်းသော မျက်လုံးများဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့သည်။ ရှင်းလင်းစွာပင် သူ့စိတ်ထဲသို့ သူမ ကျူးကျော်ဝင်ရောက်ခဲ့သည်အား ဒေါသထွက်နေခြင်း ဖြစ်ပေသည်။

“ရှင်က ကျွန်မ သိက္ခာကို နည်းနည်းလေးတောင် မငဲ့ကြည့်ပေးတော့ဘူးလား အင်ပါယာရီ။” သူမက သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ ထိုအချိန်၌ သူမဝန်းကျင်တွင် မြင့်မြတ်သော အရှိန်အဝါတို့ လွှမ်းခြုံထားပေသည်။ “ကျွန်မ သိချင်မိတယ်။ အင်ပါယာရီ အနေနဲ့ ကျွန်မအပေါ် ဒီလောက်တောင် ရိုင်းစိုင်းခွင့်ရှိရဲ့လားလို့။”

သူမ လေသံက အနည်းငယ် အေးစက်နေပြီး ရီဖူရှင်းအား သူမ၏ ဆွဲဆောင်မှုရှိသည့် မျက်လုံးများနှင့် စိုက်ကြည့်​နေခဲ့သည်။

ဘုန်း...

ချက်ချင်းပင် နတ်အလင်းများက ရီဖူရှင်းကို ရစ်ပတ်လာပြီး ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတို့က ကောင်းကင်တစ်ခွင် လွှမ်းခြုံလာသည်။ ဥဒေါင်းမိစ္ဆာနတ်ဘုရားပုံရိပ်က ပေါ်ပေါက်လာပြီး ကောင်းကင်တစ်ခွင်တွင် တောက်ပသော အလင်းတို့နှင့် လင်းလက်နေခဲ့ကာ နတ်မိမယ်ချီဟွမ်အနီးတွင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ တစ်ချိန်တည်းတွင် ရီဖူရှင်း၏ မျက်လုံးတစ်စုံက ထူးဆန်းကာ ကြောက်မက်ဖွယ် ဖြစ်ပေါ်လာပြီး သူ့အကြည့်များက နတ်မိမယ်ကို ထိုးဖောက်တော့မလို ထင်မှတ်ရပေသည်။

“ခင်ဗျား ကြိုးစားကြည့်လေ။”

ရီဖူရှင်းက ပြောလိုက်သည်။ သူတို့သည် သူ့ထံမှ ထွက်ပေါ်လာနေသည့် ပြင်းထန်သော လေစီးကြောင်းကို ခံစားမိကြပြီး မွန်းကြပ်ဖွယ် ဖိအားကို ခံစားလိုက်ရပေသည်။ အချိန်ခဏအတွင်း ကျယ်ပြောသော နေရာတစ်ခွင်လုံး တိတ်ဆိတ်သွားလေသည်။ ရီဖူရှင်း ဤသို့ လုပ်လိမ့်မည်ဟု မည်သူမှ တွေးမထားခဲ့ပေ။

ထိုအခိုက်အတန့်တွင် ဒေါသဖြင့် တောက်လောင်နေသည့် ရီဖူရှင်းက မိစ္ဆာနတ်ဘုရား၏ သားတော်တစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ သူသည်  ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားပေသည်။ သူက လေထဲတွင် မျောလွင့်နေပြီး ငွေရောင်ဆံပင်က ငွေရောင်ဓားသွားများကဲ့သို့ သူ၏ နောက်ကျော၌ ကခုန်နေသည်။ ၎င်းက လွှမ်းမိုးနိုင်သော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

ထိုသည်မှာ အစစ်အမှန် ရီဖူရှင်း ဖြစ်နိုင်သည်။ တုန်းဟွာနယ်မြေမှ လာသော ကောင်းကင်၏ ဂုဏ်ယူရသော သားတော်တစ်ပါးဖြစ်ပြီး လေးမျက်နှာကျေးရွာ၌ သူ့နာမည်ကို ကျော်ကြားလာအောင် ပြုလုပ်ကာ ရှေးဟောင်းတော်ဝင်သွမ့်မိသားစုကို ထိုးဖောက်ခဲ့သည့် ရီဖူရှင်းက ယခု သူ၏ ရောင်ဝါအစစ်အမှန်ကို ပြသလာပြီ ဖြစ်သည်။

နတ်မိမယ်ချီဟွမ်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ကြိုးစားကြည့်လေတဲ့လား။

သူမက ရီဖူရှင်းကို မကြောက်ရွံ့ပေ။ သို့သော် ယခု သူပြုမူနေသည့် နည်းလမ်းက သူမကို အနည်းငယ် ဖိအား ဖြစ်စေသည်။ ရုတ်တရက် သူမက ပြုံးလိုက်ပြီး ထိုအပြုံးမှာ ပန်းပေါင်းရာချီ ပွင့်လာသလို နူးညံ့လှပပေသည်။ ၎င်းသည် ကြည့်ရှုနေသည့် တန်ခိုးရှင်များအားလုံးကို အံ့သြမှင်တက်သွားစေသည်။ သူမက မြင့်​မြတ်သော ဧကရီတစ်ပါးအဖြစ်မှ ဆွဲဆောင်မှု ရှိသည့် အလှလေးတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားပေသည်။ ထိုသဘောထားနှစ်ခုလုံးက သူမအတွင်း၌ တည်ရှိနေခဲ့ပြီး သူမကို ပိုမို ဆွဲဆောင်မှု ရှိစေသည်။ သူမ၏ ပုံရိပ်က လူတိုင်း စိတ်ထဲတွင် ထွင်းထုထားသလို ထင်မှတ်ရသည်။

“ရှင်က ရှန်ချင်းနယ်မြေအတွင်း အကျော်ကြားဆုံး ပါရမီရှင် ဖြစ်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ရှင့်ရဲ့ ဆွဲဆောင်မှုနဲ့ အပြုအမူတွေက အထင်ကြီးလောက်စရာပဲ အင်ပါယာရီ။ ရှန်ချင်းနယ်မြေမှာ လူစွမ်းကောင်းတွေ အများကြီး ရှိပေမယ့် ရှင်နဲ့ ယှဥ်နိုင်တဲ့သူ  ဘယ်လောက်များများ ရှိမလဲ ကျွန်မ မသိဘူး။” နတ်မိမယ်ချီဟွမ်က ပြောလိုက်သည်။ သူမ ပြုံးလိုက်သည်နှင့် မွန်းကြပ်ဖွယ် လေထုအခြေအနေက ချက်ချင်း ပျောက်ကွယ်သွားပေသည်။ အရာအားလုံးက လေပြေကဲ့သို့ ပေါ့ပါးသွားပေသည်။ ရီဖူရှင်းက အရှိန်အဝါကို ပြန်မသိမ်းလိုက်သေးသော်လည်း ထိုအခိုက်တွင် လူတိုင်းက အနည်းငယ် စိတ်သက်သာရာသွားခဲ့သည်။

ရီဖူရှင်းသည် နတ်မိမယ်ချီဟွမ်က သူ့ကို တိုက်ခိုက်ရန် ဆန္ဒမရှိသည်အား မြင်နိုင်ပေသည်။ သူက သူမစကားများကို လျစ်လျူရှုကာ အရှိန်အဝါအား ပြန်ရုတ်သိမ်းလိုက်ကာ ချက်ချင်းပင် မတူကွဲပြားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။

အဝေးတွင် ပို၍ များပြားသော လူများ ရောက်လာကြပြီး ရှန်းယွီနတ်ပြည်ထောင်၏ မင်းသားနှင့် မင်းသမီး၊ လုကလန်မှ တန်ခိုးရှင်များနှင့် အခြားလူများ ပါဝင်သည်။ သူတို့က မတူညီသော နေရာများတွင် ရပ်နေကာ အချို့က နတ်ဘုရားခေါင်းတလားကို ကြည့်၍ အချို့က ရီဖူရှင်းကို ကြည့်နေကြသည်။

ရီဖူရှင်းက တန်ခိုးရှင်များအားလုံး၏ အာရုံစိုက်စရာ ဖြစ်လာသည်မှာ ရှင်းလင်းပေသည်။ ကြီးကျယ်​မြင့်မြတ်သော တန်ခိုးရှင်များမှအပ နတ်ဘုရားခေါင်းတလားအတွင်းမှ ရုပ်ကြွင်းကို ချက်ချင်း မထိခိုက်ဘဲ စူးစမ်းလေ့လာနိုင်သူမှာ သူတစ်ယောက်သာလျှင် ရှိသည်။ အစွမ်းထက်သည့် မုယွင်လန်၊ မော့ခယ်နှင့် အခြားလူများသည်ပင် ထိုသို့ မလုပ်ဆောင်နိုင်ပေ။

ရီဖူရှင်းက သူတို့၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး နတ်ဘုရားရုပ်ကြွင်းအား ဆက်လက်လေ့လာလိုက်သည်။ ဖြစ်မည့်အရာများက ဖြစ်ပျက်သွားပြီ ဖြစ်ရာ သူက ထို့ထက်ပို၍ စိတ်ပူနေရန် မလိုတော့ပေ။ သူက ထိုရုပ်ကြွင်းအား အဝေးသို့ ယူဆောင်မသွားခင် အနည်းငယ် ပို၍ လေ့လာနိုင်ရန်သာ အားထုတ်ပေလိမ့်မည်။

အချိန်များက တဖြေးဖြေး ကုန်ဆုံးလာပြီး ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို ဆက်လက်စိုက်ကြည့်နေဆဲပင်။

ထို့အပြင် သူက ရှေး​ဟောင်းသင်္ကေတအက္ခရာများကို သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာအောင် စတင်ကြိုးစားနေပြီ ဖြစ်သည်။

ထိုအခိုက်၌ သူက ကောင်းကင်တွင် ရပ်ကာ နတ်ဘုရားခေါင်းတလားကို စိုက်ကြည့်နေခဲ့၏။ သူ့အနီးမှ အလင်းရောင်ဝါတို့က ရစ်သိုင်းလာကာ ရှေးဟောင်းသင်္ကေတအက္ခရာများက သူ့ခန္ဓာကိုယ်တွင် ထွင်းထုထားသလို ထင်မှတ်ရပေသည်။ ကြောက်စရာအကောင်းဆုံးမှာ သူ့မျက်လုံးအတွင်း ပြေးဝင်နေကြသည့် သင်္ကေတအက္ခရာများက သူ့သက်စောင့်ဟော်နန်းအတွင်းမှ လောကကို ပြင်းထန်စွာ သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။

သူ၏ သက်စောင့်ဟော်နန်းအတွင်းမှ ဝိညာဥ်လောကသည် ကမ္ဘာ့သစ်ပင်မှ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နေမင်းနှင့် လမင်းတို့က ကောင်းကင်၌ ခိုတွဲနေပြီး ကြယ်များက လှည့်ပတ်နေသည်။ သို့သော် ထိုသင်္ကေတအက္ခရာများက အပြင်းအထန် ဖြတ်သန်း၍ ပြေးဝင်လာကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ကြယ်များက မိုးကြိုးလျှပ်စီးများကဲ့သို့ ပြိုကျပျက်စီးကုန်ကာ အရာအားလုံးက အမှုန်များဖြစ်သည်ထိ တိုက်ခိုက်ခံလိုက်ရသည်။ ပြေးဝင်လာသော သင်္ကေတအက္ခရာများက အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေ၏။ ၎င်းတို့သည် ကမ္ဘာ့သစ်ပင်ကိုပင် တိုက်ခိုက်လာခဲ့သည်။

ထိုအခြေအနေမျိုးနှင့် ကြုံရသည်မှာ ရီဖူရှင်းအတွက် ပထမဆုံး ဖြစ်သည်။ ယခင်က သူသည် ဥဒေါင်းမိစ္ဆာနတ်ဘုရားကဲ့သို့သော နတ်ရတနာမျိုးနှင့် ကြုံတွေ့ရသည့်အခါ၌ပင် ကမ္ဘာ့သစ်ပင်က အကြွင်းမဲ့ အရှင်သခင်ကဲ့သို့ မားမားမတ်မတ် ရပ်တည်ပြီး ၎င်းကို ဝါးမြိုကာ စွမ်းအားများအား စုပ်ယူခဲ့သည်။

သို့သော် ဤတစ်ကြိမ်၌ နတ်ဘုရားခေါင်းတလားအတွင်းမှ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းသည် အဆုံးမဲ့ သင်္ကေတအက္ခရာများကို ထုတ်လွှတ်၍ သူ၏ စိတ်ဝိညာဥ်ကို အတင်းဝင်ရောက် ဖြတ်ကျော်ကာ အရာအားလုံးကို တိုက်ခိုက်နေသည်။

သူ၏ ကမ္ဘာ့သစ်ပင် သက်စောင့်ဟော်နန်းအတွင်း ပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေသည်။

ဘုန်း...

ရီဖူရှင်းက စတင်၍ မရပ်မနား တုန်ယင်လာပေသည်။ ခဏကြာပြီးနောက် သူက ညည်းညူလိုက်ကာ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စင်သွားခဲ့သည်။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သူ့မျက်နှာက သေလောက်အောင် ဖြူဖျော့နေခဲ့၏။

သို့သော် သူက မြေပြင်သို့ ဆင်းသက်လိုက်ပြီး တင်ပျဥ်ခွေ ထိုင်ချလိုက်သည်။ ဆေးပုလင်းတစ်ခုက သူ့လက်ထဲမှာ ပေါ်ပေါက်လာသည်။ သူက ၎င်းကို ဖွင့်ကာ အထဲမှ ဆေးလုံးကို ထုတ်၍ သောက်လိုက်သည်။ အစွမ်းထက်လှသော အသက်စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းမှ ပျံ့နှံ့လာသည်။

သို့ဆိုလျှင်ပင် သူ၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲ ဖြစ်ပြီး ကြီးမားသော ဆူညံပေါက်ကွဲသံများ ထွက်ပေါ်နေဆဲပင်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး သူ့ပါးစပ်မှ သွေးများ ပို၍သာ စီးကျလာနေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ့မျက်နှာက အလွန် ဖြူဖျော့နေပြီး ကြီးစွာသော နာကျင်မှုအား ခံစားနေရသလို ထင်မှတ်ရပေသည်။

“ငါ တော်တော် စိတ်လိုက်မာန်ပါ လုပ်မိတာပဲ။” သူက ရေရွတ်လိုက်သည်။ သူက ထိုရုပ်ကြွင်းနှင့် ပတ်သတ်ပြီး အတော်လေး ပေါ့လျော့မိခဲ့ပေသည်။ သူက စွမ်းအားနှင့် လိုက်လျောညီထွေ ဖြစ်နိုင်ပြီ ထင်ခဲ့သော်လည်း သိသာစွာပင် သူက လုံလောက်အောင် ကောင်းမွန်ခြင်း မရှိပေ။

ရှားရှင်းယွန်က သူ့ထံ လျှောက်လာပြီး သူမ မျက်နှာထက်တွင် စိတ်ပူနေသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များသည်လည်း စိုးရိမ်နေကြသည်။ ရီဖူရှင်းက ဤတစ်ကြိမ်တွင် သူ ဝါးနိုင်သည်ထက် ပိုကိုက်မိသွားပုံရလေသည်။

“သူ အများကြီး ထိခိုက်သွားတာလား။” ထိုအနားရှိ တန်ခိုးရှင်များအားလုံးက ရီဖူရှင်းကို စောင့်ကြည့်နေကြသည်။ ဤသည်မှာ ရီဖူရှင်းက နတ်ဘုရားခေါင်းတလားကို ကြည့်ရင်းနှင့် ဒဏ်ရာရသွားသည်ကို မြင်ရသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က သူ့တွင် မည်သည့် ပြဿနာမှ မရှိခဲ့ပေ။

နတ်ဘုရားခေါင်းတလားမှ ထွက်ပေါ်လာသည့် သင်္ကေတအက္ခရာများ၏ စွမ်းအားက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

ရီဖူရှင်းက ပါးစပ်အပြည့် သွေးများ ထပ်အန်လိုက်ရပေသည်။ သူ့အရှိန်အဝါက အများကြီး အားနည်းသွားခဲ့သည်။ လူအများသည် သူက အပြင်းအထန် ဒဏ်ရာရသွားပြီး သူ၏ မဟာလမ်းစဥ်လည်း ဒဏ်ရာရသွားသည်ဟု ထင်မှတ်သွားကြသည်။ လောက၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ယောက်က နတ်ဘုရားရုပ်ကြွင်းကို စူးစမ်းလေ့လာရင်း ကျရှုံးသွားပါက အမှန်တကယ် အရှက်ရဖွယ်ပင် ဖြစ်သည်။

သို့သော် ခဏအကြာတွင် ရီဖူရှင်းဧ အရှိန်အဝါက စတင်၍ တဖြေးဖြေး ပြန်လည် တိုးတက်လာပေသည်။ နတ်သစ်ပင်များက သူ့ကို ဝန်းရံထားပြီး သူ့ခန္ဓာကိုယ်က အသက်သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်လာသည်။ သူက စတင်၍ အမြန် ပြန်လည်သက်သာလာခဲ့သည်။ လူတိုင်းသည် ရီဖူရှင်း၏ အားနည်းသော အရှိန်အဝါက စတင်၍ အားကောင်းလာသည်ကို ရှင်းလင်းစွာ ခံစားမိပေသည်။

“ဘယ်လောက် အံ့သြစရာကောင်းတဲ့ ပြန်လည်ကုသနိုင်စွမ်းလဲ။” သူ့ကို စောင့်ကြည့်နေသည့် လူတိုင်းက တွေးလိုက်ကြသည်။ သူ့ ပြန်လည်သက်သာနိုင်စွမ်းက အလွန် ကောင်းမွန်သည့်အတွက် အားလုံး ထိတ်လန့်သွားကြပေသည်။ ယခင်က သူတို့သည် ရီဖူရှင်း မည်မျှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ကြောင်း ရှင်းလင်းစွာ ခံစားမိကြသည်။ သူက မဟာလမ်းစဥ် အုတ်မြစ်ကိုပင် ထိခိုက်သွားခြင်း ဖြစ်နိုင်သည်။ သို့သော် သူက အလွန် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိနေပေသည်။

“ဒါက မဟာလမ်းစဥ်အသက်စွမ်းအားပဲ။ အဲဒီလောက် ကြံ့ခိုင်တဲ့ အသက်စွမ်းအားအရှိန်အဝါက အထွတ်အထိပ်အဆင့် ရန်ဟောင်တွေတောင် ရဖို့ မလွယ်ကူဘူး။” အဆင့်မြင့်ရန်ဟောင်တစ်ယောက်က သူ့အနီးမှ လူများကို ပြောလိုက်သည်။

လူအများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က ရီဖူရှင်း၏ အသက်စွမ်းအားက မည်မျှ သန်မာသည်ကို သတိပြုမိပေသည်။

သိပ်မကြာခင်မှာပင် ရီဖူရှင်းက လုံလောက်အောင် ပြန်ကောင်းလာခဲ့ပေသည်။ သူက ပုံမှန် အထွတ်အထိပ် အချိန်သို့ ပြန်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် မျက်မမြင်ထျယ်နှင့် ဖန်းဟွမ်က သူ့ဘေးသို့ လာကာ တီးတိုးပြောလိုက်သည်။ “ဘယ်လိုခံစားရလဲ။”

“အဆင်ပြေပါတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“နည်းနည်းလောက် ဂရုစိုက်။ အောင်မြင်ဖို့အတွက် အန္တရာယ်ထဲ အတင်းတိုးမဝင်နဲ့။”

“ဂရုစိုက်ပါ့မယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဆက်ကြိုးစားချင်နေတုန်းပဲလား။” သူတို့နောက်မှ ရှားရှင်းယွန်က မေးလိုက်သည်။ သူမ အသံက အေးစက်နေ၏။ ရီဖူရှင်းက မော့ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများကလည်း အေးစက်နေသည်ကို မြင်လိုက်ရသည်။

“စိတ်မပူပါနဲ့။ ငါ ဂရုစိုက်မှာပါ။” ရီဖူရှင်းက ရှားရှင်းယွန်ကို အပြုံးနှင့် ပြောလိုက်သည်။ သို့သော် သူမက သူ့အဖြေနှင့် ပတ်သတ်၍ မကျေနပ်ပေ။ သူမက သူ့ကိုသာ ဆက်၍ စိုက်ကြည့်နေသည်။

ရီဖူရှင်းက ထရပ်ကာ ကိုယ်လက်ဆန့်လက်ပြီး အလွန် ပုံမှန်အတိုင်း ဖြစ်နေသည်။ သို့သော် သူ့မျက်လုံးများက နတ်ဘုရားခေါင်းတလားပေါ် ကျလာသည့်အခါ စူးရှသော အကြည့်တို့ ပေါ်ပေါက်လာသည်။ သူက ရှားရှင်းယွန်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။ “ငါ့ကို ကြည့်ရတာ အခက်အခဲ ဖြစ်နေတဲ့ပုံပေါ်လို့လား။ နတ်ဘုရားခေါင်းတလားက ငါ့ရဲ့ အုတ်မြစ်ကို မထိခိုက်စေနိုင်ဘူး။”

“အဲဒီတော့ ခုနက ဖြစ်ခဲ့တာ ဒဏ်ရာရတာ မဟုတ်ဘူးလား။” ရှားရှင်းယွန်က ပြောလိုက်သည်။

“ကျင့်ကြံ​တုန်းက ဖြစ်ခဲ့တဲ့ အန္တရာယ်တွေနဲ့ယှဥ်ရင် ဒီလို အရာမျိုးက ငါ ကောင်းကောင်း ထိန်းချုပ်နိုင်တာမို့ ဘာမှမဖြစ်ဘူး။” ရီဖူရှင်းက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ ကိုယ့်အကန့်အသတ်ကိုယ် သိပါတယ်။ ဒါပေမယ့် ငါ အဲဒီကနေ တစ်ခုခုကို စတင် နားလည်လာနေပြီ။ အဲဒါက ငါ့ရဲ့ ကျင့်ကြံခြင်းကို အကူအညီပေးနိုင်ပြီး ရှေးဟောင်းနတ်ဘုရားတွေရဲ့ စွမ်းရည်ကိုတောင် လေ့လာဖို့ ကူညီနိုင််တယ်။”

သူမက သူ၏ စိတ်ချင်းဆက်သွယ် ပြောကြားချက်အား ကြားသည့်အခါ ရှားရှင်းယွန်က သူ့အား ကြည့်လိုက်သည်။ သူက လုံးဝ စိတ်ပူပုံ မရပေ။ သူမသည် သူ့ကို တားနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။ သူက စိတ်ကို ဆုံးဖြတ်ပြီးသွားလျှင် သူမထံ၌ ၎င်းအား ပြောင်းလဲရန် နည်းမရှိပေ။ သူမက စကားအနည်းငယ်သာ ထပ်ပြောလိုက်နိုင်သည်။ “ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲတော့ မရောက်စေနဲ့။

“မဖြစ်ပါဘူး။” ရီဖူရှင်းက အပြုံးနှင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက နတ်ဘုရားခေါင်းတလားကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ သူ၏ အကြည့်များက ၎င်းအပေါ်တွင် ရှိနေခဲ့သည်။ သူသည် ယခင်က ကြောက်မက်ဖွယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း သူက နောက်တွန့်သွားလိမ့်မည် မဟုတ်ပေ။ သူက ဤစွမ်းအားကို အမှန်တကယ် နားလည်နိုင်လျှင် ကျင့်ကြံခြင်းအတွက် အလွန် အကူအညီ ဖြစ်စေပေလိမ့်မည်။

ထိုသို့ တွေးလိုက်သည့်အခါ ရီဖူရှင်းက ထပ်မံခြေလှမ်းလိုက်သည်။ ၎င်းသည် သူ့အား လူတိုင်း ကြည့်လာအောင် ပြုလုပ်စေသည်။ သူက နောက်တစ်ခါ ထပ်ကြိုးစားချင်နေသည်လား။

ထိုလူက သူ ၎င်းစွမ်းအားကို ခံနိုင်ရည်မရှိမည်အား အမှန်တကယ် ကြောက်ရွံ့ခြင်း မရှိသည်လား။

သူတို့က ထိုသို့ တွေးနေစဥ်တွင် ရီဖူရှင်းက နတ်ဘုရားခေါင်းတလားအနီး နောက်တစ်ဖန် ချဥ်းကပ်လာပြီ ဖြစ်သည်။

***

All Chapters