နတ်ဘုရားဂူဗိမာန်တည်ဆောက်ခြင်း
Vol. 153 Ch. 2171
စကားပြောနေသူကို ရောက်နေသူအားလုံးက ကြည့်လိုက်ကြပြီး သူတို့အားလုံး၏ နှလုံးသားများက အနည်းငယ် လှိုင်းထနေခဲ့သည်။
တော်ဝင်နန်းတော်၏ ဆုံးဖြတ်ချက်မှာ နတ်ဘုရားခေါင်းတလားကို ယူဆောင်သွားရန် မဟုတ်ဘဲ ၎င်းကို ရှာဖွေတွေ့ရှိခဲ့သည့် ရှန်ချင်းနယ်မြေ၌သာ ထားရှိစေကာ ၎င်း၏ သဘောထားကြီးမှုကို ပြသခဲ့သည်။
သူတို့သည် တော်ဝင်နန်းတော်က ထိုမျှ သဘောထားကြီးနိုင်စွမ်းရှိသည်ဟုသာ တွေးမိကြပေသည်။ သူတို့က အမှန်တကယ်ပင် ရှေးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ရယူခြင်းမှ ရှောင်ရှားခဲ့ပေသည်။
မဟုတ်လျှင် တော်ဝင်နန်းတော်က နတ်ဘုရားခေါင်းတလားကို သူတို့ထံ ပို့ဆောင်ပေးရန်သာ ညွှန်ကြားပေလိမ့်မည်။
သို့သော် တော်ဝင်နန်းတော်မှ လူများက နတ်ဘုရားခေါင်းတလားအား ရှန်ချင်းနယ်မြေမှ လူများကသာ ဂရုစိုက်ကိုင်တွယ်ရန် ပြောကြားခဲ့ပေသည်။
သို့သော် ရှန်ချင်းနယ်မြေအတွင်းရှိ မည်သူကမှ ထိုခေါင်းတလားကို ရရှိရန် နယ်မြေသခင်အိမ်တော်နှင့် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤနယ်မြေ၏ အထွတ်အမြတ် အမွေအနှစ်ကို ထိန်းသိမ်းရန် နတ်ဘုရားခေါင်းတလားသည် နယ်မြေသခင်အိမ်တော်၌သာ ထားရစ်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
သို့သော် တစ်ဖန်ထပ်၍ လက်ရှိရောက်နေသူများကြားတွင် တူညီသော အတွေးတို့ ရှိနေသော်လည်း လက်ရှိတွင် ကျင့်ကြံခြင်းအင်အားစုများမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများပါ ရောက်နေသည်ဖြစ်ရာ နယ်မြေသခင်အိမ်တော်က နတ်ဘုရားခေါင်းတလားကို အပိုင်အဖြစ် သိမ်းဆည်းလိုက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့ပုံပေါ်သည်။ ထိပ်သီးပုဂ္ဂိုလ်ကြီးများ အားလုံးလည်း ဤနေရာ၌ ရှိနေကြသည်။ မည်သူကမှ စကားမပြောကြဘဲ အိမ်တော်ထဲမှ ထွက်ပေါ်လာသည့် နယ်မြေသခင်ကိုသာ ကြည့်နေကြပေသည်။
ထိုနေရာ၏ လေထုအခြေအနေက အနည်းငယ် ထူးဆန်းလာပုံပေါ်လေသည်။ သူတို့အားလုံးသည် တစ်စုံတစ်ယောက်က စကားစပြောရန် စောင့်ဆိုင်းနေပုံရလေသည်။
“မဟာအင်ပါယာက နတ်ဘုရားခေါင်းတလားကို ကျုပ်တို့ ရှန်ချင်းနယ်မြေက တန်ခိုးရှင်တွေ လက်ထဲ ထည့်ပေးရလောက်အောင် သဘောထားကြီးတာပဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ အချိန်အကြာကြီး တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စကားစပြောလာပြီ ဖြစ်သည်။ စကားပြောလိုက်သည့်သူက အခြားမဟုတ်ဘဲ နန်ဟိုင်ကလန်၏ ခေါင်းဆောင်ဖြစ်ပေသည်။ သူက နယ်မြေသခင်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “နတ်ဘုရားခေါင်းတလားကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေထဲမှာ ကျုပ်တို့ နန်ဟိုင်ကလန်လည်း ပါတယ်။ ဒါပေမယ့် တော်ဝင်နန်းတော်ကို အစီရင်ခံမယ်ဆိုပြီး နယ်မြေသခင်က ယူဆောင်သွားခဲ့တယ်။ အခု တော်ဝင်နန်းတော်ကနေ အဖြေပြန်ရောက်လာခဲ့ပြီဆိုတော့ ဒီနတ်ဘုရားခေါင်းတလားနဲ့ ပတ်သတ်ပြီး ဘယ်လို ကိုင်တွယ်ဖို့ ရည်ရွယ်ထားလဲ။”
နတ်ဘုရားခေါင်းတလားက သူတို့၏ စွမ်းအားနှင့် ကိုင်တွယ်နိုင်ခြင်း မရှိလောက်အောင် သာလွန်နေခဲ့သည့်အတွက် ၎င်းမှ မည်သည့်အရာကိုမှ သင်ယူနိုင်စွမ်း မရှိခဲ့ပေ။ သို့သော် သူတို့သည် ထိုခေါင်းတလားအတွင်းမှ နတ်ဘုရားရုပ်ကြွင်းက မည်မျှ အဖိုးတန်ကြောင်း သိရှိပေသည်။ ထိုသည်မှာ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ် ဖြစ်ပြီး ခန္ဓာကိုယ်အား စူးစမ်းလေ့လာ၍ မရလောက်အောင် အဆုံးမဲ့ သင်္ကေတအက္ခရာများဖြင့် ဖုံးလွှမ်းထားခြင်းခံရပေသည်။ ရှန်ချင်းနယ်မြေ၏ အထွတ်အထိပ်မှ ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ရုပ်ကြွင်းကို တစ်ချက်လေး ကြည့်မိရုံမျှနှင့် နာကျင်မှုကို ခံစားခဲ့ရပေသည်။ သူတို့သည် ထပ်ကာတလဲလဲ ပြုလုပ်ခြင်းက ပို၍ ထိခိုက်စေမည်ကို သိရှိကြသည်။
သူတို့က ၎င်းကို လေ့လာနိုင်ဖို့ရာ အိမ်သို့ ယူဆောင်သွားနိုင်ရန်ပင် တွေးနေကြသည်။
သို့သော် သူတို့က ထိုအတွေးမျိုး ရှိနေသည့် တစ်ယောက်တည်းသော သူမဟုတ်သည်မှာ သေချာပေသည်။ ထိပ်သီးအင်အားစုများရှိ မည်သူကမှ ထိုနတ်ဘုရားရုပ်ကြွင်းမှ လျှို့ဝှက်ချက်များကို လေ့လာရန် ခေါင်းတလားအား မလိုချင်သည့်သူ မည်သူမှ မရှိပေ။ သူတို့က အနာဂတ်၌ ပိုပြီး အစွမ်းထက်လာခဲ့လျှင် မဟာအင်ပါယာအဆင့်က မည်သို့သော အဆင့်ဖြစ်ကြောင်း လေ့လာနိုင်စွမ်း ရှိပေလိမ့်မည်။
နယ်မြေသခင်အိမ်တော်မှ သိမ်းလိုက်ခြင်း မဟုတ်လျှင် ထိုအချိန်၌ နတ်ဘုရားခေါင်းတလားကို ရသွားသည့် မည်သူမဆို အခြားလူများက ၎င်းအား ပိုင်ဆိုင်ခွင့် ပေးလိမ့်မည်မဟုတ်ပါချေ။
နယ်မြေသခင်ကျိုးက လူအုပ်ကြီးကို ကြည့်လိုက်သည်။ မေးခွန်းက ရှင်းလင်းသော်လည်း သူက အလျင်စလို အဖြေပြန်မပေးလိုခဲ့ပေ။ သူက ရှန်ချင်းနယ်မြေတွင် အာဏာအရှိဆုံးသူ ဖြစ်သော်လည်း ထိပ်သီးအင်အားစုမှ လူများသည် သူ့လက်အောက်ခံများ မဟုတ်သည့်အတွက် အမိန့်ပေးနိုင်စွမ်း ရှိမနေချေ။ သူတို့က အခြားလူများကဲ့သို့ ကောင်းကင်ဒေသမှ တန်ခိုးရှင်များ ဖြစ်ပေသည်။ သူတို့က သူ့အား လေးစားကာ မျက်နှာသာ ပေးထားသော်လည်း သူ့အမိန့်တိုင်းကို နာခံမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အထူးသဖြင့် ထိုသို့သော နတ်ဘုရားအမွေအနှစ်မျိုးကို အာရုံစိုက်နေသောအခါ၌ ဖြစ်ပေသည်။ သူသည် နယ်မြေသခင်အိမ်တော်က ထိုသို့သော အမွေအနှစ်ကို ကိုယ်တိုင် သိမ်းဆည်းထားရန် မဖြစ်နိုင်သည်ကို သိရှိသည်။ သူက ထိုသို့ လုပ်ဆောင်လိုက်ပါက လက်ရှိ ရောက်နေသော လူတိုင်း၏ အမျက်ဒေါသကို ရန်စမိသလို ဖြစ်သွားမည် ဖြစ်ကြောင်းကိုလည်း သေချာ သိရှိပေသည်။ အင်အားစုများသည် နယ်မြေသခင်အိမ်တော်နှင့် သူ့ကို စိတ်မကျေမနပ် ဖြစ်ပြီး အငြင်းပွားမှုများ ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် သူက ပြဿနာကို သတိထား၍ ကိုင်တွယ်ရန် လိုအပ်သည်။
“အင်ပါယာရှန်ကျားရဲ့ နတ်ဘုရားခေါင်းတလားက ချန်းယွမ်ကုန်းမြေမှာ မတော်တဆ ရှာတွေ့ခဲ့ကြတာ။ ဒါကြောင့် အဲဒါကို ဘယ်သူနဲ့မှ သက်ဆိုင်တယ်လို့ သတ်မှတ်မရနိုင်ဘူး။ အရင်က ရှာတွေ့ခဲ့တာ လူအများကြီးမို့လို့ ခင်ဗျားတို့ အားလုံးမရောက်ခင်ထိ ဘယ်သူမှ အဲဒါကို ယူသွားလို့မရခဲ့ဘူး။ အဲဒီနောက်မှာ တော်ဝင်နန်းတော်ကို သတင်းပို့ဖို့အတွက် ခင်ဗျားတို့နဲ့အတူ ဒီနေရာကို ယူဆောင်လာခဲ့တယ်။ ဒါပေမယ့် တော်ဝင်နန်းတော်က အဖြေပြန်ပေးခဲ့တာ ကျုပ်တို့ ရှန်ချင်းနယ်မြေက ဒါကို ကိုယ့်ဘာသာ ကိုင်တွယ်ရမယ်တဲ့။ အဲဒါ မဟာအင်ပါယာက ကောင်းကင်ဒေသကို အားကောင်းလာစေဖို့ ဘယ်လောက် ဆန္ဒရှိနေလဲဆိုတာ သိသာစေတယ်။ နတ်ဘုရားခေါင်းတလားကို ရှန်ချင်းနယ်မြေဆီ ပေးလိုက်တာဆိုတော့ ဒါကို အသုံးပြုပြီး လေ့လာသင်ယူနိုင်ဖို့ အားထုတ်ရမယ်။” နယ်မြေသခင်က ကြေညာလိုက်သည်။ “ကျုပ်တို့က မဟာအင်ပါယာကို စိတ်ပျက်စေလို့ မဖြစ်ဘူး။”
လူတိုင်းက တိတ်ဆိတ်စွာ နားထောင်နေကြပြီး အချို့ကတော့ မျက်မှောင်ကြုတ်လိုက်ကြသည်။ နန်ဟိုင်ကလန်ခေါင်းဆောင်သည် နယ်မြေသခင်၏ ဆိုလိုရင်းကို ပို၍ နားလည်နိုင်စွမ်း ရှိပြီး နယ်မြေသခင်က နတ်ဘုရားခေါင်းတလားကို သိမ်းယူရန် ရည်ရွယ်နေသည်အား သူ သိရှိပေသည်။
ထင်ထားသလိုပင် နယ်မြေသခင်က ဆက်ပြောလိုက်၏။ “ကျုပ်က မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားခေါင်းတလားကို ထားဖို့အတွက် နယ်မြေသခင်အိမ်တော်ရဲ့ အနီးမှာ နတ်ဘုရားဂူဗိမာန် ဆောက်လုပ်မယ်။ အစောင့်အကြပ်တွေက နတ်ဘုရားဂူဗိမာန်ကို စောင့်ကြပ်နေမယ်ဆိုပေမယ့် ကုန်းမြေအသီးသီးက ထိပ်သီးပုဂ္ဂိုလ်တွေ အကုန်လုံး အဲဒီကို ဝင်ရောက်နိုင်ခွင့်ရှိတယ်။ ရှန်ချင်းနယ်မြေထဲက စွမ်းရည်လုံလောက်တဲ့ ဘယ်သူမဆို အထဲကို ဝင်ဖို့ ခွင့်ပြုချက်ရှိပြီး ရှန်ချင်းနယ်မြေထဲက တန်ခိုးရှင်တွေရဲ့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို လေ့လာနိုင်ခွင့် ရှိတယ်။ ခင်ဗျားတို့အားလုံး ဘယ်လိုထင်ကြလဲ။”
လူတိုင်းသည် နယ်မြေသခင်၏ ဆိုလိုရင်းအား နားလည်ကြပေသည်။ နယ်မြေသခင်အိမ်တော်အနီး၌ နတ်ဘုရားဂူဗိမာန်အား တည်ဆောက်ပြီး နတ်ဘုရားခေါင်းတလားကို ထည့်ထားခြင်းမှာ နယ်မြေသခင်အိမ်တော်က ၎င်းကို သူတို့၏ ထိန်းချုပ်မှုအောက်၌ ထားလိုခြင်းဖြစ်ကြောင်း ဆိုလိုပေသည်။ သူတို့က နတ်ဘုရားခေါင်းတလားမှ အချိန်မရွေး လေ့လာသင်ယူ စူးစမ်းရှာဖွေနိုင်သော်လည်း ထိပ်သီးအင်အားစုမှ လူများက ရှန်ချင်းကုန်းမြေ၌ တစ်ချိန်လုံး နေနေရမည်မှာ ရယ်စရာပင် ဖြစ်သည်။
နတ်ဘုရားခေါင်းတလားက သာမန်မဟုတ်သလို ၎င်းမှ သင်ယူလေ့လာရန်မှာလည်း လွယ်ကူပေသည်။
နတ်ဘုရားဂူဗိမာန်က ပြီးစီးသွားသည်နှင့် နတ်ဘုရားခေါင်းတလားသည် နယ်မြေသခင်အိမ်တော်၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ကျရောက်သွားပေလိမ့်မည်။
သို့သော် နယ်မြေသခင် ဖော်ပြလာသည့် နည်းလမ်းက ကောင်းမွန်နေရာ ငြင်းဆန်ရန် မဖြစ်နိုင်ပေ။ သူတို့က သူတို့၏ သက်ဆိုင်ရာကုန်းမြေများ၌ ထားလိုသည့် အတွေးများရှိနေပါက ပို၍ ရယ်စရာ ကောင်းပေလိ့မည်။
ထို့အပြင် ယခု သူတို့ရပ်နေသည့် မြေပြင်က နယ်မြေသခင်အိမ်တော်၏ အပြင်ဘက်တွင် ဖြစ်ပေသည်။
နန်ဟိုင်ကလန်၏ ခေါင်းဆောင်သည် သူက နတ်ဘုရားခေါင်းတလားကို ရှာတွေ့ခဲ့သူများထဲမှ တစ်ယောက်ဟု ပြောခဲ့သော်လည်း နယ်မြေသခင်က ထိုအဆိုပြုချက်အား ငြင်းပယ်ခဲ့သည်။ နတ်ဘုရားခေါင်းတလားသည် အစကတည်းက မတော်တဆ အခွင့်အရေးကြောင့် ရရှိလာခဲ့ပြီး အရင်ဆုံး ရှာဖွေတွေ့ရှိခဲ့သူမှာ အထဲသို့ ဝင်ရန်ပင် အခွင့်အရေး မရှိခဲ့ပေ။ နတ်ဘုရားခေါင်းတလားကို အစောဆုံး စူးစမ်းလေ့လာနိုင်သူအား ပြောရမည်ဆိုလျှင် ၎င်းက မုယွင်လန်နှင့် ရီဖူရှင်း ဖြစ်လေသည်။ သို့သော် နတ်ဘုရားခေါင်းတလားအား အရင်ဆုံး ရှာတွေ့ခဲ့သူက ပိုင်ဆိုင်ရလိမ့်မည်ဟုတော့ မဆိုလိုပေ။
နတ်ဘုရားခေါင်းတလားက မည်သူနှင့်မှ မသက်ဆိုင်လျှင် ၎င်းကို ပိုင်ဆိုင်ရန် မည်သူကမှ တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
သို့သော် နယ်မြေသခင်အိမ်တော်သို့ ယူဆောင်လာသည်နှင့် ပတ်သတ်ကာ မည်သူကမှ ပြဿနာရှာခြင်း မရှိလေရာ နယ်မြေသခင်က သိမ်းပိုက်သွားသည်မှာ ပုံမှန်သာ ဖြစ်သည်။
ထိုနေရာတစ်ခွင်တွင် တိတ်ဆိတ်မှုက တစ်ဖန် ကြီးစိုးသွားပြန်လေသည်။ မည်သူကမှ စကားမပြောကြဘဲ သူတို့က တွေးတောစဥ်းစားနေကြပုံရသည်။
သူတို့က မကျေမနပ်ခံစားနေရသော်လည်း မည်သူမှ မကန့်ကွက်ကြပေ။ အဆုံးမှာတော့ မည်သူကမှ နယ်မြေသခင်၏ မကောင်းသည့် ဘက်ခြမ်း၌ မရပ်ရဲကြပေ။ ထို့အပြင် ထိုသို့ ကန့်ကွက်ချက်က အချည်းနှီးဖြစ်နိုင်သည်မှာ အမြဲလိုလို အတူတူပင် ဖြစ်သည်။
ထို့အပြင် နယ်မြေသခင်က နတ်ဘုရားဂူဗိမာန်အား နယ်မြေသခင်အိမ်တော်အတွင်း ဆောက်လုပ်မည်ဟု မပြောခဲ့ဘဲ အခြားတစ်နေရာတွင် ဆောက်လုပ်မည်ဟုသာ ပြောခဲ့သည်။ ထိုသည်ကပင် သူက အခြားလူများ၏ အတွေးများကို ထည့်သွင်းဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သူက နယ်မြေသခင်အိမ်တော်အတွင်း၌ တည်ဆောက်မည်ဟု ပြောခဲ့ပါလျှင် နတ်ဘုရားခေါင်းတလားက သူတို့ အပိုင်ဟု ကြေညာလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သေချာစဥ်းစားကြည့်လျှင် သဘာဝအားဖြင့် အဓိပ္ပါယ်က အတူတူပင် ဖြစ်သည်။
“နတ်ဘုရားဂူဗိမာန်ကို တည်ဆောက်ပြီးရင် ကျုပ်တို့ရဲ့ ဂျူနီယာတွေကို အချိန်မရွေး ဆန္ဒရှိသလို အထဲမှာ ကျင့်ကြံခွင့်ပြုမယ်လို့ ဆိုလိုတာလား။” နန်ဟိုင်ကလန်၏ ခေါင်းဆောင်က မေးလိုက်သည်။
“အဲဒီလိုပါပဲ။” နယ်မြေသခင်က ပြန်ဖြေလိုက်သည်။ “အဆင့်မြင့်ကောင်းကင်ကိုးလွှာရဲ့ ထိပ်သီးအင်အားစုတွေအားလုံး လေးမျက်နှာကျေးရွာက လူတွေအပါအဝင် နတ်ဘုရားဂူဗိမာန်ကို အချိန်တိုင်း လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုမယ်။”
လူတိုင်းက အကြံပြုချက်အား လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ရှန်ချင်းနယ်မြေအတွင်း ပျမ်းမျှစွမ်းအားအရ နယ်မြေသခင်အိမ်တော်က အစွမ်းထက်ဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ထိုအစွမ်းထက်ပုဂ္ဂိုလ်များသည် နယ်မြေသခင်ကိုမဆိုထားနှင့် သခင်လေး ကျိုးမုဟွမ်ကိုပင် ယှဥ်နိုင်ရန်ခက်ခဲပေသည်။
ထို့အပြင် ကျင့်ကြံခြင်းအင်အားစုများသည် အကြွင်းမဲ့ လိုအပ်နေသည်မှ မဟုတ်လျှင် နယ်မြေသခင်အိမ်တော်အား ဆန့်ကျင်ရန် ရေးကြီးခွင်ကျယ် လုပ်နေမည်မဟုတ်ဟု ယူဆနိုင်ပေသည်။ သဘောမတူသည့်သူ တစ်ယောက်ယောက် ရှိလျှင်ပင် ပြောင်းလဲမည့်အရာ မည်သည်မှ ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် နတ်ဘုရားခေါင်းတလားကို ဤနေရာအပြင် အခြားမည်သည့်နေရာတွင်မှ ထားစရာနေရာမရှိပေ။
“ဒါဆိုကောင်းပြီ။ နယ်မြေသခင်က ပြောပြီးပြီဆိုတော့ ကျုပ်တို့လည်း ကန့်ကွက်စရာ မရှိပါဘူး။” နန်ဟိုင်ကလန်ခေါင်းဆောင်က နယ်မြေသခင်အား မျက်နှာသာပေးရန် ဆုံးဖြတ်လိုက်သည်။ သူက ချက်ချင်းပင် အကြံပြုချက်အား သဘောတူလိုက်သည်။
“ကျုပ်ဘက်ကလည်း အဆင်ပြေပါတယ်။” လုကလန်၏ ခေါင်းဆောင်က ဒုတိယ ဆုံးဖြတ်ချက်ချသူ ဖြစ်သည်။
အကြီးဆုံးကလန်နှစ်ခုမှ ခေါင်းဆောင်နှစ်ယောက်က သဘောတူနေပြီဖြစ်ရာ အခြားလူများက သဘောမတူချင်လျှင်ပင် အချည်းနှီးဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းက နတ်ဘုရားခေါင်းတလားအား နယ်မြေသခင်အိမ်တော်အနီးတွင် နတ်ဘုရားဂူဗိမာန် တည်ဆောက်ရန် အကြံပြုချက်ကို သဘောတူခဲ့ကြသည်။
“ဒါဆို အဲဒီပြဿနာကို ဖြေရှင်းပြီးသွားပြီ။ နတ်ဘုရားခေါင်းတလားကို ထည့်သွင်းဖို့ ဂူဗိမာန် တည်ဆောက်ရအောင် ကျုပ် အမိန့်ပေးလိုက်မယ်။ နတ်ဘုရားဂူဗိမာန် တည်ဆောက်ပြီးတဲ့အခါ တခြားကိစ္စ ဆွေးနွေးဖို့အတွက် ကျုပ်တို့ စုဝေးကြမယ်။ ခင်ဗျားတို့အားလုံးကို အခု စုဝေးစေရတဲ့ ရည်ရွယ်ချက်က တခြားတစ်ခုအကြောင်း ဆွေးနွေးဖို့ပဲ။ ဒါပေမယ့် နတ်ဘုရားခေါင်းတလားက မထင်မှတ်ဘဲ ပေါ်လာတော့ အရင် ဦးစားပေးဖြစ်သွားတယ်။” နယ်မြေသခင်က ပြောလိုက်ပြီး လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ မူလရည်ရွယ်ချက်က နတ်ဘုရားခေါင်းတလားအကြောင်း ဆွေးနွေးရန် မဟုတ်ပေ။
နတ်ဘုရားခေါင်းတလား ပေါ်ပေါက်လာခြင်းက မတော်တဆသာ ဖြစ်သည်။
ထိုအခိုက်တွင် ဘေးမှ ရီဖူရှင်းက ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပြီး မျက်လုံးများအား ဖွင့်ကာ နယ်မြေသခင်ကို ကြည့်လိုက်သည်။ နတ်ဘုရားခေါင်းတလားသည် တော်ဝင်နန်းတော်၏ ယူဆောင်သွားခြင်းကို မခံရလေရာ သူသည် နတ်ဘုရားရုပ်ကြွင်းမှ သင်ယူရန် ပို၍ အချိန်ရနိုင်မည်ဟု ဆိုလိုပေသည်။
လေးမျက်နှာကျေးရွာမှ လူများသည်လည်း နတ်ဘုရားဂူဗိမာန်သို့ အချိန်မရွေးဝင်ရောက်ရန် အခွင့်အရေး ရထားသည်။
“အခု အလျင်စလို လုပ်စရာမလိုတော့ပါဘူး ဆရာရီ။ ဒီနေရာမှာ သင်ယူဖို့ အချိန်တွေ အများကြီး ရှိပါလိမ့်မယ်။” ကျိုးလင်ရှီးက ပြုံးကာ ရီဖူရှင်းအား စကားပြောလိုက်သည်။ သူမသည် ရီဖူရှင်းက ဒဏ်ရာရပြီးရင်း ရနေသည့်တိုင် အချိန်လု၍ လေ့လာကာ ကျင့်ကြံနေသည်အား မြင်တွေ့ရပေသည်။ သို့သော် သူက ဆက်လက်လေ့လာရန် တွန်းအားပေးနေဆဲပင် ဖြစ်သည်။
သို့သော် အခု ထိုသို့ လုပ်ရန် မလိုတော့ပေ။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မဟာအင်ပါယာက တကယ် သဘောထားပြည့်ဝတာပဲ။”
“အဟုတ်ပဲ။” ကျိုးလင်ရှီးက ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။ “ကောင်းပြီ။ ဒီလိုဆိုမှတော့ အပြင်ထွက်ကြရအောင်။ ကျွန်မ ရှင့်ကို နယ်မြေအိမ်တော်ထဲမှာ လိုက်ပြပေးမယ်လေ ဆရာရီ။”
ရီဖူရှင်းက သူမကို ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မင်းသမီးလင်ရှီး။ ဒါပေမယ့် ကျုပ် အရင်ရက်တွေတုန်းက ကျင့်ကြံခဲ့တာကြောင့် အတော်လေး ပင်ပန်းနေတယ်။ အခု ခဏလောက် နားပြီး တည်းခိုဆောင်မှာ အနားယူချင်မိတယ်။ ဒါကြောင့် ကျုပ် မင်းသမီးနဲ့ မလိုက်နိုင်မှာစိုးမိပါတယ်။”
“ရပါတယ်။” ကျိုးလင်ရှီးက တခြားထပ်မပြောတော့ပေ။ သူမက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ရှင့်မှာ အချိန်ရှိတဲ့အခါ ကျွန်မတို့ အိမ်တော်မှာ လျှောက်ကြည့်ကြတာပေါ့။”
“အဲဒါ ကောင်းပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်လုံး အပြင်သို့ ထွက်လာကြသည်။
သူတို့နှစ်ယောက် အပြင်သို့ ရောက်လာသည်နှင့် ကျိုးလင်ရှီးက သူ့ကို နှုတ်ဆက်ကာ နယ်မြေသခင်အိမ်တော်သို့ ပြန်သွားတော့သည်။ နယ်မြေသခင်က ရီဖူရှင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ရီဖူရှင်းက သူ့နေရာသူ ပြန်လာသည့်အခါ လှပသော်လည်း အေးစက်နေသည့် မျက်ဝန်းတစ်စုံက သူ့အား ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူက အတော်လေး စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရကာ မျက်ခုံးကို လက်ဖြင့် ခြစ်ရင်း ပြောလိုက်သည်။ “ပြန်သွားရအောင်။”
***