← Chapters

ယဲ့လွီချွမ်း၏ မျှော်လင့်ချက်များ ပျက်ပြယ်သွားရခြင်း

Vol. 34 Ch. 509

ယဲ့လွီချွမ်း၏ မျှော်လင့်ချက်များ ပျက်ပြယ်သွားရခြင်း

Vol. 34 Ch. 509

ရှောင်းကျဲယွိနှင့် ယဲ့လွီချွမ်းတို့က အတွင်းထဲမှ အုတ်ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။ ယဲ့လွီချွမ်းက ကျိရှောင်ယင် ဖျော်ပေးထားသော လက်ဖက်ရည်ကို အလွန်နှစ်သက်နေပြီး လက်ဖက်ရည်တစ်ခွက်ပြီး တစ်ခွက်သောက်နေခဲ့သည်။ သူ လက်ဖက်ရည်အိုးတစ်ဝက်ကျော် သောက်ပြီးနောက်တွင် ထိုလက်ဖက်ရည်က ပို၍ ချိုမြိန်လာသလို ခံစားလာရသည်။ တစ်ငုံသောက်လိုက်သည်နှင့် လက်ဖက်ရည်က သူ့ပါးစပ်မှတဆင့် နှလုံးသားဆီသို့ ချိုမြိန်မှုများ သယ်ဆောင်ပေးနေသလို ခံစားနေရသည်။

ယဲ့လွီချွမ်း ထိုလက်ဖက်ရည်အား ကြိုက်နှစ်သက်သည်ဟု ထင်သွားသော ရှောင်းကျဲယွိက ကျန်လက်ဖက်ရွက်များကို ထုပ်ပိုးပြီး ယဲ့လွီချွမ်းအတွက် ထည့်ပေးလိုက်ရန် သူ့လူများကို ညွှန်ကြားလိုက်သည်။

ယဲ့လွီချွမ်းက သူ့ကို ကျေးဇူးတင်စကားပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ အော်ဟစ်နေပြန်သည်။

'ငါက ဒီလက်ဖက်ရည်ကို ကြိုက်တာ မဟုတ်ဘူးကွ၊ ဒီလက်ဖက်ရည် ပြင်ဆင်ပေးတဲ့သူ့ကို ချစ်မိနေတာပါကွာ'

စူးချင်းက ငါးဟင်းရည်အိုးကို သယ်ဆောင်လာပြီး ဤသည်မှာ ယဲ့လွီချွမ်း တခါမှ မစားဖူးသော ဟင်းပွဲဖြစ်သည်။ သူက သပ်သပ်ရပ်ရပ် လှီးဖြတ်ထားသော ငါးတစ်ပိုင်းကို ကောက်ယူကာ စားကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ချက်ချင်း တောက်ပလာပြီး စူးချင်းအတွက် ချီးကျူးသံများ ထွက်ပေါ်လာသည်။

“မရီးရဲ့သေရည်က အရသာရှိရုံတင် မကဘူး၊ မရီး ချက်တဲ့ဟင်းတွေကလည်း ရိုးရိုးရှင်းရှင်းနဲ့ အရမ်းအရသာရှိတယ်”

"ရှင် ကြိုက်တယ်ဆိုရင် ကျွန်မ ရှင့်အတွက် ဟင်းချက်နည်းကို ရေးပေးပါ့မယ်။ ပြီးရင် ငါးတွေလည်း ထည့်ပေးလိုက်မယ်"

စူးချင်းက လုံးဝ တွန့်တိုခြင်းမရှိဘဲ ဟင်းချက်နည်းအပြင် ငါးများပါ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် မရီး။ ဒီနှစ်သစ်မှာ မရီးနဲ့ အစ်ကိုရှောင်းတို့ ဘယ်ကို သွားမယ် စိတ်ကူးလဲ?"

ယဲ့လွီချွမ်းက အုတ်ခုတင်ပေါ်တွင် ဟက်ဟက်ပက်ပက် ရယ်မောနေရင်းမှ လက်သီးအုပ်လိုက်ပြီး စူးချင်းကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။ အလယ်ပိုင်းလွင်ပြင်၏နှစ်သစ်ကူးပွဲတော်က ရက်ပေါင်းတစ်ဒါဇင်ကျော် ကျင်းပခြင်း ဖြစ်ကြောင်း သူ သိထားသောကြောင့် စူးချင်းတို့ နွေဦးပွဲတော်ကို မည်သည့်နေရာ၌ ဆင်နွှဲမည်ကို သူ သိချင်နေခဲ့သည်။

"ကျင့်ရှီလျိုမြောင်"

ရှောင်းကျဲယွိက စူးချင်းကိုယ်စား ပြန်ဖြေလိုက်သည်။ သူ့အဘိုးနှင့် ယောက္ခမ၏ မိသားစုဝင်များအားလုံးက ကျင့်ရှီလျိုမြောင်တွင် ရှိနေကြသည်။ သူတို့ တနှစ်ပတ်လုံး ပြေးလွှားနေရလျှင်ပင် နှစ်သစ်ကို မိသားစုနှင့်အတူ ကျော်ဖြတ်ရမည် ဖြစ်သည်။

ယဲ့လွီချွမ်းတစ်ယောက် အနည်းငယ် စိတ်ပျက်သွားရသည်။ အစပိုင်းတွင် သူက ကျိရှောင်ယင်နှင့် နောက်ထပ်တွေ့ဆုံနိုင်ရန် နှစ်သစ်ကူးကာလအတွင်း မော့ချန်သို့ လာရန် တွေးထားခဲ့သည်။ သို့သော် ရှောင်းကျဲယွိနှင့် စူးချင်းတို့က ကျင့်ရှီလျိုမြောင်သို့ ပြန်ကြမည် ဖြစ်သောကြောင့် သူ မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။

"အိုး... ဒါဆို ကျိရှောင်ယင်ကလည်း မင်းတို့နဲ့အတူ ပြန်လိုက်ရမှာပေါ့"

‘ဆိုတော့ မင်းက မကောင်းတဲ့စိတ်နဲ့ ငါ့ညီမအကြောင်းကို တွေးနေတာပေါ့လေ၊ အဓိကက သေရည်သယ်ဖို့ မဟုတ်ဘဲ ငါ့ညီမလေးကို တွေ့ချင်တာပေါ့လေ’

ရှောင်းကျဲယွိက ‘ငါ သိနေတယ်’ ဟူ အဓိပ္ပာယ်ရသည့် အကြည့်ဖြင့် သူ့ကို ကြည့်နေသောကြောင့် ယဲ့လွီချွမ်းတစ်ယောက် မနေတတ်မထိုင်တတ် ဖြစ်လာပြီး ချောင်းဟန့်လိုက်သည်။

"ငါတို့ သွားမှတော့ ရှောင်ယင်လည်း ငါတို့နဲ့ ပြန်လိုက်ရမှာပေါ့"

ရှောင်းကျဲယွိက ယဲ့လွီချွမ်း၏ မျှော်လင့်ချက်များကို အပြီးတိုင် ငြိမ်းသတ်လိုက်သည်။

'ငါတို့က ညီအစ်ကိုကောင်းတွေ ဖြစ်နိုင်ပေမယ့် မင်းက ငါ့ယောက်ဖဖြစ်ဖို့ မသင့်တော်ဘူး'

"ဟုတ်လား? ဒီလို အေးတဲ့ရာသီဥတုမှာဆိုတော့ ရှောင်ယင် သည်းခံနိုင်ပါ့မလား? သူ့(မ)ခန္ဓာကိုယ်က အရမ်း အားနည်းပုံပဲ။ ကျုပ်မှာ အနှစ်တစ်ထောင်ဂျင်ဆင်းတစ်ပိုင်း ရှိတယ်။ သခင်မလေးကျိရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ နောက်မှ တစ်ယောက်ယောက်နဲ့ ပို့ခိုင်းပေးမယ်"

ကျိရှောင်ယင်လည်း ကျင့်ရှီလျိုမြောင်သို့ သွားရမည့်အကြောင်း သိလိုက်ရချိန်တွင် ယဲ့လွီချွမ်း၏မျက်လုံးများက သိသိသာသာ မှေးမှိန်သွားသည်။ သို့သော်လည်း သူက ကျိရှောင်ယင် ခရီးရှည်ကြီးအတွက် အပင်ပန်းမခံနိုင်မည်ကို ချက်ချင်း စိုးရိမ်လာပြန်သည်။

“မလိုပါဘူး၊ ဂျင်ဆင်းက အရမ်းအဖိုးတန်တယ်။ မင်းရဲ့ခမည်းတော်အတွက် သိမ်းထားပေးလိုက်ပါ၊ ရှောင်ယင်အတွက်က စူးချင်းဆီမှာ ရှိနေတဲ့ ခန္ဓာကိုယ်ပူနွေးစေတဲ့ ဆေးတွေ ရှိတယ်၊ ရှောင်ယင် အအေးမိမှာ မဟုတ်ဘူး”

ရှောင်းကျဲယွိက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

'အဲ့ဂျင်ဆင်းကို လက်ခံပြီးမှ အိမ်ထောင်ရေးလက်ဆောင်လို့ ပြောလာရင် သူ ဘယ်လိုလုပ်ရမလဲ?

ယဲ့လွီချွမ်းက ရှောင်းကျဲယွိကို လက်ဝှေ့အိတ်တစ်လုံးကဲ့သို့ စိုက်ကြည့်နေသည်။

စိတ်ထိန်း... စိတ်ထိန်း... အခု ဘာမှ ရွေးချယ်စရာ မရှိဘူး၊ ဒီအနာဂတ်ယောက်ဖကို ချော့မော့တာက လွဲရင် ဘာမှ လုပ်လို့ မဖြစ်သေးဘူး။

ပါ့ဝမ်စွေ့ မရှိဘဲ ကျန့်နန်ချွမ်သာ ရှိသော်လည်း ရှောင်းကျဲယွိနှင့် ယဲ့လွီချွမ်းတို့က အရက်တစ်အိုးစီကိုင်ကာ ပျော်ပျော်ပါးပါး စားသောက်နေခဲ့ကြသည်။

ညစားစားပြီးသည်နှင့် ယဲ့လွီချွမ်းတစ်ယောက် မပြန်ချင်ဘဲ တုံ့ဆိုင်းဆိုင်း အမူအရာဖြင့် ပြန်ထွက်သွားရတော့သည်။ သူ ထွက်မသွားခင် ကျိရှောင်ယင်က ​​လူအုပ်ထဲတွင် ရပ်နေပြီး သူ့အား ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ သူမ၏လှပသော မျက်လုံးကြီးများတွင်လည်း မခွဲခွာချင်သည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ယဲ့လွီချွမ်းက သူမကို စူးစူးစိုက်စိုက် ကြည့်နေသောကြောင့် စူးချင်းနှင့် ရှောင်းကျဲယွိကလည်း သူ့အကြည့်နောက်သို့ လိုက်ကြည့်ကာ ကျိရှောင်ယင်ကို တွေ့သွားကြသည်။

"ကိုယ်တို့ သူ(မ)ကို တားလို့ မရလောက်တော့ဘူး"

စူးချင်းက ရှောင်းကျဲယွိကို တိုးတိုးလေး ထပ်ရှင်းပြလိုက်သည်။

“မိန်းခလေးတစ်ယောက် အရွယ်ရောက်လာရင် သင့်တော်တဲ့သူနဲ့ လက်ထပ်ပေးသင့်တယ်။ အခု ရှောင်ယင်က နက်နက်ရှိုင်းရှိုင်း ချစ်မိသွားပြီ၊ သူ(မ)ကို တားဖို့ ကြိုးစားလေလေ သူမရဲ့ခံစားချက်တွေက ပြင်းထန်လေလေ ဖြစ်လာနိုင်တယ်”

“ဟူး”

ရှောင်းကျဲယွိကတော့ စိတ်မသက်မသာဖြစ်နေပုံဖြင့် သက်ပြင်းချလိုက်သည်။

သူ့ညီမလေးကို တာ့ထန်အထိ ပို့ရမှာကို တွေးမိရင် အဆင်မပြေတော့ဘူး။ တာ့ထန်က အရမ်းဝေးတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့နိုင်တော့သလို သူ ခံစားခဲ့ရတယ်။

ထို့အပြင် ရှောင်းကျဲယွိက သူ့ညီမလေးကို တိုင်းပြည်များ၏ချစ်ကြည်ရေးအတွက် လက်ထပ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ အိမ်ထောင်ရေးမဟာမိတ်အတွက် အမျိုးသမီးတစ်ဦးကို စတေးခြင်းက ကျောရိုးမရှိသော လက်နက်ချခြင်းဖြစ်သည်ဟု သူ အမြဲတမ်း သတ်မှတ်ထားခဲ့သည်။

'ကိုယ့်နယ်မြေရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ အမျိုးသမီးတစ်ယောက်ကို အသုံးချရင် ဘယ်လိုလုပ်ပြီး မျိုးဆက်တစ်ခုရဲ့ အုပ်စိုးရှင်ကောင်းတစ်ယောက် ဖြစ်လာနိုင်တော့မှာပဲ။ အဲဒါက သူရဲဘောကြောင်တဲ့နည်းလမ်းပဲ’

နောက်ဆုံးတွင် ကျိရှောင်ယင်အပေါ် သူ့၏တမ်းတမှုက လုံးဝ မလျော့သွားကြောင်း ယဲ့လွီချွမ်း သဘောပေါက်သွားခဲ့သည်။ သူက မထွက်သွားရသေးခင်မှာပင် သူမကို စတင်လွမ်းဆွတ်နေပြီ ဖြစ်သည်။ ထိုအကြောင်းကို တွေးမိချိန်တွင် ယဲ့လွီချွမ်းက သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ကြောင့် သူက ရှောင်းကျဲယွိကို ကြည့်ကာ လေးလေးနက်နက် လှမ်းပြောလိုက်သည်။

"အစ်ကိုရှောင်း၊ ကျုပ် စဉ်းစားပြီးပြီ၊ ခင်ဗျား ပြောတာ မှန်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် ရှိနေရုံနဲ့တင် လုံလောက်ပါပြီ"

ဤစကားများက ယဲ့လွီချွမ်း၏ယုံကြည်မှုကို ပိုခိုင်မာလာစေသည်။ သူက ရှောင်းကျဲယွိကို စူးစူးရှရှကြည့်ကာ ထပ်ပြောလိုက်သည်။

“ကျုပ် ပြန်ရောက်တာနဲ့ ခမည်းတော်ကို အစီရင်ခံပြီး အိမ်ထောင်ရေး မဟာမိတ်ဖွဲ့ဖို့ သံတမန်တွေ စေလွှတ်လိုက်ပါ့မယ်။ အစ်ကိုရှောင်းက သဘောတူပေးနိုင်မလားလို့ သိချင်မိတယ်"

ရှောင်းကျဲယွိက သူ့ကို မြို့ပြင်အထိ လိုက်ပို့ပေးမည်ဟု ပြောထားခဲ့သောကြောင့် သူ့ကို ရှောင်ထွက်ရန် မဖြစ်နိုင်တော့ပေ။ သူက ယဲ့လွီချွမ်းကို စိုက်ကြည့်နေသော်လည်း သူ့ညီမလေး၏အိမ်ထောင်ရေးကို မဖျက်ဆီးရက်ပေ။ ထို့ကြောင့် သူ ယဲ့လွီချွမ်းကို သတိပေးရုံသာ တက်နိုင်တော့သည်။

"မင်း မင်းရဲ့ကတိကို တစ်သက်လုံး စောင့်ထိန်းရမယ်။ မင်းမှာ တခြားမိန်းမတွေ ရှိတာကို ငါ သိရတဲ့နေ့က ငါတို့နှစ်ပြည်ထောင် စစ်ခင်းရမယ့်နေ့ဖြစ်လာလိမ့်မယ်”

ထိုစကားက ရှောင်းကျဲယွိ၏ သဘောတူညီမှုဟု ယူဆနိုင်သောကြောင့် ယဲ့လွီချွမ်းက ဝမ်းသာအားရဖြင့် လက်သီးအုပ်ကာ ကတိထပ်ပေးလိုက်သည်။

"ငါ ယဲ့လွီချွမ်းက ဒီတစ်သက်မှာ ရှောင်ယင်တစ်ယောက်တည်းကိုပဲ လက်ထပ်ပါ့မယ်လို့ ကောင်းကင်ကို တိုင်တည်ပြီး ကတိပေးပါတယ်။ ငါ ငါရဲ့ကတိသစ္စာကို ဆန့်ကျင်မိရင် အသေဆိုးနဲ့ ချက်ချင်း သေရပါစေ”

သူ ထိုသို့ ကျိန်ဆိုလိုက်ပြီဖြစ်သောကြောင့် ရှောင်းကျဲယွိကလည်း သူ့ကို မည်သည့်အကြောင်းပြချက်မျိုးနှင့်မှ မငြင်းဆန်နိုင်တော့ပေ။ သူက မည်းမှောင်နေသောမျက်နှာဖြင့် ယဲ့လွီချွမ်း စီးနေသော မြင်း၏တင်ပါးကို လှမ်းရိုက်လိုက်သည်၊

"မြန်မြန် ပြန်တော့။ မကြာခင် မှောင်တော့မယ်”

သာယာသောနေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး စူးချင်းလည်း သူမ၏အရက်ချက်ရုံကို ပြန်ဖွင့်နေပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူမက ကျန်းယွိရန်အား ခေါ်ကာ အရက်ချက်နည်း သင်ပေးပြီး လေ့ကျင့်စေခဲ့သည်။ သူမက လွမ်ဟုန်ထက် ပိုအတတ်မြန်ပြီ သူမ ချက်သော အရက်၏အရသာက စူးချင်း၏လက်ရာနှင့် ထပ်တူနီးပါး တူနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမက စူးချင်း ဂုဏ်ယူရသည့်တပည့်တစ်ယောက် ဖြစ်လာပြန်သည်။

ကျုံးယုံက ကျန်းလောင်ချီကို ကာကွယ်ပေးရန်အတွက် မြောက်ပိုင်းလူရိုင်းပြည်ထောင်တွင် နေထိုင်နေခဲ့သည်။ ရှောင်းမိသားစုစစ်တပ်က မြောက်ပိုင်းလူရိုင်းပြည်ထောင်ကို သိမ်းပိုက်လိုက်သည့်အတွက် အချို့သော လူရိုင်းများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ကျန်းလောင်ချီကို လုပ်ကြံချင်သည့် မြောက်ပိုင်းလူရိုင်းများ မကြာခဏ ရောက်လာလေ့ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ကျုံးယုံက ကျန်းလောင်ချီကို ကာကွယ်ရန် ထိုနေရာတွင် ရှိနေခဲ့သည်။

အချိန်တစ်ခု ကြာလာသည်နှင့်အမျှ ကျန်းလောင်ချီက ကျုံးယုံကို နှစ်သက်သဘောကျလာခဲ့သည်။ ထို့အပြင် သူက သူ့ညီမလေး၏ခံစားချက်များကိုလည်း သိထားပြိး ဖြစ်သည်။ အရွယ်ရောက်နေသည့် မိန်းကလေးတစ်ယောက်က ကျုံးယုံ၏အိမ်ကို တစ်နေ့လုံး ပြေးလွှားနေသည်ကို မြင်နေလျှက် အကြောင်းအရင်းကို နားမလည်နိုင်သူက အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သူတို့ အပြန်အလှန် ဆက်ဆံလေလေ ကျုံးယုံက သူတို့ ထင်ထားသလောက် မတုံးအကြောင်း သူ သိလာရလေလေဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် သူ ကျုံးယုံ၏ ရဲရင့်မှု၊ သတ္တိရှိမှုနှင့် ပါးရည်နပ်ရည်ရှိမှုများကို သူ မြင်လာခဲ့သည်။

အမျိုးသားတစ်ယောက် ရုပ်ဆိုးတာ ဒါမှမဟုတ် ကြမ်းတမ်းတာကို သူ မကြောက်ဘူး။ ဒီလူမှာ အစွမ်းအစ ရှိနေသရွေ့ သူ့ညီမလေးအတွက် ပျော်ရွှင်မှုတွေ ယူလာပေးနိုင်လိမ့်မယ်။

အကြိုနှစ်သစ်ကူးနေ့တွင် မြောက်ပိုင်းလူရိုင်းများလည်း အားလုံး အခြေတကျ ဖြစ်သွားခဲ့သည်။ ကျန်းလောင်ချီက အတူတူသောက်ရန် ကျုံးယုံကို သူ့တဲနန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ရှောင်းကျဲယွိက သူတို့ မြောက်ပိုင်းလူရိုင်းပြည်ထောင်တွင် စူးချင်း၏အရက်များ သောက်ခွင့်မရမည်ကို စိုးရိမ်သောကြောင့် ဤအရက်အိုးများအား အထူးတလည် ပို့ပေးထားခဲ့ခြင်း ဖြစ်သည်။

ကျန်းလောင်ချီက သိုးတစ်ကောင် ကင်ခိုင်းထားပြီး လူတိုင်းနှင့် နှစ်သစ်ကူးပွဲကျင်းပနိုင်ရန် ပြင်ဆင်ပေးဖို့ သူ့လက်အောက်ငယ်သားများအား အမိန့်ပေးထားခဲ့သည်။ ကျုံးယုံကတော့ မော့ချန်သို့ ပြန်ရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။

သူ ကျန်းအိမ်ကို အောင်သွယ်လွတ်ပြီး လက်ထပ်ခွင့်လာတောင်းမယ်လို့ ကျန်းယွိရန်ကို ကတိပေးထားခဲ့တယ်။ ဒါပေမယ့် အခု အလုပ်ကြောင့် အချိန်တွေ အများကြီး နှောင့်နှေးသွားရပြီ။ ကျန်းယွိရန်က သူ ကတိမတည်ဘူးလို့ စွပ်စွဲမှာကို သူ ကြောက်နေမိတယ်။

ကျုံးယုံက ကျန်းလောင်ချီ၏တဲနန်းသို့ ရောက်ရောက်ချင်း မော့ချန်သို့ ပြန်ရန် တောင်းဆိုမည်ဟု တွေးထားခဲ့သည်။ သူ့၏အကြောင်းပြချက်က သူ့အမေ၏အုတ်ဂူကို သွားကန်တော့ရန် ဖြစ်သည်။

တကယ်တော့ အဲ့ဒါကလည်း သူ့အတွက် အရေးအကြီးဆုံးပါပဲ။ အခု နှစ်သစ်ကူးခါနီးနေပြီဆိုတော့ သူ့အမေကို တစ်ယောက်တည်း မနေခိုင်းရက်ဘူးလေ။

ဒုတိယတစ်ချက်ကတော့ ယွိရန်အကြောင်း သူ့အမေ့ကို ပြောပြရမယ်။ သူ့ အမေကလည်း ယွိရန်ကို အမြဲချစ်ခင်ခဲ့တာဆိုတော့ သူမ သူ့ဇနီး ဖြစ်လာတော့မှာကို သိရင် သူ့အမေ ပျော်ရွှင်သွားလိမ့်မယ်။

ကျိရှောင်ယင်နဲ့ သူ စေ့စပ်ထားတဲ့ကိစ္စကတော့ သူတို့မိဘတွေ မရှိတော့တဲ့အတွက် ဘယ်သူမှ မသိနိုင်တော့ဘူး။ ဘယ်သူမှ မသိနိုင်ရင် သူလည်း အဲဒါက မရှိခဲ့သလို ဟန်ဆောင်လိုက်တော့မယ်။

တတိယအချက်ကတော့ သူ ကျန်းမိသားစုဆီမှာ လက်ထပ်ခွင့် သွားတောင်းဖို့ သူ့ဆရာကို အကူအညီ တောင်းရဦးမယ်။ သူ အခု စေ့စပ်ထားပြီး ဝမ်းနည်းခြင်းကာလပြီးဆုံးတာနဲ့ ယွိရန်ကို လက်ထပ်မယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ သူ့မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ ယွိရန် မြောက်ပိုင်းလူရိုင်းစစ်သည်တွေဆီမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတာကိုပဲ မြင်ယောင်နေမိတယ်။ သူမက သူ့ကို အစ်ကိုကျုံးလို့ လှမ်းခေါ်နေပြီး သူမကို ကယ်တင်ပေးဖို့ တောင်းဆိုနေတယ်။ သူ အဲ့အိပ်မက်ဆိုးကနေ ပြန်နိုးလာတိုင်း သူ့တကိုယ်လုံးမှာ အေးစက်တဲ့ ချွေးတွေ ဖုံးလွှမ်းနေတတ်တယ်။ သူ မြောက်ပိုင်းလူရိုင်းပြည်ထောင်မှာ ရှိနေခဲ့ပေမယ့် သူ့နှလုံးသားကတော့ မော့ချန်ကို ပြန်သွားခဲ့တာ ကြာနေပြီ။

ကျန်းလောင်ချီက ယခင်မြောက်ပိုင်းလူရိုင်းဧကရာဇ်၏ တဲနန်းကြီးတွင် နေထိုင်နေခဲ့ပြီး ထိုတဲနန်းထဲမှ အသုံးအဆောင်များကိုသာ ဆက်အသုံးပြုနေခဲ့သည်။ ထိုအရာများအားလုံးကို ရွှေဖြင့် ပြုလုပ်ထားသောပြီး အလွန်ဇိမ်ခံနိုင်သည်ဟု ပြောရပေတော့မည်။ ကျန်းလောင်ချီက ကျုံးယုံရှေ့မှ ရွှေပန်းကန်လုံးကို လက်ညှိုးထိုးပြပြီး အပြုံးဖြင့် တိုက်တွန်းလိုက်သည်။

"ကျုံးယုံ၊ ဒီခေါက်ဆွဲကို မြည်းကြည့်ပါဦး၊ အရသာ ရှိ မရှိ သိရတာပေါ့"

ထိုခေါက်ဆွဲပန်းကန်ကို မြင်လိုက်ချိန်တွင် ကျုံးယုံ၏မျက်လုံးများက ချက်ချင်း တောက်ပလာပြီး ချက်ချင်း ထရပ်လိုက်ကာ သူ့မျက်လုံးကြီးများက အနီးနားပတ်ဝန်းကျင်တွင် ရင်းနှီးသောပုံရိပ်လေး ရှိ မရှိ ရှာဖွေနေခဲ့သည်။

All Chapters