အချစ်ကို ဖွင့်ဟဝန်ခံခြင်း
Vol. 34 Ch. 503
ထိုစကားကို ပြောနေသူက သူမကိုယ်တိုင်ဖြစ်သော်လည်း ကျန်းယွိရန်က သူမ၏နှလုံးသားကို ဓားတုံးတုံးဖြင့် လှီးဖြတ်နေသလို ခံစားနေရသည်။
ကျုံးယုံ အခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ အတွေးကတောင် သူမကို သေလုနီးပါး နာကျင်စေတယ်။
ကျန်းယွိရန်၏မျက်ရည်များက ကြိုးပြတ်သွားသော လည်ဆွဲမှ ပုလဲလုံးလေးများကဲ့သို့ စီးကျလာပြန်သည်။ သူမက သူမ၏မျက်လုံးများကို ပြူးနေအောင် ဖွင့်လိုက်ပြီး သူမ၏အမြင်အာရုံ ပိုကြည်လင်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ ထိုမှသာ သူမ ကျုံးယုံ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး သူ့နောက်ဘဝတွင် သူ့ကို ရှာဖွေရန် ထာဝရမှတ်မိနေပေလိမ့်မည်။
ကျန်းယွိရန်၏ ဝန်ခံချက်ကို ကြားလိုက်ရသည့် ကျုံးယုံကတော့ သူ့ခေါင်းပေါ်သို့ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။
မိန်းကလေးအများစုက သူ့ကို မြင်ရင် ကြောက်လွန်းလို့ ခေါင်းတောင် မော့မကြည့်ရဲကြဘူးလေ။ သူမကတော့ သူ့ကို သဘောကျတယ်တဲ့လား? မယုံနိုင်စရာပါပဲ။
ကျုံးယုံက ကျန်းယွိရန် ငိုနေသည်ကိုသာ စိုက်ကြည့်နေပြီး တစ်စုံတစ်ယောက်က သူ့နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်မိသည်။
သူ သူမကို နှစ်သိမ့်ပေးပြီး မငိုဖို့ ပြောချင်တယ်။ သူ သူမကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားချင်တယ်။ သူမ ငိုနေသရွေ့ သူ့နှလုံးသားက နာကျင်နေတော့မှာ သေချာတယ်။
"ရပ်စမ်း၊ မင်း မရပ်ရင် သူ့(မ)ကို သတ်မယ်။ ငါ တကယ် သတ်မှာနော်"
ကျုံးယုံ ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်ကို မြင်လိုက်ရချိန်တွင် ကျန်းယွိရန်အား ဖမ်းချုပ်ထားသည့် မြောက်ပိုင်းလူရိုင်းစစ်သည်က အလွန်ထိတ်လန့်သွားပြီး ပလုံးပထွေး လှမ်းအော်လိုက်ပြန်သည်။ သူ့၏ ဓားဦးက ကျန်းယွိရန်၏အဝတ်အစားများကို ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။ ကျုံးယုံ ရှေ့သို့ နောက်တလှမ်း ထပ်လှမ်းလိုက်လျှင် သူက ကျန်းယွိရန်၏ရင်ဘတ်ထဲသို့ ဓားထိုးသွားတော့မည် ဖြစ်သည်။
သူ သေသွားရင်တောင် သူနဲ့အတူ တစ်ယောက်ယောက်ကိုတော့ ဆွဲခေါ်သွားရမယ်။
“ငါ မလှုပ်ဘူး။ သူ့(မ)ကို မထိခိုက်စေနဲ့"
ကျုံးယုံက အလွန်ထိတ်လန့်သွားပြီး သူ့ခြေလှမ်းကို ရပ်လိုက်သည့်အပြင် တုန်လှုပ်နေသော မြောက်ပိုင်းလူရိုင်းစစ်သည် စိတ်ငြိမ်သွားစေရန် သူ့လက်ကို အောက်ဘက်သို့ ဖိကာ စိတ်အေးအေးထားရန် လက်ဟန်ပြလိုက်သည်။ ကျန်းယွိရန်၏ရင်ဘတ်ထဲသို့ ဓားဦးထိပ်ကို ဝင်သွားသည်ကို မြင်လိုက်ရခြင်းက ကျုံးယုံကို အလွန်ကြောက်လန့်သွားစေပြီး သူ့၏ခြေလက်များပင် အေးစက်သွားခဲ့သည်။
သူ့လည်ပင်းကို ဓားနဲ့ အထိုးခံရတာထက်တောင် ပိုကြောက်စရာကောင်းသေးတယ်။
"နောက်ကို နည်းနည်း ပြန်ဆုတ်"
ကျုံးယုံက မလှုပ်ရှားတော့သည်ကို မြင်လိုက်မှ မြောက်ပိုင်းလူရိုင်းစစ်သည်များက ကျန်းယွိရန်ကို ဆွဲခေါ်ကာ ရှေ့မှ ဆက်လျှောက်သွားကြသည်။ ကျန်းယွိရန်က အလွန်အမင်း ကြေကွဲနေပြီး သူမ တကိုယ်လုံး အားမရှိတော့သလို ဖြစ်နေကာ သူမ၏ခြေထောက်များက ပျော့ခွေလာသည်။ ထို့ကြောင့် သူမ တုန်တုန်ယင်ယင် ဖြစ်နေပြီး နှင်းများပေါ်သို့ အကြိမ်ပေါင်းများစွာ လဲကျနေလေသည်။ ထိုအရာကလည်း ကျုံးယုံ၏မျက်နှာကြီးကို ရှုံတွနေအောင် ဖန်တီးပေးနိုင်ပြီး သူက ကျန်းယွိရန်ကို စိုးရိမ်တကြီး အော်ပြောလိုက်သည်။
"ယွိရန်၊ မင်း အဆင်ပြေရဲ့လား ငါ့ကို မခြောက်ပါနဲ့... ငါတို့ အသက်ရှင်နိုင်သရွေ့ ငါ မင်းမိဘတွေဆီကို သွားပြီး မင်းကို လက်ထပ်ဖို့ ခွင့်တောင်းမယ်၊ အမေ့အတွက် ဝမ်းနည်းခြင်းကာလ ကျော်လွန်တာနဲ့ ငါတို့ လက်ထပ်ကြမယ်"
ကျုံးယုံ၏စကားကြောင့် ကျန်းယွိရန်က နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် အံ့သြမှုများနှင့် မယုံကြည်မှုများ ပြည့်နှက်နေသည်။
"အစ်ကိုကြီးကျုံး၊ ရှင် တကယ်ပြောနေတာလား?"
ကျုံးယုံက ကြောင်တောင်တောင် လုပ်နေပြန်သည်။
ငါ ဘာပြောလိုက်မိတာလဲ?
ကျန်းယွိရန်က ထိတ်လန့်တုန်လှုပ်နေသော အမူအရာနှင့်အတူ မျက်ရည်များပြည့်နေသည့် မျက်လုံးများဖြင့် သူ့ကို တောင့်တစွာဖြင့် ကြည့်နေသည်အား ကျုံးယုံ မြင်နေရပြီး သူ့ခေါင်းကိုသူ ပြန်ကုတ်နေပြန်သည်။
"အင်း၊ ငါ ပြောချင်တာက... ငါ ပြောတာက... ငါလည်း မင်းကို သဘောကျတယ်"
ဟမ့်....
ထိုစကားကို ပြောပြီးနောက် ကျုံးယုံ၏မျက်နှာက နီရဲသွားတော့သည်။ သူက ကြီးကောင်ကြီးမား ထွားကျိုင်းသည့်လူဖြစ်နေသော်လည်း သူ ကျန်းယွိရန်၏မျက်လုံးများကိုပင် မကြည့်ရဲတော့ပေ။
မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်ကတော့ သူတို့၏ နှလုံးသားထဲမှ ကျိန်ဆဲနေကြသည်။
လည်ပင်းပေါ် ဓားတင် ခံထားရပြီး ဒီနေ့ကို ကျော်ဖြတ်နိုင်ဖို့ မသချာတာတောင် အချစ်အကြောင်း ပြောဖို့ ခံစားချက်တွေ ရှိနေကြတုန်းလား?
ချီး....သူတို့က ဒီညီအကိုနှစ်ယောက်ကို မျက်လုံးထဲတောင် မထည့်ဘူးပေါ့။
ငါတို့ တစ်ခုခု လုပ်သင့်လား? ငါတို့ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို သူတို့ သိအောင် ပြလိုက်ရမလား?
သို့သော်လည်း ကျူံးယုံ၏ ထန်းရွက်ယပ်တောင်တမျှ ကြီးမားသော လက်ဖဝါးကြီးကို ကြည့်လိုက်မိချိန်တွင် ထိုစစ်သည်က သူ့အတွေးကို အကောင်အထည်ဖော်ရန် လက်လျှော့လိုက်သည်။
ဒီလူထွားကြီးက သူ့ကို တစ်ချက်ရိုက်ရုံနဲ့ သတ်ပစ်နိုင်တယ်။
ကျန်းယွိရန်ကို ဓားဖြင့်ထောက်ထားသော မြောက်ပိုင်းလူရိုင်းစစ်သည်က ကျူံးယုံကို အသံပျော့ပျော့ဖြင့် လှမ်းမေးလိုက်သည်။
"မင်းတို့နှစ်ယောက် စကားပြောလို့ ပြီးဦးမှာလား? အခု မှောင်လာပြီနော်၊ မှောင်လာရင် လမ်းက မကောင်းတော့ဘူး! လမ်းလျောက်ဖို့ ခက်သွားလိမ့်မယ်"
"မပြီးသေးဘူး၊ မင်းက ဘာလို့ အဲ့လောက် အလျင်လိုနေရတာလဲ?"
ကျူံးယုံက သူ့နှင့် ကျန်းယွိရန်၏ ချိုမြိန်သော အခိုက်အတန့်လေး နှောက်ယှက်ခံလိုက်ရသောကြောင့် ဒေါသထွက်ကာ ထိုစစ်သည်ကို စိုက်ကြည့်လိုက်သည်။ သူ ပြန်အော်လိုက်သည့်အသံကလည်း တဖက်လူ၏နားများကို တဝီဝီ အူသွားစေပြီး ထိုလူက မချိပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ မင်းတို့ ပြီးအောင်ပြောကြပါ ငါတို့ စောင့်နေပေးမယ်!"
"အစ်ကိုကြီးကျုံး၊ ရှင့်ရဲ့စကားတွေကြောင့် ယွိရန် အခု သေရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်။ အခု ပြန်သွားတော့နော်၊ နောက်မှ ပြန်လာပြီး ကျွန်မအတွက် လက်စားချေပေးပါ"
ကျူံးယုံကလည်း သူမကို သဘောကျနေကြောင်း သိလိုက်ရသဖြင့် ကျန်းယွိရန်တစ်ယောက် အလွန်ဝမ်းသာနေကာ ကြောက်ရွံ့ရန်ပင် မေ့လျော့နေပြီ ဖြစ်သည်။ သူမက ကျုံးယုံကို စွဲစွဲမြဲမြဲ စိုက်ကြည့်နေပြီး သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေကာ သူမ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြန်သည်။
သူ့ရဲ့ခံစားချက်တွေကို သိလိုက်ရတော့ သူမ သူနဲ့အတူ သေဖို့ ပိုတောင် တွန့်ဆုတ်သွားပြီ။
ကျန်းယွိရန်က သူ့ကို တမ်းတမ်းတတဟန်လေးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ကျူံးယုံတစ်ယောက် ရင်နင့်သွားရသည်။
"မင်း မပြောမနဲ့တော့၊ မင်းကို မကယ်နိုင်ရင် ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး အရှက်ရနေမှာ အသေအချာပဲ။ ငါတို့တွေ အမေ့ကို အတူတူ သွားတွေ့ကြမယ်"
ကျူံးယုံကလည်း စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေခဲ့သည်။
သူက ယောက်ျားတစ်ယောက်ပါ၊ မိန်းခလေးတစ်ယောက်ကို စွန့်ပစ်ပြီး ထွက်ပြေးတဲ့အလုပ်လိုမျိုး အရှက်မရှိတဲ့အလုပ်ကို သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
သေခြင်းတရားမှာ ဘာကြောက်စရာ ရှိလို့လဲ? သူတို့ အတူတူ သေဆုံးသွားရင် သူတို့နှစ်ယောက် တစ္ဆေစုံတွဲတောင် ဖြစ်လာနိုင်သေးတယ်။ ပြီးတော့ သူ့အမေနဲ့လည်း အတူရှိနေနိုင်လိမ့်မယ်။
ကျန်းယွိရန်၏စကားကြောင့် မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦး ကြောက်ရွံ့ထိတ်လန့်သွားခဲ့ကြသော်လည်း ကျူံးယုံ၏စကားကြောင့် သူတို့ စိတ်အေးသွားရပြန်သည်။
ဒီမိုက်မဲတဲ့လူထွားကြီးကလည်း သစ္စာရှိပြီး အချစ်ကြီးတဲ့သူပဲ။ သူတို့က သူ အချစ်မှာ ကျဆုံးမှာကို မကြောက်ပေမယ့် သူက အေးစက်ပြီး ကြောက်ရွံ့မှာကိုတော့ စိုးရိမ်မိတယ်လေ။ သူက သူ့မိန်းမအတွက် အသေခံဖို့ မြောက်ပိုင်းလူရိုင်းမျိုးနွယ်ဆီကို မလိုက်ချင်တော့ဘူးလို့ ပြောလာရင် သူတို့ဘာဆက်လုပ်ရမှာလဲ?
"သွားမယ်၊ သွားကြမယ်"
ကျူံးယုံ သေချာပေါက် လိုက်လာမည်ကို သိလိုက်ရသောကြောင့် မြောက်ပိုင်းသားနှစ်ယောက်က ယုံကြည်မှုအပြည့်ဖြင့် ပြန်မောက်မာလာကြသည်။
“မင်း ဒီမိန်းမကို မထားခဲ့ရက်ဘူးမလား? မင်း တခုခု လုပ်တာနဲ့ ငါတို့ သူ့(မ)ကို သတ်ပစ်မယ်"
စူးချင်းနှင့် လီတာ့နျိုတို့အပါအဝင် စစ်သည်များအားလုံးက ကျန်းယွိရန်နှင့် ကျူံးယုံတို့၏ အချစ်များ ဝန်ခံနေမှုကို ကြားနေကြရသည်။
လီတာ့နျိုက သူ့နှုတ်ခမ်းကို လျှာဖြင့် ပြန်သပ်လိုက်သည်။
သူတို့နှစ်ယောက်က သေလုဆဲဆဲ အကျပ်အတည်းနဲ့ ကြုံနေတာတောင် နှလုံးသားချင်း မျှဝေနိုင်တုန်းလား?
ဒါပေမယ့် သူ ဘာကြောင့် ဒီလောက် မနာလို ဖြစ်နေမိတာလဲ? သူလည်း သူနဲ့အတူတူ သေမတု ရှင်မကွာ လိုက်ပါရဲတဲ့ ဇနီးတစ်ယောက်ကို ဘယ်အချိန်မှ ရှာတွေ့နိုင်မှာလဲ?
လီတာ့နျို၏မျက်နှာတွင် တောင့်တရိပ်များ ပြည့်နက်လာသည်။
အခု သူ့မှာ ပိုက်ဆံ၊ အိမ်နဲ့ တည်ငြိမ်တဲ့ အလုပ်ရှိတယ်။ မိန်းမယူပြီး ကလေးမွေးခိုင်းဖို့ အချိန်တန်ပြီ။
အရင်ကတော့ သူလည်း တစ်စုံတစ်ဦးကို နှစ်သက်ခဲ့ဖူးတယ်။ ဒါပေမယ့် သူမရဲ့အပြုအမူတွေက သူ့ကို စိတ်ပျက်စေခဲ့ပြီး ငယ်ငယ်ကတည်းက ခံစားလာခဲ့ရတဲ့ အချစ်တွေကလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် အောင်သွယ်က သူ့အတွက် လက်ထပ်ပွဲ စီစဥ်ပေးတိုင်းမှာ သူက အဲ့မိန်းခလေးကို ချိုးယွဲနဲ့ နှိုင်းယှဥ်ကြည့်မိတယ်။ ချိုးယွဲ့ကိုတောင် မယှဥ်နိုင်တဲ့မိန်းခလေးတွေကို သူ စိတ်မ၀င်စားနိုင်တော့ဘူး။
စူးချင်းကလည်း ကျန်းယွိရန်နှင့် ကျူံးယုံတို့၏ အပြန်အလှန် ဝန်ခံချက်ကို နားထောင်နေခဲ့ပြီး သူမ၏အေးစက်လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူမရဲ့ မိုက်မဲပြီး တုံးအတဲ့ တပည့်လေးတောင်မှ ဉာဏ်ကောင်းတဲ့ အခိုက်အတန့် ရှိနေသေးတယ်။ ဒါက သူမကို ဒုက္ခကြီးကြီးကနေ ကယ်တင်ပေးလိုက်တာပဲ။ မဟုတ်ရင် သူမ ဒီနှစ်ယောက်အတွက် အောင်သွယ်လုပ်ပေးနေရဦးမယ်။
ဤအရေးကြီးသောအခိုက်အတန့်တွင် ကျုံးယုံနှင့် ကျန်းယွိရန်တို့က ချစ်စကားပြောနေကြဆဲ ဖြစ်ကြောင်း မြင်နေရသဖြင့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များလည်း အားကျနေကြသည်။
သူတို့အားလုံးက မိန်းမ မရှိတဲ့ တစ်ကိုယ်တည်းသမား လူပျိုကြီးတွေလေ။ သခင်လေးနဲ့အတူ ကမ္ဘာကြီးကို သိမ်းပိုက်ပြီးရင်တော့ သူတို့လည်း လယ်လုပ်ဖို့ အိမ်ပြန်တော့မယ်။ ဇနီး ရှာပြီး လက်ထပ်ဖို့လည်း ဆုံးဖြတ်လိုက်ပြီ။
လေတိုက်နှုန်းက ပြင်းထန်ပြီး နှင်းများ အလွန်ထူထပ်နေသည့်အပြင် ကျုံးယုံ၏ နှလုံးသားတစ်ခုလုံးက ကျန်းယွိရန်အပေါ်တွင် ရောက်ရှိနေသောကြောင့် သူက အနောက်မှ လိုက်လာသူများကို သတိမထားမိခဲ့ပေ။
မြောက်ပိုင်းလူရိုင်းမျိုးနွယ်၏ နေရပ်သို့ ရောက်ခါနီးတွင် မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦးလုံး စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဧကရာဇ်မင်းမြတ် ပေးသနားမည့် မြင်းများ၊ သိုးများနှင့် ရတနာများကို မြင်ယောင်နေပြီး ထိုအရာများက သူတို့ကို လက်ဝှေ့ယမ်းပြနေသလို ခံစားနေကြရသည်။
သို့သော်လည်း မြောက်ပိုင်းနှင့် ပိုနီးကပ်လာလေလေ၊ သူတို့ ပို၍ သတိထားလေလေ ဖြစ်လာသည်။ ယခုအချိန်လေးအတွင်း ကျုံးယုံ တစ်ခုခု လှုပ်ရှားလိုက်ပြီး သူတို့၏ ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သွားမည်ကို သူတို့ စိုးရိမ်နေကြသည်။
နှစ်ယောက်သား ခေါင်းကို ခဏခဏ လှည့်ကြည့်နေကြသည်။ ယခုတကြိမ်တွင်တော့ ရုတ်တရက် သူတို့၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျုံးယုံ၏နောက်ကွယ်မှ အရိပ်များကို ယောင်ဝါးဝါး မြင်သွားကြခြင်းပင်။ သူတို့နှစ်ယောက်လုံး အရမ်းထိတ်လန့်သွားပြီး ကျန်းယွိရန်ကို အမြန်ဖမ်းဆွဲကာ ဓားထောက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မလာနဲ့။ ထပ်တိုးလာရင် သူ့(မ)ကို သတ်ပစ်မယ်"
“ငါ မလာဘူး။ သူ(မ)ကို မထိခိုက်စေနဲ့"
ကျုံးယုံလည်း အလွန်စိုးထိတ်သွားပြီး သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ထိုအချိန်မှသာ သူ့နောက်မှ နှင်းများပေါ်သို့ တစ်စုံတစ်ယောက် နင်းကျော်ဖြတ်လျှောက်နေသံကို သူ ကြားလိုက်ရသည်။ ကျုံးယုံက ချက်ချင်း လှည့်ကြည့်လိုက်ပြီး စူးချင်း၊ လီတာ့နျိုနှင့် ရှောင်းမိသားစုမှ စစ်သည်များကို တွေ့သွားလေသည်။
“ဆရာ”
စူးချင်းကို မြင်လိုက်သည်နှင့် ကျုံးယုံက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
ဆရာရောက်လာပြီဆိုတော့ သူနဲ့ ယွိရန် ဒီနေရာတင် ကယ်တင်ခံရတော့မှာ အသေအချာပဲ။
"ယုံအာ၊ နောက်ပြန်ဆုတ်"
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဆရာတစ်ယောက်ကဲ့သို့ မာန်မာမာ ပြုမူလိုက်သည်။ ကျုံးယုံက စူးချင်း စကားကို အမြဲတမ်း နားထောင်လေ့ရှိပြီး စူးချင်းက နောက်ဆုတ်ခိုင်သည်နှင့် ရယ်မောရင်း နောက်ပြန်ဆုတ်သွားတော့သည်။ သို့သော် သူက ကျန်းယွိရန်အား အော်ပြောရန်လည်း မမေ့လျော့ခဲ့ပေ။၊
"ယွိရန် မကြောက်နဲ့တော့၊ ဆရာ ရောက်လာပြီ၊ ဆရာက မင်းကို ကယ်တင်ပေးနိုင်တယ်"
ကျုံးယုံ၏အော်သံက မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ဦးကို ပို၍ပင် ကြောက်လန့်သွားစေခဲ့သည်။ သူတို့က စူးချင်းကို သေသေချာချာ စိုက်ကြည့်နေကြသည်။ စူးချင်းထံတွင် လက်နက်မရှိသော်လည်း သူမ ထံမှ ထွက်ပေါ်နေသည့် ပြင်းထန်သော အရှိန်အဝါကပင် သူတို့ကို ကြောက်လန့်နေစေသည်။
ဒီအစွမ်းထက်တဲ့ လူသန်ကြီးကတောင် သူမကို ဆရာလို့ ခေါ်တယ်ဆိုတော့ သူမက ဒီလူသန်ကြီးထက် ပိုအစွမ်းထက်နိုင်တယ်။ ပြီးတော့ ဘာမှန်းမသိ ကြောက်စရာကောင်းနေတယ်။
"မင်းတို့ အခု သူ့(မ)ကို လွှတ်ပေးလိုက်ရင် မင်းတို့ အသက်ကို ချမ်းသာပေးမယ်"
စူးချင်းက မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်ကို တည်တည်ငြိမ်ငြိမ် လှမ်းပြောလိုက်သည်။ သူမက ကျန်းယွိရန်၏နှလုံးဆီသို့ ချိန်ရွယ်ထားသော ဓားကိုပင် လုံးဝ ဂရုမစိုက်သလို ပြုမူနေခဲ့သည်။
“မလှုပ်နဲ့။ မင်း လှုပ်တာနဲ့ ဒီမိန်းမ အရင်သေသွားလိမ့်မယ်။ ဒါဆို မင်း မင်းရဲ့တပည့်ကို ဘယ်လို ရှင်းပြမလဲ ကြည့်လိုက်ကြရအောင်"