သူမရဲ့နှလုံးသားထဲမှာ သူပဲ ရှိတယ်
Vol. 34 Ch. 497
."ရွှေရှန့်!"
ရှောင်းကျဲယွိက ဘေးဘီကို မကြည့်ဘဲ ခေါင်းငုံကာ ခပ်သွက်သွက် လျှောက်လှမ်းနေသော်လည်း ကျန်းလောင်ချီက သူ့ကို တွေ့သွားပြီး စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့က အတူတူ ကြီးပြင်းလာခဲ့ကြသည့် ညီအစ်ကိုကောင်းများသာ ဖြစ်သည်။ ယနေ့ ရှောင်းကျဲယွိက ယခင်က ကျိရွှေရှန့်နှင့် မတူတော့သည်ကို သူ သိနေသော်လည်း သူ့သူငယ်ချင်းကို မြင်သည်နှင့် ကျန်းလောင်ချီက သေလုမျောပါး ဝမ်းသာသွားမိဆဲဖြစ်သည်။ သူက ရှောင်းကျဲယွိထံသို့ ပြေးသွားပြီး သူ့ကို ပွေ့ဖက်ကာ နောက်ကျောကို ပုတ်နေပြန်သည်။
"မင်း ပြန်ကောင်းလာပြီလား?"
ရှောင်းကျဲယွိကလည်း ထောင်ဟွားဝူတွင် နေထိုင်စဥ်ကအတိုင်း ကျန်းလောင်ချီနှင့် ရင်းနှီးနေဆဲဖြစ်သည်။ သူက ကျန်းလောင်ချီ၏လက်မောင်းကို ပြန်ကိုင်ထားပြီး သူ့ဒဏ်ရာများကို စစ်ဆေးနေကာ စိုးရိမ်တကြီး မေးမြန်းနေသည်။
ကျန်းလောင်ချီက ကျောက်မီးသွေးတွင်းကို ကာကွယ်ရန် သူ့အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီး သူ့၏ညီအစ်ကိုကောင်းများထဲမှတစ်ယောက်သာ ဖြစ်သည်။
“စူးချင်းရဲ့ဆေးတွေ ရှိနေမှတော့ ငါ့ဒဏ်ရာက မပျောက်ဘဲ နေပါ့မလား? စူးချင်းရော ဘယ်မှာလဲ? စူးချင်းက ငါ့အသက်ကို ကယ်ပေးခဲ့တာ၊ ငါ သူ(မ)ကို ကျေးဇူးတင်ရမယ်!"
ကျန်းလောင်ချီက သူ့ရင်ဘတ်ကို ပုတ်ကာ တောက်ပစွာ ပြုံးပြရင်း စူးချင်း၏ ကျေးဇူးများကို ဖော်ပြနေသေးသည်။
အခန်းထဲတွင် ရှိနေသည့် စူးချင်းကလည်း သူတို့၏စကားများကို ကြားနေရပြီး သူမ၏နှုတ်ခမ်းထောင်းလေးများ နည်းနည်း တွန့်ကွေးသွားသည်။
ကျန်းမိသားစုက လူတွေအားလုံးက လူကောင်းတွေပဲ။
ထို့နောက် စူးချင်းက သူမ၏တပည့်ကောင်းလေး ကျုံးယုံကို ပြန်တွေးမိသွားခဲ့သည်။
အခု ကျုံးယုံက တစ်ယောက်တည်း ဖြစ်နေတယ်။ သူ့ကို ချစ်ပေးပြီး ဂရုစိုက်ပေးနိုင်တဲ့ မိန်းကလေးကို ရှာပေးဖို့ အချိန်တန်နေပြီ။
ထို့နောက်တွင် စူးချင်း၏အကြည့်များက ကျန်းယွိရန်ဆီသို့ ရောက်သွားပြန်သည်။
သူမတို့ အငတ်ဘေးကနေ ထွက်ပြေးလာစဥ်ကတည်းက သူမက ကျန်းယွိရန်ကို အရမ်းသဘောကျခဲ့တယ်။ ဒီမိန်းကလေးက ရဲရင့်ပြီး သတိရှိသလို စိတ်ကောင်းလည်း ရှိတယ်။ သူမက စိတ်ရှည်ပြီး ဇွဲလုံ့လလည်း ရှိတာကြောင့် အရာများစွာကို ထက်ထက်မြက်မြက်နဲ့ အလျင်အမြန် သင်ယူတတ်မြောက်နိုင်ခဲ့တယ်။
ဒီမိန်းကလေးကရဲ့ရုပ်ရည်သွင်ပြင်က ထူးထူးခြားခြား လှပနေတာမျိုး မဟုတ်ပေမယ့် သူမက တက်ကြွပြီး ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ အလှမျိုးကို ပိုင်ဆိုင်တယ်။ အထူးသဖြင့် သူမ ပြုံးလိုက်ရင် ပိုကြည့်ကောင်းလာတတ်ပြီး သူမရဲ့မျက်နှာက ပိုပြီး ချစ်စရာကောင်းလာတတ်တယ်။
စူးချင်းက အတွေးထဲတွင် နစ်ဝင်နေရင်း ကျုံးယုံအား မတွေ့မိတော့ကြောင်း ရုတ်တရက် ပြန်သတိရသွားခဲ့သည်။
ခုန သူ့ကို စစ်မြေပြင်မှာ တစ်ခါလှမ်းတွေ့လိုက်တယ်။ ပြီးတော့ ကျုံးယုံက ဝူးအိုက်ဟန်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ဖို့ ပံ့ပိုးကူညီမှုပေးခဲ့ပုံပဲ။ ဒီလို ရဲရင့်လွန်းတဲ့ စစ်သူကြီးတစ်ယောက်ကို ကျောက်မီးသွေးတွင်းမှာ ထားပြီး ကျောက်မီးသွေးတွေ တူးခိုင်းနေတာက သူ့ရဲ့အရည်အချင်းတွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပဲ။
"ကျုံးယုံကို ဘယ်သူတွေ့သေးလဲ?"
စူးချင်းက ကျုံးယုံအကြောင်း စဉ်းစားနေရင်း ကျန်းယွိရန်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။ ထိုမေးခွန်းမှတဆင့် ဤကောင်မလေး၏ ကျုံးယုံအပေါ်ထားသည့် သဘောထားကို သူမ သိနိုင်ပေလိမ့်မည်။
"ဒီအချိန်ဆို အစ်ကိုကြီးကျုံးက သူ့အမေရဲ့အုတ်ဂူရှေ့မှာ ရှိနေနိုင်တယ်!"
သူမ မျှော်လင့်ထားသည့်အတိုင်း ကျန်းယွိရန်က ကျုံးယုံ ရှိနေမည့်နေရာကို သူမ၏လက်ခုံကဲ့သို့ သိနေခဲ့သည်။ သူမက စူးချင်း၏မေးခွန်းကို ချက်ချင်း ပြန်ဖြေလိုက်သည်။
ကျန်းယွိရန်၏စကားကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိကလည်း သူ့မွေးစားအမေ၏ ကြေကွဲဖွယ်သေဆုံးမှုကို ပြန်တွေးမိသွားသည်။ ရှောင်းကျဲယွိက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသော ဝမ်းနည်းမှုလှိုင်းလုံးများကို ခံစားလိုက်ရသည်။
သူ့ရဲ့မွေးစားအမေက ချိုးယုံခန်းဆီကနေ မသတ်မခံရခင် ရက်အနည်းငယ်လောက်ပဲ သူမဘ၀အတွက် ပျော်ရွှင်မှုများကို ခံစားနိုင်ခဲ့တယ်။
ချိုးယုံခန်းက သူ့၏မွေးစားအမေအား သတ်ဖြတ်ခဲ့ကြောင်း တွေးနေမိချိန်တွင် ရှောင်းကျဲယွိက ချိုးယုံခန်းအပေါ် စိတ်ပျက်မှုနှင့် မုန်းတီးမှုများမှ လွဲ၍ တခြားမည်သည့်ခံစားချက်မျှ မရှိတော့ပေ။
အဲ့အမျိုးယုတ်က မော့ချန်ကို လာတိုက်ခိုက်တဲ့ မြောက်ပိုင်းသားတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နေရင် သူ အဲ့ဒီသားရဲကောင်ကို အစိတ်တစ်ထောင် ပိုင်းဖြတ်ပစ်မယ်။
ဒီမြို့မှာ ထောင်ဟွားဝူက သက်ကြီးရွယ်အိုတွေနဲ့ လူငယ်တွေ၊ ကလေးတွေ ရှိနေသေးတာကို သူ မမှတ်မိတော့ဘူးလား? ပြီးတော့ မြောက်ပိုင်းလူရိုင်းတွေရဲ့ အကျင့်စရိုက်ကိုရော သူ မသိဘူးလား? မော့ချန်ရဲ့ခံစစ် ပေါက်သွားတာနဲ့ မြို့ထဲကလူတွေ ဘယ်နှစ်ယောက်လောက် အသက်ရှင်နိုင်မယ်လို့ သူ ထင်နေလို့လဲ?
မြောက်ပိုင်းလူရိုင်းတွေသာ မော့ချန်ကို သိမ်းပိုက်နိုင်သွားခဲ့ရင် ချိုးယုံခန်းဆိုတဲ့ အပြစ်သားက သူ့အသက်နဲ့ ဆယ်ကြိမ်တိုင်တိုင် ပြန်ပေးဆပ်ဖို့တောင် လုံလောက်မှာ မဟုတ်ဘူး။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူတို့၏မွေးစားအမေအား သွားအရိုအသေပေးရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က အပြေးအလွှား ခရီးထွက်နေကြပြီး မွေးစားအမေ၏ နာရေးပွဲအတွက် ငါးရက်မြောက်နှင့် ခုနှစ်မြောက်နေ့တွင်ပင် အရိုအသေ မပေးနိုင်ခဲ့ကြပေ။ ထို့ကြောင့် ယခုတကြိမ်တွင် ဂါရဝသွားပြုရန် ဆုံးဖြတ်လိုက်ကြသည်။
ရှောင်းကျဲယွိက သူ့အတွက် မုန့်များ၊ အရက်၊ ကြက်သား၊ ငါး၊ အမွှေးတိုင်နှင့် ရွှေစက္ကူများ ပြင်ဆင်ပေးရန် သူ့သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား ရိုးရှင်းသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ကာ အမျိုးသမီးလီ၏အုတ်ဂူဆီသို့ ဦးတည်လိုက်သည်။ ကျိရှောင်ယင်ကလည်း သူတို့နှင့် လိုက်ချင်နေပြီး သူမက လိုက်ရန် အကြောင်းပြချက်ရှာသော ကျန်းယွိရန်ကိုပင် ခေါ်လာသေးသည်။ အဒေါ်လီနှင့် ကျန်းသားအဖကလည်း သူတို့နှင့်အတူ လိုက်ချင်သောကြောင့် လူများစည်းကားနေလေသည်။ အမျိုးသမီးလီ၏ ဈာပနနေ့က သူမကို တစ်ရွာလုံး လိုက်ပို့ခဲ့ကြသလို သူမအတွက် ဝတ်ပြုဆုတောင်းပေးချင်သူများက များပြားလှသည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့ မွေးစားအမေ၏အုတ်ဂူဆီသို့ ရောက်လာချိန်တွင် ကျုံးယုံ၏ အော်ဟစ်သံကို အဝေးမှ ကြားနေရသည်။
"အမေ၊ ယုံအာ အမေ့ကို လွမ်းတယ်။ အမေက ဘာလို့ ယုံအာကို တစ်ယောက်တည်းထားခဲ့ရတာလဲ? ယုံအာ တစ်ယောက်တည်း မနေချင်တော့ဘူး။ ယုံအာ အမေ့နောက်ကို လိုက်ခဲ့ချင်တယ်"
ကျုံးယုံ၏ ရင်ကွဲဖွယ် အော်ဟစ်သံများက ကြားရသူတိုင်းကို မျက်ရည်ဝဲစေပြီး လူတိုင်း ရင်နင့်သွားကြရသည်။ စိတ်မာသော စူးချင်းပင်လျှင် သူမ၏နှလုံးသားအား စုတ်ဆွဲလိုက်သလို ခံစားလိုက်ရသည်။ သူမ၏မျက်ခုံးများက စုကျုံနေပြီး မွေးစားအမေ၏နောက်ဆုံးအချိန်ကို ပြန်မြင်ယောင်လာမိသောကြောင့် စူးချင်း၏ မျက်လုံးများ နီရဲလာခဲ့သည်။
ကျိရှောင်ယင်ကတော့ ငိုနေပြီး မွေးစားမိခင်၏အုတ်ဂူနားသို့ မသွားရဲသလို ဖြစ်နေခဲ့သည်။ ချိုးယုံခန်း၏စာက သူမအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး သူမက သူမကိုယ်သူမ အပြစ်သားဟု အမြဲလိုလို ခံစားနေရသည်။
ကျုံးယုံ၏အော်ဟစ်သံက ကျန်းယွိရန်၏နှလုံးသားကိုလည်း နာကျင်သွားစေခဲ့သည်။ သူက သူ့အမေနောက်သို့ လိုက်ချင်နေကြောင်း ကြားလိုက်ရချိန်တွင် ကလေးမလေးက ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အုတ်ဂူဆီသို့ စိုးရိမ်တကြီး ပြေးသွားတော့သည်။
"အကိုကြီးကျုံး၊ ရှင် ဘာမှ မလုပ်ရဘူးနော်!"
စူးချင်းနှင့် ရှောင်းကျဲယွိတို့ကလည်း သင်္ချိုင်းဆီသို့ ပြေးသွားကြသည်။ ကျုံးယုံက ပြင်းထန်စွာ ငိုနေပြီး သူ့နှပ်ချေးများပင် အေးခဲနေလေသည်။ သူက သူ့အမေ၏သင်္ချိုင်းဂူကို မှီထိုင်ကာ တစ်ယောက်တည်း ငိုနေခဲ့ခြင်း ဖြစ်သည်။ ထိုမြင်ကွင်းက မြင်ရသူတိုင်းအတွက် ကြေကွဲဖွယ်ရာ ဖြစ်ရပြန်သည်။
"ကျူံးယုံ၊ အကိုကြီး ရောက်လာပြီ"
ရှောင်းကျဲယွိက သူ့နားသို့ လျှောက်သွားလိုက်ပြီး သူ့ညီလေး၏ပုခုံးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သူက ကျုံးယုံ၏မျက်လုံးများကို ကြည့်ကာ ခိုင်ခိုင်မာမာ ထပ်ပြောလိုက်သည်။
“မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းရဲ့အစ်ကိုကြီးနဲ့အတူ ဒီနေ့ကစပြီး ငါတို့ ဘိုးဘေးတွေ လုပ်ခဲ့တဲ့အတိုင်း ကြီးကျယ်ခမ်းနားတဲ့ အရာတွေ ပိုင်ဆိုင်ဖို့ အတူတူ တိုက်ခိုက်ကြမယ်၊ ဒီနေ့ကစပြီး အစ်ကိုကြီးက မင်းရဲ့မိသားစု ဖြစ်လာလိမ့်မယ်”
ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွင် ကျုံးယုံ၏မျက်ဝန်များက ပြန်တောက်ပလာသည်။ သူက ရှောင်းကျဲယွိ၏လက်ကို စိတ်လှုပ်ရှားစွာ လှမ်းဆွဲလိုက်ပြီး မျှော်လင့်တကြီး ပြန်မေးလိုက်သည်။
"အစ်ကိုကြီး၊ မင်းက ငါကို မင်းနဲ့အတူ စစ်တိုက်ဖို့ ခေါ်သွားပေးမှာလား?"
"အင်း ဟုတ်တယ်၊ နောင် ငါ ဘယ်သွားသွား မင်းကို ခေါ်သွားမယ်"
ကျုံးယုံကို ဤကဲ့သို့ မြင်လိုက်ရခြင်းက ရှောင်းကျဲယွိ၏နှလုံးသားကို နာကျင်စေခဲ့သည်။
ကျုံးယုံက ဘာကြောင့် စွန့်ပစ်ခံရပြီး အကူအညီမဲ့ အထီးကျန်နေတဲ့ ကလေးတစ်ယောက်လို ခံစားနေရတာလဲ? သူကလည်း အစ်ကိုကြီးတစ်ယောက်ဖြစ်ပြီး ညီဖြစ်သူကို ပစ်ထားမိတယ်။ အဲ့ဒါကြောင့် ကျုံးယုံက သူ့အမေဆုံးပါးသွားတဲ့ ဝေဒနာကို တစ်ယောက်တည်း ကျိတ်မှတ်သည်းခံနေပြီး အထီကျန်နေတာ ဖြစ်နိုင်တယ်။
"ကောင်းပြီ၊ ငါ မင်းနောက်ကို လိုက်မယ်။ မင်း ဘယ်သွားသွား ငါ လိုက်မယ်!"
ကျုံးယုံက အားတက်သရော ခေါင်းညိတ်ပြကာ နောက်သို့ ပြန်လှည့်ပြီး သူ့အမေ၏ အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။
“အမေ၊ အစ်ကိုကြီး ကျွန်တော့်ကို စစ်တိုက်ခွင့်ပေးလိုက်ပြီ။ သား အမေ့စကားကို နားထောင်ပြီး အောင်မြင်အောင် ကြိုးစားမယ်။ သားက ဘိုးဘေးတွေရဲ့ ဂုဏ်အသရေကို ပြန်ယူပြီး အဖေ ဂုဏ်ယူရမယ့်သားတစ်ယောက် ဖြစ်စေရမယ်။ အဖေ့ကို ပြန်ပြောပေးနော်”
ထိုစကားကို ကြားလိုက်ရပြီးနောက် ကျုံးယုံအပေါ်ထားသည့် လူတိုင်း၏အထင်အမြင်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အရင်တုန်းကတော့ လူတိုင်းက သူ့ကို အကြင်နာကင်းမဲ့သူလို့ပဲ သတ်မှတ်ထားခဲ့ကြတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူက အနာဂတ်မှာ သူတို့လို လူတွေထဲက လူတစ်ယောက် ဖြစ်နေတော့မှာ မဟုတ်ဘူး။ သူက ကြီးကျယ်သော အရာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်ပြီး မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်။
ကျန်းယွိရန်က ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ကျုံးယုံကို လှမ်းကြည့်လိုက်သည်။ အဖေကျန်းနှင့် အမေကျန်းတို့က သမီးဖြစ်သူ၏ စွဲစွဲလမ်းလမ်း အကြည့်များကို မြင်လိုက်ပြီး ခေါင်းယမ်းနေကြသည်။ သူတို့က လီတာ့နျိုအပါအဝင် လူကောင်းအချို့နှင့် မိတ်ဆက်ပေးရန် အောင်သွယ်ကို အကူအညီတောင်းခဲ့ကြသည်။ မိသားစုနှစ်စုက ရင်းနှီးနေကြပြီး တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းသိနေသောကြောင့် သူတို့၏သမီးလေးကို စိတ်ချလက်ချ လက်ထပ်ပေးနိုင်ရန် မျှော်လင့်နေကြသည်။
သို့သော်လည်း ကျန်းယွိရန်က လူတိုင်းကို ငြင်းဆိုခဲ့သည်။ သူမကို အတင်းအကြပ် အိပ်ထောင်ပြုခိုင်းလျှင် သူမ ဆံပင်ရိတ်ပြီး သီလရှင် လုပ်မည်ဟု ပြောခဲ့သည်။ သူမက ကျုံးယုံ၏အိမ်သို့ နေ့တိုင်းပြေးသွားလေ့ရှိပြီး အတင်းအဖျင်း အပြောခံရမည်ကိုလည်း မကြောက်ပေ။ ထိုအခြေအနေတွင်မှ သူတို့ဇနီးမောင်နှံနှစ်ဦး သမီးဖြစ်သူ၏ခံစားချက်ကို နားမလည်ပါက သူတို့ အလကားအသက်ကြီးလာသလို ဖြစ်နေပေလိမ့်မည်။
သို့သော် သူတို့က သမီးဖြစ်သူ၏ဆန္ဒကို မလိုက်လျောနိုင်သေးပေ။ ကျင့်ဝတ်များအရ ကျုံးယုံက အိမ်ထောင်မပြုခင် ဝမ်းနည်းပူဆွေးခြင်းကာလကို သုံးနှစ်တိုင်တိုင် စောင့်ထိန်းရမည် ဖြစ်သည်။ ထိုသုံးနှစ်အတွင်း သူတို့၏သမီးက အဘွားကြီး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်မှ ကျုံးယုံက သူမကို လက်ထပ်ရန် ငြင်းဆန်လျှင်ဟူသော အတွေးက သူတို့ကို စိတ်ပူစေပြန်သည်။
သို့သော် ကျန်းယွိရန်က မည်သူ့ကိုမျှ လက်မထပ်ရန် ဆုံးဖြတ်ထားခဲ့သည်။ ကျုံးယုံက သူမကို အလိုမရှိလျှင် သူမက သီလရှင်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ကျုံးယုံက သူမ၏အသက်ကို ကယ်တင်ခဲ့ပြီး သူမက သူမ၏ဘဝတစ်သက်တာလုံး သူ့အပိုင်အဖြစ် ရှိနေတော့မည် ဖြစ်သည်။
ယခင်က ကျန်းဇနီးမောင်နှံနှစ်ဦးအနေဖြင့် သဘောမတူခဲ့ကြသော်လည်း ယနေ့တွင် မဆိုးလှဟု ခံစားနေကြရသည်။ ကျုံးယုံ ပြောနေသည့်စကားများကို အခြေခံလျှင် သမီးဖြစ်သူကို သူနှင့် လက်ထပ်ပေးရန် ထိုက်တန်သွားပြီဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် အားလုံးက သူတို့၏စိတ်ကူးစိတ်သန်းများသာ ဖြစ်ပြီး ကျုံးယုံက အိမ်ထောင်ပြုရန် ရည်ရွယ်ချက်မရှိသေးကြောင်း သူတို့ နားလည်နေသေးသည်။ ထိုသို့ဆိုလျှင် သူတို့၏သမီးလေးက အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိဘဲ သုံးနှစ်လောက် စောင့်ဆိုင်းရလိမ့်မည်။
လူတိုင်းကတော့ ကျန်းမိသားစု၏အတွေးများကို မသိကြဘဲ အားလုံး၏အာရုံစိုက်မှုက ကျုံးယုံအပေါ်တွင်သာ ရှိနေခဲ့သည်။ စူးချင်းက ရှေ့တိုးသွားပြီး ကျုံးယုံ၏ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။
“မွေးစားအမေက မင်း ငိုနေတာကို မြင်ချင်မှာ မဟုတ်ဘူး။ မင်းရဲ့မျက်ရည်တွေကို သုတ်ပြီး ယောက်ျားတစ်ယောက်လို ပြုမူစမ်း"
“ဟုတ်ကဲ့ပါ ဆရာ”
သူ့ဆရာ၏ စကားကို ကြားလိုက်သည်နှင့် ကျုံးယုံက သူ့မျက်ရည်များကို ချက်ချင်း ပြန်သုတ်လိုက်သည်။ ထို့နောက် လူတိုင်းက သူအတွက် ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရသည်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့က ပူဇော်သက္ကာများကို စီစဉ်လိုက်ပြီး မွေးစားအမေ၏ အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်ကြသည်။
“မွေးစားအမေ၊ စူးချင်းနဲ့ ကျွန်တော် မွေးစားအမေကို တွေ့ဖို့ ရောက်လာပြီ၊ မွေးစားအမေကို စိတ်မပူပါနဲ့၊ စူးချင်းနဲ့ ကျွန်တော် ယုံအာကို တစ်ယောက်တည်း နေခိုင်းမှာ မဟုတ်ပါဘူး”
ရှောင်းကျဲယွိက သူ့၏မွေးစားအမေကို လေးလေးနက်နက် ကတိပေးလိုက်သည်။ ကျိရှောင်ယင်က ခပ်လှမ်းလှမ်းတွင် ဒူးထောက်နေကာ သူမ၏မွေးစားအမေကို အရိုအသေပေးလိုက်သည်။ သူမက ငိုနေရင်း သူမကိုယ့်သူမ အပြစ်တင်နေကာ သူမ၏မွေးစားအမေကို လွမ်းဆွတ်နေမိသည်။
သူမရဲ့မွေးစားအမေ သူမရဲ့အနားမှာ ရှိနေတုန်းက သူမ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားခွင့်ရခဲ့ပြီး ကလေးလေးတစ်ယောက်လို နေခွင့်ရခဲ့တယ်။ မွေးစားအမေ ထွက်သွားပြီးတော့ သူမ တစ်ယောက်တည်း အရမ်းအထီးကျန်သလို ခံစားရတယ်။
“သခင်လေးကို သတင်းပို့ပါတယ်၊ မြို့ပြင်မှာ လူတစ်ယောက် ရောက်နေပြီး သခင်လေးကို တွေ့ခွင့်တောင်းနေပါတယ်၊ သူနဲ့အတူ စစ်တပ်ကိုလည်း ခေါ်လာခဲ့ပါတယ်”