နယ်မြေသခင်၏ အရိပ်အမြွက်
Vol. 153 Ch. 2174
ရှန်ချင်းနယ်မြေသခင်အိမ်တော်မှ စားသောက်ပွဲက အသင့်ဖြစ်နေပြီး ကျင့်ကြံခြင်းအင်အားစုများမှ လူများက သူတို့၏ ထိုင်ခုံများ၌ ထိုင်လိုက်ကြသည်။
ရီဖူရှင်းနှင့် အခြားလူများလည်း တက်ရောက်ကြပြီး ရွာမှ လူများနှင့်အတူ ထိုင်နေခဲ့သည်။ သူတို့ဘေးမှ စားပွဲမှာ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်များ ဖြစ်လေသည်။
နယ်မြေသခင်က အဓိကခုံ၌ ထိုင်ကာ ကျိုးမုဟွမ်က သူ့ဘေးတွင် ထိုင်နေခဲ့သည်။ သူ့အောက် တစ်ဆင့်နိမ့်သော ခုံများတွင် ကျိုးလင်ရှီးနှင့် အခြားသူများ ထိုင်ကြသည်။ သူတို့အားလုံးက ထူးချွန်ထက်မြက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားကြ၏။
စားသောက်ပွဲအတွင်း လူတိုင်း နေရာယူနေကြပြီး စကားပြောဆိုမှုများကလည်း ဟိုတစ်စဒီတစ်စ ထွက်ထွက်လာသည်။ ထို့နောက် နယ်မြေက သူ့ခွက်ကို မြှောက်လိုက်လျှင် လူတိုင်းက တိတ်ဆိတ်သွားလေသည်။ နေရာအနှံ့မှ လူတိုင်းက နယ်မြေသခင်ထံ ကြည့်လိုက်ကြ၏။
“ကျုပ်တို့ ဒီလိုမျိုး စုဝေးနိုင်တာ ရှားပါးတယ်။ ဒါက ရှန်ချင်းနယ်မြေရဲ့ ကျင့်ကြံခြင်းအင်အားစုတွေက ကျော်ကြားသူတွေကို မြင်တွေ့ဖို့ အခွင့်အရေးပဲ။ မုဟွမ်လို ကျုပ်တို့ မျိုးဆက်ဟောင်းတွေရဲ့ ဆက်ခံသူတွေက ကျင့်ကြံခြင်းမှာ လက်ခံနိုင်လောက်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။ နောက်ထပ် ကျော်ကြားတဲ့ သူတွေလည်း အများကြီးရှိသေးတယ်။ တချို့က အဆင့်မြင့်ရန်ဟောင်အဆင့်ကို ရောက်နေကြပြီး ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားကြတယ်။ သူတို့ရဲ့ အဆင့်က ပြီးပြည့်စုံပြီး အထွတ်အထိပ်ကို တက်လှမ်းနိုင်ဖို့ အလားအလာများတယ်။ အခု လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောကထဲကို ဝင်ရောက်လာပြီး ရွာကနေ ထူးချွန်တဲ့ ကျင့်ကြံသူ အတော်လေး ထွက်ပေါ်လာတယ်။ သူတို့က နယ်မြေသခင်အိမ်တော်က လူတွေအပါအဝင် ရှန်ချင်းနယ်မြေရဲ့ တခြားအင်အားစုတွေ အားလုံးထက်တောင် အစွမ်းထက်ပုံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ပွဲပြီးဆုံးသွားပြီးတော့ ကောင်းကင်ဒေသမှာ ကျော်ကြားတဲ့သူတွေ နေရာအနှံ့ ထွက်ပေါ်လာပြီး ခေတ်သစ်တစ်ခုကို မြင်တွေ့ခဲ့ရတယ်။”
နယ်မြေသခင် ပြောသည့်စကားများအရ သူသည် လေးမျက်နှာကျေးရွာမှ လူများအပေါ် မြင့်မားသော အမြင်ထားရှိသည်မှာ သိသာပေသည်။
အမှန်တတကယ်တွင် လေးမျက်နှာကျေးရွာမှ လူများကလည်း အလွန် အစွမ်းထက်ကြသည်။ အဘိုးမာ၊ ဖန်းကိုင့်၊ မျက်မမြင်ထျယ်နှင့် အခြားစီနီယာများ အားလုံးသည်လည်း ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ တိုက်ပွဲစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဖန်းဟွမ်က နောက်ပိုင်းမျိုးဆက်ဟု သတ်မှတ်နိုင်သည်။ လေးမျက်နှာကျေးရွာက မျိုးဆက်များအကြား ပြတ်တောက်မှုများ ရှိသည်ဟု ဆိုနိုင်ပြီး အချို့ ကျင့်ကြံနိုင်ခြင်းမရှိသူတို့ ရှိနေသော်လည်း ကျင့်ကြံနိုင်သူများက အလွန် အစွမ်းထက်ကြပေသည်။ သို့သော် ယခုတွင် ရွာမှ လူများအားလုံးက ကျင့်ကြံနိုင်ကြပြီ ဖြစ်၏။ ထို့ကြောင့် ရွာ၏ အလားအလာက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
ပြီးပြည့်စုံသည့် မဟာလမ်းစဥ်နှင့် ရန်ဟောင်များကို ရေတွက်မည်ဆိုပါက ရှန်ချင်းနယ်မြေတစ်ခွင်မှ ထိပ်သီးအင်အားစုများရှိ ပုဂ္ဂိုလ်များကို ထည့်တွက်လျှင်ပင် ရွာမှ ကျင့်ကြံသူအရေအတွက်နှင့် အနည်းနဲ့အများ တူညီနေပေလိမ့်မည်။
ထိုသို့သော အဆင့်မှ လူများသည် ရှန်ချင်းနယ်မြေတစ်ခွင်၌ပင် အနည်းအကျဥ်းသာ ရှိပြီး လေးမျက်နှာကျေးရွာအား သာမန် အကဲဖြတ်မှုဖြင့် ရှုမြင်၍ မရနိုင်ပေ။
သို့သော် နှစ်ယောက်က ရွာမှ ဖယ်ထုတ်ခံခဲ့ရပြီး ထိုသူတို့မှာ ရွာမှ ကျင့်ကြံသူများမဟုတ်တော့သည့် နန်ဟိုင်ကလန်မှ မုယွင်လန်နှင့် မုယွင်လုံတို့ ဖြစ်လေသည်။
အခြားရှုထောင့်မှ ကြည့်လျှင် လေးမျက်နှာကျေးရွာအပြင် နန်ဟိုင်ကလန်သည် ထိုသို့သော အဆင့်နှင့် ကျင့်ကြံသူအများဆုံး ရှိသည့် ထိပ်သီးအင်အားစုတစ်ခု ဖြစ်ပေသည်။
“အထွတ်အထိပ်မှာ ရပ်နေတဲ့ လူတွေက တဖြေးဖြေး ကျဆင်းလာပြီး အောက်ခြေမှာ ရှိတဲ့ လူတွေက တဖြေးဖြေး အမြင့်ရောက်လာလိမ့်မယ်။” ရှန်းယွီနတ်ပြည်ထောင်၏ အရှင်သခင်က ပြောလိုက်သည်။ “အဲဒီနှစ် စစ်ပွဲအတွင်းမှာ မရေတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သုတ်သင်ခံလိုက်ရပြီး ပရမ်းပတာ လောကအတွင်းမှာ မရေတွက်နိုင်အောင် သေကြေပျက်စီးခဲ့ရတယ်။ အခု လောကကို တစ်စုတစ်စည်းတည်း ပေါင်းစည်းခဲ့ပြီးတော့ နောက်ဆုံးမှာ အင်အားစုတွေက တဖြေးဖြေး တိုးတက်လာခဲ့တယ်။ နောက်ပိုင်းမျိုးဆက်တွေက ဆက်လက်ကျင့်ကြံပြီး ဒီနေ့အခြေအနေအထိ ဖွံ့ဖြိုးလာတယ်။ ကျုပ်တို့က အခု တိုးတက်လာတဲ့ ရေစီးကြောင်းနဲ့ ဂုဏ်သရေ ထွန်းလင်းတဲ့ ခေတ်ဆီ လျှောက်လှမ်းကြလိမ့်မယ်။”
လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ယခင်မျိုးဆက်များ အားလုံးက ထိုအချိန်များကို ဖြတ်သန်းလာကြရပေသည်။ ယခင်က သေကြေခဲ့ရသော အစွမ်းထက်သူများက မရေတွက်နိုင်အောင်ပင် ဖြစ်သည်။ သူတို့က အမှန်တကယ် ကံကောင်းထောက်မ၍ အသက်ရှင်နိုင်ခဲ့ပြီး ငြိမ်းချမ်းသော အချိန်ကာလအတွင်း ကိုယ်ပိုင်အင်အားစုများ တည်ထောင်အုပ်စိုးနိုင်ခဲ့ကြသည်။
“အမှန်ပဲ။” နယ်မြေသခင်က ခေါင်းညိတ်လိုက်၏။ “ဒါပေမယ့် ပရမ်းပတာခေတ်က သူရဲကောင်းတွေ မွေးထုတ်ပေးနိုင်တယ်။ အရှင်ဒွန်ဟောင်ကလည်း အဲဒီအသက်အရွယ်လောက်မှာ အောင်မြင်ကျော်ကြားလာတယ်ဆိုတာ မမေ့သင့်ဘူး။ ဒီနေ့ခေတ် နယ်မြေဆယ့်ရှစ်ခုရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ အကျော်အမော် ပုဂ္ဂိုလ်တွေကြားမှာ အဲဒီခေတ်က ထွန်းတောက်ခဲ့တဲ့ တန်ခိုးရှင်တွေ အများကြီး ပါတယ်။ အခုတော့ သူတို့အားလုံးက တစ်ခေတ်တစ်ခါမှာ ကျော်ကြားလာမယ့် ဂျူနီယာလေးတွေကို သင်ကြားပေးဖို့ နောက်ကွယ်မှာပဲ နေကြတော့တယ်။”
ပရမ်းပတာခေတ်ကာလက တိုးတက်ရန် အကောင်းဆုံးအချိန်အခါ ဖြစ်ပေသည်။
“ဒီနေ့ခေတ် ကျင့်ကြံရေးပတ်ဝန်းကျင်က အရင်ကထက်အများကြီး သာပါတယ်။” တချို့က အတော်လေး အားကျစွာ ပြောလိုက်ကြသည်။ အချိန်များက ပြောင်းလဲသွားပြီး အချိန်ု အရာအားလုံးကို သိသိသာသာ ပြောင်းလဲခြင်းစေခဲ့သည်။ လက်ရှိသည် ယခင်ခေတ်နှင့် လုံးဝ ကွာခြားပေသည်။
“ကျင့်ကြံခြင်းပတ်ဝန်းကျင်က တိုးတက်လာတယ်ဆိုပေမယ့် ဖိအားကတော့ လစ်လပ်နေတယ်။ ဒါကြောင့် ဒီတစ်ခေါက် မှော်နက်စစ်တပ်နဲ့ စစ်ပွဲက အခွင့်အရေး ဖြစ်လိမ့်မယ်။” ထို့နောက် နယ်မြေသခင်က ထပ်ပြောလိုက်သည်။ “ဒီတစ်ခေါက် မုဟွမ်က လေဟာနယ်ဘုံကို ဦးဆောင်သွားလိမ့်မယ်။ ကျုပ် ခင်ဗျားတို့ရဲ့ အတွေးတွေကို သိချင်တယ်။ တော်ဝင်နန်းတော်က ခင်ဗျားတို့ကို စစ်မှုထမ်းဖို့ခေါ်ရင် ဘယ်လိုလုပ်မလဲ။”
“ဒါပေမယ့် စိတ်အေးအေးထားပါ။ ဒီနေ့ စားသောက်ပွဲမှာ ကျုပ်တို့က စကားစမြည်ပြောရုံပါပဲ။ အားလုံးရဲ့ အမြင်ကို အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူး။ ကောင်းကင်ဒေသရဲ့ ပဋိပက္ခက အင်အားစုတစ်ခုတည်း ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူးလေ။”
“ကျုပ် နန်ဟိုင်ကလန်ရဲ့ အဓိကအဖွဲ့ဝင်တွေကို စေလွှတ်ပါ့မယ်။ ဒါက တကယ့်ကို တခြား ဘယ်အရာနဲ့မှမတူတဲ့ အခွင့်အရေးပဲလေ။” နန်ဟိုင်ကလန် ခေါင်းဆောင်က ပြောလိုက်သည်။ အခြားလူများက ခေါင်းညိတ်လိုက်ပြီး ထိုအခိုက်တွင် နယ်မြေသခင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ် ကောလာဟလတွေ ကြားတာတော့ အင်ပါယာရီက တုန်းဟွာနယ်မြေမှာ နေခဲ့ဖူးပြီး တုန်းဟွာအခမ်းအနားမှာ အောင်မြင်ကျော်ကြားမှုတွေ ရရှိခဲ့တယ်။ ဒါပေမယ့် အင်ပါယာရီ တုန်းဟွာနယ်မြေကို မရောက်ခင်က လေဟာနယ်ဘုံမှာ ရှိနေခဲ့တာတဲ့။”
နယ်မြေသခင်၏ စကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ အကြည့်များက ရီဖူရှင်းထံ ရောက်ရှိလာသည်။ သူတို့သည် ရီဖူရှင်းက အမှန်တကယ် လေဟာနယ်ဘုံမှ လာခြင်းလား သိချင်နေကြသည်။
လူအနည်းငယ်သာလျှင် ထိုအကြောင်းကို သိကြပြီး အများစုသည် ရီဖူရှင်းက တုန်းဟွာနယ်မြေမှ လာခဲ့ကာ နယ်မြေသခင်၏ အမဲလိုက်ခံနေရကြောင်းကိုသာ သိရှိကြခြင်း ဖြစ်သည်။ ထိုနယ်မြေမှ ထိပ်သီးအင်အားစု၏ လူများသည် လေးမျက်နှာကျေးရွာသို့ လာကာ တိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခဲ့ပေသည်။
ရီဖူရှင်းက အံ့သြမှင်တက်သွားခဲ့သည်။ နယ်မြေသခင်က ဤသို့သော မေးခွန်းကို ထုတ်မေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက အားလုံးကို ဝေ့ကြည့်ရင်း ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ နှစ်များစွာက ဖြစ်ခဲ့တာပါ။”
“မင်း လေဟာနယ်ဘုံကနေ ထွက်လာတုန်းက မှော်နက်စစ်တပ်လို အင်အားစုမျိုး အဲဒီမှာ ရှိလား။” နယ်မြေသခင်က မေးလိုက်ပြန်သည်။
“ရှိတယ်။ ကျုပ် ထွက်မလာခင် မှော်နက်စစ်တပ်က လေဟာနယ်ဘုံကို သွားဖို့ လမ်းကြောင်း ဖွင့်ခဲ့ပြီးပြီ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ အမှန်တကယ်၌ သူက ထိုအဖြစ်အပျက်တစ်ခုလုံးတွင် အရေးကြီးသော နေရာမှ ပါဝင်ခဲ့သော်လည်း ထိုအကြောင်းကို အသေးစိတ် ပြောပြချင်ခြင်း မရှိပေ။
“မှော်နက်စစ်တပ် ပထမဆုံးရောက်ကတည်းက သူတို့အတွက် လမ်းကြောင်း စီစဥ်ပြီးသားလို့ ယူဆမိတယ်။ အဲဒီနောက်ရော ဘာတွေဖြစ်သေးလဲ။” နယ်မြေသခင်က ဆက်မေးလိုက်သည်။
“မှော်နက်စစ်တပ်ရဲ့ ဘုရင်ခုနစ်ပါးထဲက နှစ်ပါးရောက်နေပြီး အစွမ်းထက်တဲ့ လူတော်တော်များများလည်း ပါလာခဲ့တယ်။ နတ်ဆိုးစစ်သူကြီးနှစ်ပါးလည်း ရောက်နေပေမယ့် တော်ဝင်နန်းတော်ရဲ့ နတ်စစ်သူကြီးနှစ်ပါးလည်း အဲဒီကို ရောက်လာတယ်။” သူက ပြန်ဖြေလိုက်သည်။
နယ်မြေသခင်က ခေါင်းညိတ်လိုက်၏။ “အဲဒီတုန်းက သူတို့ စုံစမ်းရုံပဲ ရှိဦးမယ်။ အဲဒီနောက်လိုက်တွေက အစွမ်းထက်ပေမယ့် သူတို့က အင်အားစုရဲ့ အကောင်းဆုံးတွေ ပို့လိုက်တာတော့ မဟုတ်လောက်သေးဘူး။ အခု နှစ်တွေကြာပြီဆိုတော့ ကိစ္စတွေလည်း ပြောင်းလဲသွားလောက်ပြီ။”
ရီဖူရှင်းက လေဟာနယ်ဘုံ၌ နေခဲ့စဥ်က သူ့အကြောင်းများကို မပြောချင်သည့်အတွက် အများကြီး မပြောခဲ့ပေ။
“လေဟာနယ်ဘုံကနေ ဒီကို လာတဲ့တလျှောက် အခက်အခဲတွေ ရှိခဲ့မှာပဲ။ ကျုပ် မင်းအကြောင်း နည်းနည်းပါးပါး ကြားဖူးတယ်။ မင်းက တုန်းဟွာနယ်မြေကို အရင်ရောက်လာပြီး နောက်တော့ လေးမျက်နှာကျေးရွာကို သွားခဲ့တယ်။ မင်း သွားခဲ့တဲ့ နေရာတိုင်း ဘယ်ကို ရောက်ရောက် ဂုဏ်သတင်းကျော်ကြားခဲ့တယ်။ လင်ရှီးက ကျုပ်ကို မင်းအကြောင်းတွေ အများကြီး ပြောပြဖူးတယ်။ ကျုပ် အမြင်အရတော့ အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုက မုဟွမ်ထက် နည်းနည်းလေးမှ နည်းမှာမဟုတ်ဘူး။” နယ်မြေသခင်က ဆက်ပြောလိုက်သည်။ လူအများက ထူးခြားသော အမူအရာများနှင့် ရှိနေကြပြီး သူတို့ ရီဖူရှင်းအား ကြည့်သည့် ပုံစံက ပြောင်းလဲသွားပေသည်။
လူအများသည် သူက ထူးချွန်ထက်မြက်ပြီး သူ၏ အနာဂတ်တွင် သေချာပေါက် သာမန်ထက် သာလွန်မည်ကို သိရှိကြ၏။ သူတို့သည် နယ်မြေသခင်၏ ရီဖူရှင်းအပေါ် မြင့်မားသော သဘောထားအမြင်အား ဆုပ်ကိုင်ထားသည်အား သိရှိသော်လည်း သူတို့ကို အံ့အားသင့်စေသည်မှာ နယ်မြေသခင်ပြောသော စကားနောက်မှ ဆိုလိုရင်းပင် ဖြစ်သည်။
နယ်မြေသခင်က ရီဖူရှင်းကို စကားပြောသည့်အချိန်တွင် ကျိုးမုဟွမ်နှင့် ကျိုးလင်ရှီး နှစ်ယောက်လုံးကို ထည့်သွင်းရည်ညွှန်းပြောဆိုခဲ့ပြီး ထိုနောက်ကွယ်တွင် အဓိပ္ပါယ်တစ်စုံတစ်ရာ ရှိနေသည့်ပုံပင်။
“ချီးကျူးလွန်းနေပါပြီ နယ်မြေသခင်။ သခင်လေးက အထွတ်အထိပ် ရန်ဟောင်အဆင့်ကို ရောက်နေခဲ့ပြီးပြီပေမယ့် အဲဒါက ကျုပ်ရဲ့ ရည်မှန်းချက်ပဲ ရှိပါသေးတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူက အတော်လေး နှိမ့်ချနေပုံပေါ်သော်လည်း ၎င်းက အမှန်တကယ် သူ၏ ရည်မှန်းချက်ဖြစ်သလား သိချင်မိကြပေသည်။
ထိုအဆင့်က သူ ကျိန်းသေရောက်ရှိနိုင်သော အဆင့်ဖြစ်သည်။
“ရှန်ချင်းနယ်မြေရဲ့ အကျော်အမော်တွေကြားမှာ မင်းတစ်ယောက်ပဲ နတ်ဘုရားခေါင်းတလားထဲက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ကြည့်နိုင်ခဲ့တာ။ လင်ရှီး ပြောတာ ကြားမိတာတော့ မင်း အဲဒီကနေ တစ်ခုခု သင်ယူနိုင်ခဲ့တယ်ဆို။ ဒီလိုချီးမွမ်းမှုမျိုးက သင့်တော်တယ်လို့ ဆိုနိုင်တယ်။ ပြီးတော့လည်း ဒီလိုချီးမွမ်းမှုမျိုးကို အကျိုးလိုလို့ ညောင်ရေသွန်းတာလို့လဲ ပြောလို့ရတာပေါ့ကွာ။” နယ်မြေသခင်က လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း ဆက်ပြောလိုက်သည်။ “လင်ရှီးက တစ်ယောက်ယောက်ကို ဘယ်တုန်းကမှ အဲဒီလို မချီးကျူးခဲ့ဖူးဘူး။ သူမရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်တာ မင်းက ပထမဆုံးပဲ။ သူမက မင်းအကြောင်း အကြိမ်ရေတော်တော်များများ ပြောဆိုခဲ့တယ်လေ။”
ထိုစကားမှာ အနီးမှာ ရှိသည့် ထိုအစွမ်းထက်ကျင့်ကြံသူများ၏ စိတ်ကို ရိုက်ခတ်သွားပြီး စားသောက်ပွဲက ပုံမှန်ထက်ပို၍ တိတ်ဆိတ်သွားကာ လူတိုင်းက အသေအချာ နားစွင့်နေကြသည်။
နယ်မြေသခင်က မည်သည့်အရာကို လုပ်ရန် ကြိုးစားနေသနည်း။
ရီဖူရှင်းသည်လည်း အတော်လေး ရှုပ်ထွေးနေသော အကြည့်များနှင့် ကြည့်လာခဲ့ပြီး အထူးသဖြင့် ရှားရှင်းယွန်ပင် ဖြစ်သည်။ သူမက နယ်မြေသခင်ကို လှမ်းကြည့်လိုက်ပြီး နယ်မြေသခင်၏ စကားက မည်သည်ကို ဆိုလိုချင်နေကြောင်း သိချင်နေခဲ့သည်။
ရီဖူရှင်းသည်လည်း ၎င်းနှင့် ပတ်သတ်၍ အတော်လေး ထူးဆန်းသလို ခံစားရကာ ဤသို့သော အချိန်မျိုး၌ ထိုအကြောင်း မည်သည့်အတွက် ထုတ်ပြောလာရသည်ကို ဇဝေဇဝါ ဖြစ်နေမိသည်။ ကျိုးလင်ရှီးက မြင့်မားသော အဆင့်အတန်းရှိပြီး သူမသည် မြင့်မားသော အဆင့်အတန်း၌ ရပ်တည်နေသူ ဖြစ်သည်။ သူမ၏ စွမ်းအားကလည်း အလွန် အစွမ်းထက်ကာ ထိုသို့သော လူမျိုးက ကြီးမားသော အာရုံစိုက်မှုကို ခံရသည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် လူအများက သူတို့အတွက် ဖြစ်နိုင်ခြင်းမရှိသည်အား သိသည့်အတွက် အခြားမည်သည့်အတွေးမှ ရှိလိမ့်မည် မဟုတ်ပေ။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီး။ ကျုပ် မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ကြည့်ခွင့်ရှိခဲ့တာ ကံကောင်းလို့ပါ။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“အရမ်းနှိမ့်ချနေစရာမလိုပါဘူး။ မင်း ဘယ်လောက်တော်တယ်ဆိုတာ ကျုပ် ကောင်းကောင်း မြင်နိုင်ပါတယ်။ လင်ရှီးက တစ်ယောက်ယောက်ကို အထင်ကြီးပြီး တလေးတစားပြောဆိုတာကို မြင်ရဖို့ လွယ်တာ မဟုတ်ဘူး။ သူမ ပြောတာကို ကျုပ် သဘောတူတယ်။ အနာဂတ်မှာ အခွင့်အရေး ရှိတဲ့အခါ မင်းတို့နှစ်ယောက် ပိုပြီး ပေါင်းသင်း ဆက်ဆံကြည့်သင့်တယ်။ မင်းတို့နှစ်ယောက် အတူတူ ကျင့်ကြံနိုင်ရင် ပိုပြီးတောင် အကျိုးအမြတ် ရလိမ့်ဦးမယ်။” နယ်မြေသခင်က အပြုံးနှင့် ပြောလိုက်သည်။ သူ့ စကားလုံးများ နောက်မှ ရည်ရွယ်ချက်တို့က တဖြေးဖြေး သိသာထင်ရှားလာလေသည်။
ကျိုးလင်ရှီးက ရှက်ကိုးရှက်ကန်းနှင့် မလုံမလဲ ဖြစ်တာမျိုး မရှိခဲ့ပေ။ အရည်အချင်းရှိတာ အဆင့်အတန်း မြင့်မားသည့် အမျိုးသမီး ရန်ဟောင်တစ်ပါးအနေနှင့် သူမက ငြိမ်းချမ်းနေပုံပေါ်ကာ ရီဖူရှင်းကို ပြုံး၍ ကြည့်နေခဲ့သည်။
နယ်မြေသခင်က ရီဖူရှင်းကို သူ့သားမက်ဖြစ်လာစေရန် ကြိုးစားနေသည်လား။ ထိုအတွေးများက လူတိုင်း၏ စိတ်ထဲသို့ ရောက်လာခဲ့သည်။ မုယွင်လန်နှင့် နန်ဟိုင်ချန်းရွှယ်တို့က ကောင်းကင်နတ်ဖက်စုံတွဲဟု ယူဆ၍ရကာ နန်ဟိုင်ကလန်သည်လည်း အစွမ်းထက် သားမက်တစ်ယောက် ရရှိခဲ့ပေသည်။
နယ်မြေသခင်သည်လည်း နန်ဟိုင်ကလန်နှင့် တူညီသော လှည့်ကွက်သုံးရန် ကြိုးစားနေသည်လား သိချင်မိပေသည်။
ထို့အပြင် ရီဖူရှင်း၏ အလားအလာက မုယွင်လန်အောက် မနိမ့်ကျရုံမက မုယွင်လန် အထက်၌ပင် ရှိနေသေးသည်။
နန်ဟိုင်ကလန်မှ တန်ခိုးရှင်များသည်လည်း ရှုပ်ထွေးသော အမူအရာများ ဖြစ်နေကြသည်။ ကျိုးမုဟွမ်သည် ယခင်က နယ်မြေသခင်အိမ်တော်သို့ ဖိတ်ခေါ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရသည်။ သို့သော် ရီဖူရှင်းက နယ်မြေသခင်၏ သားမက် ဖြစ်လာခဲ့လျှင် သူက နယ်မြေသခင်အိမ်တော်၏ မိသားစုဝင်တစ်ယောက်အဖြစ် သတ်မှတ်၍ ရပေလိမ့်မည်။
***