တော်ဝင်နန်းတော်မှ အကြောင်းပြန်ခြင်း
Vol. 153 Ch. 2170
အလွန် ထူးဆန်းသည့် သဘာဝဖြစ်စဥ်က နယ်မြေသခင်အိမ်တော် အပြင်ဘက်၌ ဖြစ်ပေါ်နေသည်။
နတ်ဘုရားရုပ်ကြွင်း ရှိနေသည့် နေရာတွင် နတ်အလင်းက လေဟာနယ်အတွင်း တောက်ပနေသည်။
ဤနေရာသို့ လာကြသည့် ရှန်ချင်းနယ်မြေတစ်ခွင်မှ အစွမ်းထက် တန်ခိုးရှင်များစွာ ရှိသော်လည်း ရီဖူရှင်းတစ်ယောက်သာလျှင် နတ်ဘုရားရုပ်ကြွင်းမှ အခွင့်အလမ်း ရရှိပြီး လေ့ကျင့်နိုင်စွမ်း ရှိပေသည်။
ရီဖူရှင်းက ဒုတိယနေ့တွင်လည်း ထိုလေဟာနယ်သို့သွားကာ နတ်ဘုရားခေါင်းတလားနှင့် လေ့ကျင့်ရန် ရည်ရွယ်နေခဲ့သည်။ သူက ဒဏ်ရာများစွာကို တောင့်ခံထားသော်လည်း ဒဏ်ရာရရှိသည့် အချိန်တိုင်း အလျင်အမြန် ပြန်သက်သာလာပြီး မသေနိုင်သော အမတတစ်ပါးသဖွယ် ထင်မှတ်ရပေသည်။ ထိုဖြစ်စဥ်တစ်ခုလုံးက အချိန်တိုင်း ထပ်ကာတလဲလဲ ဖြစ်နေခဲ့ပြီး ရောက်ရှိနေသည့် တန်ခိုးရှင်များသည်လည်း သူက မည်မျှ ခေါင်းမာကြောင်း အံ့သြခဲ့ကြသည်။
သို့သော်လည်း သူက နယ်မြေသခင်အိမ်တော်၏ အစောင့်အကြပ်များမှ နတ်ဘုရားခေါင်းတလား ထားထားသည့် နေရာအတွင်း သွားခြင်းမှ တားဆီးလိုက်သည်။ နယ်မြေသခင်က နတ်ဘုရားခေါင်းတလားကို ကြည့်သည့် မည်သူမဆို တားဆီးသည့် အမိန့်ပေးထားသော်လည်း ထိုထိပ်သီး တန်ခိုးရှင်များကို ထိုကဲ့သို့ လုပ်ဆောင်ရန် ခွင့်ပြုထားခဲ့ကြသည်။ သို့သော် နတ်ဘုရားခေါင်းတလားကို ထားသည့် နေရာအား ဝင်ထွက်သွားလာခြင်းမှ တားဆီးထားသည်။
“အင်ပါယာရီ ကျေးဇူးပြုပြီး အပြင်ဘက်မှာ ကျင့်ကြံပါ။” စောင့်ကြပနေသည့် ရန်ဟောင်တစ်ပါးက ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းအား အထဲသို့ ဝင်ခြင်းမှ တားဆီးသော်လည်း သူက အလွန် ယဥ်ကျေးပေသည်။ လက်ရှိရောက်နေသည့် တန်ခိုးရှင်များ အားလုံးသည် သူ၏ စွမ်းအားများကို မြင်တွေ့ခဲ့ကြပြီး သူတို့အားလုံးက ထိုသို့သော စွမ်းအားမျိုးနှင့် တစ်စုံတစ်ယောက်က အမှန်တကယ် ကြီးမြတ်သော အရာများကို ပိုင်ဆိုင်နိုင်စွမ်းရှိလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သူသည် အသက်ဆက်ရှင်နိုင်စွမ်းရှိလျှင် ရှန်ချင်းနယ်မြေ၏ အထွတ်အထိပ်၌ပင် ရပ်တည်နိုင်စွမ်း ရှိပေလိမ့်မည်။
ရီဖူရှင်းက သူ့လမ်းတွင် ပိတ်ထားသူကို ကြည့်ကာ သူ၏ နက်ရှိုင်းသော မျက်လုံးများမှ ဖိအားခပ်ရေးရေး ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်၌ နောက်တစ်ယောက်က သူ့ထံ လျှောက်လာကာ အစောင့်အကြပ်ရန်ဟောင်အား ပြောလိုက်သည်။ “ကျွန်မလည်း အထဲကို ဝင်ကြည့်ချင်တယ်။ ကျွန်မတို့ကို သွားခွင့်ပေးပါ။”
အစောင့်အကြပ်ရန်ဟောင်က ရီဖူရှင်းဘေးသို့ ရောက်လာသူကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ “အမိန့်အတိုင်းပါ မင်းသမီး။”
အစောင့်အကြပ်အား မေးလိုက်သူမှာ အခြားသူမဟုတ်ဘဲ မင်းသမီးလင်ရှီးပင် ဖြစ်သည်။ စည်းမျဥ်းများက ချမှတ်ထားသော်လည်း သူမ၏ အဆင့်အတန်းက ထူးခြားပေသည်။ ထို့ကြောင့် သူမက ရီဖူရှင်းအား လမ်းဖွင့်ပေးသောအခါ မည်သူကမှ မငြင်းဆန်ရဲပေ။ ထို့အပြင် သူမကိုယ်တိုင်လည်း အထဲသို့ ဝင်ချင်နေသေးသည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးလင်ရှီး။” ရီဖူရှင်းက ကျိုးလင်ရှီးကို ခေါင်းညိတ်ပြလိုက်သည်။
“ဆရာရီ ရှင် ဘာတွေ စွမ်းဆောင်နိုင်လဲ ကျွန်မ မြင်တယ်။ ရှင်က တကယ်ပဲ နတ်ဘုရားခေါင်းတလားကို အသုံးပြုပြီး သင်ယူနိုင်လိမ့်မလားဆိုတာ သိချင်မိတယ်။ ကျွန်မ ရှင့်ကို အဝေးက စောင့်ကြည့်နေမယ်။ ကျွန်မက ရှင့်ကို အနှောင့်အယှက်တော့ မဖြစ်စေဘူးမလား။” ကျိုးလင်ရှီးက ပြောလိုက်သည်။
“သေချာတာပေါ့ မဖြစ်ပါဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ ပြောနိုင်သည့်အရာ မရှိပေ။ သူမကသာ သူ့ကို အထဲဝင်ခွင့်ရအောင် လုပ်ပေးသူ ဖြစ်တာကြောင့် သူ့အနေနှင့် သူမကို အပြင်၌ နေရန် ပြောခြင်းမှာ အလွန် ရယ်စရာ ကောင်းလှပေသည်။
“ကျွန်မ စောင့်မျှော်နေပါတယ်။” ကျိုးလင်ရှီးက အပြုံးတစ်ပွင့်နှင့် ပြောလိုက်ပြီး သူ့ကို အတော်လေး မှင်တက်သွားစေသည်။ သူမ၏ ထိုတောက်ပသော အပြုံးက အတော်လေး စိတ်ကူးယဥ်ဆန်သလို ခံစားရပေသည်။ အမျိုးသမီး ရန်ဟောင်တစ်ပါးဖြစ်သည့် ကျိုးလင်ရှီးက အမှန်တကယ်ပင် သန့်စင်သည့် အလှတရား ရှိသည်။ သူ့ကို စကားပြောသည့် သူမ အသံက အချိန်များကို ဖြတ်သန်းလာသလို ခံစားမိစေပြီး သူ၏ စိတ်ခံစားချက်အချို့ကို အတက်အကျ ဖြစ်လာစေသည်။
“ဘာဖြစ်လို့လဲ။” ကျိုးလင်ရှီးက ရီဖူရှင်း သူမအား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ အတော်လေး အံ့အားသင့်သွားပုံနှင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။” ရီဖူရှင်း၏ စိတ်က လက်တွေ့သို့ ပြန်ရောက်လာကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ကြွပါ မင်းသမီး။”
“ကောင်းပြီ။” ကျိုးလင်ရှီးက ခေါင်းညိတ်လိုက်ပြီး သူတို့ နှစ်ယောက်က လေဟာနယ်ထဲ လျှောက်သွားခဲ့သည်။ မရေတွက်နိုင်သော မျက်လုံးများက သူတို့ကို ကြည့်နေကြသည်။ သူတို့နှစ်ယောက်က ကျောက်တိုင်များကြားမှ လေဟာနယ်ထဲသို့ လျှောက်သွားကြပြီးနောက် နတ်ဘုရားခေါင်းတလားဆီ ရောက်အောင် လှေကားများကို လျှောက်တက်သွားခဲ့သည်။
အချို့လူများက ကောင်းကင်နတ်ဖက်စုံတွဲကဲ့သို့ ဖြစ်နေသည့် သူတို့နှစ်ယောက်ကို ကြည့်ကာ ပင့်သက်ရှိုက်ရင်း ရေရွတ်လိုက်သည်။ “အင်ပါယာရီနဲ့ မင်းသမီးလင်ရှီးက တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းလိုက်ဖက်တာပဲ။”
လူအတော်များများက ခေါင်းညိတ်လိုက်ကြသည်။ သူမ၏ အဆင့်အတန်းက မင်းသမီးတစ်ပါး ဖြစ်သလို သူမ စွမ်းအားက ထူးခြားလှသည်။ ရီဖူရှင်းသည်လည်း အဖြူရောင် ဝတ်စုံနှင့် ငွေရောင်ဆံပင်တို့ဖြင့် တောက်ပနေ၏။ သူ့ပါရမီက အလွန် ထူးခြားလှပြီး ရှန်ချင်းနယ်မြေအတွင်းမှ မည်သူမဆို သူနှင့် နှိုင်းယှဥ်ရန် ခက်ခဲလှသည်။ ထိုသို့ ထူးချွန်ထက်မြက်ကာ အရည်အချင်းရှိသူက အတော်လေး လိုက်ဖက်ညီပြီး ယခင်က မုယွင်လန်နှင့် နန်ဟိုင်ချန်းရွှယ်တို့ကဲ့သို့ ပြောစမှတ်တွင်စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။
၎င်းသည် လူအများကို ပြောစရာ ခေါင်းစဥ်ရသွားစေသည်။ သူတို့ နှစ်ယောက်က အမှန်တကယ် ရှေ့သွားနောက်လိုက် ညီသည့် စုံတွဲတစ်တွဲ ဖြစ်သည်။
သို့သော် သူတို့ ကြားသည့် အရာနှင့် ပတ်သတ်ပြီး စိတ်မကျေနပ်သည့် လူအချို့လည်း ရှိသည်။
“အမြင်မရှိတဲ့ လူတစ်သိုက်ပဲ။” သိမ်းငှက်လေးက ၎င်း၏ ဘေးမှ လူတချို့၏ အမူအရာကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ငါ့ အမြင်အရတော့ သူ့ဘေးမှာ နေဖို့ ထိုက်တန်တဲ့ မင်းသမီးက တစ်ပါးပဲရှိတယ်။”
သူ့ဘေးမှ မင်းသမီး၏ အကြည့်တို့က အနည်းငယ် နူးညံ့သွားခဲ့သည်။ ထိုသည်ကို ကြည့်ရင်း သိမ်းငှက်လေးက ရှေ့လျှောက် သူ့ဘဝ အနည်းငယ် လွယ်ကူသော နေ့ရက်များ ရရှိလာလိမ့်မည်ဟု တွေးထင်လိုက်ပေသည်။
ရီဖူရှင်းနှင့် ကျိုးလင်ရှီးတို့က လှေကားများမှ တက်လာရင်း နတ်ဘုရားခေါင်းတလားနှင့် မနီးမဝေးကို ရောက်လာသည်။ ထိုအနီးတွင် ကျောက်တိုင်မှ ထုတ်လွှတ်ထားသော နတ်အလင်းတို့ ရှိနေခဲ့သည်။
“ဒီလောကကြီးမှာ လမ်းစဥ်မရှိဘူး။” ကျိုးလင်ရှီးက ပျော့ပြောင်းသော လေသံနှင့် ရေရွတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် ဖိအားများကို သူမ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါကို ပရမ်းပတာဖြစ်လာစေသည်။ ထို့နောက် သူမက မှတ်ချက်ချလိုက်သည်။ “အဲဒီနှစ်တွေတုန်းက အင်ပါယာရှန်ကျား ဘယ်အဆင့်လဲဆိုတာ သိချင်မိတယ်။ သူက ဒီလိုစကားမျိုးကိုတောင် ပြောရဲတာဆိုတော့။”
“မင်း ကောင်းကင်လမ်းစဥ် ပြိုကျတာနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ ကြားဖူးမယ်လို့ ထင်ပါတယ်။” ရီဖူရှင်းက ကျိုးလင်ရှီးကို ပြောလိုက်သည်။
“ကြားဖူးတယ်။” သူမက ခေါင်းညိတ်လိုက်၏။ “ရှေးခေတ်အခါတုန်းက အရမ်းအစွမ်းထက်တဲ့ တန်ခိုးရှင်အချို့ ရှိကြပြီး သူတို့ရဲ့ စွမ်းအားအောက်မှာ ကောင်းကင်လမ်းစဥ်ကိုတောင် ယိမ်းယိုင်သွားစေတယ်တဲ့။”
“အဲဒီလူတွေက ကောင်းကင်လမ်းစဥ်ကို တစ်ချိန်လုံး တိုက်ခိုက်နေကြတာ ဖြစ်နိုင်တယ်။” ရီဖူရှင်းက ရေရွတ်လိုက်သည်။
ကျိုးလင်ရှီးက သူ့ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ကျင့်ကြံခြင်းက အဆုံးမရှိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အမြင့်ဆုံးအဆင့်ကို ရောက်သွားတဲ့အခါ အတားအဆီးတွေကို ချိုးဖျက်ဖို့ လိုအပ်ပြီး အစကနေ ပြန်စတင်ကြတယ်။ ရှေးခေတ်အချိန်ရဲ့ အရှင်သခင်တွေက ကောင်းကင်လမ်းစဥ်ကို ဆန့်ကျင်တိုက်ခိုက်ရဲကြတာ ဖြစ်နိုင်တယ်။ ဒီလေဟာနယ်က တကယ်ပဲ ကျွန်မဆီက မဟာလမ်းစဥ် စွမ်းအားတွေကို ပျက်စီးစေနိုင်စွမ်းရှိတယ်။”
“ဟုတ်တယ်။” ထို့နောက် ရီဖူရှင်းက ပြောလိုက်သည်။ “ဒီမှာနေပါ မင်းသမီး။ ဒီထက်ပိုပြီး ဆက်လျှောက်ရင် အန္တရာယ်ရှိနိုင်တယ်။”
“ကောင်းပြီ။ ကျွန်မ ဒီမှာ နေပြီး ရှင် နတ်ဘုရားရုပ်ကြွင်းကို ကြည့်ရှု လေ့လာသင်ယူနေတာကို စောင့်ကြည့်နေမယ်။” ကျိုးလင်ရှီးက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
အပြင်ဘက်မှ လူများသည် ထိုဖြစ်စဥ်ကို ကြည့်နေရင်း စကားပြောနေကြသည်။ သူတို့သည် ကျိုးလင်ရှီးက အမှန်တကယ်ပင် ရီဖူရှင်းနှင့် ရင်းနှီးချင်သည့် ရည်ရွယ်ချက် ရှိပုံရသည်။ မဟုတ်လျှင် သူမ၏ အဆင့်အတန်းနှင့် ဤမျှထိ လုပ်ပေးရန် မလိုအပ်ပေ။ သူမတူအောင် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ယောက်မှာ နယ်မြေသခင်အိမ်တော်၏ သမီးထံမှ အာရုံစိုက်မှုကိုပင် ဖမ်းယူနိုင်ပေသည်။
ရီဖူရှင်းက နတ်ဘုရားခေါင်းတလားသို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် သူက လေဟာနယ်အတွင်းရှိ ခေါင်းတလားသို့ လျှောက်သွားခဲ့သည်။ သူ့အကြည့်များက အထဲမှ နတ်ဘုရားရုပ်ကြွင်းထံ၌ ရှိနေခဲ့သည်။ ထိုအခိုက်အတန့်တွင် နတ်ဘုရားရုပ်ကြွင်းကို အပြင်ဘက်မှ ကြည့်ရသည့် ခံစားချက်ထက် ပိုမို ပြင်းထန်လာကြောင်း ခံစားမိပေသည်။ မရေတွက်နိုင်သော သင်္ကေတအက္ခရာများက သူ၏ မျက်လုံးများထဲသို့ တိုးဝင်လာကာ သက်စောင့်ဟော်နန်းအတွင်း တစ်ဟုန်ထိုး ပြေးဝင်သွား၏။
သက်စောင့်ဟော်နန်းအတွင်းမှ ကမ္ဘာနှင့် သူ့ခန္ဓာကိုယ်က ထိုအချိန်တွင် လုံးဝ မတူညီတော့သလိုပင်။ သူ့သွေးများက အလွန် တောက်ပသည့် နတ်အလင်းများနှင့် ထုတ်လွှတ်နေသော ရွှေရောင်ဖြစ်လာသလို ထင်မှတ်ရသည်။ ဤသည်မှာ သူ့ကို လူသားအားလုံး၏ အရှင်သခင်တစ်ပါးအဖြစ် ထင်မှတ်ရစေပြီး အရာအားလုံး၏ အထက်၌ ရှိနေသယောင် ပြုလုပ်ပေးနေပေသည်။
တောက်ပသော နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ့ကို ငယ်ရွယ်သော မဟာအင်ပါယာတစ်ပါးနှင့် တူနေစေသည်။ သူ့ သက်စောင့်ဟော်နန်းအတွင်းမှ လောကက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပေသည်။ မြင့်မြတ်သော အလင်းက နေရာအနှံ့တွင် တောက်ပနေပြီး ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံထားသည်။ ကမ္ဘာ့သစ်ပင်က နတ်သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်း၏ အကိုင်းအခက်များက အဝေးသို့ ကျယ်ပြန့်စွာ ပျံ့နှံ့လာပြီး လောကနှင့် ဆက်သွယ်ထားသည်။ ယိမ်းနွဲ့နေသော အကိုင်းအခက်များနှင့် သစ်ရွက်များမှ နတ်ရောင်ဝါများ ထုတ်လွှတ်နေကာ အလွန် တောက်ပနေသည်။ ၎င်းသည် တိုးဝင်လာနေသော အရာများကို တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရလေသည်။
ထင်မှတ်ထားသလိုပင် အဆုံးမဲ့ သင်္ကေတအက္ခရာများက သူ့သက်စောင့်ဟော်နန်းအတွင်း တိုးဝင်လာနေပြီး ကြီးမားသော လှိုင်းလုံးသဖွယ် နေရာတစ်ခုလုံးကို ကျူးကျော်ဝင်ရောက်လာကာ ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးလေသည်။
ဘုန်း....
သူ့ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် တုန်ခါသံများကို ကြားနေရပြီး မနီးမဝေး၌ ရပ်နေသည့် ကျိုးလင်ရှီးသည်ပင် စိတ်၏ အနက်ရှိုင်းဆုံးနေရာမှ တုန်ယင်သွားကာ အနည်းငယ် ကြောက်ရွံ့မှုအား ခံစားလာရသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ရီဖူရှင်းက ထိုနတ်ဘုရားရုပ်ကြွင်းမှ ကျူးကျော်မှုကို ခွင့်ပြုထားနိုင်အောင် မည်သည့်အရာက လုပ်ပေးနေကြောင်း သိချင်မိပေသည်။
ထို့အပြင် သူမက ရီဖူရှင်း မည်သည့် အရာကို အောင်မြင်နိုင်ရန် ကြိုးစားနေကြောင်း သိချင်မိသည်။
သူက အချိန်တိုလေးအတွင်း ထိုစွမ်းအားများအတွင်း အပြည့်အဝ နစ်မြုပ်သွားသလိုပင်။ ဘေးမှာရပ်နေသည့် ကျိုးလင်ရှီး၏ စိတ်များသည်ပင် တုန်ယင်နေခဲ့သည်။ သူမက ကိုယ်တိုင် ထိုတုန်ယင်နေမှုအား တွေ့ကြုံနေရသလို ခံစားမိပေသည်။
သူမသည် သူက ဤနတ်ဘုရားရုပ်ကြွင်းမှ မည်သည့်အရာကို သင်ယူရန် ကြိုးစားနေသည်အား သိချင်မိပေသည်။
သိပ်မကြာခင်မှာပင် ရီဖူရှင်းက ယခင်ကကဲ့သို့ ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားပြီး နောက်သို့ လွင့်စင်သွားပေသည်။ သို့သော် သူက ကြောက်ရွံ့ခြင်းမရှိ သူ့မျက်လုံးထဲမှ အကြည့်များက အမြဲတမ်း ရှိနေသလိုပင် ခိုင်ကြည်နေခဲ့၏။ သူက ဘေးသို့ သွားကာ ခြေထောက်များကို ခွေကာ ထိုင်ချလိုက်ကာ ပြန်လည်ကောင်းမွန်လာစေရန် တရားထိုင်လိုက်ပေသည်။ သူသည် ယခု ဖြစ်ပျက်သွားသည့် အရာအားလုံးကို အလွန် အသားကျနေပုံရလေသည်။
ကျိုးလင်ရှီးသည် ရီဖူရှင်းထံ၌ အရည်အချင်းအပြင် အလွန် ချောမောသော အသွင်အပြင်ရှိပြီး ပင်ကိုစရိုက်ကလည်း ထူးကဲသဖြင့် ဤနေရာထိ ရောက်လာနိုင်ခြင်း ဖြစ်ရပေမည်။ သူ ကျင့်ကြံနေသည့်အခါ သူ့ဝန်းကျင်တွင် အလွန် လေးနက်သောအရောင်အဝါတို့ လွှမ်းခြုံနေပြီး ထိုအရာမျိုးကို သူမ မည်သည့်အခါကမှ မမြင်ခဲ့ဖူးပေ။ သူက ဒဏ်ရာများ ရရှိလာသည့်တိုင် မတုန်မလှုပ် ကျန်ရှိပေသည်။
အပြင်ကလူများသည်လည်း စောင့်ကြည့်နေရုံသာ တတ်နိုင်ပြီး မည်သို့မှ မတတ်နိုင်ပေ။ ရီဖူရှင်းက ထိုရက်မှစ၍ ရက်အတော်ကြာ အထဲတွင် ကျင့်ကြံနေခဲ့ပြီး ကျိုးလင်ရှီးကလည်း ထိုနေရာ၌ တစ်ချိန်လုံး ရှိနေခဲ့သည်။
ထိပ်သီးပုဂ္ဂိုလ်ကြီးများ ရောက်လာသောအခါ သူတို့က အနားကပ်၍ အထဲသို့ ကြည့်လိုက်ကြသော်လည်း သူတို့အကြည့်များက ရီဖူရှင်းထံ မကြာခဏ ရောက်ရောက်လာကြသည်။
ထိပ်သီးပုဂ္ဂိုလ်များ ရောက်ရှိလာကြသော်လည်း ရီဖူရှင်းက စိတ်အေးသက်သာ ရှိနေဆဲပင် ဖြစ်သည်။ သူသည် အခြားအရာများအားလုံးကို လျစ်လျူရှုထားကာ ကိုယ်ပိုင် ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်နေသည်။
ရီဖူရှင်းက ထိုနေ့တွင် ကျင့်ကြံနေဆဲ ဖြစ်သည်။ သူက နတ်ဘုရားခေါင်းတလားရှေ့တွင် ရပ်နေပြီး နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရကာ ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ တောက်ပသော နတ်အလင်းတို့က သူ့ကို လွှမ်းခြုံထားပြီး သူ့ခန္ဓာကိုယ်အတွင်း ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ အော်မြည်ကာ တုန်ခါနေသည်။
လက်ရှိတွင် သူသည် သူ၏ ကိုယ်ပိုင်လောကအတွင်း သင်္ကေတအက္ခရာများ မရှိတော့ဘဲ အစစ်အမှန်နတ်ဘုရားတစ်ပါးကို မြင်နေရပေသည်။ ခေါင်းတလားအတွင်းမှ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက ပြန်လည် ရှင်သန်လာပြီး သူ့ ရှေ့တွင် ရပ်နေသကဲ့သို့ပင်။ ထိုအဆုံးမဲ့ သင်္ကေတအက္ခရာများက သူ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသလို ထင်မှတ်ရပေသည်။ သူ့ ခန္ဓာကိုယ်က ကိုယ်ပိုင်လောကတစ်ခုသဖွယ် ဖြစ်လာပြီး သင်္ကေတအက္ခရာများက ထိုလောကကို စိုးမိုးထားသလို ထင်မှတ်ရသည်။
ရီဖူရှင်းက အနီးကပ် ကြည့်ချင်နေသည်။ သူက ရှေ့တွင် ပေါ်လာသော အစစ်အမှန် နတ်ဘုရားတစ်ပါးနှင့်တူသည့် မဟာအင်ပါယာရှန်ကျားကို မြင်နိုင်စွမ်းရှိပုံရလေသည်။
ဘုန်း...
ရီဖူရှင်းက နောက်သို့ တစ်ဖန် လွင့်စင်သွားပြီး ယခုတစ်ကြိမ်၌ ပို၍ ပြင်းထန်သည်။ သူက ခြေလှမ်းပေါင်းများစွာ ကွာဝေးသည်ထိ လွင့်ထွက်သွားကာ အဝေးရှိ ကျောက်တိုင်များနှင့် တိုက်မိသွားခဲ့သည်။ သူက သွေးချောင်းဆိုးလိုက်ပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိသွားလေသည်။
အပြင်ဘက်မှ လူများမှာ ထိုမြင်ကွင်းကြောင့် အသက်အောင့်လိုက်မိကြပေသည်။
“ဆရာရီ။” ကျိုးလင်ရှီးက ပြန်လှည့်ကာ လှေကားများမှ ဆင်းလာရန် ပြင်လိုက်သည်။ ထို့နောက် ရီဖူရှင်းက လက်နှင့် ကျောက်တိုင်ကို ထောက်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်း၍ ထရပ်လိုက်ပြီး ကျောက်တိုင်တွင် မှီလိုက်သည်။ သူက ခေါင်းကို ယမ်းရင်း ပြုံးကာ ပြောလိုက်သည်။ “ကျုပ် အဆင်ပြေပါတယ်။”
ထို့နောက်တွင် သူက ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်၏။ ကျိုးလင်ရှီးသည် ထိုအချင်းအရာအားလုံးကို မြင်ပြီးနောက် သူမက အတော်လေး စိတ်လှုပ်ရှားသွားပေသည်။ ထိုမျှ ထူးချွန်ထက်မြက်နေပါသော်လည်း သူသည် ကျင့်ကြံခြင်း၌ မည်သည့် အကျိုးဆက်ကိုမှ ဂရုမစိုက်ဘဲ အသက်ကိုပင် ပေးအပ်ထားပေသည်။
အပြင်ဘက်မှ တန်ခိုးရှင်များသည်လည်း အထင်ကြီးသွားကြသည်။ ထူးချွန်ထက်မြက်သည့် ပါရမီရှင်တိုင်းက ဆန်းကြယ်သော ပါရမီကို ပိုင်ဆိုင်ထားပါသော်လည်း အလွန် ကြိုးစားကြပေသည်။
ထိုအခိုက်တွင် နယ်မြေသခင်အိမ်တော်အတွင်းမှ နတ်အလင်းတို့ တောက်ပလာသည်။ လူတစ်စု ထွက်လာပြီး နေရာအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာသည်။ နယ်မြေသခင်က ကိုယ်တိုင်ထွက်လာကာ သူတို့ကို နှုတ်ဆက်လိုက်ပြီး လူအုပ်ကြီးအား အကဲခတ်လိုက်သည်။
“တော်ဝင်နန်းတော်က သတင်းရောက်လာလို့လား။” တစ်စုံတစ်ယောက်က မေးလိုက်၏။
“ဟုတ်တယ်။” နယ်မြေသခင်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ “မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားခေါင်းတလားကို ရှန်ချင်းနယ်မြေမှာ ရှာတွေ့တာဆိုတော့ ရှန်ချင်းနယ်မြေကပဲ ထိန်းသိမ်းရမယ်။ တော်ဝင်နန်းတော်က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။”
***