ဒုက္ခနဲ့တွေ့မှ စစ်မှန်မှုကို ရှာတွေ့နိုင်တယ်
Vol. 34 Ch. 502
"အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ လိုက်လာခဲ့ကြ"
စူးချင်းက နောက်သို့ ပြန်လှည့်လိုက်ပြီး လီတာ့နျိုနှင့် စစ်သည်များအား အသံမထွက်ရန် အသံတိုးတိုးဖြင့် အမိန့်ပေးရင်း လက်ဟန်ပြလိုက်သည်။ အားလုံးက သူမ၏အမူအရာကို နားလည်ကြပြီး သူမနောက်မှ တိတ်တဆိတ် လိုက်သွားကြသည်။
ရှေ့မှ မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦးကလည်း ကျုံးယုံ အလစ်ဝင်တိုက်မည်ကို စိုးရိမ်နေပြီး အဆက်မပြတ် စောင့်ကြည့်နေသည်။ တစ်ယောက်က အရှေ့မှ ကျန်းယွိရန်ကို စောင့်ကြည့်နေပြီး ကျန်တစ်ယောက်က အနောက်မှ ကျုံးယုံကို စောင့်ကြည့်နေသည်။ ကျန်းယွိရန်ကို စောင့်ကြပ်နေသူက သူမ၏လည်ပင်းပေါ်သို့ ဓားတင်ထားဆဲ ဖြစ်သည်။ ကျုံးယုံ အရူးအမူး ပြုမူလာသည်နှင့် သူက ကျန်းယွိရန်အား တိုက်ခိုက်ပေလိမ့်မည်။
ကျုံးယုံကလည်း ကျန်းယွိရန်အတွက် စိုးရိမ်နေပြီး အနီးသို့ မကပ်သွားရဲပေ။ သို့သော် ကျန်းယွိရန်၏လည်ပင်းပေါ်မှ သွေးများကို မြင်လိုက်ရသောကြောင့် သူ့နှလုံးသားကို ဓားတစ်ချောင်းဖြင့် ထိုးဆွနေသလို သူ ခံစားနေရသည်။ ထို့ကြောင့် သူက မြောက်ပိုင်းလူရိုင်းနှစ်ယောက်ကို စိုက်ကြည့်ကာ လှမ်းအော်လိုက်သည်။
"သူ့ဒဏ်ရာကို ပတ်တီးပေး"
မြောက်ပိုင်းသားရိုင်းနှစ်ယောက်က သူ့ကို နာခံမှုရှိရှိ လိုက်လာရန်သာ တောင်းဆိုထားခဲ့ကြသည်။
အခု သူက မိန်းခလေးရဲ့ဒဏ်ရာကို ပတ်တီးစည်းခိုင်းနေတာလား? သူ နာခံနေသရွေ့ ဒါက အဆင်ပြေတယ်၊ ဒါပေမယ့် ပတ်တီးအတွက် ဂွမ်းချည်သား မရှိဘူးလေ။
ထိုနှစ်ယောက်က ကျုံးယုံကို အတူတူ စိုက်ကြည့်ကာ ပြန်ဖြေလိုက်ကြသည်။
"ပတ်တီးစည်းစရာ ဘာမှ မရှိပဲ ဘယ်လို စည်းပေးရမှာတုန်း"
ကျုံးယုံက သူ့စိတ်ထဲမှ ပေါက်ကွဲထွက်လာလုနီးပါး ဖြစ်နေသည့် ဒေါသကို ဖြေဖျောက်ရန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက သူ့၏အပေါ်ဝတ်ကို လှန်တင်လိုက်ပြီး အတွင်းခံအင်္ကျီမှ ချည်ထည်တစ်ပိုင်းကို ဆုတ်ဖြဲလိုက်သည်။ သူက ထိုအထည်စကို ပစ်ပေးရန် ပြင်လိုက်ပြီးမှ စိတ်ပြောင်းသွားပြီး ထိုချည်ထည်ပိုင်းကို ကိုင်ကာ မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦးအား အော်ပြောလိုက်သည်။
“ငါ လာပို့ပေးမယ်”
“မရဘူး၊ ဒီကို မလာနဲ့၊ ငါတို့ လာယူမယ်!"
မြောက်ပိုင်းလူရိုင်းစစ်သည်များကလည်း မတုံးကြပေ။ သူတို့ထဲမှ တစ်ယောက်က ကျန်းယွိရန်၏လည်ပင်းပေါ်သို့ ဓားတင်လိုက်ရင်း ကျုံးယုံကို တားဆီးလိုက်သည်။ ထို့နောက် ကျန်စစ်သည်တစ်ယောက်က ချည်ထည်စကို လာယူခဲ့သည်။
ကျုံးယုံက သူတို့ ကျန်းယွိရန်၏ဒဏ်ရာများကို ပတ်တီးစည်ပေးနေချိန်တွင် သူမကို ကယ်တင်ရန် အလျင်စလို ပြင်ဆင်ထားလိုက်သည်။
သို့သော် ဤလူနှစ်ယောက်က အလွန်လိမ္မာပါးနပ်ကြပြီး ကျန်းယွိရန်၏လည်ပင်းမှ ဓားကို နေရာရွေ့ကာ သူမ၏နှလုံးကို ချက်ချင်း ချိန်ရွယ်လိုက်သည်။ ထိုအပြုအမူက လည်ပင်းကို ဓားထောက်ထားသည်ထက် ပိုအန္တရာယ်များပြီး ဓားဖြင့် တစ်ချက်ထိုးရုံဖြင့် သေသွားနိုင်သည်။ ကျုံးယုံတစ်ယောက် ဒေါသထွက်နေသော်လည်း သူ ဘာမှ မတတ်နိုင်ဘဲ ကြံရာမရ ဖြစ်နေခဲ့သည်။
ကျန်းယွိရန်က ကျုံးယုံကို ကြည့်နေရင်း မျက်ရည်များ ဝဲလာတော့သည်။
ဒီမြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက် ဘာလုပ်ချင်နေတယ်ဆိုတာကို သူမလည်း မှန်းဆနိုင်ခဲ့တာပါပဲ။ အစ်ကိုကြီးကျုံးကို အန္တရာယ်တောထဲ ဆွဲသွင်းရမှာထက် သူမ သေရဖို့ပဲ ရွေးချယ်ချင်တယ်။
မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီကို သွားနေတဲ့ ဒီခရီးက သေခြင်းတရားဆီကို ဦးတည်နေတာဆိုတော့ သူမ မသေခင်မှာ သူမစိတ်ထဲက အကြောင်းတွေကို ဖွင့်ပြောပြချင်သေးတယ်။ ဒါဆို သူမ သေဆုံးသွားရင်တောင် နောင်တရစရာ မရှိတော့ဘူး။
ထိုအကြောင်းအရာများကို တွေးလိုက်မိချိန်တွင် မူလက ဝမ်းနည်နေပုံရသည့် ကျန်းယွိရန်၏မျက်လုံးများထဲတွင် စူးရှသော အကြည့်တစ်ခု ပေါ်လာပြီး သူမက တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရသည်။ ကျန်းယွိရန်က သူမ၏မျက်ရည်များကို ကျုံးယုံ မမြင်အောင် သုတ်ပစ်ချင်နေခဲ့သည်။ သို့သော်လည်း သူမ အနည်းငယ် လှုပ်လိုက်သည်နှင့် မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်က စိုးရိမ်တကြီးဖြင့် သူတို့၏ဓားများကို လှုပ်ရှား လိုက်ရာ ဓားတစ်ချောင်းက သူမ၏အင်္ကျီကိုပင် ဖောက်ဝင်လာခဲ့သည်။ ကျုံးယုံက သတိကြီးကြီးဖြင့် ကမန်းကတန်း အော်ဟစ်လိုက်သည်။
"မလှုပ်နဲ့"
ကျန်းယွိရန်က သူမ၏လက်ကို ပြန်ချလိုက်သည်။ ထို့နောက် သူမက ကျုံးယုံ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် သူမ မျက်ရည်များကို ညှစ်ချဖို့ သူမ၏မျက်လုံးများကို အတင်းဖိညှစ်ကာ ပိတ်ချလိုက်သည်။ သို့သော်လည်း သူမ နောက်ထပ်စိတ်ပျက်သွားရပြန်သည်။
သူမ ဘာကြောင့် ဒီလောက် အားနည်းရတာလဲ? သူ့မျက်နှာကို မြင်ချင်လေလေ သူမပါးပြင်ပေါ်က မျက်ရည်တွေ ပိုစီးကျလာလေလေ ဖြစ်နေပြီး သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။
ကျန်းယွိရန် ငိုနေသည်ကို မြင်လိုက်ရသည့် ကျုံးယုံကလည်း သူ့၏လက်နှင့် ခြေထောက်များကိုပင် မည်သည့်နေရာသို့ သွားထားရမှန်း မသိတော့ဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။ သို့သော်လည်း သူ စိုးရိမ်တကြီးဖြင့် လှမ်းပြောလိုက်သေးသည်။
“ဟူး၊ မငိုပါနဲ့၊ မင်း ငိုနေတာ...မင်း ငိုနေတာက ငါ့နှလုံးသားကို နာကျင်စေတယ်"
ကျုံးယုံက အမှန်တရားကို ချက်ချင်း ဖွဟလိုက်သည်။ ကျုံးယုံ၏ စကားကို ကြားလိုက်ရသည့် ကျန်းယွိရန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ သူမထံမှ ရယ်မောသံလွင်လွင်လေးကို ကြားလိုက်ရသော်လည်း မျက်ရည်များ စီးကျနေဆဲပင်။ မည်သို့ပင်ဖြစ်စေ သူမ သေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် သူ့ကို ရဲရဲတင်းတင်း ပြန်မေးလိုက်သည်။
"ရှင် ပြေတာ တကယ်လား? ဒါမှ မဟုတ် ကျွန်မကို သနားလို့ ပြောနေတာလား?"
“တကယ်ပါ”
ထိုအချိန်တွင် ကျန်းယွိရန်၏ဒဏ်ရာကို ပတ်တီးစည်းပေးနေသည့် မြောက်ပိုင်းလူရိုင်းစစ်သည်က ကြမ်းကြမ်းတမ်းတမ်း ပြုမူနေသည်ကို ကျူံးယုံ မြင်သွားခဲ့သည်။ သူ့မျက်လုံးများက ပြူးကျယ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
“မင်းတို့ ညင်ညင်သာသာ လုပ်လေ။ မင်းတို့ သူ့(မ)ကို နာကျင်အောင် လုပ်ရင် ငါ မင်းတို့ရဲ့ခေါင်းတွေကို ရိုက်ခွဲပစ်မယ်"
သူ့၏ကိုယ်ရောင်ကိုယ်ဝါက ပြင်းထန်လွန်းသောကြောင့် မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်လည်း အလွန်ကြောက်လန့်သွားကာ တုန်ယင်သွားကြသည်။ ထို့နောက် သူတို့က မြန်မြန် ပြန်ပြောလိုက်သည်။
"အေးပါ၊ ငါတို့ ညင်ညင်သာသာ လုပ်ပါ့မယ်"
ထိုလူက စကားပြောနေရင်း ငရဲဘုရင် ရောက်လာသလို ရောက်လာကာ သူတို့၏ဦးခေါင်းမျးအား ဆွဲဖြုတ်မည်ကို သူတို့ စိုးရိမ်နေသောကြောင့် သူတို့၏ လှုပ်ရှားမှုများက အလွန်နူးညံ့လာသည်။
ကျန်းယွိရန်က ကျုံးယုံ သူမအား အပြင်းအထန် ကာကွယ်ပေးနေသည်ကို မြင်နေရပြီး သူ့အပေါ်ထားသည့် သူမ၏ချစ်ခြင်းမေတ္တာက ပိုမိုခိုင်မာလာသည်။ သူမက ကျုံးယုံကို ကြည့်နေရင်း မျက်ရည်များ ထပ်ကျလာသော်လည်း သူမ၏နှုတ်ခမ်းများက ပြုံးနေဆဲ ဖြစ်သည်။ သူမ ပတ်ဝန်းကျင်ရှိ နှင်းများက သူမအတွက် နောက်ခံရူခင်းလှလှလေး ဖြစ်လာပြီး သူမ၏အပြုံးလေးက လှလှပပ ပွင့်လန်းနေသော ဖယောင်းပန်းကဲ့သို့ လှပနေသည်။
ကျန်းယွိရန် ပြုံးနေသည် မြင်လိုက်ရသော်လည်း ကျုံးယုံကတော့ လုံးဝ မပျော်နိုင်ပေ။
သူ သူမရဲ့မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်ပေးချင်တယ်။ သူမရဲ့မျက်ရည်တွေကြားက အပြုံးကို မြင်နေရတာက သူ့ရင်ဘက်ကြီးတစ်ခုလုံး ကြေမွသွားသလို နာကျင်မှုတွေ ပြည့်နှက်လာစေတယ်။
“မကြောက်ပါနဲ့။ ငါ မင်းနဲ့အတူ ရှိနေပါ့မယ်"
ကျုံးယုံ၏စကားကို ကြားလိုက်ချိန်တွင် ကျန်းယွိရန်က ချက်ချင်း ခေါင်းခါလိုက်သည်။
"အစ်ကိုကြီးကျုံး၊ ကျွန်မအတွက် စိတ်မပူနဲ့တော့၊ သူတို့က ရှင့်ကို မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီ မြှားခေါ်သွားဖို့ ကျွန်မကို ငါးစာအဖြစ် သုံးနေကြတာ။ ရှင်က နတ်ဘုရား ဖြစ်နေရင်တောင် အဲ့နေရာကို ရောက်သွားတာနဲ့ ရှင် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ ရှင် ပြန်သွားပြီး အစ်ကိုကြီးရှောင်းနဲ့ ညီမစူးချင်းကို သွားရှာလိုက်။ ပြီးရင် မြောက်ပိုင်းလူရိုင်းတွေကို သုတ်သင်ဖို့ စစ်တပ်ကြီးကို ဦးဆောင်ပြီး ပြန်လာခဲ့ပါ၊ အဲ့ဒါက ကျွန်မအတွက် လက်စားချေပေးတာပဲ”
"ပါးစပ်ပိတ်ထား"
ကျန်းယွိရန်၏စကားများကို ကြားလိုက်သော မြောက်ပိုင်းလူရိုင်းစစ်သည်များက ဒဏ်ရာကို ပတ်တီးစည်းနေရင်း သူမကို ဒေါသတကြီး တွန်းထုတ်လိုက်ကာ ခပ်မာမာ အမိန့်ပေးလိုက်သည်။
"ဘာလို့ ပါးစပ်ပိတ်ရမှာလဲ? နင်က ငါ့ကို ပါးစပ်ပိတ်ခိုင်းရအောင် နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလို့လဲ? နင့်မှာ ငါ့ကို သတ်ဖို့တောင် သတ္တိရှိလို့လား? နင်တို့ ငါ့ကို သတ်ချင်ရင် အခု ချက်ချင်း သတ်လိုက်။ ငါက ဘာကိုမှ မကြောက်ဘူး"
လက်ရှိတွင် ကျန်းယွိရန်က မိန်းမကြမ်းကြီးတစ်ယောက်နှင့် တူနေပြီး မြောက်ပိုင်းလူရိုင်းစစ်သည်များကို မကြောက်ရုံသာမက သူမကို သတ်ပစ်ရန်ပင် စိန်ခေါ်နေသေးသည်။
ထိုအပြုအမူများက ကျုံးယုံကို ကာကွယ်ရန် ဆုံးဖြတ်လိုက်သည့် ကျန်းယွိရန်၏ဆုံးဖြတ်ချက်မှ တဆင့်ထွက်ပေါ်လာခဲ့ခြင်းပင်။ သူမက ဤမြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်ကို ဒေါသထွက်အောင် လုပ်နေပြီး သူတို့က သူမကို သတ်ပစ်ရန် သူမ မျှော်လင့်နေခဲ့သည်။ ထိုမှသာ ကျုံးယုံက သူတို့ကို ချက်ချင်း ပြန်သတ်ပစ်မည်ဖြစ်ပြီး မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီသို့ သူ လိုက်သွားရန် အကြောင်းမရှိနိုင်တော့ပေ။
ကျန်းယွိရန်၏လှည့်ကွက်နှင့် ဒေါသတကြီး စိန်ခေါ်မှုကို ရင်ဆိုင်နေရသည့် မြောက်ပိုင်းလူရိုင်း စစ်သည်နှစ်ဦးကလည်း တုံ့ပြန်ဝံ့ခြင်း မရှိကြပေ။
အခု ဒီအမျိုးသမီးက သူတို့အတွက် အဆောင်လက်ဖွဲ့လို ဖြစ်နေတာ မဟုတ်ဘူးလား? သူမ အသက်ရှင်နေမှ သူတို့လည်း ဆက်ပြီး အသက်ရှင်နိုင်လိမ့်မယ်။ သူမ သေသွားရင် သူတို့နှစ်ယောက်လုံး အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။
ထို့ကြောင့် သူတို့က သူမကို ဖြောင်းဖျရန် ကြိုးစားလိုက်ကြသည်။
“ရပြီ၊ ရပြီ မအော်နဲ့တော့”
မင်း ဘာပဲပြောပြော ငါတို့ မင်းကို ဘာမှမလုပ်သရွေ့ ဒီလူသန်ကြီးက ငါတို့ကို သတ်ရဲမှာ မဟုတ်ဘူး၊ ငါတို့ သူ့ကို မြောက်ပိုင်းရောက်အောင် ခေါ်သွားရမယ်
ကျန်းယွိရန်က အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင်ပင် မကြောက်မလန့် ဖြစ်နေကြောင်း မြင်လိုက်ရသောကြောင့် ကျုံးယုံက သူမကို ပို၍ပင် ချီးကျူးမိသွားသည်။ သူမ ငိုနေလျှင် ကျုံးယုံ၏စိတ်တည်ငြိမ်မှု ဆုံးရှုံးသွားလိမ့်မည် ဖြစ်သော်လည်း သူမက တည်ငြိမ်နေသောကြောင့် ကျုံးယုံက စိတ်အေးလက်အေး ဖြစ်သွားပြီး သူမကို ကယ်တင်နိုင်မည့် နည်းလမ်းကို ထပ်မံတွေးတောနေခဲ့သည်။
သူမ၏ရန်စမှုများက အလုပ်မဖြစ်ကြောင်း နားလည်သွားသည့် ကျန်းယွိရန်က ပို၍ပင် စိုးရိမ်လာသည်။ သူမက သူမ၏အချစ်ကို ဝန်ခံကာ ကျုံးယုံကို ဆွဲထားလိုခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမက ကျုံးယုံ ထွက်သွားရန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သွားတော့၊ ရှင့်ကို တွေ့နေရရင် ကျွန်မ မပျော်ဘူး၊ အခု ထွက်သွား"
ကျုံးယုံက သူမကို ကြောင်တက်တက် စိုက်ကြည့်နေကာ သူ့အမူအရာအရ သူလည်း အလွန်ဝမ်းနည်းသွားပုံရသည်။
ဘာလို့လဲ? သူမက ဘာလို့ သူ့ကို နှင်ထုတ်နေရတာလဲ? သူ သူမကို ကယ်တင်ဖို့ နည်းလမ်းကို မြန်မြန် မစဉ်းစားနိုင်လို့ သူမက သူ့ကို စိတ်ဆိုးနေတာလား?
"ကျွန်မ ရှင့်ကို အရမ်းမုန်းတယ်။ မြန်မြန် ထွက်သွားတော့။ ကျွန်မအတွက် ရှင် စိတ်ပူနေစရာ မလိုဘူး"
နာကျင်သွားပုံရသည့် ကျုံးယုံ၏အမူအရာကို မြင်လိုက်ရခြင်းက ကျန်းယွိရန်အတွက် သူမ၏နှလုံးသားကို ဓားဖြင့် ထိုးလိုက်သလို ခံစားရစေသည်။ သူမက သူမ၏မျက်ရည်များကို ထိန်းကာ စူးရှသော အသံဖြင့် သူ့ကို နှင်လွှတ်လိုက်သည်။
"ရှင့်အတွက် ကျွန်မက ဘယ်သူမို့လို့လဲ? ရှင်မှာ ကျွန်မကို ဂရုစိုက်ပေးစရာ အကြောင်းမရှိဘူး။ သွားတော့၊ ကျွန်မရဲ့ပျော်ရွှင်မှုကို လာမဖျက်နဲ့"
သို့သော်လည်း ကျုံးယုံက ကျန်းယွိရန်၏မျက်လုံးများထဲမှ မျက်ရည်စများကို မြင်သွားခဲ့ပြီး သူမ သူ့ကို ရည်ရွယ်ချက်ရှိရှိ နှင်လွှတ်နေမှန်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူမက သူ့ကို ကာကွယ်ဖို့ လုပ်နေတာပဲ။
ကျန်းယွိရန်၏ ခံစားချက်ကို နားလည်သွားပြီးနောက် ကျုံးယုံ၏နှလုံးသားက သူမအတွက် ပို၍ပင် နာကျင်လာခဲ့သည်။ သူက သူ့ပါးစပ်ကို ဖွင့်ကာ တစ်ခုခု တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ကျန်းယွိရန်က သူနှင့် ဘာမှမဆိုင်သေးကြောင်း ပြန်သတိရသွားခဲ့သည်။ သူ ခဏလောက် တုံ့ဆိုင်းသွားခဲ့သော်လည်း သူမကို ပြန်ဖြေလိုက်သေးသည်။
“ငါ… ငါက မင်းရဲ့အစ်ကိုပဲ။ မင်းကို ကာကွယ်ဖို့ ငါ့မှာ တာဝန်ရှိတယ်"
"အစ်ကို.... အစ်ကိုလား? ကျွန်မမှာ အစ်ကိုရှိပြီးသား။ ရှင်က ကျွန်မ အစ်ကို မဟုတ်ဘူး၊ အဲ့တော့ ရှင် ကျွန်မကို ဂရုစိုက်စရာ မလိုဘူး။ ရှင် ကျွန်မအတွက် စိတ်ပူနေစရာလည်း မလိုဘူး"
ကျုံးယုံ၏စကားကို ကြားပြီးနောက် ကျန်းယွိရန်၏မျက်ဝန်းများမှ မျက်ရည်များ တသွယ်သွယ် စီးကျလာတော့သည်။ ထို့နောက် သူမက လှောင်သံဖြင့် ရယ်မောနေသေးသည်။
သူမ အချိန်အတော်ကြာအောင် သူ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံခဲ့ပေမယ့် သူက အဲ့ဒါတွေကို လျစ်လျူရှုထားပြီး သူမကို ညီမလေးလို့ သတ်မှတ်နေသေးတယ်။ သူမ သူ့ညီမ မဖြစ်ချင်ဘူးဆိုတာ မိုးနတ်မင်းတောင် သိတယ်။
"အာ... မင်း ဘာလို့ အဲ့လိုတွေ ပြောနေရတာလဲ?!"
ကျုံးယုံက သူမ ဝမ်းပန်းတနည်း ငိုနေသည်ကို မြင်နေရသောကြောင့် သူ ပို၍ပင် စိုးရိမ်လာသည်။ သူက သူ ရပ်နေသည့်နေရာတွင် စက်ဝိုင်းပုံ လှည့်ပတ်နေကာ သူ့လက်ဖဝါးကြီးနှစ်ဖက်ကို ကူကယ်ရာမဲ့ဟန်ဖြင့် အပြန်ပြန်အလှန်လှန် ပွတ်သတ်နေသည်။
မိန်းမတစ်ယောက်ရဲ့နှလုံးသားက ပင်လယ်ကြီးလို ကျယ်ပြောပြီး မှန်းဆလို့ မရဘူးလို့ လူတွေ ပြောကြတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ သူမက ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာရတာလဲ? သူမက ဘာလို့ ဒီလောက်ရန်လိုလာရတာတုန်း။
ကျန်းယွိရန်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေသည်။
"အစ်ကိုကြီးကျုံး၊ ကျွန်မ ရှင့်နောက်ကို လိုက်နေတာ တော်တော်ကြာနေပြီ... ကျွန်မ... ကျွန်မ ရှင့်အပေါ်ထားတဲ့ ခံစားချက်တွေကို ရှင် မသိဘူးလား? ဒါမှမဟုတ် ရှင် မသိချင်ယောင်ဆောင်နေတာလား? ထားလိုက်ပါတော့... အခု ကျွန်မတို့ ကြားမှာ ကောင်းကင်နဲ့ မြေကြီး ခြားနေပြီ၊ ထာဝရ ခွဲခွာရတော့မယ်၊ ရှင် ကျွန်မကို ကြိုက်လား မကြိုက်ဘူးလားဆိုတာကလည်း အရေးမကြီးတော့ဘူး၊ ရှင် နာခံတက်ပြီး အကျင့်သီလဖြူစင်တဲ့ ဇနီးတစ်ယောက် ရှာရမယ်နော်၊ ရှင် သူ(မ)နဲ့အတူ ဆံပင်တွေ ဖြူတဲ့အထိ တစ်သက်လုံး အတူတူဖြတ်သန်းနိုင်ဖို့ ကျွန်မ ဆုတောင်းပေးခဲ့တယ်”