ဘာပဲဖြစ်ဖြစ် မရ ရအောင် လိုက်ဖမ်းမယ်
Vol. 34 Ch. 507
"အဲ့ဒီလူ ဘယ်မှာလဲ?"
စူးချင်း၏မျက်လုံးများ တောက်ပလာသည်။
ဒီဟန်လူမျိုးက ချိုးယုံခန်း ဖြစ်နိုင်တယ်။ နတ်ဆရာက သူ့ဆီကနေ အကြံဉာဏ်တွေ ရခဲ့လို့ ဧကရာဇ်မင်းမြတ်ကို ပြန်လျောက်တင်ခဲ့တာ ဖြစ်လိမ့်မယ်။ အခုလိုတွေ ဖြစ်လာတော့ နတ်ဆရာက ဒေါသထွက်ပြီး သူ့ကို ဆေးလုံးအဖြစ် ပြောင်းချင်နေတာပဲ။
“ကျွန်တော်တို့ သူ့ကို ဆေးမီးဖိုထဲ ပစ်ထည့်ပြီးပြီ”
ထိုအစေခံက ပြန်ဖြေနေရင်း တုန်ယင်နေသည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က ထိုဟန်လူမျိုးကို ကယ်တင်ရန် ရောက်ရှိလာခဲ့ပြီး သူတို့၏နတ်ဆရာက ထိုလူအား ဆေးလုံးအဖြစ် သန့်စင်လိုက်သည်ကို သိသွားပါက သူတို့ ဒေါသဖြစ်သွားလိမ့်မည်ဟု တွေးကာ သူ ကြောက်ရွံ့နေခြင်းပင်။
"အဲဒီတုန်းက သူတို့ နှစ်ယောက်ပဲ ရှိတာလား?”
စူးချင်းက မျက်ခုံးပင့်ကာ ထပ်မေးလိုက်သည်။
နတ်ဆရာက ချိုးယုံခန်းကို တကယ်ပဲ ဆေးလုံးအဖြစ် သန့်စင်လိုက်ပြီလား?
ချိုးယုံခန်းကို ဆေးမီးဖိုထဲဖို့ သူ ဆေးမီးခိုးတွေကို သုံးဖို့ လိုနေသေးတာလား?
ဘယ်လိုပဲ တွေးတွေး ဒါက မဖြစ်နိုင်ဘူး!
မြောက်ပိုင်းလူရိုင်းနယ်မြေမှာ နတ်ဆရာရဲ့အဆင့်အတန်းက မြင့်မားလွန်းပြီး လူတိုင်းက သူ့ကို အရမ်းလေးစားကြတယ်။
စစ်သည်တွေ ခြံအပြင်ဘက်မှာ ရှိနေမှတော့ နတ်ဆရာက ဘာကြောင့် ချိုးယုံခန်းကို ဆေးမီးခိုးနဲ့ သတိလစ်အောင် လုပ်နေမှာလဲ? မေ့သွားအောင် တစ်ချက်လောက်ရိုက်လိုက်ရင် ရနေပြီလေ။ ဖြစ်နိုင်တာက ချိုးယုံခန်းဘက်က နတ်ဆရာ သတိမေ့သွားအောင် လုပ်လိုက်တာပဲ ဖြစ်နိုင်တယ်။
“အဲ့အချိန်တုန်းက ဟန်မျိုးနွယ်က သူ့မှာ နတ်ဆရာကြီးကို ပြောပြဖို့ အရေးကြီးတာတစ်ခု ရှိတယ်လို့ ပြောခဲ့ပါတယ်၊ ဒါကြောင့် နတ်ဆရာကြီးက ကျွန်တော်တို့အားလုံးကို ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်။ လက်ဖက်ရည်ခွက်တစ်ဝက်စာ ကုန်လောက်တဲ့အချိန်မှာမှ နတ်ဆရာကြီးက ကျွန်တော်တို့ကို ပြန်ခေါ်တယ်၊ နောက်တော့ နတ်ဆရာက မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေအောင် အရိုက်ခံရထားတဲ့ ဟန်လူမျိုးကို ဆွဲထုတ်သွားပြီး ဆေးမီးဖိုထဲ ပစ်ချဖို့ အမိန့်ထပ်ပေးခဲ့တယ်”
စူးချင်းတစ်ယောက် မျက်ခုံးပင့်လိုက်မိပြန်သည်။
သူမ မှန်းဆထားတဲ့အတိုင်းပဲ။ ဆေးမီးဖိုထဲသို့ ပစ်ချခံလိုက်ရတာ နတ်ဆရာ ဖြစ်နိုင်တယ်၊ ချိုးယုံခန်းက တကယ့်ကို လိမ္မာပါးနပ်လွန်းတယ်။
ရှောင်းကျဲယွိက အဂ္ဂိရတ်အခန်းသို့ သွားနေပြီး ထိုနေရာတွင် သူ ချိုးယုံခန်းကို မတွေ့ခဲ့ပါက သူ နတ်ဆရာကို သတ်ပြီး ထွက်ပြေးသွားပြီဟု သူမ သေချာပေါက် ကောက်ချက်ချရပေလိမ့်မည်။
ရှောင်းကျဲယွိက ရှောင်းမိသားစုစစ်တပ်မှ စစ်သည်တချို့နှင့်အတူ အဂ္ဂိရတ်အခန်းသို့ ရောက်သွားခဲ့သော်လည်း ဘာမှ မတွေ့ရပေ။ ဆေးမီးဖိုက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး လေထဲတွင် အသားကင်နှင့် ဆင်တူသောအနံ့များ ပြည့်နေလေသည်။ အခန်းကတော့ လုံးဝ ဗလာ ဖြစ်နေခဲ့သည်။
"မင်းတို့ရဲ့ နတ်ဆရာ ဘယ်မှာလဲ?"
ရှောင်းကျဲယွိက စစ်ဆေးမေးမြန်းနိုင်ရန် အဂ္ဂိရတ်အခန်းကို စောင့်သည့် အစောင့်အား ဖမ်းခိုင်းလိုက်သည်။ ထိုအစောင့်က နတ်ဆရာအပေါ် သစ္စာစောင့်သိနေဆဲဖြစ်ပြီး နတ်ဆရာ၏နေရာကို ပြောပြရန် ငြင်းဆိုခဲ့သည်။
ထိုအခိုက်အတန့်တွင် စူးချင်း ရောက်လာခဲ့ပြီး မြောင်ကျားတောင်မှ သူမ ပြန်ယူလာခဲ့သော အဆိပ်ကို အသုံးပြုခဲ့သည်။ သေခြင်းထက် ပိုဆိုးသည့် ညှဉ်းပန်းနှိပ်စက်မှုတစ်ခုကို ဖြတ်ကျော်ပြီးသည့်နှင့် သစ္စာစောင့်သိလွန်းလှသည့် အစောင့်က နတ်ဆရာ၏ ထွက်သွားပြီဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့သည်။
ထိုနတ်ဆရာထံတွင် ပြင်ပကမ္ဘာသို့ ဦးတည်နေသည့် လျှို့ဝှက်လမ်းတစ်ခု ရှိနေခဲ့ကြောင်း ဖော်ထုတ်လာသည်။ သူက နတ်ဘုရားများ၏ အမိန့်ကို ခံယူရန် တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းလွှင့်ကာ ထိုလျှို့ဝှက်လမ်းမှတစ်ဆင့် မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ ထွက်ခွာသွားလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း သူက ယခင်အတိုင်း ထွက်သွားခြင်း ဖြစ်ပြီး အစောင့်များအား လျှို့ဝှက်လမ်း ဖွင့်ခိုင်းခဲ့သည်။ သူ ထွက်သွားနောက် မည်သူ့ကိုမျှ မပြောရန်လည်း သေသေချာချာ ညွှန်ကြားခဲ့သည်။
"ငါတို့ကို လျှို့ဝှက်လမ်းဆီ ခေါ်သွားပေး"
စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့အား လျှို့ဝှက်လမ်းဆီသို့ ခေါ်သွားပေးရန် ထိုအစောင့်ကို အမိန့်ပေးလိုက်သည်။
“ငါ မလှုပ်နိုင်တော့ဘူး”
ထိုအစောင့်က လုံးဝ အားနည်းသွားပြီး မလှုပ်ရှားနိုင်တော့သည်အထိ နှိပ်စက်ခံထားရသည်။ စူးချင်းက သူ့ကို အဆိပ်ဖြေပေးလိုက်သော်လည်း အဆိပ်ဖြေပြီးနောက်တွင်ပင် သူ လမ်းမလျှောက်နိုင်သေးပေ။ သူ့ကို ကူတွဲရန် လူနှစ်ဦး လိုအပ်နေသောကြောင့် အချိန်များစွာ နှောင့်နှေးနေရသည်။
နတ်ဆရာ၏လျှို့ဝှက်လမ်းကြောင်းက အဂ္ဂိရတ်အခန်း၏အနောက်ဘက်တွင် ရှိသည်။ အကယ်၍ မည်သူကမျှ ထိုလျှို့ဝှက်လမ်းကြောင်းကို ဖွင့်ရန် မညွှန်ပြခဲ့လျှင် အတွင်း၌ အခြားလမ်းများ ရှိနေသည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို သူတို့၏လူတချို့ကို မီးတုတ်များ ကိုင်စေပြီး ထိုအစောင့်ကိုပါ ခေါ်ဆောင်ကာ ဥမင်လိုဏ်ခေါင်းထဲကို ဝင်လာခဲ့ကြသည်။ အပြင်တွင် ရှိနေသည့် လျှို့ဝှက်လမ်းကြောင်း၏အဝင်ဝကို တစ်ယောက်ယောက် လာပိတ်ခြင်းမှ တားဆီးရန် အပြင်တွင်လည်း လူတချို့ ချန်ထားခဲ့သေးသည်။
လျှို့ဝှက်လမ်းက လူတရပ်လောက်သာ မြင့်ပြီး ဝင်ပေါက်က ကျဉ်းမြောင်းသော်လည်း နောက်သို့ ဝင်သွားလေလေ ပိုကျယ်လေလေ ဖြစ်လာသည်။ လျှို့ဝှက်လမ်းထဲတွင် လေပြင်းများ တိုက်နေပြီး မီးတုတ်များ အကြိမ်အနည်းငယ် မီးငြိမ်းလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအစောင့်က ခဏလောက်သာ လမ်းပြနေပြီး နောက်ဆုံးတွင် ရပ်တန့်သွားကာ ကြောက်ကြောက်ရွံ့ရွံ့ဟန်ဖြင့် ရှောင်းကျဲယွိကို လှည့်ပြောလိုက်သည်။
“ဒီနေရာကို ရောက်တာနဲ့ နတ်ဆရာကြီးက ငါတို့ကို ဆက်မလိုက်ဖို့ တားမြစ်တယ်။ ငါ ဆက်မသွားတတ်တော့ဘူး”
ရှောင်းကျဲယွိနှင့်စူးချင်းတို့က ရှေ့သို့ လျှောက်သွားကြည့်လိုက်ကြပြီး ဝင်ပေါက်သုံးခု ရှိနေသည်ကို တွေ့လိုက်ရသည်။ မည်သည့်နေရာက လမ်းမှန်ဖြစ်ကြောင်း ဝေခွဲမရ ဖြစ်စေသည်။
ရှောင်းကျဲယွိက သူ့လူများကို ခေါ်ကာ မီးရောင်ပြစေပြီး မြေပြင်ကို စစ်ဆေးနေခဲ့သည်။ နောက်ဆုံးတွင် သူက ဘယ်ဘက်အပေါက်ကို အသေအချာ ညွှန်ပြရင်း ပြောလာခဲ့သည်။
“ဒီလမ်းကနေ ပြေးသွားတာ”
ဤဂူဝင်ပေါက်၏အပြင်ဘက်တွင် လတ်ဆတ်သောခြေရာများ မြင်တွေ့ရပြီး တစ်စုံတစ်ဦး ယခုမှ ဝင်ရောက်သွားကြောင်း ညွှန်ပြနေသည်။
"မင်းတို့ထဲက တချို့က အလယ်ပေါက်ကနေ လိုက်သွားကြ၊ ကျန်တဲ့လူတွေက ညာဘက်အပေါက်ကနေ ဆက်လိုက်ရမယ်"
စူးချင်းက အသေအချာ ထပ်တွေးလိုက်ပြီး နောက်ထပ်အဖွဲ့နှစ်ဖွဲ့ ထပ်ခွဲစေကာ အခြားဂူဝနှစ်ခုထဲသို့ စေလွှတ်လိုက်သည်။ သူမက မည်သည့် အမှားအယွင်းကိုမျှ လက်မခံချင်သောကြောင့် သေချာအောင် စီမံလိုက်ခြင်းပင်။
သူမကတော့ ရှောင်းကျဲယွိနှင့်အတူ ဘယ်ဘက်မှ ဂူဝင်ပေါက်ထဲသို့ လိုက်ဝင်လာခဲ့သည်။ သူမတို့ အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက် ပေါက်ကွဲသံများ ကြားလိုက်ရပြီး လှိုဏ်ဂူကြီးက တုန်ခါလာကာ ကျောက်ခဲများ ကြွေကျလာပြီး အန္တရာယ်ရှိကြောင်း ပြသလာသည်။
ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆွဲကာ နောက်သို့ အမြန် ပြန်ထွက်ပြေးလာခဲ့သည်။ သူတို့၏ပြေးနှုန်းက အလွန်လျင်မြန်သော်လည်း လှိုဏ်ဂူပြိုကျနှုန်းကလည်း မြန်ဆန်လှသည်။ သူတို့နှစ်ယောက် ဂူထဲမှ ထွက်လာပြီးနောက် ဂူကြီးတစ်ခုလုံးကို ဖုန်မှုန့်များ၊ ကျောက်တုံးများ ဖုံးလွှမ်းသွားကြောင်း တွေ့လိုက်ရသည်။
"သူ ထပ်လွတ်သွားပြန်ပြီ"
စူးချင်းက ကျောက်တုံးများ ပိတ်ဆို့နေသည့် လှိုဏ်ဂူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
တစ်ယောက်ယောက် ဂူထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ထားပြီး သူမတို့ ဝင်လာတဲ့အချိန်မှ မီးစရှို့လိုက်တာ၊ အစီအစဥ်ကတော့ သူမတို့ကို သတ်ပစ်ချင်တာ ဖြစ်နိုင်တယ်။
ဒီနေရာမှာ လူသတ်လက်နက်ကြီးရဲ့ ပြုလုပ်နည်းကို သိတဲ့သူက ချိုးယုံခန်းတစ်ယောက်ပဲ ရှိတယ်။ အဲ့တော့ ဒီဖောက်ခွဲရေးပစ္စည်းတွေကိ တပ်ဆင်ထားတဲ့သူကလည်း သူပဲဖြစ်ရမယ်။
အခြားဝင်ပေါက်နှစ်ပေါက်သို့ ဝင်ရောက်သွားသည့် စစ်သည်များထဲမှ သုံးဦးသာ လွတ်မြောက်ခဲ့ပြီး သူတို့သုံးယောက်လုံး အတိုင်းအတာတစ်ခုအထိ ဒဏ်ရာများ ရရှိခဲ့ကြသည်။ ကျန်သည့်သူများက ကျောက်ခဲများအောက်၌ ပိတ်မိနေကြသည်။
ရှောင်းကျဲယွိက သူ့လူများအား မြောက်ပိုင်းလူရိုင်းစစ်သည်များကို သွားခေါ်စေပြီး ကျောက်တုံးများ သယ်ရန်နှင့် လူကယ်တင်ရန် ခိုင်းစေခဲ့သည်။ နေထွက်လာချိန်တွင် ထိုအပျက်အဆီးပုံကြီးကို သေသေချာချာ မြင်နိုင်ရပြီး ရှောင်းကျဲယွိနှင့် စူးချင်းတို့ပင် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။
ရွှေ့ရှန့်သာ နည်းနည်းလောက် နောက်ကျသွားခဲ့ရင် သူမတိုလည်း အထဲမှာ အမြုပ်ခံရနိုင်တယ်။
"ဒီလမ်းကြောင်းအတိုင်း လိုက်သွားပြီး တွေ့သမျှလူတွေ အကုန် ဖမ်းလာခဲ့"
ရှောင်းကျဲယွိက သူ့စစ်သည်များကို ပြိုကျနေသည့်လမ်းကြောင်းများအတိုင်း လိုက်သွားစေခဲ့သည်။
ဘယ်လောက်ပဲ ပေးဆပ်ရ ပေးဆပ်ရ ချိုးယုံခန်းကို မရ ရအောင် ဖမ်းမယ်။
"ကျွန်မ သူတို့ကို ခေါ်သွားပေးမယ်"
မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို ယခုမှ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့် ရှောင်းကျဲယွိ ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စများ အများကြီး ရှိနေသေးသည်။ ထို့ကြောင့် ရှောင်းကျဲယွိက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် နေခဲ့ရမည် ဖြစ်သည်။ စူးချင်းကတော့ ထိုအရာများကို ဂရုစိုက်လေ့မရှိပေ။ သူမက ချိုးယုံခန်းကိုသာ အမိဖမ်းချင်နေခဲ့သည်။
ဒီလူကို မဖယ်ရှားနိုင်သရွေ့ သူမတို့အတွက် ဘေးဥပဒ်ကြီးတွေ အချိန်မရွေး ရောက်လာနိုင်တယ်။
"ချင်းအာ၊ သတိထားနော်"
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး စူးချင်းကို ဦးဆောင်ခွင့်ပြုလိုက်သည်။
ချင်းအာက မုဆိုးကောင်းတစ်ဦးဖြစ်ပြီး ဘယ်လောက်လိမ္မာပါးနပ်တဲ့သားကောင်ဖြစ်ဖြစ် သူမရဲ့ခြေရာကောက်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။
စူးချင်းက သူ့ကို ခေါင်းပြန်ညိတ်ပြလိုက်ပြီး သက်တော်စောင့်တစ်ဒါဇင်ကျော်ကို ဦးဆောင်ကာ ပြိုကျနေသည့်လမ်းကြောင်းအတိုင်း ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမက ရှောင်ချီကို ညွှန်ကြားလိုက်သည်။
"ရှောင်ချီ၊ ချိုးယုံခန်းမှာ ဘယ်မှာရှိနိုင်မလဲ? ရှာကြည့်ပေးဦး"
ရှောင်ချီက သခင်ဖြစ်သူ၏အမိန့်ကို နာခံစွာဖြင့် ဖန်သားပြင်ကို ပြေးကြည့်လိုက်သည်။ ဖန်သားပြင်၏နေရာတိုင်းတွင် အနီရောင်အစက်လေးများ ရွေ့လျားနေပြီး စနစ်က အပူရှိန်ဖြင့် ခြေရာခံရှာဖွေခြင်း ဖြစ်သည်။ ထိုကြောင့် ဤအနီစက်များထဲမှ အချို့က လူသားများ ဖြစ်ပြီး အချို့က တိရစ္ဆာန်များ ဖြစ်သည်။ လူဖြစ်နိုင်သည့် အနီရောင်အစက်များစွာ ရှိနေသောကြောင့် ရှောင်ချီအနေဖြင့် မည်သည်က ချိုးယုံခန်း ဖြစ်သည်ကို မသေချာတော့ပေ။
"သခင်၊ လူတွေ အများကြီး ရှိနေတယ်၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့တည့်တည့်နဲ့ တောင်ဘက်မှာ ရွေ့လျားမှုတွေ တွေ့ရတယ်"
ရှောင်ချီက သူမ မြင်ခဲ့သည့်အတိုင်း စူးချင်းအား ပြောပြလိုက်သည်။ စူးချင်းက သူမ သတ်မှတ်ပေးသည့် နေရာများကို ဆွဲထုတ်ကာ တစ်ဒါဇင်ကျော်သည့် သက်တော်စောင့်များကို အဖွဲ့လေးဖွဲ့ ခွဲခိုင်းလိုက်သည်။ သူမကိုယ်တိုင်လည်း တောင်ဘက်သို့ ပြေးသွားနေပြီး ဤလမ်းကြောင်းပေါ်တွင် လူတစ်ယောက်တည်းသာ ရှိနေသော်လည်း အဖွဲ့တစ်ဖွဲ့ခေါ်လာခဲ့သေးသည်။
သူမ ထိုလူကို တွေ့လိုက်ရချိန်တွင် ထိုလူက မုဆိုးတစ်ယောက်ဖြစ်ကြောင်း သူမ သိလိုက်ရသည်။ စူးချင်းက သက်တော်စောင့်များအား ထိုလူ့ကို ဖမ်းခိုင်းလိုက်ပြီး သေသေချာချာ စစ်ဆေးလိုက်သည်။ ထိုလူက ရုပ်ဖျက်ထားခြင်း သို့မဟုတ် လူသားအရေခွံမျက်နှာဖုံး တပ်ဆင်ထားခြင်း မရှိကြောင်း သေချာစေပြီးမှ သူမ သူ့ကို ပြန်လွှတ်ပေးလိုက်သည်။ ထိုမုဆိုးကလည်း အလွန်ထိတ်လန့်ကြောက်ရွံ့သွားပြီး သူ သတ်ထားခဲ့သည့် သမင်ကိုပင် မယူတော့ဘဲ ထွက်ပြေးသွားသည်။
စူးချင်းက အနောက်မြောက်ဘက်သို့ ဆက်လက် ပြေးသွားပြန်သည်။ သူမ ထိုနေရာသို့ ရောက်သွားချိန်တွင် သက်တော်စောင့်များက မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ လွတ်မြောက်သွားခဲ့သည် စစ်သည်နှစ်ဦးကို ဖမ်းထားပြီး ဖြစ်သည်။ စူးချင်းက ချိုးယုံခန်း မဟုတ်ကြောင်း အတည်ပြုလိုက်ပြီး ထိုလူများကို မြောက်ပိုင်းလူရိုင်းပြည်ထောင်သို့ ပြန်ခေါ်သွားရန် အမိန့်ပေးလိုက်သည်။
သူမ အနောက်မြောက်မှ အရှေ့တောင်ဘက်အထိ လိုက်လာခဲ့သော်လည်း သူတို့က မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ ထွက်ပြေးလာကြသည့် သာမန်လူတစ်စုဖြစ်ကြောင်း သိလိုက်ရကြပြန်သည်။ သူတို့က သူမတို့ အငတ်ဘေးမှ ထွက်ပြေးစဥ်ကအတိုင်း သူတို့၏မိသားစုများကို ခေါ်ဆောင်ကာ စစ်ဘေးမှ ကင်းဝေးရာသို့ ထွက်ပြေးနေကြခြင်း ဖြစ်သည်။
ဤလူများက ရိုးသားသော သိုးထိန်းသမားများ ဖြစ်ပုံရသည်။ ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက သူတို့ကို ဖမ်းဆီးလိုက်သောကြောင့် သူတို့ အလွန်ကြောက်လန့်နေကာ မြေပြင်ပေါ်တွင် ဒူးထောက်ရင်း တုန်ယင်နေကြသည်။ စူးချင်းက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးခဲ့ပြီး သူတို့ထဲတွင် ချိုးယုံခန်း မရှိကြောင်း သေချာအောင် စစ်ဆေးနေခဲ့သည်။ ထို့နောက် သူမက သူတို့ကို အမိန့်ပေးလိုက်သည်။
"ကိုယ့်အိမ်ကိုယ် ပြန်သွားတော့။ မင်းတို့ အေးအေးဆေးဆေး နေနေသရွေ့ ငါတို့က မင်းတို့ကို မသတ်ဘူး"
စူးချင်း၏ စကားကို ကြားလိုက်ရချိန်တွင် သိုးကျောင်းသားများက အချင်းချင်း ပြန်ကြည့်ကာ အကြည့်ချင်းဖလှယ်နေကြသည်။
ဒါဆို သူတို့ ဘာလို့ ပြေးနေရမှာတုန်း။ အိမ်ထက် ပိုကောင်းတဲ့ နေရာရှိလို့လား?
နောက်ဆုံးတွင် သူတို့က သူတို့၏ကလေးများကို ထမ်းပိုးကာ ပြန်လှည့်သွားကြသည်။
စူးချင်း အရှေ့တည့်တည့်သို့ ဆက်လိုက်သွားခဲ့သော်လည်း သူမ တွေ့လိုက်ရသည်က မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ ထွက်ပြေးလာကြသော ခြေသလုံးအိမ်တိုင်လှည့်လည်သွားလာသူများသာ ဖြစ်နေခဲ့သည်။
စူးချင်းက နှင်းထဲတွင် ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြန်သည်။ နေရာတိုင်းတွင် နှင်းဖြူများ ရှိနေသဖြင့် အဆုံးကို သူမ မမြင်နိုင်ပေ။ ရှောင်ချီ ညွှန်ပြပေးခဲ့သည့် လူများအားလုံးကို သူမ ရှာတွေ့ခဲ့သော်လည်း ချိုးယုံခန်းကို မတွေ့ရသေးပေ။
သူ ပေါက်ကွဲသွားတဲ့ လှိုဏ်ဂူထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်လား?