← Chapters

နောက်ကွယ်မှ စာဝါငှက်

Vol. 34 Ch. 505

နောက်ကွယ်မှ စာဝါငှက်

Vol. 34 Ch. 505

ဝမ်ယွိလင်အတွက်လည်း သူ ထီးနန်းသိမ်းပိုက်ပြီးကတည်းက ငြိမ်းချမ်းသည့်နေ့ရက်ဟူ၍ တစ်ရက်မှ မရှိခဲ့ပေ။ နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်နေပြီး နေ့စဉ်နှင့်အမျှ စစ်ရေးသတင်းများ ထွက်ပေါ်နေသဖြင့် ဝမ်ယွိလင်လည်း အလွန်စိတ်အနှောက်အယှက် ဖြစ်နေခဲ့သည်။

"ဧကရာဇ်မင်းမြတ်ကို လျောက်တင်ပါတယ်၊ နှောင်းဧကရာဇ်ရဲ့လူယုံတော် ချိုးယုံခန်းက အရေးပေါ်စစ်ရေး အစီရင်ခံစာတစ်စောင် ပေးပို့ခဲ့ပါတယ်၊ သူက မြောက်ပိုင်းလူရိုင်းဧကရာဇ်ကို မော့ချန်ကို တိုက်ခိုက်ဖို့ သွေးထိုးပေးနိုင်ခဲ့ပြီး အခု မြောက်ပိုင်းလူရိုင်းဧကရာဇ်က မော့ချန်ကို တပ်တွေ စေလွှတ်ထားပြီးပါပြီ၊ ရှောင်းမိသားစုစစ်တပ်ကို တစ်ရှိန်ထိုး ချေမှုန်းနိုင်ဖို့ ဧကရာဇ်မင်းမြတ်အနေနဲ့ တပ်တွေ စေလွှတ်ပေးစေချင်တယ်လို့ သူက ပြောပါတယ်”

လူကြီးမင်းလျန်က အရေးပေါ် စစ်ရေးအစီရင်ခံစာကို လက်နှစ်ဖက်ဖြင့် မိန်းမစိုးဆီသို့ လှမ်းပေးလိုက်ပြီး မိန်းမစိုးကလည်း တရိုတသေ ကိုင်ဆောင်လာကာ တော်ဝင်စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

"ချိုးယုံခန်း?"

ထိုအမည်ကို ကြားလိုက်ရချိန်တွင် ဝမ်ယွိလင်၏အမူအရာက ချက်ချင်း မည်းမှောင်သွားတော့သည်။

အရင်တုန်းက သူ့ရဲ့ခမည်းတော်က အဲ့လူရဲ့စကားတွေကို နားယောင်ပြီး မော့ချန်ကို တိုက်ခိုက်ဖို့ တပ်တွေကို ဦးဆောင်ခွင့်ပေးခဲ့တယ်။ ပြီးတော့ အဆင့်လေးဆင့်အရာရှိအဖြစ်လည်း ရာထူးချီးမြှင့်ပေးခဲ့တယ်။ အဆုံးမှာတော့ သူ ခေါ်သွားတဲ့ တပ်တွေကို ရှောင်းမိသားစုစစ်တပ်က အပြီးအပြတ် ချေမှုန်းသုတ်သင်ပစ်လိုက်တယ်။ တကယ်လို့ လွတ်မြောက်လာတဲ့သူ တစ်ယောက်နှစ်ယောက်သာ မရှိခဲ့ရင် ချိုးယုံခန်းက သူတို့ကို လှည့်စားခဲ့တာကို သူတို့ သိမှာ မဟုတ်ဘူး။

အခုရော? ဒီလူက သူလည်း သူ့အဖေလို အသက်ကြီးနေပြီး အတွေးတွေ ဝေဝါးနေတယ်လို့ ထင်နေတာလား?

"ဟမ့်၊ သူ့ကို လျစ်လျူရှုထားလိုက်၊ သူ့ကို အလိုရှိကြောင်း ကြေငြာထားတဲ့ အမိန့်ကို မရုပ်သိမ်းပဲ တစ်တိုင်းပြည်လုံးအနှံ့ ဆက်ရှာဖွေကြ။ ကျန်းက သူ့ကို သေစေချင်ရင် သူ သေရမယ်၊ ကျန်းက သူ့ကို အသက်ရှင်ခွင့်ပေးမှ သူ အသက်ရှင်နိုင်မှာ၊ သူ့ကို တွေ့ရင် အရင်သတ်ပြီးမှ ကျန်းကို သတင်းပြန်ပို့လို့ ရတယ်"

ဝမ်ယွိလင်က သူ့လက်ကို ဝှေ့ယမ်းပြီး အရေးပေါ်စစ်ရေးအစီရင်ခံစာကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ့မျက်နှာကလည်း မည်းမှောင်လွန်းနေပြီး မှင်များ ယိုထွက်လာတော့မယောင် ဖြစ်နေလေသည်။

သူရဲ့လက်ရွေးစင်တပ် သုတ်သင်ခံခဲ့ရတဲ့အပြင် သူ မော့ချန်နဲ့ လော့ချန်ကိုလည်း ဆက်တိုက်ဆုံးရှုံးခဲ့ရတယ်။ ဒီအကြောင်းကို တွေးမိတိုင်း သူ ချိုးယုံခန်းကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်တယ်။

ဒီသူခိုးက သူ့ကို လှည့်စားဖို့တောင် သတ္တိရှိနေသေးတယ်ပေါ့...

“ဟုတ်ကဲ့” လူကြီးမင်းလျန်က ဒူးထောက်လိုက်ပြီး အရေးပေါ်စစ်ရေးအစီရင်ခံစာကို ကောက်ယူကာ စွန့်ပစ်စက္ကူပုံထဲသို့ ပစ်ထည့်လိုက်သည်။

ထိုနေရာမှ အဖြစ်အပျက်များ ဖြစ်ပွားနေသည့် တစ်ချိန်တည်းမှာပင် ချိုးယုံခန်းက လေးလံသောနှလုံးသားဖြင့် နတ်ဆရာ၏ တဲနန်းဆီသို့ ပြန်ရောက်လာခဲ့သည်။ ထိုနတ်ဆရာကြီး၏ မျက်နှာတွင် ဆီဆေးများ လိမ်းခြယ်ထားသောကြောင့် အပြင်လူများက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။ သူက နတ်ပုလ္လင်ပေါ်တွင် ထိုင်နေပြီး ချိုးယုံခန်း မှုန်ကုပ်ကုပ်ဖြင့် စိုက်ကြည့်နေသည်။ သူ့၏အမူအရာအရ သူ ချိုးယုံခန်းကို အပိုင်းပိုင်းဖြတ်ပစ်ချင်နေပုံရသည်။

ချိုးယုံခန်းကလည်း နတ်ဆရာ၏အမူအရာကို မြင်သွားပြီး သူ့နှလုံးက တဒိန်းဒိန်း ခုန်လာတော့သည်။ သို့သော်လည်း သူက သူ့မျက်လုံးများကို အောက်စိုက်လိုက်ပြီး ရိုကျိုးဟန်ဆောင်လိုက်သည်။

“မော့ချန်ကို တိုက်ခိုက်ရင် ငါတို့ အနိုင်ရမယ်လို့ မင်း ပြောခဲ့တာမဟုတ်ဘူးလား? ငါတို့ အနိုင်ရမယ်လို့ နတ်ဘုရားတွေက ပြောခဲ့တယ်လို့တောင် မင်းက ဧကရာဇ်မင်းမြတ်ကို ပြောခိုင်းခဲ့သေးတယ်။ နောက်ဆုံးတော့ ငါတို့ လူတွေအားလုံး သုတ်သင်ခံခဲ့ရတဲ့အပြင် စစ်သူကြီးဝူးအာ့ဟန်တောင် ခေါင်းဖြတ်ခံခဲ့ရတယ်၊ အခု သူ့ရဲ့ခေါင်းကို ပြန်ပို့ခဲ့ပြီး မော့ချန်ကတောင် မြောက်ပိုင်းသားတွေကို စစ်ကြေငြာလိုက်ပြီ၊ မင်းက ဒီနတ်ဆရာကို အကြီးအကျယ် ဒုက္ခပေးလိုက်တာပဲ"

နတ်ဆရာက စားပွဲကို ဆောင့်ရိုက်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ချိုးယုံခန်းကို လက်ညှိုးထိုးရင်း ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းနေလေသည်။

ဝူးအာ့ဟန်၏ဦးခေါင်းအား မြောက်ပိုင်းလူရိုင်းပြည်ထောင်သို့ ပြန်ပို့လိုက်သည့်သတင်းက လူတိုင်းကို အတော်အတန် တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ချိုးယုံခန်းကလည်း ဤကိစ္စကို သိထားပြီးဖြစ်ကာ နတ်ဆရာထံမှ ကြိမ်းမောင်းခြင်းကို ခံယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ နတ်ဆရာက သူ့ကို အရင် ကြိမ်းမောင်းပြီးမှသာ သူက လေးလေးနက်နက် ဦးညွှတ်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်သည့်အနေဖြင့် ရှင်းပြလိုက်သည်။

“နတ်ဆရာကြီး၊ အစပိုင်းမှာ ဒီကိစ္စက သေချာနေပြီးသားပါ။ အရင်က အောင်မြင်မှုသတင်းတွေ အများကြီးရှိတယ်ဆိုတာ နတ်ဆရာကြီးလည်း သိပါတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ စူးချင်း ပြန်ရောက်လာတာက ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေအားလုံးကို အချည်းနှီးဖြစ်သွားစေခဲ့တာပါ။ ကျွန်တော့်မှာ ဒီထက်ပိုကောင်းတဲ့ အစီအစဥ်တစ်ခု ရှိပြီးသားပါ၊ ရက်နည်းနည်းလေးတော့ စောင့်ဖို့ လိုတယ်။ အလယ်ပိုင်းလွင်ပြင်ရဲ့ဧကရာဇ်က မော့ချန်ကို ရှင်းလင်းဖို့ တပ်တွေ စေလွှတ်လိမ့်မယ်။ သူတို့ အချင်းချင်း အရင်တိုက်ပါစေ။ သူတို့နှစ်ဘက်စလုံး ဆုံးရှုံးမှုတွေ ရှိလာတဲ့အချိန်မှ ကျွန်တော်မျိုးတို့က အကျိုးအမြတ်တွေ ဝင်ရိတ်သိမ်းလိုက်ရုံပါပဲ”

ချိုးယုံခန်းက အာသွက်လျှာသွက်နှင့် ယုံကြည်မှုရှိရှိ ပြောနေခဲ့သော်လည်း နတ်ဆရာကြီးက သူ့ကို မယုံတော့ပေ။ သူက ချိုးယုံခန်းကို အေးစက်စက် ကြည့်နေကာ သူ့လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။

"စစ်သည်တွေ လာကြစမ်း၊ သူ့ကို ဖမ်းလိုက်ကြ"

"နတ်ဆရာကြီး"

ချိုးယုံခန်းလည်း ထိတ်လန့်နေပြီ ဖြစ်သည်။

ဒီနတ်ဆရာက သူ့ကို ဓားစာခံအနေနဲ့ အသုံးချပြီး အပြစ်ဖို့ချင်နေတာလား?

“သူ့ကို နန်းတော်ထဲ ခေါ်သွားပြီး သူက မဟုတ်မမှန်တဲ့ သတင်းတွေ ဖြန့်ခဲ့တယ်လို့ တင်ပြလိုက်”

နတ်ဆရာက သူ့လက်ကို ဝှေ့ယမ်းပြီး ချိုးယုံခန်းကို ခေါ်သွားရန် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ သူက ဤလူကို ကယ်တင်မိခြင်းအတွက် နောင်တရနေပြီး ဤလူ၏စကားကို နားယောင်ကာ မော့ချန်ကို တိုက်ခိုက်ရန် ဧကရာဇ်အား တိုက်တွန်းခဲ့သည့်အတွက် ပို၍ နောင်တရနေမိသည်။ ယခု ဧကရာဇ်က သူ့ကို ဒေါသတကြီး ကြိမ်းမောင်းနေပြီး သူကလည်း ချိုးယုံခန်းကို အမုန်းကြီး မုန်းတီးနေလေပြီ။

“နတ်ဆရာကြီး၊ ဧကရာဇ်မင်းမြတ်ကို အဲ့စကားတွေ လျှောက်တင်ခဲ့တဲ့သူက ခင်ဗျားကိုယ်တိုင်ပဲ။ ကျွန်တော်လို သာမန်လူတစ်ယောက်ဆီက ဒီစကားတွေ ထွက်လာတယ်လို့ပြောရင် ဧကရာဇ်မင်းမြတ်က ယုံပါ့မလား?”

မြောက်ပိုင်းလူရိုင်းစစ်သည်နှစ်ယောက်က ချိုးယုံခန်း၏လက်များကို ဆွဲလိမ်ကာ သူ့ကို ချုပ်နှောင်လိုက်ကြသည်။ ချိုးယုံခန်းက သူ၏နောက်ဆုံးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် နတ်ဆရာကို လှမ်းကြည့်ရင်း ရုန်းကန်နေသည်။

“မင်း…”

ချိုးယုံခန်း၏စကားများက နတ်ဆရာကို ပို၍ ဒေါသထွက်သွားစေခဲ့သည်။ ၏

ဟုတ်တယ်၊ တကယ်တော့ သူ ချိုးယုံခန်းကို လက်လွှဲပေးဖို့ မဖြစ်နိုင်ဘူး။ သူ ဒီစကားတွေကို ချိုးယုံခန်း ပြောခဲ့တာလို့ စွပ်စွဲလိုက်တာနဲ့ ဒါတွေက နတ်ဘုရားတွေရဲ့ကံကြမ္မာဟောကိန်း မဟုတ်ဘဲ သူ ချိုးယုံခန်းရဲ့စကားတွေအပေါ် အခြေခံပြီး ဖန်တီးပြောဆိုခဲ့တာကို ဧကရာဇ် သိသွားလိမ့်မယ်၊ ဒါဆို မြောက်ပိုင်းလူရိုင်းပြည်ထောင်က သူရဲ့နတ်ဆရာရာထူးအတွက် ဘေးသင့်သွားနိုင်တယ်။

သို့သော် နတ်ဆရာက ချိုးယုံခန်းကို မည်းမှောင်သော မျက်နှာဖြင့် ကြည့်ကာ ရယ်မောလှောင်ပြောင်လိုက်သေးသည်။

"ဟမ့်၊ ဒါက မင်း ဘေးကင်းဖို့ လုံလောက်ပြီလို့ မင်း ထင်နေတာလား? ဟုတ်တယ်၊ ငါ မင်းကို ဧကရာဇ်မင်းမြတ်လက်ထဲ မအပ်နိုင်ဘူး၊ ဒါပေမယ့် ဘာသံမှ မထွက်ဘဲ ငါ မင်းကို သတ်ပစ်နိုင်တယ်။ ငါ သန့်စင်နေတဲ့ ဆေးရည်အတွက် ဆေးအကူတစ်ယောက် လိုအပ်နေသေးတယ်။ မင်းက အရမ်း လိမ္မာပါးနပ်တော့ ငါက မင်းကို ပြီးပြည့်စုံတဲ့ ဆေးဝါးအဖြစ် ပြောင်းလဲပေးရမှာ‌ပေါ့"

ချိုးယုံခန်းက နတ်ဆရာကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

“နတ်ဆရာကြီး၊ ကျွန်တော် ခင်ဗျားနဲ့ သီးသန့် ပြောစရာ ရှိတယ်။ အရင်ဆုံး ခင်ဗျားရဲ့လက်အောက်ငယ်သားတွေကို အပြင်ထွက်ခိုင်းလိုက်ပါ၊ ကျွန်တော် ပြောတာကို နားထောင်ပြီးတဲ့အထိ ခင်ဗျား ကျွန်တော်ကို သတ်ချင်နေသေးရင် ကျွန်တော်ဆေးမီးဖိုထဲကို ခုန်ချပေးမယ်"

"ကောင်းပြီ မင်းတို့တွေ ထွက်သွားကြ"

နတ်ဆရာက ချိုးယုံခန်း ဖန်တီးနိုင်သည့် လူသတ်လက်နက်များကို တွေးနေပြီး သူ ပြောမည့်စကားကို နားထောင်ချင်သောကြောင့် သူ့လက်ကို ဝှေ့ယမ်းကာ သူ့စစ်သည်များကို နှင်ထုတ်လိုက်သည်။

ချိုးယုံခန်းက အနောက်သို့ လျှောက်သွားပြီး တံခါးကိုပါ ပိတ်ပစ်လိုက်သည်။ နတ်ဆရာက တိရိစ္ဆာန်အရေခွံဖြင့် ဖုံးထားသည့် နတ်ပုလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်သည်။ သူ့က ချိုးယုံခန်း၏ အင်္ကျီလက်အောက်မှ အခြားလှည့်ကွက်များကို ကြည့်ချင်ဟန်ဖြင့် သူ့ကို အထက်စီးမှ ငုံကြည့်နေသည်။

“ဒီလိုပါ။ ကျွန်တော်က နတ်ဆရာကြီးကို အရေးကြီးတဲ့ကိစ္စတစ်ခု ပြောပြချင်တယ်…”

ချိုးယုံခန်းက နတ်ဆရာထံသို့ လျှောက်သွားပြီး လက်သီးအုပ်ကာ တရိုတသေ စကားစလိုက်သည်။ သူ့အသံက တိုးလွန်းနေသောကြောင့် နတ်ဆရာက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ပိုကျယ်ကျယ် ပြောခိုင်းသော်လည်း ချိုးယုံခန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် နတ်ဆရာက သူ မူးဝေလာသလို ခံစားလိုက်ရပြီး အကူအညီ တောင်းချင်နေသော်လည်း တောင့်မခံနိုင်တော့ဘဲ သူ့ရှေ့မှ စားပွဲပေါ်သို့ မှောက်ကျသွားတော့သည်။

မြောက်ပိုင်းလူရိုင်းပြည်ထောင်အတွင်း ချိုးယုံခန်းတစ်ယောက် ပြဿနာတက်နေချိန်တွင် စူးချင်းက ကျုံးယုံနှင့် ကျန်သည့်လူများကို မော့ချန်သို့ ပြန်ခေါ်သွားခဲ့သည်။ ဝူးနကျီရန်က မြောက်ပိုင်းလူရိုင်းပြည်ထောင်၏နယ်နိမိတ်မြေပုံကို ပြန်ယူလာနိုင်ခဲ့သည်။ စူးချင်းထံတွင်လည်း မော့ချန်မှ မြောက်လူရိုင်းပြည်ထောင်သို့ သွားနိုင်မည့် လမ်းကြောင်းပြမြေပုံ ပါလာခဲ့သည်။ ဤနှစ်ခုကြောင့် သူတို့၏ အပြန်ခရီးက အဟန့်အတား မရှိ ချောမွေ့နေခဲ့သည်။

စူးချင်းက မော့ချန်သို့ ပြန်ရောက်သည်နှင့် ထိုမြေပုံနှစ်ချပ်ကို ရှောင်းကျဲယွိထံ လှမ်းပေးလိုက်သည်။ ယဲ့လွီချွမ်းကတော့ စူးချင်းကို လေးစားမှုအပြည့်ဖြင့် ကြည့်နေတော့သည်။

“မရီး၊ မင်းက တကယ်အံ့သြစရာကောင်းတယ်၊ မင်း ခနလောက် အပြင်ထွက်လိုက်တာနဲ့ မြောက်ပိုင်းလူရိုင်းတွေရဲ့မြေပုံကို ရလာခဲ့ပြီ။ တယောက်ယောက်က မင်းကို ဆန့်ကျင်ရဲရင် သူက အသက်ရှင်ရတာကို ငြီးငွေ့နေလို့ သေခြင်းတရားကို တောင်းဆိုတာပဲ ဖြစ်လိမ့်မယ်”

"ဟား ဟား၊ ရှင်က ဒီစကားကိုတောင် သိတယ်လား?"

စူးချင်းက သူ့ စကားကြောင့် ရယ်မောလိုက်သည်။

'အသက်ရှင်ရတာကို ငြီးငွေ့နေလို့ သေခြင်းတရားကို တောင်းဆိုတယ်’ဆိုတာက ဟန်လူမျိုးတွေရဲ့ရိုးရာစကားပုံလေ။ တာ့တန်ရဲ့တတိယမင်းသားက ဒီစကားပုံကိုတောင် ပြောနိုင်တယ်တဲ့လား?

"ဟား ဟား၊ ငါလည်း နည်းနည်းတော့ သိပါတယ်"

ယဲ့လွီချွမ်းကလည်း ကျယ်လောင်စွာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။

သူက သူ့အမေအတွက် နာမည်ကြီးသမားတော်တွေကို ရှာဖို့ အလယ်ပိုင်းလွင်ပြင်ထဲမှာ တချိန်လုံး သွားလာနေခဲ့တာလေ၊ အဲ့ဒါကြောင့် သူ သာမန်လူတွေ ပြောလေ့ရှိတဲ့ စကားပုံတွေကို ကြားဖူးနားဝ ဖြစ်နေခဲ့တယ်။ ပြီးတော့ သူက အလယ်ပိုင်းလွင်ပြင်ရဲ့ ယဉ်ကျေးမှုကို အမြဲစိတ်ဝင်စားခဲ့တယ်၊ ရယ်စရာကောင်းတာလေးတွေ တွေ့ရင် သူ ဆိုရိုးစကားတချို့ကို သင်ယူခဲ့တယ်။ ဒီနေ့ သူ သူ သင်ယူခဲ့တဲ့အရာကို လက်တွေ့အသုံးချနိုင်ခဲ့ပြီး စူးချင်းကိုတောင် အံ့အားသင့်စေခဲ့တယ်။ သူ နည်းနည်းတောင် ဂုဏ်ယူမိသွားပြီ။

“ဒီည မြောက်ပိုင်းလူရိုင်းတွေကို သုတ်သင်ချင်တယ်”

စူးချင်းနှင့် ယဲ့လွီချွမ်းတို့ နောက်ပြောင်နေပြီး စူးချင်း သူမ၏မူလအေးစက်သော အမူအရာသို့ ပြန်ရောက်သွားချိန်တွင် သူမက ရှောင်းကျဲယွိနှင့် စစ်ရေးကိစ္စများ စတင်ဆွေးနွေးလာတော့သည်။

"ကောင်းပြီလေ၊ အခု ထမင်းစားရအောင်။ ကိုယ်တို့ စားသောက်ပြီးမှ မြောက်ပိုင်းလူရိုင်းတွေကို တိုက်ခိုက်ဖို့ စစ်သည်တချို့ ရွေးထုတ်ကြမယ်၊ ရှောင်းမိသားစုစစ်တပ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူတို့ကို ပြပေးလိုက်မယ်”

ရှောင်းကျဲယွိက စူးချင်း၏အကြံပြုချက်ကို ချက်ချင်း သဘောတူလိုက်သည်။ ၏

သူတို့မှာ မြေပုံတွေ ရှိနေပြီမို့ နောက်ထပ် မနှောင့်နှေးနေသင့်တော့ဘူး။ မဟုတ်ရင် မြောက်ပိုင်းလူရိုင်းသားတွေ ပြန်ခုခံဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်၊ အဲ့လို ဖြစ်သွားရင် သူတို့ဘက်ကလည်း အသေအပျောက်များနိုင်ပြီး ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းမြင့်သွားလိမ့်မယ်။

ဤအချိန်က စွမ်းဆောင်မှုကို ပြသရန် အခွင့်အရေးတစ်ခုဖြစ်သောကြောင့် ယဲ့လွီချွမ်းက ရှောင်းကျဲယွိကို ကမန်းကတန်း လှမ်းပြောလိုက်သည်။

“ကျုပ်ရဲ့စစ်သည်တွေက မြို့ပြင်မှာ အဆင်သင့်ရှိနေတာဆိုတော့ ကျုပ်လည်း မြောက်ပိုင်းလူရိုင်းတွေကို ချေမှုန်းဖို့ အစ်ကို‌ရှောင်းကို ကူညီပေးနိုင်ပါတယ်”

ယဲ့လွီချွမ်းက စိတ်ရင်းမှန်ဖြင့် ကမ်းလှမ်းနေခဲ့ပြီး သူ ငြင်းဆန်လိုက်လျှင် သူတို့၏ ညီအကိုကောင်း ဆက်ဆံရေးကို ထိခိုက်စေနိုင်သောကြောင့် ရှောင်းကျဲယွိက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

ရှောင်းကျဲယွိက သူ့၏တောင်းဆိုချက်ကို သဘောတူလိုက်သည့်အတွက် ယဲ့လွီချွမ်းတစ်ယောက် အလွန်ပျော်နေပုံရပြီး အပြင်ကိုပင် တချက်လှမ်းကြည့်လိုက်သေးသည်။

သူ လက်ဖက်ရည်သောက်ပြီးတာတောင် ကျိရှောင်ယင်က အထဲကို ဝင်မလာခဲ့ဘူး။ အခု သူ သူမရဲ့အစ်ကိုကြီးကို ကူညီပေးမယ့်အကြောင်း သူမကို ပြောပြချင်နေမိတယ်။

ညီအစ်ကိုကောင်းနှစ်ယောက် ဆွေးနွေးပြီးသွားချိန်တွင် စူးချင်းက ဝင်ပြောလာပြန်သည်။

“တာ့တန်ရဲ့စစ်သည်တွေက ရဲရင့်ပြီး တိုက်ခိုက်တဲ့နေရာမှာ အရမ်းတော်တယ်။ ရှောင်းမိသားစုစစ်တပ်နဲ့ တာ့ထန်စစ်သည်တွေ လက်တွဲလိုက်ရင် ဒီနေ့ညတွင်းချင်း မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ဖျက်ဆီးနိုင်လိမ့်မယ်”

“ဟုတ်တယ်၊ အချိန် မဖြုန်းတော့ဘူး။ အခု ချက်ချင်း တပ်တွေကို စေလွှတ်မယ်။ ပြန်လာတဲ့အခါမှ အောင်ပွဲခံရင်း သေရည်သောက်ကြမယ်”

"ကောင်းပြီ၊ ဒီည ငါတို့ရဲ့စစ်သည်တွေကို စုပေါင်းပြီး မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ဖျက်ဆီးလိုက်ကြတာပေါ့"

(T/n: ခေါင်းစဥ်မှာ နောက်ကွယ်က စာဝါငှက် ဆိုတာက သူတို့ရဲ့စကားပုံတစ်ခုထဲက တစ်ပိုင်းတစ်စကို ညွှန်းတာပါ၊ ဓားခုတ်ကောင်က ရှေ့က ပုရစ်ကို ချောင်းနေပေမယ့် နောက်က စာဝါငှက်ကို မမြင်ဘူးဆိုတဲ့ စကားပါ၊ စာဝါငှက်က ချောင်းပြီး အခွင့်အရေးယူတဲ့ သဘောပေါ့၊ ဒီအခန်းမှာ စာဝါငှက်က ချိုးယုံခန်းက ရည်ညွှန်းချင်တာပါ၊ သူက ဝမ်ယွိလင်နဲ့ ရှောင်းကျဲယွိကို တိုက်ခိုက်ခိုင်းပြီး အချောင်နှိုက်ချင်တာပါ)

All Chapters