← Chapters

လေးစားရတဲ့ ဧည့်သည်တော်

Vol. 34 Ch. 500

လေးစားရတဲ့ ဧည့်သည်တော်

Vol. 34 Ch. 500

ကျိရှောင်ယင်က လီရွှမ်းအာကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ရှက်ရွံ့နေဟန်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"မအော်နဲ့လေ"

"အိုး၊ ငါ မေ့သွားတယ်။ အိမ်ထဲမှာ ဧည့်သည် ရှိတယ်!”

လီရွှမ်းအာကလည်း အလွန်ထိတ်လန့်သွားပြီး သူမ၏လျှာကလေးကို ထုတ်ကာ သူမ၏လည်ပင်းကို ဆန့်ပြီး အတွင်းခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမက သူမကြောင့် ဧည့်သည် အနှောင့်အယှက် ဖြစ်သွားမည်ကို အလွန်ကြောက်ရွံ့နေခဲ့သည်။

"ဘယ်မှာလဲ လက်ဖက်ခြောက်?”

ကျိရှောင်ယင်က တိုးတိုးလေး မေးလိုက်မှ လီရွှမ်းအာက လက်ဖက်ခြောက်များကို သတိရသွားပြီး ကျိရှောင်ယင်အား လှမ်းပေးလိုက်သည်။

"ငါတို့တွေ မင်းသားကို ဧည်ခံရမှာလို့ ငါ ပြောပြလိုက်တာနဲ့ လူကြီးမင်းရှင်းက သူ့ပိုင်ဆိုင်အားလုံးကို ထုတ်ပေးလိုက်တယ်"

“အင်း”

ကျိရှောင်ယင်က လက်ဖက်ခြောက်များကို အနံ့ခံကြည့်လိုက်ပြီး အလွန်မွှေးကြိုင်သော တောင်တန်းလက်ဖက်ခြောက်များ ဖြစ်နေသည်ကို သိလိုက်ရသည်။ ၎င်းက အရည်အသွေးမြင့် တောင်တန်းလက်ဖက်ခြောက်ဖြစ်သော်လည်း လီမိသားစုတွင် လက်ဖက်ရည်ပန်းကန်ကောင်းကောင်း မရှိဘဲ အကြမ်းထည်ကြွေပန်းကန်များသာ ရှိသည်။ ထိုပန်းကန်းလုံးများဖြင့် ဧည့်သည်ကို ဧည့်ဝတ်ပြုရန် မဖြစ်နိုင်သောကြောင့် ကျိ‌‌ရှောင်ယင်က လီရွှမ်းအာကို ထပ်မေးလိုက်သည်။

"နင် လက်ဖက်ရည်ခွက်တွေ ယူလာသေးလား?"

"အင်း၊ လူကြီးမင်းရှင်းက အရမ်း အမျှော်အမြင် ရှိတယ်၊ သူက လက်ဖက်ရည်အိုးနဲ့ ခွက် တစ်စုံစာ ပို့ပေးဖို့ ရဲမက်တစ်ယောက်ကို စေလွှတ်လိုက်တယ်"

လီရွှမ်းအာက ခေါင်းညိတ်သည်။ ရဲမက်က တံခါးဝတွင်သာ ရပ်နေခဲ့ပြီး သူမ သူ့ကို အိမ်ထဲဝင်ရန် ခေါ်သော်လည်း သူက အိမ်ထဲသို့ မဝင်ရဲပုံရသည်။

"နင် ဒီမှာ ငါ့ကို လိုသေးလား? မလိုတော့ဘူးဆိုရင် ငါ အစ်မစူးချင်းကို သွားကူလိုက်ဦးမယ်"

လီရွှမ်းအာက သူမ ကျင့်ဝတ်များကို နားမလည်ဘဲ ဧည့်သည်တော်ကြီး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက အိမ်ထဲသို့ မဝင်ချင်ဘဲ စူးချင်းနှင့်အတူ ချက်ပြုတ်ရန်သာ ဆန္ဒရှိနေလေသည်။

သူမက အစ်မစူးချင်းနဲ့ ထမင်းချက်ရတာကို ပိုကြိုက်တယ်လေ။ အစ်မစူးချင်းနဲ့အတူ မချက်ပြုတ်ရတာ အရမ်းကြာနေပြီ။ သူမတို့ အတူတူရှိခဲ့တဲ့ နေ့ရက်တွေကိုလည်း အရမ်းလွမ်းတယ်။ အဲ့အချိန်တုန်းက သူမတို့ ဒူးလေးပစ်တတ်ဖို့ သင်ယူရင်း ဆေးပင်တွေကို ရွေးတတ်ဖို့ သင်ယူနိုင်ခဲ့ကြတယ်။ နေ့တိုင်းနေ့တိုင်း အစ်မစူးချင်းနဲ့အတူ ရှိနေနိုင်ခဲ့ကြတယ်။ အဲဒီနေ့ရက်တွေက ခက်ခဲတယ်ဆိုပေမယ့် သူမတို့အားလုံး ပျော်ရွှင်ခဲ့ရတယ်။

ကံမကောင်းတာက အဲ့နေ့ရက်တွေကို ပြန်မသွားနိုင်ကြတော့ဘူး။

“အင်း၊ ရတယ်”

ကျိရှောင်ယင်က လီရွမ်းအားကို သွားခွင့်ပေးလိုက်ပြီး လက်ဖက်ရည်ကျိုရန် ပြန်အာရုံစိုက်လိုက်သည်။ သူမတို့က ထောင်ဟွားဝူတွင် ဆင်းရဲသောဘဝဖြင့် နေထိုင်ခဲ့ကြသော်လည်း သူမတို့၏ မွေးစားဖခင်သူက အတတ်ပညာမျိုးစုံ ကျွမ်းကျင်သူ ဖြစ်သည်။ သူထံတွင် လက်ဖက်ရည်သောက်သည့်အလေ့အထ ရှိပြီး သူ့၏လက်ဖက်ရည်ကျိုချက်နည်းများကလည်း အလွန်ထူးခြားသည်။ သူက ကျိရှောင်ယင်အား လက်ဖက်ခြောက်များ ပြုလုပ်နည်းနှင့် လက်ဖက်ရည်ကျိုချက်များကို တမင်တကာ အချိန်ယူ သင်ကြားပေးခဲ့သည်။

ထို့ကြောင့် ကျိရှောင်ယင်က လက်ဖက်ရည်ကောင်းကောင်း ကျိုချက်နိုင်သည်။ ထိုအလုပ်က စိတ်အေးအေးနှင့် တည်တည်ငြိမ်ငြိမ် လုပ်နိုင်ရန် လိုအပ်ပြီး အဆင့်တိုင်းကို မှန်ကန်သော နည်းလမ်းနှင့် တိကျသော အချိန်အတိုင်း လိုက်နာရသည်။ သို့မှသာ လက်ဖက်ရည်က ချိုမြိန်ပြီး အရသာကောင်းမွန်ကာ အဆုံးမရှိသော အနံ့နှင့် အရသာကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

ယခုအချိန်တွင် ကျိရှောင်ယင်က အလွန်သတိကြီးစွာဖြင့် လက်ဖက်ရည်ကျိုရန် ပြင်ဆင်နေခဲ့သည်။ သူမက လက်ဖက်ခြောက်များကို ရေနွေးဖြင့် အရင်ဆေးကြောသန့်စင်ပြီးမှ ထိုလက်ဖက်ခြောက်များကို လက်ဖက်ရည်အိုးထဲထည့်လိုက်သည်။ ထိုနောက်မှ လက်ဖက်ရည်အိုးထဲသို့ ရေနွေးပူပူများ လောင်းထည့်လိုက်သည်။

မော့ချန်ရှိ ရေအရည်အသွေးကလည်း ကောင်းမွန်သောကြောင့် သူမ ပြင်ဆင်နေသည့် လက်ဖက်ရည်၏ရနံ့က ချက်ချင်း မွှေးပျံ့လာသည်။ ယဲ့လွီချွမ်း၏နှလုံးသားက မူလကတည်းက အိမ်အပြင်ဘက်တွင်ရှိနေပြီး လက်ဖက်ရည်၏မွှေးပျံ့သောရနံ့ကို အနံ့ခံမိလိုက်သည်။ သူက မနေနိုင်ဘဲ ရေရွတ်လိုက်ပြန်သည်။

“ဘယ်လိုတောင်မွှေးတဲ့ လက်ဖက်ရည်မျိုးလဲ?”

"အင်း၊ တော်တော် အနံ့ကောင်းတယ်"

ရှောင်းကျဲယွိကလည်း ထိုလက်ဖက်ရည်နံ့ကို အနံ့ခံမိသွားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော်လည်း သူက ဇဗဝဇဝါ ဖြစ်နေသေးသည်။

လီမိသားစုက ဒီလောက်ကောင်းတဲ့ လက်ဖက်ခြောက်ကို ဘယ်ကနေရလာတာလဲ? ပြီးတော့ အဒေါ်လီဆီမှာ ဒီလောက်ကောင်းတဲ့ လက်ဖက်ရည်ကျိုချက်နည်း ရှိနေတာလား?'

ကျိရှောင်ယင်က အခန်းထဲမှ သူတို့၏စကားသံများကို အတိုင်းသား ကြားနေရသည်။ သူမက ရုတ်တရက် တည်ငြိမ်မှု ပျောက်ဆုံးသွားပြီး သူမ၏လက်က တုန်ယင်သွားသောကြောင့် လက်ဖက်ရည်များက သူမ၏လက်ခုံပေါ်သို့ ဖိတ်ကျသွားသည်။ လက်ဖက်ရည်၏အပူချိန်က ပြင်းထန်သောကြောင့် သူမ၏လက် နီရဲလာကာ နာကျင်လွန်းသဖြင့် ကျိရှောင်ယင်က လေအေးများကို ရှူရှိုက်လိုက်မိသည်။

တိုက်တိုက်ဆိုင်ဆိုင် အပြင်ခန်းထဲသို့ ဝင်လာသည့် စူးချင်းက ထိုအဖြစ်အပျက်ကို မြင်သွားခဲ့သည်။ သူမက ကျိ‌ရှောင်ယင် ထံသို့ အမြန်​​လျှောက်​လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ရှောင်ယင်၊ အရေလောင် သွားတာလား?"

"အင်း ရေတွေ အရမ်းများနေတာကို ညီမလေး သတိမထားလိုက်မိဘူး"

ကျိရှောင်ယင်က ခေါင်းညိတ်လိုက်သည်။ သူမ၏ လက်ခုံပေါ်မှ အပူလောင်သည့်ဒဏ်ရာက ပူလောင်နေပြီး နာကျင်လွန်းသဖြင့် သူမ မျက်မှောင်ကြုတ်နေမိသည်။

"ဒီမှာ ဆေးရှိတယ်"

စူးချင်းက စနစ်ထဲမှ ပရုတ်အေးရောထားသော ဆေးအဆီကို အမြန် ထုတ်ယူကာ ကျိရှောင်ယင်၏လက်ခုံနောက်ကို ညင်ညင်သာသာ လိမ်းပေးလိုက်သည်။

အထဲတွင် ရှိနေသည့် ယဲ့လွီချွမ်းကလည်း ထိုစကားသံများကို ကြားနေရပြီး ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ အခန်းအပြင်ဘက်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်နေသည်။ သူ ခန္ဓာကိုယ်ကြီးက အခန်းထဲမှာ ရှိနေသော်လည်း သူ့နှလုံးသားကတော့ ကျိရှောင်ယင်၏ဘေးကို ပျံသန်းသွားနေပြီ ဖြစ်သည်။ ရှောင်းကျဲယွိကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်တိုင် ချက်ခြင်း ပြေးထွက်သွားပေလိမ့်မည်။

စူးချင်း၏ဆေးက အလွန်ထိရောက်သည်။ ဆေးလိမ်းပြီးသည်နှင့်တပြိုင်နက် ပူလောင်နေသည့်ဝေဒနာ ချက်ချင်း ပျောက်သွားသည်။ ထို့ကြောင့် ကျိရှောင်ယင်က လက်ဖက်ရည်ဗန်းကို ကောက်ယူကာ အိမ်ထဲသို့ သွားပို့ရန် ပြင်လိုက်သည်။ စူးချင်းက သူမအတွက် စိတ်ပူနေပြီး ကျိရှောင်ယင်ကိုတားကာ လက်ဖက်ရည်ဗန်းကို သူမကိုယ်တိုင် သယ်သွားခဲ့သည်။

ကျိရှောင်ယင်က အခန်းအပြင်ဘက်တွင် ရပ်နေပြီး တံခါးကိုသာ စိုက်ကြည့်နေခဲ့သည်။

လက်ဖက်ရည်ဗန်း မပါရင် သူမ အတွင်းခန်းထဲကို ဝင်ဖို့ အကြောင်းပြချက်မရှိတော့ဘူး။ ယဲ့လွီချွမ်းကို တွေ့ရဖို့လည်း အခွင့်အရေး မရှိ‌တော့ဘူး။

စူးချင်းက လက်ဖက်ရည်ဗန်းကို သယ်လာကာ ခန်ပေါ်မှ စားပွဲပေါ်သို့ တင်ပေးရင်း ယဲ့လွီချွမ်းကို လောကွတ်စကားဆိုလိုက်သည်။

“တတိယမင်းသား၊ လက်ဖက်ရည်အရင်သောက်ရင်း ခဏစောင့်ပါဦး။ အိမ်ဝင်းထဲမှာတော့ သိုးသားကင်နေပြီ။ ခဏနေလို့ မြစ်ထဲက ငါးတွေ ဖမ်းမိလာရင် ရှင့်အတွက် ငါးစွပ်ပြုတ်အိုးချက်ပေးမယ်"

ရှောင်းကျဲယွိကလည်း သူ ထိုငါးစွပ်ပြုတ်အိုးကို တစ်ခါမှ မစားဖူးသောကြောင့် သူ့ဇနီး၏စကားကို နားထောင်ပြီးနောက် ချက်ချင်း စားချင်နေမိသည်။ သို့သော် အရသာရှိသော အစားအစာကို စားနိုင်ရန် အချိန်နှင့် စိတ်ရှည်သည်းခံမှု လိုအပ်ကြောင်း သူ သိနေသောကြောင့် စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။ သူက စိတ်ရှည်ပြီး သည်းခံစောင့်ဆိုင်းနိုင်သော်လည်း တတိယမင်းသား ဆာလောင်နေမည်ကိုတော့ သူ စိုးရိမ်နေသေးသည်။ ထို့ကြောင့် သူက စူးချင်းအား အဆာပြေစာတစ်ခုခု ယူလာပေးရန် တောင်းဆိုလိုက်သည်။

"ချင်းအာ၊ တစ်ယောက်ယောက်ကို လွှတ်ပြီး အဆာပြေစာတစ်ခုခု ပို့ခိုင်းပေးပါဦး"

အစ်ကိုဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် ကျိရှောင်ယင်၏မျက်လုံးများက ပြန်တောက်ပလာသည်။ မော့ချန်တွင် အဆာပြေမုန့်များ အထူးရောင်းချသော ဆိုင်တစ်ဆိုင်ရှိသည်ကို သူမ သိထားသောကြောင့် သူမ နောက်သို့ လှည့်ကာ ချက်ချင်း ပြေးထွက်လာခဲ့သည်။

ထိုမိသားစုက ကျန့်နန်မှ ပြောင်းရွေ့လာပြီး မော့ချန်တွင် အခြေချနေထိုင်ကာ မုန့်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့၏လုပ်ငန်းက ကောင်းမွန်လာပြီး စီးပွား တိုးတက်ဖြစ်ထွန်းလာခဲ့သည်။

စူးချင်းက အခန်းထဲမှ ပြန်ထွက်လာခဲ့ပြီး ကျိရှောင်ယင်ကို ပြောရန် တွေးလိုက်သော်လည်း ကျိရှောင်ယင်က ပြေးထွက်သွားပြီ ဖြစ်သည်။

ဒီကောင်မလေးကတော့ ယဲ့လွီချွမ်းအတွက် တော်တော်ကို တက်ကြွနေတယ်။

အချစ်ရှိတဲ့ကမ္ဘာမှာ ကိုယ်သဘောကျသူကပဲ ကိုယ်ကို့ပျော်ရွှင်စေတယ်။ ရှောင်ယင်က ယဲ့လွီချွမ်းကို အရမ်းနှစ်သက်ပုံရတယ်။

သို့သော်လည်း နန်းတော်ထဲမှ အမျိုးသမီးများ၏ ပြိုင်ဆိုင်မှု၊ လောဘနှင့် ရန်လိုမှုများ အကြောင်းတွေးမိချိန်တွင် စူးချင်းတစ်ယောက် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ဖြစ်နေရသည်။

ယခု သူမ ကျိရှောင်ယင်ကို မတားချင်တော့သော်လည်း ကျိရှောင်ယင်အတွက် အမှန်တကယ် စိုးရိမ်နေမိသည်။

တစ်ဖက်တွင် စူးချင်းက ယဲ့လွီချွမ်းအတွက် သိုးကောင်လုံးကင်ထားပြီး သူဖုန်းစားကြက်ကင် ထပ်လုပ်ရန် ပြင်ဆင်နေခဲ့သည်။ အခြားတစ်ဖက်မှ ကျုံးယုံက အနီရောင်ပန်းပွားများတပ်ဆင်ထားသော လှံရှည်ကြီးတစ်ချောင်နှင့် ပုဆိန်ကို ကိုင်ဆောင်ကာ တောင်းကြီးတစ်လုံးကို ကျောပေါ်တွင် ထမ်းပိုးထားသည်။ ကျန်းယွိရန်က သူ့၏ဝန်ထုပ်ဝန်ပိုးကို ကူညီ သယ်ပိုးပေးချင်နေသော်လည်း သူက သူမကို ဘာမှ သယ်ခွင့်မပြုခဲ့ပေ။ သူက သူမကို သူ့နောက်မှ ပေါ့ပေါ့ပါးပါး လိုက်ခိုင်းထားသည်။

“ခနနေလို့ ငါ ငါးတွေ ဖမ်းမိရင် မင်း ခြင်းတောင်းထဲကို ထည့်ပေးလို့ ရတယ်”

ကျုံးယုံက ကျန်းယွိရန်ကို ပြောနေရင်း ထပ်သတိပေးလိုက်သည်။

“ရေခဲတွင်းတွေနဲ့ ဝေးဝေးနေ၊ ကျွံမဝင်သွားစေနဲ့"

ကျုံးယုံ၏ ထိုစကားတွင် စိုးရိမ်မှုများ ပါဝင်နေသောကြောင့် ကျန်းယွိရန်၏ နှလုံးသားထဲ၌ ချိုမြိန်မှုများ ပြည့်နှက်လာသည်။ သူမက သူမ၏နှုတ်ခမ်းလေးကို ဖွဖွစေ့ပိတ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"အင်း၊ ကျွန်မ သတိထားပါ့မယ်"

သို့သော်လည်း ကျုံးယုံက သူမအတွက် စိတ်ပူနေဆဲ ဖြစ်ပြီး သူ့နောက်မှ ကပ်လိုက်ရန် ထပ်ပြောလိုက်သည်။

ကျန်းယွိရန်က အရပ်ရှည်သော ကျုံးယုံ၏ ကျောပြင်ကျယ်ကြီးကို ကြည့်ကာ အကာအကွယ် အပေးခံရသည့်အတွက် ပျော်ရွှင်နေသည်။

သူမ သဘောကျတဲ့ အမျိုးသားက စကားနည်းပေမယ့် သူက နွေးထွေးကြင်နာတတ်တဲ့ယောက်ျားတစ်ယောက်ပဲ။ သူက သူမကို ဘယ်လိုဂရုစိုက်ရမှန်း သိတယ်။

ကျန်းယွိရန်က သူမ၏နှလုံးခုန်သံကြောင့် သတိလွတ်နေပြီး သူမရှေ့မှ ကျုံးယုံ၏ခြေလှမ်းများ ရပ်တန့်သွားသည်ကို မမြင်လိုက်ဘဲ သူ့နောက်ကျောကို ဝင်တိုက်လိုက်သည်။ ကျုံးယုံ၏နောက်ကျောက သံကဲ့သို့ မာကျောနေသောကြောင့် ကျန်းယွိရန်တစ်ယောက် သူမ၏နှာခေါင်းကို အုပ်ကာ ရေခဲပြင်ပေါ်သို့ ဖင်ထိုင်ကျသွားတော့သည်။ သူမ၏လက်ချောင်းများကြားထဲမှ နီရဲနေသော သွေးများ စီးကျလာပြီး ရေခဲပြင်ပေါ်သို့ ကျသွားကာ အနီရောင်ဆီးနှင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း... သွေးတွေ ထွက်နေတာလား?"

ကျုံးယုံက သတိမမူသည့် ကျန်းယွိရန်ကို ဆူပူရန် လှည့်ကြည့်လိုက်သော်လည်း သူမ၏နှာခေါင်းမှ သွေးများထွက်နေသည်ကို သူ တွေ့လိုက်ရသည်။ သူ လုံးဝ ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ သူက ကြမ်းတမ်းသော ယောက်ျားတစ်ယောက်ဖြစ်ပြီး ပိုးသားလက်ကိုင်ပုဝါ ဆောင်ထားသည့် အလေ့အထ မရှိပေ။ နောက်ဆုံးတွင် ကျုံးယုံက ကြံရာမရဖြစ်သွားပြီး သူ၏အပေါ်ဝတ်အင်္ကျီကို မတင်လိုက်ကာ အဖြူရောင်အတွင်းဝတ်ကို ဆုတ်ဖြဲလိုက်သည်။

ကျန်းယွိရန် ကျုံးယုံအား မော့ကြည့်လိုက်ချိန်တွင် သူက သူ့၏အပေါ်ဝတ်အား မတင်နေသည်ကို တွေ့လိုက်ရသည်။ သူမ အလွန်ထိတ်လန့်သွားပြီး ခေါင်းကို အမြန် ပြန်ငုံ့လိုက်သည်။ သူမ၏ မျက်နှာက ချက်ချင်း နီရဲလာပြီး သူမ၏နှလုံးခုန်သံကလည်း စည်ကဲ့သို့ မြည်ဟည်းလာတော့သည်။

ကျုံးယုံကတော့ သူ့လုပ်ရပ်ကြောင့် ကျန်းယွိရန် ရှက်ရွံ့သွားမှန်း လုံးဝ မသိခဲ့ပေ။ သူက သူ့အင်္ကျီကို ဆုတ်ဖြဲကာ သူမကို လှမ်းပေးရင်း စိုးရိမ်တကြီး ပြောလိုက်သည်။

“ဒါနဲ့ မြန်မြန် အုပ်ထားလိုက်”

ကျန်းယွိရန်က ထိုအဝတ်ပိုင်းကို ဆွဲယူကာ အလိပ်လေး ဖြစ်အောင် လိပ်ပြီး သူမ၏နှာခေါင်းထဲသို့ ထိုးထည့်လိုက်သည်။ ကျုံးယုံ၏ရနံ့က သူမ၏ နှာခေါင်းထဲသို့ စိမ့်ဝင်လာပြီး ပြင်းထန်သော ဟော်မုန်းရနံ့ကြောင့် ကျန်းယွိရန်၏နှလုံးတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြန်သည်။

“မလှုပ်နဲ့၊ ငါ ရေခဲသွား တူးလိုက်ဦးမယ်"

ကျုံးယုံက ငါးဖမ်းရန် ရေခဲတွင်း တူးဖို့ စိတ်အားထက်သန်နေသော်လည်း ကျန်းယွိရန်ကို စိတ်ပူနေပြီး မလှုပ်ရန် ပြောထားခဲ့သည်။

ကျန်းယွိရန်က သူ သူမအတွက် စိုးရိမ်နေသည်ကို နားလည်နေပြီး သူမ၏နှလုံးသားထဲတွင် ချိုမြိန်မှုများ ပြည့်နှက်နေသည်။ သို့သော်လည်း သူမ၏မျက်နှာတွင် သွေးများ ဖုံးလွှမ်းနေသည်ကို သူ မြင်သွားပြီး သူမ ရုပ်ဆိုးသည်ဟု ထင်သွားမည်ကို စိုးရိမ်ကာ သူမ ခေါင်းကို ငုံ့ထားလိုက်သည်။

“အင်း၊ ငြိမ်ငြိမ်နေ၊ ငါ မကြာခင် ပြန်လာခဲ့မယ်"

ကျန်းယွိရန်၏သဘောတူညီချက်ကို ရပြီးနောက် ကျုံးယုံက မြစ်၏အလယ်ဆီသို့ လျှောက်သွားလိုက်သည်။ အများအားဖြင့် ငါးကြီးများက မြစ်၏အလယ်တွင် ရှိနေတတ်ပြီး ကမ်းဘေးနားမှ ငါးများက ငါးသေးသေးလေးများသာ ဖြစ်သည်။

သူ မြစ်လယ်သို့ ရောက်သညနှင့် ကျုံးယုံက ပုဆိန်ကြီးကို မြှောက်ကာ ကြီးမားသောခွန်အားဖြင့် ရေခဲများကို ခွဲလိုက်ပြီး ရေခဲတွင်း တူးရန် လုံလောက်သော အနေအထားအထိ ချဲ့လိုက်သည်။

ထို့နောက် ကျုံးယုံက ငါးအစာအချို့ကို ထိုတွင်းထဲသို့ ဖြူးချလိုက်ပြီး မကြာမီမှာပင် ဗိုက်ဆာသောငါးအုပ်စုက အစာစားရန် ထွက်ပေါ်လာသည်။ ကျုံးယုံက သူ၏ငွေရောင်လှံကို ကိုင်ကာ အသက်ရှုအောင့်ရင်း စောင့်ဆိုင်းနေခဲ့သည်။ ငါးများပေါ်လာသည်နှင့်တပြိုင်နက် လှံဖြင့် လှမ်းထိုးလိုက်ပြီး သူ၏လှုပ်ရှားမှုက တိကျသောကြောင့် ငါးကြီးတစ်ကောင်ကို လှံဖြင့်ထိုးစိုက်နိုင်ခဲ့သည်။ သူက သူ့လှံကို လွှဲယမ်းလိုက်ရာ ငါးက ရေခဲပြင်ပေါ်သို့ ကျဆင်းသွားသည်။

"ကျန်းယွိရန်.... မင်း..."

ကျုံးယုံက နောက်သို့ လှည့်ကြည့်လိုက်ပြီး ကျန်းယွိရန်ကို ရှာဖွေလိုက်သော်လည်း သူမ၏အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

All Chapters