← Chapters

အန္တရာယ်ရှိနေပုံပဲ

Vol. 34 Ch. 501

အန္တရာယ်ရှိနေပုံပဲ

Vol. 34 Ch. 501

"ကျန်းယွိရန်? ကျန်းယွိရန်?"

ကျုံးယုံက ကျန်းယွိရန်အတွက် အလွန်စိုးရိမ်သွားပြီး ငါးမဖမ်းတော့ပဲ ပြန်ပြေးလာခဲ့သည်။

သူ မြစ်လယ်မှ ပြေးတက်လာချိန်တွင် မြောက်ပိုင်းလူရိုင်းနှစ်ယောက်က ကျန်းယွိရန်အား ထမ်းပြီး မြောက်ဘက်သို့ ထွက်ပြေးသွားသည်ကို သူ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ သူတို့နောက်သို့ ပြေးလိုက်သွားပြီး မိုးခြိမ်းသံကဲ့သို့အသံကြီးဖြင့် အော်ဟစ်လိုက်သည်။

“ရပ်လိုက်စမ်း၊ သူ(မ)ကို အောက်ပြန်ချလိုက်”

ကျုံးယုံ၏အော်သံကို ကြားလိုက်ရသည့် မြောက်ပိုင်းရိုင်းနှစ်ယောက်က ပို၍ပင် အရှိန်တင်လိုက်ပြီး ခပ်သွက်သွက် ထွက်ပြေးကြတော့သည်။ သူတို့က ယမန်နေ့တွင် မြို့ကို တိုက်ခိုက်ခဲ့သော မြောက်ပိုင်းလူရိုင်းများ ဖြစ်ကြပြီး စစ်ပွဲက ကြောက်စရာကောင်းသည်အထိ ပြင်းထန်လာချိန်တွင် သူတို့က သူတို့၏အသက်ကို ထိန်းသိမ်းရန် ပုန်းရှောင်နေခဲ့ကြသည်။

သို့သော် သူတို့ မြောက်ပိုင်းသို့ မပြန်ရဲကြတော့ပေ။ သူတို့ အရှုံးဖြင့် ပြန်သွားလျှင် ခေါင်းဖြတ်ခံရမည်မှ သေချာနေသောကြောင့် မော့ချန်၏အပြင်ဘက်၌ တဝဲဝဲလည်ဖြင့် လျှောက်သွားနေခဲ့ကြသည်။

ကျုံးယုံတို့အား မြင်လိုက်ရချိန်တွင် ထိုနှစ်ယောက်လည်း အလွန်အကျွံ ထိတ်လန့်သွားကြသည်။ မနေ့က သူတို့တပ်မှူးကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့သည့် ကျုံးယုံ၏သတ္တိနှင့် အစွမ်းအစကို ​​သူတို့ မျက်စိတွေ့ဖူးပြီး ကျုံးယုံကို မြင်ရုံဖြင့် သူတို့ ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

ကျုံးယုံက သူတို့ကို သတိမထားမိဘဲ မိန်းကလေးတစ်ယောက်ကို မြစ်ကမ်းစပ်ဆီ ခေါ်ဆောင်သွားနေသည်ကို တွေ့လိုက်ရသောကြောင့် ဤနှစ်ယောက်ဆီသို့ အတွေးရိုင်းများ ဝင်ရောက်လာခဲ့သည်။

သူတို့တပ်မှူးကို ဖမ်းနိုင်တဲ့သူက မြို့ထဲက အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နိုင်တယ်လေ။ သူ့ရဲ့မိန်းမကို မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီ ပြန်ခေါ်သွားပြီး သူတို့ရဲ့ တပ်မှူးနဲ့ လဲလှယ်ဖို့ တောင်းဆိုရမယ်။ ဒီအကျိုးဆောင်မှုရှိရင် သူတို့ခေါင်းဖြတ်ခံရတော့မှာ မဟုတ်ဘူး။

သို့သော်လည်း ကျုံးယုံ ရှိနေလျှင် ကျန်းယွိရန်ကို ဖမ်းဆီးရန် မဖြစ်နိုင်သောကြောင့် ထိုနှစ်ယောက်က ပေါ်ပေါ်ထင်ထင် မလှုပ်ရှားရဲကြပေ။ သူတို့ ထွက်ခွာသွားရန် တွန့်ဆုတ်နေသော်လည်း အပြင်ထွက်ပြီး မျက်နှာပြရန်လည်း ကြောက်ရွံ့နေကြသည်။ ထို့ကြောင့် ကျုံးယုံတို့နောက်မှ ခိုးကြောင်ခိုးဝှက်သာ လိုက်ရဲကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျုံးယုံက နှာခေါင်းတွင် ​​သွေးများထွက်နေသည့် မိန်းကလေးကို နှင်းပြင်ပေါ်တွင် ထိုင်နေစေပြီး ရေခဲတူးရန် သူ တစ်ယောက်တည်း မြစ်လယ်သို့ လျှောက်သွားခဲ့သည်။ မြစ်ကမ်းဘေးတွင် လေပြင်းများ တိုက်ခိုက်နေပြီး ရေခဲတူးနေသည့်အသံများလည်း ရှိနေသောကြောင့် ထိုနှစ်ယောက်အတွက် အခွင့်အရေးတစ်ခု ရရှိသွားခဲ့သည်။ သူတို့က ကျန်းယွိရန်၏ပါးစပ်ကို တိတ်တဆိတ် ဖုံးအုပ်လိုက်ပြီး သူမကို ထမ်းကာ ထွက်ပြေးလာခဲ့ကြခြင်းပင်။

ကျုံးယုံက သူတို့ကို ရပ်ခိုင်းနေသော်လည်း သူတို့က လုံးဝ မရပ်တန့်ခဲ့ကြပေ။ သူတို့ ရပ်လိုက်သည်နှင့် သူတို့ သေဆုံးသွားနိုင်သည်ကို သူတို့ သိနေကြသည်။

ထိုနှစ်ယောက်က မြေပြင်အနေအထားနှင့် ရင်းနှီးနေပုံရပြီး ကျုံးယုံလက်မှ ချောချောမွေ့မွေ့ လွတ်မြောက်နိုင်ရန် မြေတွင်းအပေါက်များရှိသော နေရာများဆီသို့ ပြေးသွားကြသည်။

သို့သော် ကျုံးယုံက အပြင်ပန်းအားဖြင့် အရပ်ရှည်ပြီး ထုံထိုင်းပုံရသော်လည်း အမှန်တကယ်တွင် သူက ထက်မြက်လွန်းလှသည်။ ထိုနှစ်ယောက် သူ့ရှေ့မှ ပြေးနေသည်ကို မြင်လိုက်ရည်နှင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူ ချက်ချင်း သိနိုင်ခဲ့သည်။ ထို့ကြောင့် သူက ထိုနှစ်ယောက်၏ခြေရာများအတိုင်း လိုက်နင်းကာ သူတို့နောက်မှ လိုက်သွားခဲ့သည်။ သူခြေလှမ်းတိုင်းက အရှိန်အဟုန်အပြည့်ဖြစ်နေပြီး တည်ငြိမ်မှုလည်းရှိနေသောကြောင့် သူတို့ကြားမှ အကွာအဝေးကို ချက်ချင်း ချုံပစ်နိုင်ခဲ့သည်။

ကျန်းယွိရန်ကို သယ်ဆောင်သွားသည့် မြောက်ပိုင်းလူရိုင်းစစ်သည်များက သူမ၏ပါးစပ်ကို ပိတ်ဆို့ထားပြီး လက်များကိုလည်း ချည်နှောင်ထားခဲ့သည်။ သူတို့က သူမကို ဇောက်ထိုး ထမ်းပိုးသွားသောကြောင့် သူမ မူးဝေနေသလို အလွန်လည်း ကြောက်ရွံ့နေခဲ့သည်။

သူမ အဖမ်းခံလိုက်ရပြီး ပါးစပ် အပိတ်မခံရသေးမီ အစ်ကိုကြီးကျုံးကို ‌အော်ခေါ်ရန်ပင် အချိန်မရခဲ့ပေ။ သူမက ကျုံးယုံ သူမတို့ကို တွေ့နိုင်ရန် မျှော်လင့်ပြီး အပြင်းအထန် ရုန်းကန်နေခဲ့သော်လည်း သူက သူ အဖမ်းခံလိုက်ရသည်ကို သိပင် မသိဘဲ ရေခဲများကို ခွဲရန်သာ အာရုံစိုက်နေခဲ့သည်။ ထိုအချိန်တွင် ကျန်းယွိရန်က သူမ၏နှလုံးသားတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရသလို ခံစားရပြီး သူမ၏အတွေးတွင် စိတ်ပျက်မှုများသာ ပြည့်နှက်သွားတော့သည်။

ယခု ကျုံးယုံ၏အော်သံကို ကြားလိုက်ရချိန်တွင် ကျန်းယွိရန်တစ်ယောက် မျှော်လင့်ချက်များ ပြန်ပြည့်လာပြန်သည်။ သူမက သူမ၏ခေါင်းကို အစွမ်းကုန် မော့ကြည့်လိုက်ရာ ကျုံးယုံက သူမတို့နောက်သို့ ခြေလှမ်းကျယ်ကြီးများဖြင့် လိုက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ နောက်ဆုံးတွင် သူမ၏နှလုံးသားက ငြိမ်သက်သွားတော့သည်။ သူမက ကျုံးယုံကို အကန့်အသတ်မရှိ ယုံကြည်နေပြီး သူ သူမကို ကယ်တင်နိုင်မည်ဟု သေချာနေခဲ့သည်။

“ထပ် မတိုးလာနဲ့၊ မင်း ထပ်တိုးလာရင် ငါတို့ သူ(မ)ကို သတ်ပစ်မယ်"

မြောက်ပိုင်းလူရိုင်းနှစ်ဦးက သူတို့ ကျုံးယုံအား မြေတွင်းများဖြင့် ထောင်ချောက်ဆင်ရန် ကျဆုံးသွားသည်ကို နားလည်သွားကြသည်။ ကျုံးယုံ သူတို့နောက်မှ ကပ်ပါလာသည်ကို မြင်လိုက်ရချိန်တွင် သူတို့က ကျန်းယွိရန်ကို မြေပြင်ပေါ်သို့ ပြန်ချလိုက်ပြီး သူမ၏သွယ်လျသောလည်ပင်းကို ဓားဖြင့် ထောက်လိုက်သည်။

သူတို့လည်း အလွန်စိုးရွံ့ထိတ်လန့်နေသောကြောင့် ခွန်အားကို အလွန်အကျွံသုံးမိသွားပြီး ကျန်းယွိရန်၏လည်ပင်းမှ သွေးများ ထွက်ကျလာသည်။ ထိုအရာက ကျုံးယုံကို အလွန်ကြောက်လန့်သွားစေပြီး တစ်စုံတစ်ယောက်က သူ့၏အပ်စိုက်မှတ်ကို ဖိလိုက်သကဲ့သို့ ဖြစ်သွားကာ သူ ရေခဲပြင်ပေါ်တွင် တောင့်တောင့်ကြီး ရပ်တန့်သွားသည်။

“မထိနဲ့၊ သူ(မ)ကို မထိနဲ့၊ ငါ မင်းတို့ကို မဖမ်းဘူး။ မင်းတို့ သူ့(မ)ကို ပြန်ချပေးရင် ငါ မင်းတို့နောက်ကို ဆက်မလိုက်တော့ဘူး"

ကျုံးယုံက ကျန်းယွိရန်၏ သွေးစွန်းနေသော လည်ပင်းကို စိုက်ကြည့်နေရင်း သူ့နှလုံးကြီး တူးထုတ်ခံလိုက်သလို ဖြစ်နေကာ သူ့ခန္ဓာကိုယ်မှ သွေးများပင် အေးခဲသွားသလို ခံစားနေရသည်။ သူရှေ့မှ လူနှစ်ယောက်ပင် ဘာမှ ပြောစရာမလိုဘဲ သူက သူ့လက်ထဲမှ ပုဆိန်ကြီးများကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူ့လက်ကို မြှောက်ပြလိုက်သည်။

ကျုံးယုံက ကျန်းယွိရန်အား မည်မျှ တန်ဖိုးထားသည်ကို တွေ့လိုက်ရသောကြောင့် မြောက်ပိုင်းလူရိုင်းနှစ်ဦးက သူတို့ဘာသာ မြောက်ပိုင်းလူရိုင်းဘာသာစကားဖြင့် တိုင်ပင်လိုက်ကြသည်။

“သူက ဒီအမျိုးသမီးကို အရမ်းတန်ဖိုးထားတဲ့အတွက် သူ့ကိုပါ မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီ ပြန်ခေါ်သွားကြမယ်။ မော့ချန်က စစ်သူကြီးတစ်ယောက်ကို ဖမ်းနိုင်တဲ့အတွက် ငါတို့ ရာထူးတိုးပြီး ကြီးပွားလာနိုင်တယ်”

သူတို့က ဝူးအိုက်ဟန်နှင့် လဲလှယ်ရန် အမျိုးသမီးတစ်ယောက်ကို မလိုချင်တော့ဘဲ ကျုံးယုံကိုသာ အရှင်လတ်လတ် ဖမ်းချင်နေကြတော့သည်။

ဟန်ဘာသာစကားကို ပြောတတ်သည့် မြောက်ပိုင်းလူရိုင်းက ကျုံးယုံကို အမိန့်ပေးလိုက်သည်။

“မင်း ငါတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် ငါတို့ ဒီမိန်းမကို သတ်မှာ မဟုတ်ဘူး။ မဟုတ်ရင် သူ့(မ)ကို အခုချက်ချင်း သတ်ပစ်မယ်"

"ကောင်းပြီ ငါ မင်းတို့နဲ့ လိုက်ခဲ့မယ်"

နောက်ဆုံးတွင် ကျုံးယုံက သူတို့၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး မျက်ခွံပင် မပင့်ဘဲ သဘောတူလိုက်သည်။

သူ ယွိရန်ကို မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီသို့ သွားတဲ့လမ်းမှာ ကယ်တင်ဖို့ အခွင့်အရေး ရှာဖွေရမယ်။

ထိုလူများက ကျန်းယွိရန်၏လည်ပင်းပေါ်သို့ ဓားများ တင်ထားဆဲ ဖြစ်သည်ကို မြင်လိုက်ရချိန်တွင် ကျုံးယုံက စူးစူးရဲရဲ ထပ်အော်လိုက်သည်။

“မင်းတို့ရဲ့ဓားတွေကို ပြန်သိမ်းလိုက်။ သူ(မ) သေသွားရင် ငါ မင်းတို့ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်မယ်"

ကျုံးယုံ၏အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး မြောက်ပိုင်းသားနှစ်ယောက်ကို တုန်ယင်သွားစေခဲ့သည်။

ဒီလူက မယုံနိုင်လာက်အောင် အစွမ်းထက်ပြီး သူတို့ရဲ့စစ်သူကြီးကိုတောင် ဖမ်းနိုင်မှတော့ သူတို့ဆိုရင် ဘာမှတောင် လုပ်နိုင်လိုက်မှာ မဟုတ်ဘူး။

ထို့အပြင် သူတို့က ကျုံးယုံ၏စကားကို လုံးဝ သံသယမရှိကြပေ။ ထိုပုဆိန်ကြီး သူတို့၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားပါက သူတို့၏အရိုးများနှင့် အရွတ်များ ကျိုးသွားပေလိမ့်မည်။ ထို့ကြောင့် သူတို့အချင်းချင်း ထပ်ဆွေးနွေးကာ သဘောတူလိုက်ကြသည်။

“ကောင်းပြီ၊ ငါတို့ ဓားကို ဖယ်ပေးမယ်၊ ဒါပေမယ့် မင်း ငါတို့ကို လှည့်စားဖို့ မကြိုးစားနဲ့။ ငါတို့နဲ့ ခပ်ဝေးဝေးမှာ နေ”

သူတို့က ကျုံးယုံကို ကြောက်လန့်နေပြီး အဝေးမှ လိုက်ခဲ့ရန်နှင့် သူတို့ အနားသို့ မကပ်ရန် တောင်းဆိုလိုက်ကြသည်။ ဤသည်မှာ သူတို့၏ လုံခြုံရေးကို သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကျုံးယုံက သူတို့နောက်မှ လိုက်သွားပြီး ကျန်းယွိရန်ကို ကယ်တင်ရန် အခွင့်အရေးအား အဆက်မပြတ် ရှာဖွေနေခဲ့သည်။

စူးချင်းကတော့ ကျုံးယုံနှင့် ကျန်းယွိရန်တို့ အန္တရာယ်ရှိနေသည်ကို မသိသေးဘဲ ငါးစွပ်ပြုတ်အိုး ချက်ရန် သူတို့ ငါးများနှင့် ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ သို့သော် အချိန်အတော်ကြာသည်အထိ တစ်ယောက်မှ ပေါ်မလာသောကြောင့် စူးချင်းက လီတာ့နျိုအား သွားကြည့်ပေးရန် တောင်းဆိုလိုက်သည်။

သူတို့နှစ်ယောက် ချစ်ကြည်နူးနေလို့ အလုပ်လုပ်ဖို့ မေ့သွားကြတာလား?

လီတာ့နျိုက မြစ်ကမ်းနားသို့ ပြေးသွားခဲ့ပြီး လူများကို မတွေ့ခဲ့ရဘဲ ရေခဲတွင်းနှင့် ရေခဲပေါ်မှ ငါးကြီးများ အပါအဝင် ပစ်ချခံထားခဲ့ရသည့် လှံရှည်ကြီးကိုသာ မြင်လိုက်ရသည်။ သူ အချိန်အတော်ကြာအောင် လိုက်အော်ခေါ်နေခဲ့သော်လည်း မြောက်လေနှင့် နှင်းပွင့်များကသာ လေတိုးသံအဖြင့် သူ့ကို တုံ့ပြန်ခဲ့သည်။ ကျူံးယုံနှင့် ကျန်းယွိရန်တို့ကတော့ ထိုနေရာတွင် မရှိတော့ပေ။

လီတာ့နျိုက နှင်းများပေါ်ရှိ ခြေရာများကို စစ်ဆေးကြည့်လိုက်ပြီး လူလေးငါးယောက်၏ ခြေရာများကဲ့သို့ ရှုပ်ပွနေသော ခြေရာများကို တွေ့သွားခဲ့သည်။ ထို့နောက် သူက ခြေရာများအတိုင်း လိုက်သွားနေရင်း တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။

'အားးး ဒါက မြောက်ပိုင်းလူရိုင်းတွေဆီကို သွားတဲ့လမ်း မဟုတ်ဘူးလား?'

ထိုအတွေးကြောင့် လီတာ့နျိုက ငါးများနှင့် လှံကို ‌ကောက်ယူကာ ကမန်းကတန်း ပြန်ပြေးသွားတော့သည်။ သူက စူးချင်းနှင့် ရှောင်းကျဲယွိအား သတင်းပို့ရန် အတွေးဖြင့် ချက်ချင်း ပြန်ပြေးလာခြင်းပင်။

"စူးချင်း၊ သတင်းဆိုး...သတင်ဆိုး ရှိတယ်၊ ကျုံးယုံနဲ့ ကျန်းယွိရန်တို့ အန္တရာယ်ရှိပုံနေပဲ”

လီတာ့နျို၏အော်သံက ကျန်းယွိရန်၏မိခင်ကို ထိတ်လန့်သွားစေခဲ့သည်။ သူမက ဟင်းချက်သည့်နေရာတွင် ကူညီပေးနေခဲ့ပြီး သူမ၏သမီးနှင့် ကျုံးယုံတို့ မြစ်ကမ်းစပ်သို့ သွားကာ ငါးသွားရှာကြောင်း သူမ သိထားခဲ့သည်။ ယခု သူတို့ ပျောက်ဆုံးသွားကြောင်း သိလိုက်ရသဖြင့် သူမ ချက်ချင်း စိုးရိမ်လာပြီး စူးချင်းကို တောင်းပန်ရန် အမြန်ပြေးထွက်လာခဲ့သည်။

"စူးချင်း၊ ကျေးဇူးပြုပြီး ယွိရန်ကို ကယ်တင်ပေးပါဦး"

“အဒေါ်ကျန်း စိတ်ချပါ၊ ကျွန်မ အခု သွားကြည့်​လိုက်ပါ့​မယ်။"

စူးချင်းတစ်ယောက် ငါးစွပ်ပြုတ် လုပ်ရန် အားရုံမစိုက်နိုင်တော့ဘဲ သိုးသားကင်ကိုလည်း အဖေလီထံသို့ လက်လွှဲကာ လူကယ်ရန် ချက်ချင်းထွက်သွားတော့သည်။

အခန်းတွင်းရှိ ရှောင်းကျဲယွိကလည်း ဆူညံသံများကို ကြားသွားပြီး အကျိုးအကြောင်း မေးရန် ထွက်လာခဲ့သည်။ သူက ယဲ့လွီချွမ်းကို ဧည့်ခံနေရပြီး စူးချင်းနောက်သို့ မလိုက်နိုင်သည့်အတွက် သူမ နောက်သို့လိုက်ရန် သက်တော်စောင့်အဖွဲ့တစ်ဖွဲ့ကိုသာ စေလွှတ်လိုက်ရသည်။

လီတာ့နျိုက စူးချင်းကို မြစ်ကမ်းဆီသို့ အရင် ခေါ်သွားပြီး သူ တွေ့ခဲ့ရသည့်ခြေရာများကို ညွှန်ပြလိုက်သည်။

"သူတို့က မြောက်ပိုင်းလူရိုင်းတွေရဲ့နေရာကို ဦးတည်နေတယ်"

"အားလုံး သတိထားကြ။ ဒီနေရာက နည်းနည်း အန္တရာယ်များတယ်”

စူးချင်းက ခေါင်းညိတ်ပြလိုက်ရင်း ခြေရာများကို လှမ်းကြည့်လိုက်သည်။

သာမန်လူတွေဆိုရင် မျဉ်းဖြောင့်အတိုင်း ပြေးကြလိမ့်မယ်။ ဒီလူတွေကတော့ ကွေ့ကွေ့ကောက်ကောက် ပြေးသွားခဲ့ကြတယ်။ ဒီအခြေအနေမှာ ခြေရာတွေနောက်ကနေ လိုက်သွားတာက အလုံခြုံဆုံး ဖြစ်လိမ့်မယ်။

အတွေးနှင့်အတူ စူးချင်းက နောက်လှည့်ကာ ညွှန်ကြားလိုက်သည်။

"ခြေရာတွေအတိုင်း လိုက်နင်းပြီး ရှေ့ကို တိုးကြ"

သူမက လမ်းကို ရှေ့မှဦးဆောင်နေရင်း ရွှေရောင်ငါးခွချိတ်တစ်ချောင်းကို စနစ်ထဲမှ ထုတ်ယူကာ အသင့်ကိုင်ထားလိုက်သည်။ ထိုမှသာ သူမ ပြုတ်ကျသွားသည်နှင့် ဘေးနားရှိ သစ်ပင်ကြီးများကို ငါးခွချိတ်ဖြင့် အမြန်လှမ်းချိတ်ကာ မြေတွင်းများထဲသို့ ပြတ်ကျသွားခြင်းအား ကာကွယ်နိုင်ပေလိမ့်မည်။

လီတာ့နျိုနှင့် သက်တော်စောင့်အဖွဲ့ကလည်း စူးချင်း၏ နောက်မှ အနီးကပ်လိုက်ပါရင်း မြောက်ပိုင်းလူရိုင်းများဆီသို့ ဦးတည်နေကြသည်။ စူးချင်းက သွားရင်းလာရင်း ရုတ်တရက် အတွေးတစ်ခု ရလာပြန်သည်။

ဒါက လူတွေကို ကယ်တင်ရုံသက်သက် မဟုတ်တော့ဘူး။ ဒါက အခွင့်ကောင်းတစ်ခုပဲ..

All Chapters