← Chapters

အကြီးစား အံ့ဩဖွယ် တစ်ခု

Vol. 14 Ch. 202

အကြီးစား အံ့ဩဖွယ် တစ်ခု

Vol. 14 Ch. 202

*အရိုအသေပေးပါတယ်၊ ကျွန်တော်က မိစ္ဆာဝိညာဉ်ရိုင်းပါ*

ဝိညာဉ်ရိုင်း၏ အသံက အလွန် ရိုသေ လေးစားဟန် များဖြင့် ပြည့်နှက်လို့နေသည်။

သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်က သူ့အား ပြီတီတီအပြုံးနှင့် မေးလိုက်သည်။

"ကုန်းကျန့်ထျန်း ဘယ်မှာလဲ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်မှာရှိလဲ"

"သခင်ကြီး ကုန်းကျန့်ထျန်းက အရှေ့အာရှမှာ တည်ရှိတဲ့ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲရဲ့ ခေါင်းဆောင်ပါ၊ သူ့အဖွဲ့ရုံးချုပ်က တိုကျို မြို့က ဆန်လင်း ဗိမာန်ပါ၊ သူက ဒဏ္ဍာရီ အဆင့် ရောက်နေပါပြီ"

*ဒဏ္ဍာရီအဆင့်*

ယဲ့ဖန်က မျက်လုံးကို မှေးစင်း၍ ရက်စက် သော အပြုံးဖြင့် ဆက်ပြုံး လိုက်သည်။

"ရှန့်ကျန်းမြို့မှာ မဟူရာ ကြက်ခြေခတ် အဖွဲ့သားတွေ ထပ်ရှိသေးလား"

"တိုကျိုက ရုံးချုပ်အပြင် မဟူရာ ကြက်ခြေ ခတ် အဖွဲ့က အရှေ့အာရှမှာတင် ဂိုဏ်းခွဲ လေးခု ရှိပါတယ်၊ တစ်ခုက ရှန့်ကျန်းမြို့မှာပါ။ သခင်ကြီးက ရှန့်ကျန်းမြို့က ရုပ်သေး ဆရာ သခင် ဆယ့်သုံးယောက်လုံးကို သတ်ပစ် ခဲ့ ပြီးပါပြီ။ ကုန်းတွင်း ဒေသမှာ ရုပ်သေး ဆရာသခင် စုစုပေါင်း နှစ်ဆယ့်လေးယောက် ရှိပြီးတော့ မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ အတွင်းစည်း အဖွဲ့သား ခြောက်ယောက် ရှိပါသေးတယ်"

ဝိညာဉ်ရိုင်းက အလွန် လေးစားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ရှန့်ကျန်းမြို့က ဂိုဏ်းခွဲမှာ စုစုပေါင်း ဆရာ သခင် အဆင့် အယောက်သုံးဆယ် ရှိပါတယ်"

*အယောက် သုံးဆယ်*

ရရှိလာသော သတင်းကြောင့် ယဲ့ဖန် ထိတ်လန့် သွားရသည်။ ရှန့်ကျန်းမြို့တွင် ဆရာသခင်အဆင့် သည်လောက်များများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

သို့သော် ရရှိလာသော သတင်းများအရ ရှန့်ကျန်းမြို့တွင် ဒေသခံ ဆရာသခင်အဆင့် ဆယ့်သုံးယောက် ရှိသည်ဆိုတော့ ဤသတင်း များ က ဖြစ်နိုင်ချေရှိသည်။

"ပိုပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်း လာပြီပဲ"

ထို့နောက် ယဲ့ဖန်က ဝိညာဉ်ရိုင်း၏ မျက်လုံးကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။

"ဝိညာဉ်ရိုင်း မင်း နတ်ဆိုး သစ်စေ့ ထည့်တဲ့ ကျင့်ကြံနည်းကို လေ့ကျင့်ချင်လား"

*ဟင်*

ဝိညာဉ်ရိုင်း တစ်ခဏမျှ ကြောင်သွားသည်။ သူ စိတ်ပြန်တည်ငြိမ်လာသည်နှင့် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"သခင်ကြီး၊ သခင်ကြီး ကျွန်တော့်ကို နတ်ဆိုး သစ်စေ့ ထည့်နည်း သင်ပေးပြီး မဟူရာ ကြက်ခြေခတ် အဖွဲ့ကို ထိန်းချုပ် စေချင်တာလား"

"အမှန်ပဲ"

ယဲ့ဖန်က မိုးကောင်းကင်မှ ကြယ်တာရာ များကို မော့ကြည့်ရင်း သူ့မျက်လုံးတွင်း၌ အလင်းတန်း တစ်ချို့ ဖြတ်ပြေးသွားသည်။

"မဟူရာ ကြက်ခြေခတ်အဖွဲ့များ သခင်အသစ် လိုနေမလားလို့လေ"

….

ရှန့်ကျန်းမြို့ ကျိုးလုံဒေသရှိ မဟူရာ ကြက်ခြေခတ် ဘား၌….

သာမန်လူများအတွက်တော့ မဟူရာ ကြက်ခြေခတ် ဘားသည် သာမန် ဘားတစ်ခု မျှသာ ဖြစ်သည်။

သို့သော် ဤဘားက အရှေ့အာရှရှိ မဟူရာ ကြက်ခြေခတ် ဂိုက်းခွဲလေးခုထဲမှ တစ်ခု ဖြစ်ကြောင်း ဘယ်သူမှ မသိနိုင်ပါ။

ဘားထဲတွင် နီယွန် မီးရောင်များဖြင့် လင်းလက် နေပြီး ဂီတသံများကြောင့် ဆူညံ နေသည်။

သို့သော် မြေအောက်ခန်းတွင်တော့ အလွန် တိတ်လို့နေသည်။

ထိုနေရာတွင် သန်မာကြမ်းတမ်းသော ယောက်ျား သား အယောက်သုံးဆယ်က သူတို့ ပို၍ သန်မာလာစေရန် လေ့ကျင့်သည့် အခန်း ကျဉ်းလေး ရှိသည်။

ထိုယောက်ျားသား တစ်ယောက်ချင်းစီက ဆရာသခင်အဆင့်များ ဖြစ်ကြ၏။ မဟူရာ ကြက်ခြေခတ်အဖွဲ့က အလွန် တင်းကျပ်စွာ လေ့ကျင့်ပေးသည်။

သူတို့ကို ပေးအပ်သော တာဝန်များအား လိုက်နာ ဆောင်ရွက်ခြင်း မပြုနိုင်ပါက ထိုဆရာသခင်များသည် သူတို့ ဌာနမှ မထွက်ခွာနိုင်ပါ။

သို့မဟုတ်ပါက သူတို့ သေသွားနိုင်လေ၏။

ကျွီ!

မြေအောက်ခန်းမှ လျှို့ဝှက်တံခါး လျင်မြန်စွာ ပွင့်သွားပြီးနောက် လူနှစ်ယောက်က ဖြည်းဖြည်းချင်း ဝင်လာသည်။

သူတို့သည် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် ယဲ့ဖန်တို့ပင် ဖြစ်သည်။

"မိစ္ဆာသခင်"

မိစ္ဆာဝိညာဉ်ရိုင်းကို မြင်သည်နှင့် ဆရာသခင်အဆင့် အယောက်သုံးဆယ်လုံးက သူ့ထံ ကျေနပ်နေသော မျက်နှာထားများဖြင့် သူ့ထံ လာ၍ နှုတ်ဆက်လာကြသည်။

"ဂုဏ်ယူပါတယ်၊ မိစ္ဆာသခင်။ ခင်ဗျား ခေါင်းဆောင်ဆီက ဆုကြီးကြီး ရတော့မှာပဲ"

"ဟဟ … မိစ္ဆာသခင်က တကယ့်ကို ကြီးမြတ်တာပဲ။ ဒီကောင့်လက်ထဲမှာ ဆရာသခင် ဆယ့်သုံးယောက်လုံး သေသွားပင်မယ့် မိစ္ဆာသခင်က သူ တစ်ချက်ကလေး လှုပ်ရှားလိုက်တာနဲ့ သူ့ကို ရုပ်သေးအဖြစ် ပြောင်းလဲလိုက်နိုင်ပြီ"

….

မိစ္ဆာ ဝိညာဉ်ရိုင်းက ဤလူ သုံးဆယ်ထက် ပို၍ ဂုဏ်သတင်းကြီးမားမှန်း သိသာလှသည်။ ဤလူ အယောက်သုံးဆယ်က လွန်လွန်ကဲကဲကို မြှောက်စားနေပုံ ရသည်။

သူတို့၏ မြှောက်လုံးပင့်လုံးများကို ကြားပြီးနောက် မိစ္ဆာဝိညာဉ်ရိုင်းက ရွဲ့တဲ့တဲ့ မျက်နှာပေးဖြင့် ပြောလိုက်သည်။

"မင်းတို့ မှားနေပြီ"

*အမ်*

ဆရာသခင်အဆင့် အယောက်သုံးဆယ်လုံး တစ်ခဏမျှ ကြောင်သွားခဲ့ကြသည်။ မိစ္ဆာ ဝိညာဉ်ရိုင်း ပြောတာကို သူတို့ အထာမပေါက်ကြ။

"ငါ သူ့ကို ငါ့ရဲ ရုပ်သေးအဖြစ် ပြောင်းခဲ့တာမဟုတ်ဘူး"

မိစ္ဆာ ဝိညာဉ်ရိုင်းက အသာအယာ ပြုံး၍ ပြောလိုက်သည်။ သူ့စကားကြောင့် ကျန်ဆရာသခင်များ အလွန် စိတ်ရှုပ်ထွေးလာကြသည်။

ထို့နောက် မိစ္ဆာ ဝိညာဉ်ရိုင်းက ထပ်ပြောလိုက်သည်။

"အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ပဲ၊ သူက ငါ့သခင်ကြီး ဖြစ်လာတာ"

*ဘာ*

သူ့စကားကို ကြားပြီး အခန်းထဲရှိ ဆရာသခင်များအားလုံး တိတ်ကျသွားသည်။

သို့သော် ဘာတွေ ဖြစ်နေသလဲဆိုတာကို သူတို့ သေချာ နားမလည်နိုင်ခင်မှာတင် ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်းတို့က လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

ရွှစ်! ရွှစ်! ရွှစ်!

ယဲ့ဖန်က လျှပ်စီးထက် ပိုမြန်သော နှုန်းဖြင့် လှစ်ခနဲ လှုပ်ရှားက ဆရာသခင် ငါးယောက်၏ နဖူးထဲသို့ နတ်ဆိုးသစ်စေ့ ငါးစေ့ကို ချက်ချင်း ထည့်လိုက်သည်။

ဝိညာဉ်ရိုင်းသည်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ ဆရာသခင်များထံသို့ ပြေးတက်ကာ နတ်ဆိုးသစ်စေ့ လေးစေ့ကို ထည့်လိုက်သည်။

တိုက်ခိုက်မှုက အလွန် မြန်လှသဖြင့် ပစ်မှတ်ထားခံလိုက်ရသည့် ဆရာသခင် ကိုးယောက်လုံး ဘာတွေ ဖြစ်သွားမှန်း သတိမထားလိုက်မိခင်မှာတင် လဲကျသါားသည်။

"သေစမ်း ဝိညာဉ်ရိုင်း ငါတို့ကို သစ္စာဖောက်သွားပြီ"

ဘာတွေ ဖြစ်နေသလဲဆိုတာကို သတိပြုမိသွားသည်နှင့် ကျန်ဆရာသခင်များ အားလုံး ထိတ်လန့်သွားပြီး ဒေါသလည်း ထွက်လာကြသည်။

ထို့နောက် သူတို့အားလုံး လက်နက်ကိုယ်စီ ထုတ်၍ ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်း ထံသို့ ပြေးဝင်လာကြသည်။

"သေပေတော့"

ဆရာသခင် နှစ်ဆယ့်တစ်ယောက်လုံး မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် သူတို့၏ လက်နက်များအား ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်းထံသို့ ခုတ်လွှဲလိုက်ကြသည်။

သန်မာ ကြမ်းတမ်းသော ချီဓာတ်များနှင့်အတူ သူတို့၏ တိုက်ကွက်များက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

သို့ပေမဲ့ ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်းတို့က နဂိုအတိုင်း ရွဲ့တဲ့တဲ့ မျက်နှာထားများဖြင့် တစ္ဆေကဲ့သို့ လှစ်ခနဲ အဝေးသို့ ရွေ့သွားသည်။

ထို့‌နောက် ဆရာသခင်များ၏ နံဘေးများတွင် ကွေ့ကာကောက်ကာနှင့် သွားလာနေ၏။

ရွှစ်! ရွှစ်! ရွှစ်!

သူတို့သည် အားနှင့် နတ်ဆိုး သစ်စေ့များအား တစ်ယောက်ပြီး တစ်ယောက်ထံသို့ ထည့်သွင်း လိုက်ကြသည်။

ဆရာသခင်များအားလုံး ပြိုင်တူ လဲကျသွားလေတော့သည်။

တစ်ယောက်။ သုံးယောက်။ ခြောက်ယောက်။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ဆရာသခင် ခြောက်ယောက် လဲကျသွားကာ ဆရာသခင် တစ်ဝက်ခန့် နတ်ဆိုး သစ်စေ့ ထည့်သွင်းခြင်း ခံလိုက်ရပြီ ဆိုတာကို အရိပ်အယောင် ပြနေလေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ကျန်ဆရာသခင်များ ထိတ်လန့်ကာ ဒေါသူပုန်ထလာကြသည်။

"ဝိညာဉ်ရိုင်း မင်း ရူးနေလား။ ဘာလို့ မင်း အဲ့ကောင် ဂိုဏ်းခွဲကို လာတိုက်တာကို ကူညီနေရတာလဲ။ ဒါ မြို့တော်အဆင့် ရာဇဝတ်မှုကွ။ ဒါကို ခေါင်းဆောင် သိသွားလို့က‌တော့ မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်လိမ့်မယ်"

ထိုဆရာသခင်၏ ကျိန်းမောင်းသံကို ကြားသော် ဝိညာဉ်ရိုင်းက အထင်သေးဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဟွန်း … မင်းတို့ ငါ့ သခင်ကြီးရဲ့ အရည်အချင်းကို မသိပါဘူးကွာ။ ငါ့သခင်ကြီး တစ်ယောက်တည်းကပဲ မဟူရာ ကြက်ခြေခတ် အဖွဲ့ကို ထိန်းချုပ်ဖို့ အရည်အချင်း ပြည့်မီတာ"

…

ကျန်ရှိနေသေးသော ဆရာသခင်များ သူတို့ နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည့် စကားကို မယုံကြည်နိုင်ပါ။

ဆရာသခင် အထွတ်အထိပ်အဆင့်ကသူက ယဲ့ဖန်အား သူ၏ သခင်ကြီးအဖြစ် ဆက်ဆံနိုင်နေရသနည်း။

ဒါ အံ့ဩဖွယ် အတိပင်။ သို့သော် ယဲ့ဖန်က သူတို့အား စဉ်းစားချိန် ပေးမနေပါ။

သူက အရှိန်ကို မြင့်၍ ကျန် ဆရာသခင်များကြား ဆက်၍ ကွေ့ကာကောက်ကာ သွားလာလိုက်၏။

သူ လက်တစ်ချက် ဆန့်ထုတ်လိုက်တိုင်း ဆရာသခင်တစ်ယောက်၏ ခေါင်းထဲတွင် နတ်ဆိုး သစ်စေ့အား ထည့်သွင်းလိုက်ပြီး ဖြစ်သဖြင့် သူတို့ လဲကျသွားလေတော့သည်။

ဘုန်း! ဘုန်း! ဘုန်း!

ဆရာသခင်များစွာ လဲကျလာကြသည်။ ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်းတို့က ကျန်နေသော ဆရာသခင် ဆယ်ယောက်အား ဖိနှိပ်ချုပ်ချယ်သော သွင်ပြင်များနှင့် ဆက်၍ အနိုင်ယူလိုက်သည်။

နောက်ဆုံး ဆရာသခင်တစ်ယောက်အား နတ်ဆိုး သစ်စေ့ ထည့်သွင်းပြီးသည့် အချိန်တွင် အခန်းထဲရှိ ဆရာသခင် အယောက်သုံးဆယ်လုံး လဲကျကုန်ပြီ ဖြစ်သည်။

ထိုစဉ် အခန်းထဲမှ ဆရာသခင်အားလုံး ကျယ်လောင်စွာ အော်ဟစ်ကြတော့သည်။ ကျွန်အမှတ်အသားက သူတို့၏ နဖူးအလယ် တည့်တည့်သို့ စတင်၍ ကျွံဝင်လာသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီးသည့် အခါတွင် ဆရာသခင် အယောက်သုံးဆယ်လုံး မျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာသည်။

သူတို့၏ မျက်လုံးများတွင် အလွန် လေးစား ကြည်ညိုဟန်များဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်အတွက်ဆိုလျင် မဆိုင်းမတွ အသက်ပေးဝံ့သည့် ပုံရသည်။

ထို့နောက် ဆရာသခင်များ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ကာ ယဲ့ဖန်ထံသို့ လျှောက်လာသည်။

ဘုန်းခနဲ အသံနှင့်အတူ သူတို့အားလုံး ကြမ်းပြင်ပေါ်၌ ဒူးတစ်ဘက် ထောက်လိုက်ကြသည်။

"အရိုအသေပေးပါတယ် သခင်ကြီး"

နားကွဲမတတ် ပဲ့တင်သံကြီးက အခန်းတွင်း စူးဝါးစွာ ထွက်ပေါ်လာ၏။ ဆရာသခင် အယောက် သုံးဆယ်လုံးက ယဲ့ဖန်အား အတူတကွ အရိုအသေပေး၍ သူတို့၏ သခင်ကြီးအဖြစ် ကြေညာနေကြသည်။ ဤဖြစ်ရပ်၏ သတင်းသာ လူအများ သိသွားကြပါက တစ်ကမ္ဘာလုံး ထိတ်လန့်သွားစေလောက်သည်။

သူ့ရှေ့မှ ဆရာသခင် အယောက်သုံးဆယ်အား ကြည့်ပြီး ယဲ့ဖန်က မကောင်းဆိုးဝါး ဆန်သော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်က "ဒါ အစပဲ ရှိသေးတယ်"

"ကုန်းကျန့်ထျန်း ကျုပ် ခင်ဗျားဆီကို အကောင်းဆုံး အံ့ဩဖွယ် တစ်ခု ပို့လိုက်မယ်၊ တကယ့် အကြီးစား အံ့ဩဖွယ် တစ်ခုပေါ့"

All Chapters