← Chapters

ထိမ်းမြားခွင့် တောင်းပေးပါ

Vol. 34 Ch. 510

ထိမ်းမြားခွင့် တောင်းပေးပါ

Vol. 34 Ch. 510

ကျုံးယုံ၏ တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် ကျန်းလောင်ချီက ပြုံးလိုက်ပြီး ခန်းဆီးနောက်သို့ လှမ်းအော်လိုက်သည်။

"ယွိရန်၊ ထွက်ခဲ့တော့!"

ကျန်းယွိရန်က နီရဲနေသောမျက်နှာလေးဖြင့် ခန်းဆီးနောက်မှ ထွက်လာခဲ့သည်။ သူမက ယနေ့အတွက် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားပြီး သူမ၏ဆံပင်ပေါ်တွင် ကျောက်စိမ်းဆံညှပ်လေးတစ်ခု ရှိနေသလိုပြီး သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်အလွှာပါးလေးတစ်ခု ရှိနေသည်။ ထိုမိတ်ကပ်များက ကျန်းယွိရန်၊ လီရွှမ်းအာနှင့် ကျိရှောင်ယင်တို့အတွက် စူးချင်း ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုမိတ်ကပ်နှင့်အတူ သိုးဆီဖြင့် လုပ်ထားသည့် နှုတ်ခမ်းနီတစ်ဗူးလည်း ပေးခဲ့သေးသည်။ ကျန်းယွိရန်က ကျုံးယုံကို လာတွေ့ရန် ထိုအရာအားလုံးကို အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။

သူမ၏နဂိုလှပကပင် ချစ်စဖွယ် ဖြစ်နေသောကြောင့် ယခု အနည်းငယ် ၀တ်စားဆင်ယင်ပြီး ခြယ်သလိုက်ရုံဖြင့် ဆွဲဆောင်မှုရှိသော လှပျိုဖြူလေးတစ်ဦးကဲ့သို့ ဖြစ်သွားတော့သည်။ ကျုံးယုံ၏မျက်လုံးများက သူမကိုသာ စိုက်ကြည့်နေပြီး မျက်လုံးပြူးကြီးဖြင့် ပါးစပ်ကြီးဖြဲကာ တဟီးဟီး ရယ်မောလိုက်သည်။ ကျန်းလောင်ချီ သူ့ရှေ့တွင် ရှိနေသော်လည်း သူက ကျန်းလောင်ချီကို လုံးဝ ဂရုမစိုက်ဘဲ ကျန်းယွိရန်ကို ချီးမွမ်းလိုက်သည်။

"ယွိရန်၊ မင်း အရမ်းလှတယ်"

ကျန်းယွိရန်၏မျက်နှာက ညနေဆည်းဆာပက်ဖြန်းခံလိုက်သလို နီရဲလာသည်။ သူမကလည်း ကျုံးယုံကို တောက်ပသော မျက်လုံးများဖြင့် ပြန်ကြည့်နေပြီး ရှက်ကိုးရှက်ကန်း ပြုံးပြနေသည်။

"မင်း လုပ်ထားတဲ့ ခေါက်ဆွဲကို ကျုံးယုံက ချက်ခြင်း မှတ်မိတယ်"

ကျန်းလောင်ချီက သူ့ညီမနှင့် ကျုံးယုံတို့ကြားမှ ချစ်ကြည်နှူးနေသည့်အကြည့်များကို မြင်သွားပြီး ရယ်မောကာ သူ့ညီမကို နောက်ပြောင်လိုက်သည်။

အခုတော့ သူလည်း သူ့ညီမ​လေးရဲ့ အချစ်ရေးအတွက်​ စိတ်​ပူစရာ မလိုတော့ဘူး။ ကျုံးယုံက ယွိရန်ကို ကယ်တင်ဖို့ သူ့အသက်ကိုတောင် စတေးဖို့ဆန္ဒရှိနေမှတော့ သူ့မိသားစုက ဘာပြောနိုင်ဦးမှာလဲ?

အရင်တုန်းတော့ ယွိရန်နဲ့ ကျုံးယုံ လက်ထပ်တဲ့အခါ သူတို့ မိသားစုက အမြင့်ကို တွယ်တက်တယ်လို့ အပြောခံရနိုင်ပေမယ့် အခုချိန်မှာတော့ သူက မြောက်ပိုင်းလူရိုင်းပြည်ထောင်ရဲ့ မြို့တောင်သခင်ဘွဲ့ အပ်နှင်းခံရပြီးပြီ၊ အဲ့တာကြောင့် သူတို့ မိသားစုနှစ်ခုမှာ တူညီတဲ့အဆင့်အတန်းရှိတယ်လို့ ယူဆနိုင်တယ်။

"ခေါက်ဆွဲကို တွေ့တာနဲ့ မင်း ဒီကိုရောက်နေမှန်း ငါ သိတယ်"

ကျုံးယုံက လုံးဝ မရှက်ဘဲ ဂုဏ်ယူဟန်ဖြင့် ထပ်ပြောလိုက်သေးသည်။

သူ့အမေ ဆုံးပါးသွားတဲ့ နေ့ရက်တွေမှာ သူ ဘယ်ကိုမှ မသွားခဲ့သလို ဘာမှလည်း လုပ်ချင်စိတ် မရှိခဲ့ဘူး။ အဲ့အချိန်တုန်းက ယွိရန်က သူ့အတွက် အစားအသောက်မျိုးစုံ ချက်ပြုတ်ပေးခဲ့တယ်။ အဲ့တုန်းက တစ်ရက်မှာ ယွိရန် ချက်ပေးတဲ့ ခေါက်ဆွဲကို မြင်လိုက်ရတာကြောင့် သူ ငယ်ငယ်တုန်းက သူ့အမေ သူ့အတွက် ခေါက်ဆွဲလုပ်ပေးတဲ့မြင်ကွင်းကို သူ ပြန်သတိရမိသွားခဲ့တယ်။

အဲဒီအချိန်တွေတုန်းက သူတို့မိသားစုက အရမ်းဆင်းရဲတယ်။ သူ့အမေ ပန်းထိုးလို့ရတဲ့ ငွေ နည်းနည်းလေးကို နှစ်သစ်ကူးအတွက် ဂျုံမှုန့်တယ်ပြီး အိမ်ပြန်လာခဲ့ကြတယ်။ ဂျုံက အရမ်းနည်းတော့ မုန့်ပေါင်းလုပ်ဖို့တောင် မလုံလောက်ဘူး။ ဒါပေမယ့် သူ့အမေက သူ့အတွက် ခေါက်ဆွဲလုပ်ပေးခဲ့တယ်။ အဲဒီနှစ်က သူ့ကြုံဖူးခဲ့သမျှထဲမှာ အပျော်ရွှင်ရဆုံးနှစ်သစ်ကူးပဲ။

အဲ့ဒါကြောင့် ယွိရန်ရဲ့ခေါက်ဆွဲကို စားရင်း သူ ငိုခဲ့မိတယ်။ သူ့ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရပြီး အဲ့တုန်းက သူတို့ ဆင်းရဲတယ်ဆိုရင်တောင် သူ့အမေက အိမ်မှာ ရှိနေသေးတယ်လေ။

နောက်တော့ ယွိရန်က သူ ခေါက်ဆွဲ ကြိုက်တယ်လို့ ထင်သွားပြီး နေ့တိုင်းနေ့တိုင်း သူ့ဆီကို ခေါက်ဆွဲတစ်ပန်းကန် ပို့ပေးခဲ့တယ်။ အခု အဲ့ဒါကြောင့် ခေါက်ဆွဲပန်းကန်ကို တစ်ချက်ကြည့်ရုံနဲ့ ယွိရန် ရောက်နေတာကို သူ သိနိုင်ခဲ့တာပါ။

ယခု ထိုအကြောင်းများကို ပြန်တွေးလိုက်ချိန်တွင် ကျန်းယွိရန်က သူ့အတွက် အရာများစွာ လုပ်ပေးခဲ့ကြောင်း ကျုံးယုံ သဘောပေါက်သွားပြီး သူက သူမကို ပို၍ ချစ်မြတ်နိုးလာတော့သည်။

ကျန်းယွိရန်၏ ရွှမ်းစိုနေသော မျက်လုံးလေးများတွင် ရှက်ရွံ့နေသည့်အရိပ်အယောင်များ ရှိသော်လည်း သူမက ကျုံးယုံကိုသာ စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမက အားတင်းလိုက်ဟန်လေးဖြင့် တိုးတိုးလေး ပြောလာပြန်သည်။

"အစ်ကိုကြီးကျုံး၊ ရှင် ကျွန်မကို လာတောင်းရမ်းမယ့်အချိန်ကို မစောင့်နိုင်တော့လို့ ကျွန်မ ရှင့်ကို လာရှာတာ"

"ငါ မင်းရဲ့အစ်ကိုကြီးကို ကာကွယ်ပေးချင်လို့ ပြန်မလာနိုင်သေးတာပါ"

ကျန်းယွိရန်၏စကားကို ကြားလိုက်ချိန်တွင် ကျုံးယုံက ကြောင်တောင်တောင်ပုံစံဖြင့် ခေါင်းကုတ်ကာ ပြန်ရှင်းပြလိုက်သည်။

ထိုစကားက ကျန်းလောင်ချီ၏မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းများ ပြည့်နှက်လာစေသည်။

ဒါဆို သူက သူ့ညီမရဲ့ ပျော်ရွှင်မှုလမ်းကြောင်းကို ပိတ်ဆို့ထားသလို ဖြစ်သွားခဲ့တာလား?

ဒါပေမယ့် သူ သူ့ရဲ့ မတော်ရသေးတဲ့ ယောက်ဖကို တကယ် ကျေးဇူးတင်မိတယ်။ ကျုံးယုံကြောင့်သာ မဟုတ်ရင် သူ အကြိမ်ကြိမ် သေပြီးနေလောက်ပြီ။ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ရောက်လာတဲ့ မြောက်ပိုင်းလူရိုင်းတိုင်း ကျုံးယုံကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး။

မြောက်ပိုင်းလူရိုင်းစစ်သည်ဟောင်းတွေကြောင့် ပုန်ကန်မှုနှစ်ခု ဖြစ်ပွားခဲ့တာတောင် ကျုံးယုံနဲ့ ရှောင်းမိသားစုစစ်တပ်က စစ်သည်တွေက သူတို့ကို နှိမ်နင်း ဖယ်ရှားပေးခဲ့တယ်။ အဲ့ဒါကြောင့်လည်း အခုအချိန်မှာ မြောက်ပိုင်းလူရိုင်းမြို့တော်က အေးချမ်းသာယာနေတာလေ။

"ဟား ဟား အစ်ကိုကြီးက မနက်ဖြန် ရောက်တာနဲ့ မင်းကို မော့ချန် ပြန်ခိုင်းပါ့မယ်။ ကျုံးယုံ၊ မြန်မြန် ပြန်ပြီး လက်ထပ်ခွင့် သွားတောင်းနော်၊ ငါ့ညီမလေး စောင့်နေရအောင် မလုပ်နဲ့”

ကျန်းလောင်ချီက ကျုံးယုံ၏ပုခုံးကို လှမ်းဖက်လိုက်သော်လည်း ကျုံယုံက သူ လက်လှမ်းမမီလောက်သည်အထိ အရပ်ရှည်လွန်းလှသည်။ ထို့ကြောင့် ကျန်းလောင်ချီတစ်ယာက် ကျုံးယုံ၏လက်မောင်းကိုသာ ပုတ်လိုက်ရတော့သည်။ သူ့ထံတွင် အကိုကြီးတစ်ယောက်၏ ဩဇာအာဏာ ရှိသော်လည်း ကျန်းလောင်ချီခမျာ ကျုံးယုံကို မော့ကြည့်နေရသည်။ သူ၏ခံ့ညားသော အမူအရာကိုတော့ လုံးဝ ဆုံးရှုံးလိုက်ရသည်။

“အင်း၊ ငါ ပြန်ရောက်တာနဲ့ အောင်သွယ်လုပ်ပေးဖို့ ဆရာ့ကို တောင်းဆိုလိုက်မယ်"

ကျုံးယုံက ပြုံးဖြဲဖြဲမျက်နှာနှင့် ထောက်ခံလိုက်သည်။

အခု သူ့အမေ မရှိတော့ဘူးဆိုတော့ သူ့စိတ်ထဲမှာ သူ့ဆရာက အရေးအကြီးဆုံးပဲ။ သူ့ဆရာက သူတို့ရဲ့မင်္ဂလာပွဲကို ဦးဆောင်ပေးသရွေ့ သူနဲ့ ယွိရန် တစ်သက်လုံး ပျော်ရွှင်ရမှာ သေချာတယ်။

ကျုံးယုံ၏ စကားကို ကြားလိုက်ချိန်တွင် ကျန်းယွိရန်ကလည်း သူမ၏နှုတ်ခမ်းလေးကို ဖွဖွစေ့ကာ ပြုံးနေပြန်သည်။ ထိုကြည်နူးဖွယ် အပြုံးလေးက ပန်းလေးတစ်ပွင့်ကဲ့သို့ လှပချိုမြိန်လွန်းသောကြောင့် သူမကို ကြည့်မိသူတိုင်း လိုက်ပြုံးမိကြပေလိမ့်မည်။

ကျုံးယုံကတော့ ကျန်းယွိရန်ကိုသာ တည့်တည့်ကြီး စိုက်ကြည့်နေကာ တုံးအအပုံစံဖြင့် ပြုံးနေလေသည်။

ဘေးတွင် ရပ်နေသည့် ကျန်းလောင်ချီကတော့ သူကိုယ့်သူ လူပိုတစ်ယောက် ဖြစ်နေသလို ခံစားလာရသည်။

သူ ထွက်သွားရင်ကောင်းမလား? ဒါမှမဟုတ် ဒီမှာပဲ ဆက်နေသင့်လား?

နောက်တစ်နေ့တွင် ကျုံးယုံက ကျန်းယွိရန်ကိုခေါ်ကာ မော့ချန်သို့ ပြန်သွားခဲ့သည်။ မြောက်ပိုင်းလူရိုင်းပြည်ထောင်မှ မော့ချန်သို့ သွားသည့်လမ်းတစ်လျှောက်ရှိ ထောင်ချောက်များအားလုံးကို သူတို့ သိထားပြီးဖြစ်သောကြောင့် အတားအဆီး မရှိဘဲ မော့ချန်သို့ ပြန်ရောက်လာခဲ့ကြသည်။

ထိုအတောအတွင်းတွင် စူးချင်းက အတော်လေး တိတ်ဆိတ်နေပြီး အမျိုးသမီးများထံမှ ငွေညှစ်ထုတ်ရန် အလုပ်ရှုပ်နေခဲ့သည်။ သူမက ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီများ၊ မွှေးကြိုင်သော ရေမွှေးများနှင့် စွဲမက်ဖွယ်ကောင်းသော မျက်နှာချေမှုန့်များ ပြုလုပ်နေခဲ့သည်။ သူမ ထိုအရာများပြုလုပ်ရန် သိုးအဆီကို အခြေခံကာ စမ်းသပ်ခဲ့ပြီး အစောပိုင်းအဆင့်တွင် အများကြီး စွန့်ပစ်ခဲ့ရသည်။ သူမ ထုပ်လုပ်မှု စတင်နိုင်ပြီးသည်အထိ မရောင်းနိုင်သေးပေး မိန်းခလေးများအား အစမ်းသုံးစေခဲ့သည်။ နောက်ပိုင်း နည်းပညာ တည်ငြိမ်သွားမှသာ ၎င်းတို့ကို ယဲ့လွီချွမ်းထံသို့ ရောင်းချခဲ့သည်။

မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီနှင့် ရေမွှေးတို့ကို လက်ခံရရှိလိုက်ချိန်၌ ယဲ့လွီချွမ်း၏မျက်လုံးများလည်း တောက်ပနေခဲ့သည်။ အမျိုးသမီးများ၏ငွေက နှိုက်ယူရန် အလွယ်ဆုံးငွေ ဖြစ်သည်။ စူးချင်းက အနီးနားရှိ တိုင်းပြည်များသို့ ရောင်းချမည့်ပစ္စည်းကို များကိုလည်း သူမှတဆင့် ရောင်းချခဲ့သည်။ ထိုကဲ့သို့ ပိုလှလာစေမည့် အလှကုန်ပစ္စည်းမျိုးကို မြင်လိုက်သည်နှင့် ချမ်းသာသော အမျိုးသမီးများက စျေးကြီးပေးကာ ဝယ်ယူကြတော့သည်။

ယဲ့လွီချွမ်းက စူးချင်း၏ စကားများကို မှတ်သားထားခဲ့သည်။ ပစ္စည်းက ရှားပါးလေလေ၊ တန်ဖိုးကြီးလေလေဖြစ်သည်။ ထို့ကြောင့် သူက ၎င်းတို့ကို အမြဲတစေ ထိန်းသိမ်းထားပြီး နည်းနည်းချင်းသာ ထုတ်ရောင်းလေ့ရှိသည်။ နောက်ဆုံးတွင် ရေမွှေးတစ်ပုလင်းက မြင်းဆယ်ကောင်နှင့် လဲလှယ်ရန် သတ်မှတ်ရသည်အထိ ဖြစ်လာခဲ့သည်။

ထိုလုပ်ငန်းက သေရည် ရောင်းခြင်းထက်ပင် အမြတ်ပိုရနေသေးသည်။ ယဲ့လွီချွမ်းအတွက်လည်း ငွေရှာနိုင်ခြင်း၏ပျော်ရွှင်မှုကို ခံစားရစေပြီး သူ ရှောင်းကျဲယွိ၊ စူးချင်းတို့နှင့် မိတ်ဖွဲ့ခဲ့ခြင်းက သူ့၏ပညာအရှိဆုံးလုပ်ရပ်ဟု ခံစားနေရသည်။

အရက်ချက်ရုံကိုလည်း ပြန်လည် လည်ပတ်နေပြီ ဖြစ်သည်။ ယဲ့လွီချွမ်းက အရက်ကို အစားအစာနှင့် လဲလှယ်ရသည်။ ထို့ကြောင့် သူ ပြန်ရောင်းလျှင်လည်း စားစရာနှင့်သာ လဲလှယ်လေ့ရှိသည်။ သို့သော် ကြားထဲမှ စျေးနှုန်းကွာခြားမှုက သူ့ခမည်းတော်ကိုပင် ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့သည်။

ယနေ့တွင်လည်း ယဲ့လွီချွမ်းက နန်းတော်သို့လာကာ ငွေစာရင်းများ အပ်နှံနေခဲ့သည်။ ဧကရာဇ်အိုကြီးက သူ့သားတော် လက်ထဲမှ ငွေစာရင်းများ တချက်ကြည့်လိုက်ပြီး ပါးစပ်မပိတ်နိုင်အောင် ဝမ်းသာနေခဲ့သည်။

"ချွမ်းအာက တကယ်ကို အရည်အချင်း ရှိတယ်။ ဒီခမည်းတော်က လာမယ့်နွေဦးပေါက်ရာသီ ရောက်တာနဲ့ တာ့ထန်ပြည်ထောင်ကို သားတော်ဆီ လွှဲပြောင်းပေးတော့မယ်။ မင်းရဲ့မယ်တော်နဲ့ ကျန်းက ဒေသအစုံကို သွားလည်ပတ်ပြီး ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းတော့မယ်”

ဧကရာဇ်အိုကြီးထံတွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိတော့ပေ။ သူ သေခြင်းတရားကို တစ်ကြိမ် ဖြတ်ကျော်ခဲ့ရသောကြောင့် အာဏာနှင့် စည်းစိမ်များကို သိပ်ဂရုမစိုက်ချင်တော့ပေ။ ယခု သူ့၏သားက တိုင်းပြည်ကို တာဝန်ယူနိုင်နေပြီ ဖြစ်သောကြောင့် သူက ကြင်ယာတော်လီကို ခေါ်ကာ အလယ်ပိုင်းလွင်ပြင်သို့ သွားလည်ရန် ဆန္ဒ ပြင်းပြနေခဲ့သည်။

အလယ်ပိုင်းလွင်ပြင်က အရမ်းလှတယ်လို့ လူတိုင်း ပြောကြတယ်။ တကယ်လို့ သူ အဲ့လို လှပတဲ့ရှုခင်းတွေကို သူ ချစ်ရတဲ့သူနဲ့ အတူတူ မကြည့်နိုင်ခဲ့ရင် သူ နေထိုင်ခဲ့ရတဲ့ဘဝက အလကား ကုန်ဆုံးသလို ဖြစ်သွားတော့မှာ မဟုတ်ဘူးလား?

"ကျေးဇူးတင်ပါတယ်၊ ခမည်းတော်"

ဤသည်မှာ ရာဇပလ္လင်ကို လွှဲအပ်နေခြင်း ဖြစ်သည်။ ယဲ့လွီချွမ်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့ဝတ်ရုံကို အမြန် မတင်လိုက်ကာ သူ့ခမည်းတော်ကို ကျေးဇူးတင်စကားပြောရန် ဒူးထောက်လိုက်သည်။

“ဒါပေမယ့် ပြဿနာတစ်ခု ရှိသေးတယ်။ သားတော်မှာ ကြင်ယာတော် မပြောနဲ့ ကိုယ်လုပ်တော်တောင် မရှိသေးဘူး။ ကျန်းတို့ ဘိုးဘေးတွေရဲ့ စည်းမျဉ်းတွေအရ သားတော်မှာ မိသားစု မရှိရင် ထီးနန်းကို ဆက်ခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကျန်းနဲ့ သားတော်ရဲ့မယ်တော်က သားတော် ရွေးချယ်နိုင်ဖို့ လှပပြီး နောက်ခံရှိတဲ့ မိန်းခလေးတစ်စု ရွေးချယ်ထားတယ်"

ဧကရာဇ်အိုကြီးက တူညီသော စကားကို ထပ်ခါတလဲလဲ ပြောလာခဲ့ပြီး ယဲ့လွီချွမ်း ကိုယ်လုပ်တော် ရွေးချယ်နိုင်ရန် ပုံတူများစွာ ထုတ်လာပြန်သည်။

ဧကရာဇ်အိုကြီးက ထိုကိစ္စကို အမှန်တကယ် စိုးရိမ်ပူပန်နေသည်။

သူ့သားတော် အိမ်ထောင်မပြုရသေးရင် သူနဲ့ ကြင်ယာတော်လီ ထွက်သွားလို့ မရနိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် သူ့သားတော် အိမ်ထောင်ပြုချင်စိတ်ရှိလာဖို့ ချော့မော့ပေးရမယ်၊ ဒါမှ မရရင်တောင် ဖိအားပေးပြီး လက်ထပ်မိန့် ထုတ်ပစ်တော့မယ်။

“ခမည်းတော်ဧကရာဇ်ကို သားတော် အစီရင်ခံပါတယ်၊ သားတော်မှာ နှစ်သက်ရတဲ့ တစ်စုံတစ်ယောက် ရှိနေပါပြီ၊ သူ(မ)ရဲ့ လက်ရှိအနေအထားက သားတော်နဲ့ လိုက်ဖက်ပါတယ်။ ခမည်းတော်ဧကရာဇ်က သားတော်အတွက် ထိမ်းမြားခွင့်တောင်းပေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးတော်မူပါ"

ယဲ့လွီချွမ်းက မော့ချန်မှာထဲက ထိုကိစ္စကို တွေးတောနေခဲ့ခြင်း ဖြစ်သည်။ သူက သူ့အတွက် လက်ထပ်ခွင့် သွားတောင်းပေးရန် သူ့ဖခင်အား မည်သို့ပြောပြရမည် မသိဖြစ်နေပြီး ယခု တိုက်တိုက်ဆိုင်ဆိုင် ဖခင်ဖြစ်သူက ၎င်းကို အရင် ပြောလာသောကြောင့် သူ ပြောခွင့်ရသွားခဲ့သည်။

"ဘယ်သူလဲ?"

ဧကရာဇ်အိုကြီးက မျက်ခုံးပင့်ကာ သူ့သားတော်ကို စိုက်ကြည့်နေပြန်သည်။၏

တကယ်တော့ သူ့သားတော် ဘယ်သူ့ကို ပြောနေတယ်ဆိုတာ သူ ခန့်မှန်းပြီးသားပါ။

"ရှောင်းဟမ်ရဲ့သမီး၊ မော့ချန်ရဲ့အရှင် ရှောင်းကျဲယွိရဲ့ညီမ"

သူ မျှော်လင့်ထားသည့်အတိုင်း ယဲ့လွီချွမ်း ပြောလာသည့်သူက သူ့မှန်းဆချက်အတွင်း၌သာ ရှိနေခဲ့သည်။

သူ့သားတော်က အဲဒီမိန်းကလေးကို မမေ့နိုင်လို့ တခြားဘယ်သူနဲ့မှ လက်မထပ်တာလေ!

သို့သော် ဧကရာဇ်အိုကြီးက ထိုကိစ္စကို မလိုလားဘဲ ယဲ့လွီချွမ်းအား လေးနက်သောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"သားတော်၊ မင်း ရှောင်းကျဲယွိ ပြောတာကို မှတ်မိသေးလား? သူ့ညီမနဲ့ လက်ထပ်ရင် မင်း နောက်ထပ် ကိုယ်လုပ်တော်တွေ မယူနိုင်တော့ဘူး... မင်းမှာ တိုင်းပြည်ရဲ့ရှေ့ရေးအတွက် ကလေးမွေးဖို့ တာဝန် ရှိနေသေးတယ်။ မင်းမှာ မိန်းမတစ်ယောက်ပဲ ရှိရင် မင်း ဘယ်လိုလုပ်မှာလဲ?"

......။......။......

All Chapters