သူ့ကို မြင်လို့ ရှက်သွေးဖြန်းနေတဲ့ သူမရဲ့မျက်နှာကို ကြည့်ရတာ ရင်လေးစရာပဲ
Vol. 34 Ch. 499
သူမ၏ရှေ့မှလူက အမှန်တကယ် ယဲ့လွီချွမ်း ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်၏နှလုံးခုန်သံက မြန်ဆန်လာပြီး သူမ၏လက်သီးလေးကို တင်းနေအောင်ဆုပ်ထားလိုက်သည်။
သူမ သူ့ကို မတွေ့ရတာကြာလှပြီ။ သူ့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်ထက်တောင် သူက ပိုချောနေသေးတယ်။ အရပ်မြင့်မြင့်ပုံရိပ်က သူမရဲ့အိမ်မက်ထဲကအတိုင်းပဲ။ သူမရဲ့အိပ်မက်တွေတိုင်းမှာ သူက သူမကို ကယ်တင်ပေးပြီး စိုးရိမ်တကြီး ကြည့်နေတတ်တယ်။
ယဲ့လွီချွမ်းက ကျိရှောင်ယင်ထံမှ အကြည့်လွှဲကာ စူးချင်းကို လက်ခုပ်အုပ်ဂါရဝပြုလိုက်သည်။
“မရီး၊ မင်းတို့ရဲ့မင်္ဂလာပွဲကို နောက်ကျမှ သိရတဲ့အတွက် အခု မင်းနဲ့ အစ်ကိုရှောင်းကို ဂုဏ်ပြုပါတယ်။ မင်္ဂလာပွဲ တက်နိုင်ခဲ့တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပေးပါဦး!"
“ရပါတယ်၊ အားနာမနေပါနဲ့၊ ကျွန်မတို့ကလည်း လက်ထပ်ပွဲကို အလောတကြီး လုပ်လိုက်မိတယ်၊ ကျွန်မတို့ ဘယ်သူ့ကိုမှ မဖိတ်ဖြစ်ဘူး။ ရှောင်ယင်တောင်မှ ကျွန်မတို့ရဲ့မင်္ဂလာပွဲကို မတက်နိုင်ခဲ့ဘူး”
စူးချင်းက ယဲ့လွီချွမ်းကို အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
စူးချင်း၏စကားကို ကြားလိုက်ချိန်မှ နောက်ဆုံးတွင် ယဲ့လွီချွမ်းက ကျိရှောင်ယင်ကို ပွင့်ပွင့်လင်းလင်း လှမ်းကြည့်လိုက်သည်။ သူ့၏ ပါးလွှာသော နှုတ်ခမ်းများက ပျော်ရွှင်မှုကြောင့် တွန့်ကွေးနေပြီး သူ့၏ဝါညိုရောင်သန်းနေသော မျက်လုံးများက ကျိရှောင်ယင်၏ လှပကျက်သရေရှိသော ပုံရိပ်လေးကိုသာ စွဲစွဲမြဲမြဲ စိုက်ကြည့်နေသည်။ သူက တင့်တယ်ပြေပြစ်သော အမူအရာဖြင့် လက်သီးအုပ်ကာ ကျိရှောင်ယင်ကို ပြုံးပြ နှုတ်ဆက်လိုက်သည်။
"မိန်းခလေးကျိရှောင်ယင် ဒီအတောအတွင်း အဆင်ပြေရဲ့လား?"
"အစ်ကိုကြီးယဲ့လွီ"
ကျိရှောင်ယင်က သူ့ကို ရှက်ရွံ့စွာ ပြန်ကြည့်လိုက်ပြီး တိုးတိုးလေး ပြန်နှုတ်ဆက်လိုက်သည်။ ယဲ့လွီချွမ်း၏ ချစ်ခြင်းမေတ္တ္တာများ ပြည့်လျှံနေသည်မျက်လုံးများကြောင့် သူမ အလွန်အမင်းရှက်ရွံ့နေပြီး သူမ၏အပြုံးလေးတွင် ရှက်ကိုးရှက်ကန်းအရိပ်အယောင်လေးများ ရှိနေခဲ့သည်။
“အဒေါ်လီ၊ ဒါက တာ့ထန်ရဲ့တတိယမင်းသားပါ။ ကျွန်တော် သူ့ကို အဒေါ်လီတို့အိမ်မှာ ညစာစားဖို့ ခေါ်လာခဲ့တာ”
ရှောင်းကျဲယွိက ယဲ့လွီချွမ်းကို ခေါ်ကာ အဒေါ်လီနှင့် မိတ်ဆက်ပေးလိုက်သည်။
"အိုက်ယား? ငါ့အိမ်က အရမ်းရှုပ်ပွနေတာကို အဆင်ပြေပါ့မလား?"
အဒေါ်လီက အလွန်စိုးရိမ်နေခဲ့သည်။ သူမ၏ရှေ့မှ လူက မင်းသားဖြစ်နေကြောင်း သူမ သိလိုက်ရသောကြောင့် သူမ အလွန်ကြောက်ရွံ့နေကာ သူမ၏ခြေထောက်များပင် တုန်ယင်လာသည်။
သူမရဲ့ဘ၀မှာ မြင်ဖူးခဲ့တဲ့ အမြင့်ဆုံးအရာရှိက စီရင်စုအမတ်ပဲ။ တော်ဝင်မိသားစုထဲက တစ်ယောက်ယောက်ကို မြင်ခွင့်ရတာက အခု ပထမဆုံးအကြိမ်ပဲ။ သူကို ကောင်းကောင်း မဧည့်ခံနိုင်ရင် အပြစ်ပေးခံရမှာကိုလည်း ကြောက်နေမိတယ်။
“ဘာမှ မဖြစ်ပါဘူး၊ တတိယမင်းသားက သဘောထားပြည့်ဝတယ်။ အဒေါ်လီ၊ မစိုးရိမ်ပါနဲ့”
ရှောင်းကျဲယွိက အပြုံးဖြင့် ခေါင်းခါကာ အဒေါ်လီအား စိတ်မပူရန် နှစ်သိမ့်ပေးလိုက်သည်။
သို့သော်လည်း သူ ထိုသို့ ပြောနေသည့်တိုင် အသုံးမဝင်သေးဘဲ အဒေါ်လီက သူမ၏လက်နှင့် ခြေထောက်များ အေးစက်နေသည်အထိ အလွန်ကြောက်လန့်နေသေးသည်။ သူမက တတိယမင်းသားကိုပင် မနှုတ်ဆက်ဝံ့တော့ဘဲ ရှောင်းကျဲယွိ၏နောက်တွင်သာ ဝင်ပုန်းနေလိုက်သည်။
သူမထက်စာလျှင် လီတာ့နျိုက ပို၍ တည်ငြိမ်နိုင်သေးသည်။ ရှောင်းကျဲယွိ၏ မိတ်ဆက်စကားကို ကြားပြီးနောက် သူက တတိယမင်းသားကို နှုတ်ဆက်ရန် ချက်ချင်း ရှေ့တိုးလာခဲ့သည်။
“တတိယမင်းသား၊ ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့အိမ်ကနေ ကြိုဆိုပါတယ်။ တတိယမင်းသား ရောက်ရှိလာတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ”
မည်သို့ပင်ဖြစ်စေ သူက ရှောင်းကျဲယွိ၏သွေးသောက်ညီအစ်ကိုဖြစ်ပြီး သာမန်လူထက် ပိုရဲရင့်သည်။ သူက နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း မရှိဘဲ သူ့၏တည်ငြိမ်မှုကို ထုတ်ဖော်ကာ အေးအေးဆေးဆေး ပြောဆိုနိုင်သည်။
"စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"
တတိယမင်းသားကလည်း ဖော်ရွေသော အမူအရာဖြင့် ပြန်ပြောကာ ပြုံးနေခဲ့သည်။ သူက ဖော်ဖော်ရွေရွေပုံစံကို တမင်ဖော်ပြထားပြီး ခင်မင်ရင်းနှီးအောင် ပြုမူနေခဲ့သော်လည်း သူ၏တော်ဝင်ရောင်ဝါက လူတို့အား ဖိနှိပ်နိုင်သည့်အငွေ့အသက်များ ထုတ်ပေးနိုင်ဆဲဖြစ်သည်။
အမျိုးသမီးလီ၏သင်္ချိုင်းသို့ သွားရောက်လည်ပတ်ပြီး ပြန်လာကြသော ရွာသားများကလည်း မင်းသားတစ်ပါးကို တွေ့လိုက်ရသောကြောင့် ကြောက်ရွံ့မှုနှင့်အတူ စူးစမ်းနေကြပြန်သည်။ သူတို့ ကြောက်နေကြသော်လည်း ယဲ့လွီချွမ်းကို ခိုးကြည့်နေကြသေးသည်။
တာ့ထန်က ယောက်ျားတွေက သူ့လိုမျိုး ချောမောတာလား? ပြီးတော့ သူက ဘာလိုမျိုး ဝတ်ဆင်ထားတာလဲ? သူ့ဦးထုပ်ရဲ့ ဘေးနှစ်ဖက်စလုံးမှာ လဘာကြောင့်မြေခွေးအမြီးတွေ ရှိနေရတာလဲ?
တတိယမင်းသားက လီမိသားစု၏အိမ်တွင် စားသောက်မည်ဖြစ်ကြောင့် စူးချင်းက နောက်ထပ်ငါးနှစ်ကောင် သွားရှာရန် ညွှန်ကြားလိုက်သည်။
ဆောင်းရာသီ၌ ငါးစားချင်လျှင် ရေခဲများကို တူးပြီး ပိုက်ကွန်ချရသည်။ ထို့အလုပ်က ခွန်အားကို အသုံးချရပြီး စူးချင်းကို ထည့်မတွက်လျှင် မော့ချန်၌ ကျုံးယုံထက် အားကောင်းသန်မာသည့်သူ မရှိတော့ပေ။ ထို့ကြောင့် ကျုံးယုံက သူ သွားမည်ဟု သူ့ဘက်မှ စတင် ကမ်းလှမ်းလာခဲ့သည်။ စူးချင်းက သူ အထီးကျန်နေမည်ကို စိုးရိမ်သည့်အတွက် ကျန်းယွိရန်ကို အဖော်ထည့်ပေးလိုက်သည်။
အင်း တကယ်တော့ ဒါက သူတို့နှစ်ယောက်တည်း အတူရှိဖို့အတွက် နေရာရှာပေးလိုက်တာလို့လည်း ပြောနိုင်တယ်။ ယောက်ျားလေးနဲ့ မိန်းခလေး အတူတူ အလုပ်တွဲလုပ်ရရင် ပင်ပန်းတော့မှာ မဟုတ်ဘူး။ ကျုံးယုံအနေနဲ့ ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေးကို နားလည်လာရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး တိုးတက်လာနိုင်ပြီး သူ့ရဲ့ပထမဆုံးအချစ်လည်း နိုးထလာနိုင်တယ်။
စူးချင်းက သူမအား ကျုံးယုံနှင့်အတူ ငါးသွားဖမ်းစေချင်ကြောင်း ကြားလိုက်ရချိန်တွင် ကျန်းယွိရန်၏မျက်နှာက နီမြန်းလာပြီး သူမ၏မျက်လုံးများကလည်း တောက်ပလာသည်။ ထို့နောက် သူမက ထိန်းမနိုင် သိမ်းမရ ပြုံးနေပြန်သည်။
"အဟမ်း၊ တတိယမင်းသား၊ ကျေးဇူးပြုပြီး အထဲဝင်ပါ"
ရှောင်းကျဲယွိက ယဲ့လွီချွမ်း နှင်းထဲ၌ အကြာကြီး ရပ်နေရသည်ကို ကြည့်ကာ အပြုံးဖြင့် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
နောက်ဆုံးတော့ ဒီလူက သူ့ညီမကို မမှိတ်မသုန် စိုက်ကြည့်နေမှန်း သူ သိပြီးပြီ။ ဒီလူက သူ့ညီမလေးဆီကနေ မျက်လုံးတောင်ကို မခွာနိုင်ဘူး။
ရှောင်းကျဲယွိ ချောင်းဟန့်ကာ လှမ်းပြောလိုက်ချိန်တွင် ယဲ့လွီချွမ်းတစ်ယောက် ရုတ်တရတ် ထိတ်လန့်သွားပြီးမှ အပြုံးဖြင့် ခပ်မြန်မြန် တုံ့ပြန်လိုက်သည်။
"ကောင်းပါပြီ၊ ကျေးဇူးပြုပြီး အစ်ကိုရှောင်း အရင်ဝင်ပါ"
ရှောင်းကျဲယွိက သူ့ကို စိုက်ကြည့်နေသေးသည်။
'ဒီကောင်စုတ်ကတော့ ငါ့ညီမနဲ့ တွေးနေပြီး စိုက်ကြည့်ရဲတယ်ပေါ့'
ယဲ့လွီချွမ်းက သူ့ကို ပေါ့ပေါ့ပါးပါး ပြန်ပြုံးပြလိုက်ပြီး သူ့၏စစ်ဝတ်စုံကို မကာ အဒေါ်လီ၏အိမ်ခြံဝင်းထဲသို့ လှမ်းဝင်သွားတော့သည်။
"ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်"
စူးချင်းက ရှောင်းကျဲယွိကို လှမ်းပြောလိုက်ပြီး ကျိရှောင်ယင်ဘက်သို့ လှည့်ကာ ထပ်မေးလိုက်သည်။
“ရှောင်ယင်က ယောင်းမနဲ့အတူ ထမင်းချက်ဖို့ ကူမှာလား? ဒါမှမဟုတ် အိမ်ထဲဝင်ပြီး လက်ဖက်ရည်ပြင်ဆင်ပေးမှာလား?”
ထိုအရာကလည်း ယဲ့လွီချွမ်းအပေါ်ထားသည့် ကျိရှောင်ယင်၏ခံစားချက်ကို စမ်းသပ်လိုက်သည့် နည်းလမ်းသာဖြစ်ပြီး နောက်ဆုံးတွင် စူးချင်းက ကျိရှောင်ယင်ကို သူမဘာသာသူမ ရွေးချယ်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
ကျိရှောင်ယင်က ခဏတုံ့ဆိုင်းသွားပြီး ယဲ့လွီချွမ်း၏ ခန့်ညားသောမျက်နှာကို မော့ကြည့်လိုက်သည်။
သူနဲ့တွေ့ဖို့က မလွယ်ဘူးဆိုတော့ သူနဲ့အတူ အချိန်နည်းနည်းလောက် ပိုနေနိုင်ရင် အကောင်းဆုံးပဲ။
ကျိရှောင်ယင်က သူမ၏သတ္တိကို စုစည်းပြီး သူ့မ၏ယောင်းမကို ပြန်ဖြေလိုက်သည်။
"အစ်ကိုကြီးတို့အတွက် လက်ဖက်ရည်ပြင်ဆင်ပေးလိုက်ဦးမယ်"
"အင်း၊ အဲ့ဒါဆို သွားလေ!"
စူးချင်းက ကျိရှောင်ယင်ကို အလေးအနက် စိုက်ကြည့်နေပြန်သည်။
ယဲ့လွီချွမ်းအပေါ်ထားတဲ့ ရှောင်ယင်ရဲ့ခံစားချက်တွေက သူမ ထင်ထားတာထက် ပိုလေးနက်နေပုံပဲ။ ရှောင်ယင် ဝမ်းမနည်းရဖို့တော့ သူမ မျှော်လင့်တယ်။
ယောင်းမဖြစ်သူ၏ ခွင့်ပြုချက်ကို ရပြီးနောက် ကျိရှောင်ယင်၏မျက်နှာက ပို၍ပင် နီရဲလာသည်။ သူမက စူးချင်း၏အကြည့်ကို ရင်မဆိုင်ရဲတော့ဘဲ ခေါင်းငုံ့ကာ အိမ်ထဲသို့ အမြန် ပြေးဝင်သွားသည်။
စူးချင်းတစ်ယောက် သက်ပြင်းချလိုက်မိပြန်သည်။
ဟူး၊ ခံစားချက်ဆိုတာကလည်း ထိန်းသိမ်းဖို့ မလွယ်ဘူး။ ယဲ့လွီချွမ်း ရှောင်ယင်အပေါ်ထားတဲ့ လေးနက်တဲ့ ခံစားချက်တွေ မလျှော့သွားဘဲ သူက ရှောင်ယင်ရဲ့တစ်မျက်နှာကိုပဲ ကြည့်နေဖို့ သူမ မျှော်လင့်တယ်။ သူ ရှောင်ယင် တစ်ယောက်တည်းကိုပဲ အချိန်အကြာကြီး ချစ်နိုင်ဖို့ သူမ မျှော်လင့်မိတယ်။
ရှောင်းကျဲယွိက ယဲ့လွီချွမ်းကို အိမ်ထဲသို့ ခေါ်ဆောင်သွားသည်။ အဒေါ်လီ၏မိသားစုက ယနေ့ သူ့ကို ထမင်းကျွေးရန် ပြင်ဆင်ထားပြီး မီးဖိုကိ အဆင်သင့်မီးမွှေးထားခဲ့သည်။ သူတို့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏မျက်နှာဆီသို့ လေပူများ တိုးဝင်လာကာ နွေးထွေးမှုကို ခံစားလိုက်ရသည်။
အဒေါ်လီ၏အိမ်တွင် လက်ဖက်ခြောက်ကောင်းကောင်း မရှိသည့်အတွက် ကျိရှောင်ယင်က လီရွှမ်းအာကို ရုံးတော်သို့ သွားခိုင်းပြီး ရှင်းရုဟိုင်ထံမှ လက်ဖက်ရွက်ကောင်းကောင်း တောင်းခိုင်းလိုက်သည်။ သူမကတော့ အပြင်ခန်းထဲတွင် ရေနွေးကျိုနေရင်း အတွင်းခန်းထဲမှ စကားပြောသံများကို နားထောင်နေလေသည်။
“တတိယမင်းသား၊ မင်းရဲ့ စစ်ဝတ်စုံကို ချွတ်လိုက်ပါလား? ချပ်ဝတ်တန်ဆာတွေေကို ဝတ်ထားရတာက အရမ်းပင်ပန်းတယ်”
အိမ်ထဲသို့ ဝင်ပြီးနောက် ရှောင်းကျဲယွိက ယဲ့လွီချွမ်းအား ချပ်ဝတ်တန်ဆာ ချွတ်ခိုင်းလိုက်သည်။ ယဲ့လွီချွမ်းက သူ့၏စစ်ဝတ်စုံကို ချွတ်လိုက်ပြီး အတွင်းမှ အစိမ်းရောင်ဂွမ်းချည်သားအင်္ကျီသာ ကျန်နေတော့သည်။ ထိုချည်သားအင်္ကျီတွင် စပါးအုံးမြွေများ ပန်းထိုးထားပြီး အလွန်ကို ခံ့ညားလှသည်။ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် တတိယမင်းသားက သူရဲကောင်းဆန်သောဟန်ပန် ရှိနေပြီး စပါးအုံးဝတ်ရုံဝတ်ထားသည့် တတိယမင်းသားကတော့ သူ့၏မြင့်မြတ်သော အသွင်အပြင်ကို ဖော်ထုတ်ပြသနေသည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် တော်ဝင်မိသားစု၏ အရိပ်အယောင်များ လွှမ်းခြုံနေသည်။
နောက်ဆုံးတွင် ရှောင်းကျဲယွိက သူ့ကို ဖိနပ်ချွတ်စေပြီး အုတ်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ခိုင်းလိုက်သည်။ ထိုမှသာ သူ့၏မြင့်မြတ်မှုက လျော့နည်းသွားပြီး ချဉ်းကပ်ရလွယ်ကူသည်ဟု ထင်ရစေသည်။
တတိယမင်းသား၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် ရှောင်းကျဲယွိသာလျှင် သူနှင့် တန်းတူ ထိုင်နိုင်သည်။ သူတို့က အလယ်တွင် စားပွဲလေးတစ်ခု ချထားပြီး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တတိယမင်းသားက သူ့တင်ပါးကို မီးလောင်နေသလို ခံစားနေရပြီး ခဏခဏ ငုံ့ကြည့်နေသည်။
"အရမ်းပူနေလို့လား? ဒီအခင်းပေါ်မှာ ထိုင်လို့ရပါတယ်"
အိမ်ရှင်ဖြစ်သည့် အဖေလီက သူတို့ကို ဧည့်ဝတ်ပြုပေးနေသည်။ တတိယမင်းသားက အုတ်ခုတင်ကို ခဏခဏ ငုံ့ကြည့်နေသောကြောင့် သူက တတိယမင်းသား ပူနေမှန်း သိသွားကာ အခင်းသစ်ကို အမြန်ထုတ်ပြီး သူ့အတွက် ခင်းပေးလိုက်သည်။
"အင်း တော်တော်ပူတာပဲ!"
တတိယမင်းသားက အခင်းပေါ်သို့ တက်ထိုင်လိုက်ပြီး ပိုသက်တောင့်သက်သာ ဖြစ်လာသည်။
သူတို့ဆီမှာလည်း အုတ်ကုတင်တွေ ရှိပေမယ့် ဒီလောက်ပူလောင်တာမျိုးတော့ မရှိဘူး။ နွားချေးလက်တစ်ဆုပ်စာ မီးရှို့လိုက်ရင် ညဘက်မှာ နွေးပေမယ့် မိုးမလင်းခင် အေးသွားပြီ။ မော့ချန်က လူတွေက ဒီလောက်တောင် ချမ်းသာကြာတာလား? အုတ်ကုတင်ကို ဒီလောက် ပူနွေးနေအောင်လုပ်ဖို့ နွားချေး ဘယ်လောက်တောင် လိုလိုက်မလဲ?
“ဒီမှာက ခန်တွေကို အပြင်ဘက်က မီးဖိုနဲ့ ချိတ်ထားကြတာလေ။ အဲ့ဒါကြောင့် အပြင်ဘက်က မီးဖိုထဲမှာ ချက်ပြုတ်နေသရွေ့ အတွင်းခန်းကလည်း ပူနွေးနေတာ”
ရှောင်းကျဲယွိက တတိယမင်းသားကို ရှင်းပြလိုက်သည်။ ၎င်းက ချက်ပြုတ်ရုံသာမက အခန်း၏အပူချိန်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်။ ဤသည်မှာ အလယ်ပိုင်းလွင်ပြင်သားတို့၏ စစ်မှန်သော ဉာဏ်ပညာကြောင့် ထွက်ပေါ်လာသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
"မဆိုးဘူး၊ ကျုပ် တာ့ထန်ကို ပြန်ရောက်ရင် ပြည်သူတွေ အအေးဒဏ်မခံရအောင် ကြော်ငြာပေးရမယ်”
တတိယမင်းသားက တော်ဝင်မိသားစု၏ အရည်အချင်းပြည့်မီသော အမွေဆက်ခံသူဖြစ်သည်။ သူက ပြည်သူများကို ဂရုစိုက်ပြီး တာ့ထန်မှ လူများ ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ရန် အမြဲတမ်း ကြိုးစားပေးနေခဲ့သည်။ ရှောင်းကျဲယွိကလည်း သူ၏စိတ်နေစိတ်ထားကို သဘောကျသည်။ နောင်တွင် ယဲ့ယွိချွမ်း ထီးနန်းဆက်ခံနိုင်ပါက ပြည်သူများ၏နှလုံးသားများကို သိမ်းပိုက်နိုင်ပေလိမ့်မည်။
နှစ်ယောက်သား အခန်းထဲတွင် စကားပြောနေကြပြီး ကျိရှောင်ယင်က သူတို့ထံသို့ စိတ်ရောက်နေခဲ့သည်။ ထိုအချိန်တွင် ရေနွေးအိုးက ပွက်ပွက်ဆူနေပြီ ဖြစ်သည်။ ကျိရှောင်ယင်က ရေနွေးအိုးကို သတိမပြုမိဘဲ အတွင်းမှ စကားပြောသံကို နားထောင်နေဆဲ ဖြစ်သည်။ လီရွှန်းအာက လက်ဖက်ခြောက်များနှင့်အတူ ပြန်ရောက်လာပြီး မီးဖိုပေါ်မှ ရေတွေးအိုး ပွက်ပွက်ဆူနေသည်ကို တွေ့သွားခဲ့သည်။
"ရှောင်ယင် နင် ဘာလုပ်နေတာလဲ? ရေတွေ ဒီလောက် ဆူနေတာကို ဘာလို့ အောက်မချသေးတာလဲ?”
လီရွှမ်းအာက ကျိရှောင်ယင်ကို စိုးရိမ်တကြီး အော်ပြောလိုက်သောကြောင့် အတွင်းခန်းထဲမှ ယဲ့လွီချွမ်းက ထိုစကားကို ကြားသွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။