← Chapters

ခန်းမသခင်ကတော့ တကယ်ကို ထက်မြက်လွန်းပါသည်

Vol. 5 Ch. 61

ခန်းမသခင်ကတော့ တကယ်ကို ထက်မြက်လွန်းပါသည်

Vol. 5 Ch. 61

ပူပူနွေးနွေး ဆွေးနွေးငြင်းခုံမှုအပြီးမှာတော့ လျိုဇီဂျင်းနဲ့ တခြားလေးယောက်ဟာ အစ်ကိုကြီးရဲ့ ပညတ်တော်သုံးချက်ထဲက ပထမဆုံးအချက်ကို နောက်ဆုံးမှာ အဓိပ္ပာယ်ဖော်နိုင်ခဲ့သည်။ ထိုအချက်မှာ အစ်ကိုကြီးမှာ ဘယ်လောက်များတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားကြောင်း ဘယ်တော့မှ ထုတ်ဖော်မပြောရဆိုသည့်အချက်ပင်ဖြစ်သည်။

တကယ်လို့ မလွှဲမရှောင်သာ ပြောရမယ့် အခြေအနေမျိုး ကြုံလာလျှင်တောင် ဂီတ၊ စစ်တုရင်၊ လက်ရေးအလှ သို့မဟုတ် ပန်းချီပညာလို အနုပညာတွေကိုသာ ပြောခွင့်ရှိသည်။

ဆေးဖော်စပ်ခြင်း သို့မဟုတ် လျှို့ဝှက်လက်နက်ပြုလုပ်ခြင်းလိုမျိုး တခြားသူတွေကို လောဘတက်စေနိုင်တဲ့ ပညာရပ်တွေကိုတော့ ဘယ်လိုအခြေအနေမျိုးမှာမှ ထုတ်မပြောမိဖို့ အရေးကြီးသည်။

"ကောင်းပြီ နောက်တစ်ခုအနေနဲ့ ဒုတိယစည်းကမ်းကို ဆွေးနွေးကြရအောင် အစ်ကိုကြီးကို သံတံဆိပ်အဖြစ် တခြားသူတွေဆီ မညွှန်းဆိုရဘူးဆိုတဲ့အချက်ပဲ အားလုံး ကိုယ့်အတွေးအမြင်လေးတွေ ပြောပြကြပါဦး"

သူတို့တွေဟာ ညဉ့်နက်တဲ့အထိ ဆွေးနွေးငြင်းခုံခဲ့ကြပြီးနောက်မှာတော့ ‘အစ်ကိုကြီးနှင့် ဆက်ဆံရေးအတွက် လက်စွဲ’ ပထမမူကြမ်းကို အပြီးသတ်နိုင်ခဲ့သည်။

အဓိကအချက်တွေထဲမှာတော့ လူစည်ကားတဲ့နေရာတွေမှာ အစ်ကိုကြီးကို သွားမချဉ်းကပ်ဖို့၊ နှုတ်ဆက်ဖို့ မကြိုးစားဖို့အပြင် သူ၏ မကြုံစဖူးစွမ်းရည်တွေကို တခြားသူတွေ၊ နောက်ဆုံး ကိုယ့်ဆရာသမားတွေကိုတောင် ထုတ်မဖော်ဖို့တို့ ပါဝင်သည်။

"ဝိုး နောက်ဆုံးတော့ ပြီးသွားပြီပဲ"

ယွီကွေ့မြောင်တစ်ယောက် သူ့ရဲ့နွမ်းနယ်နေတဲ့ မျက်နှာအမူအရာနဲ့အတူ ပျင်းကြောတစ်ချက်ဆန့်လိုက်သည်။

"နင်ကတော့ အစကနေအဆုံး ဖူလင်မုန့်တွေပဲ ထိုင်စားနေတာလေ တော်တော် အရှက်မရှိတာပဲ"

ယွီကွေ့ကျွေးက သနားညှာတာမှုမရှိဘဲ အမှန်အတိုင်း ထောက်ပြလိုက်၏။

"မဟုတ်ပါဘူးနော် ကျွန်မ သုံးခုပဲစားတာ ပြီးတော့ ကျွန်မလည်း အတွေးအခေါ်တွေ အများကြီး ပေးခဲ့တာပဲဟာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီမှာ တစ်ခုကျန်သေးတယ် စားမလား"

"စားမယ် အစ်မက အကောင်းဆုံးပဲ"

ယွီကွေ့ကျွေးက နောက်ဆုံးကျန်တဲ့ ဖူလင်မုန့်တစ်ပိုင်းကို ယွီကွေ့မြောင်ရဲ့ ပါးစပ်ထဲသို့ ချစ်စနိုးနဲ့ ခွံ့ကျွေးနေတာကိုကြည့်ပြီး ဖန်းချိုးယောင်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့။

အရင်က သူတို့တွေ သိပ်မရင်းနှီးခင်အချိန်တုန်းက ဒီညီအစ်မသုံးယောက်ဟာ အံ့ဩစရာ ကောင်းလောက်အောင် တစ်သားတည်းကျပြီး အားလုံးက တောက်ပပြီး လန်းဆန်းတက်ကြွကြလို့ ဘယ်သူကဘယ်သူလဲ ခွဲခြားလို့မရအောင် ဖြစ်ခဲ့ရသည်။

ဒါပေမဲ့ အတူတူ အချိန်ပိုကြာကြာ နေပြီးနောက်မှာတော့ သူတို့တစ်ယောက်ချင်းစီမှာ တကယ်တမ်း မတူညီတဲ့ စရိုက်လက္ခဏာတွေ ရှိနေမှန်း သိလာရသည်။

အမြွှာသုံးယောက်ဟာ တစ်ချိန်တည်းနီးပါး မွေးဖွားခဲ့ကြပေမဲ့ အငယ်ဆုံး ယွီကွေ့မြောင်ကတော့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ညီမလေးတစ်ယောက်လို ဖြစ်သည်။

ယွီကွေ့ရွှေကတော့ တခြားနှစ်ယောက်ကို အမြဲဂရုစိုက်တဲ့ အစ်မကြီးတစ်ယောက်ရဲ့ အခန်းကဏ္ဍမှာ ရှိနေသည်။

အလယ်မှာညပ်နေတဲ့ ယွီကွေ့ကျွေးကတော့ ယွီကွေ့မြောင်ရှေ့မှာဆို အားကိုးရတဲ့ အစ်မတစ်ယောက်ဖြစ်ပေမဲ့ ယွီကွေ့ရွှေနဲ့ တွေ့တဲ့အခါမှာတော့ ကလေးလေးတစ်ယောက်လို ချွဲနွဲ့တတ်တဲ့ ညီမလေး ပြန်ဖြစ်သွားတတ်သည်။

ဒါပေမဲ့ အတူတူ ပြဿနာတစ်ခုကို ရင်ဆိုင်ရတဲ့အခါမှာတော့ ညီအစ်မသုံးယောက်လုံးက တစ်ပုံစံတည်း တုံ့ပြန်တတ်ကြတာကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းလှသည်။

"အခုဆို အားလုံးလည်း သဘောတူပြီးပြီဆိုတော့ ပြန်ပြီးအနားယူကြရအောင် တော်တော်ညဉ့်နက်နေပြီ"

လျိုဇီဂျင်းက စားပွဲပေါ်က စာရွက်တွေနဲ့ ပန်းကန်တွေကို သိမ်းရင်း ပြောလိုက်သည်။

"အဲ ကျွန်မ မပြန်ချင်သေးဘူး"

ယွီကွေ့မြောင်က ညလုံးပေါက် မအိပ်ချင်သေးတဲ့ပုံစံနဲ့ ညည်းညူလိုက်၏။

သူမနဲ့ထပ်တူ ခံစားနေရတဲ့ ဖန်းချိုးယောင်က ဝင်ပြောလိုက်သည်။

"ဒါဆို ဒီည အားလုံး ဒီမှာပဲ အိပ်လိုက်ကြမလား အရင်တစ်ခေါက် စခန်းချတုန်းကလိုလေ ငါတို့ စကားဆက်ပြောလို့ရတာပေါ့"

"အကြံကောင်းပဲ"

ယွီညီအစ်မသုံးယောက်လုံး တစ်ပြိုင်နက် လက်ထောင်ထောက်ခံကြသည်။

လျိုဇီဂျင်းကတော့ ချီတုံချတုံဖြစ်နေသည်။

"ဒါပေမဲ့ အဲဒါ စည်းကမ်းဖောက်ဖျက်ရာကျတယ်"

"အစ်မဇီဂျင်းရယ်"

လှပတဲ့ မျက်နှာလေးခုက သူမဘက်ကိုလှည့်လာပြီး တစ်သံတည်း တောင်းပန်ကြသည်။

"အိုင်း ကောင်းပြီလေ မနက်စောစောတော့ ထကြနော်"

"ရေး……"

......

သုံးရက်အကြာမှာတော့ ငန်းပျံတောင်ထွတ်ထိပ်မှာ နီလာနှလုံးခန်းမနဲ့ ရေမှန်ခန်းမက တပည့်တွေဟာ မျှော်လင့်ချက်၊ စပ်စုချင်စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေ ရောယှက်နေတဲ့ မျက်နှာတွေနဲ့ စုရုံးနေကြသည်။

နီလာနှလုံးခန်းမရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက ယောက်ျားလေးတွေဖြစ်ပြီး ရေမှန်ခန်းမရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းက မိန်းကလေးတွေဖြစ်တာကြောင့် ဒီတွေ့ဆုံပွဲဟာ မီးနဲ့လောင်စာလိုပါပဲ။

ခန်းမနှစ်ခုလုံးက တပည့်တွေ တန်းစီပြီးတာနဲ့ ကျန်းဟယ်ချင်းဟာ ဆွဲထုတ်လိုက်တဲ့ ဓားတစ်စင်းလို လေထဲကို ပျံတက်သွားပြီး ကျောက်စင်မြင့်ပေါ်သို့ ခန့်ညားထည်ဝါစွာ သက်ဆင်းလာသည်။ သူ့ရဲ့အရှိန်အဝါကြောင့် ရေမှန်ခန်းမဘက်ကနေ အံ့ဩသံတွေ ထွက်ပေါ်လာသည်။

'ဝိုး ကြယ်တာရာအစီအရင်ဓားသခင် ခန်းမသခင်ကျန်းလား အရမ်းခန့်ညားတာပဲ'

'သူ့ရဲ့ ဓားအရှိန်အဝါက လက်တွေ့ပုံဖော်လို့ရလောက်အောင် ပြင်းထန်နေပါလား ဘယ်လိုအဆင့်မျိုးရောက်မှ ဒီလိုလုပ်နိုင်တာလဲ'

'သူ့ရဲ့ဓားစွမ်းအင်က အရမ်းစူးရှတာပဲ သူက အရမ်းအေးစက်ပြီး တစ်ကိုယ်တည်းနေတတ်တဲ့သူ ဖြစ်ရမည်'

......

ကျောက်စင်မြင့်ထိပ်မှာ ရပ်နေတဲ့ ကျန်းဟယ်ချင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ့ရဲ့အသံကို အတွင်းအားနဲ့ ချဲ့လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော်က နီလာနှလုံးခန်းမရဲ့ ခန်းမသခင် ကျန်းဟယ်ချင်း ဖြစ်ပါတယ် ဒီနေ့ ငန်းပျံတောင်ထွတ်ကို ကြွရောက်လာကြတဲ့ ရေမှန်ခန်းမက တပည့်အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ် ဒီချစ်ကြည်ရေးပြိုင်ပွဲကို ကျွန်တော်ကိုယ်တိုင် ကြီးကြပ်မှာဖြစ်ပြီး နှစ်ဖက်စလုံး အပြန်အလှန် လေ့လာသင်ယူစရာတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

သူ့စကားဆုံးတာနဲ့ လက်ခုပ်သြဘာသံတွေ ဆူညံသွားသည်။

နောက်ထပ် အဖွင့်စကားအနည်းငယ် ပြောပြီးနောက်မှာတော့ ကျန်းဟယ်ချင်းက ပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာပြီး နောက်ကိုဆုတ်ကာ စောင့်ရှောက်သူယွီမန်ဝင်းရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"စောင့်ရှောက်သူယွီ ဒီနေ့ အဖွဲ့ကို ဦးဆောင်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သူမအတွက် လက်ဖက်ရည်ပူပူလေး ငှဲ့ပေးရင်း သူက ပြောလိုက်၏။

ကျန်းဟယ်ချင်းက ဒီလိုပြောရခြင်းအကြောင်းရင်းမှာ ဒီလိုခန်းမနှစ်ခုပူးပေါင်းတဲ့ ပွဲကြီးမျိုးမှာ ခန်းမသခင်နှစ်ယောက်လုံး ပါဝင်သင့်တာကြောင့်ဖြစ်သည်။

ဒါပေမဲ့ ရေမှန်ခန်းမရဲ့ ခန်းမသခင်ရှီကတော့ အထူးအခြေအနေတစ်ခုဖြစ်သည်။ သူမကို အရေးကြီးတဲ့ လူထုစုဝေးပွဲတွေမှာ လုံးဝနီးပါး မတွေ့ရတတ်ချေ။

ဒါပေမဲ့ ကျန်းဟယ်ချင်း နားလည်သည်။ သူမရဲ့... ထူးခြားတဲ့ ပုံပန်းသဏ္ဌာန်ကြောင့် တပည့်တွေများတဲ့နေရာတွေမှာ ပွဲထွက်ဖို့ အဆင်မပြေတာကိုပေါ့။

ယွီမန်ဝင်းက ခပ်ယဲ့ယဲ့ပြုံးသည်။

"ဒါက ဘာမှအပန်းမကြီးပါဘူး အမြဲတမ်း ဒီလိုပဲဆိုတော့ ကျွန်မ ရိုးနေပါပြီ"

"ဒီထိုင်ခုံက ထိုင်လို့အဆင်ပြေရဲ့လား အဆင်မပြေရင် ကျွန်တော် တစ်ယောက်ယောက်ကို တခြားထိုင်ခုံ သွားယူခိုင်းလိုက်မယ်လေ"

"တော်တော်လေး သက်သောင့်သက်သာရှိပါတယ် ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့"

"ဒီကနေ ကြည့်ရတဲ့နေရာကရော ဘယ်လိုလဲ နေရာပြောင်းပေးရဦးမလား"

"ဒီအတိုင်းပဲ ကောင်းပါတယ်"

ယွီမန်ဝင်းက ရှေ့ကို လက်ညှိုးထိုးပြသည်။

"ခန်းမသခင်ကျန်း ပြိုင်ပွဲစနေပြီ"

"အာ ဟုတ်သားပဲ ဟုတ်သားပဲ ပြိုင်ပွဲကို အရင်ကြည့်ကြရအောင်"

စင်မြင့်ပေါ်မှာတော့ ရေမှန်ခန်းမနဲ့ နီလာနှလုံးခန်းမက တပည့်တွေဟာ ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး သူတို့ရဲ့ဓားချက်တွေက မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။

ဒါပေမဲ့ လျိုဇီဂျင်းနဲ့ တခြားသူတွေကတော့ ပြိုင်ပွဲကို လုံးဝစိတ်မဝင်စားကြချေ။

သူတို့ရဲ့ လှပတဲ့မျက်လုံးတွေက တစ်ဖက်က နီလာနှလုံးခန်းမ တန်းစီထဲက တစ်စုံတစ်ယောက်ကို ရှာဖွေနေလို့ အလုပ်များနေသည်။

နီလာနှလုံးခန်းမက ယောက်ျားလေးတပည့်တွေအတွက်တော့ အဲဒီအကြည့်တွေက နည်းနည်းတော့ စိတ်လှုပ်ရှားစရာကောင်းလွန်းနေသည်။

'အဲဒီကောင်မလေး ငါ့ကို ကြည့်နေတာလား အရမ်းလှတာပဲ ရေမှန်ခန်းမက အလှလေးတွေ အများကြီးထဲမှာတောင် သူက ထင်းနေတာပဲ'

'ခန်းမသခင် သက်တော်ရာကျော်ရှည်ပါစေ ရေမှန်ခန်းမနဲ့ ချစ်ကြည်ရေးပြိုင်ပွဲလုပ်ပေးရုံမကဘဲ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့အထိ စီစဉ်ပေးလိမ့်မယ်လို့ ထင်မထားဘူး ဒါက ငါတို့ကို တွန်းအားပေးချင်လို့ ဖြစ်ရမယ် ခန်းမသခင်က ဒီလောက်ဂရုစိုက်တတ်လိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး ငါ ငါ နီလာနှလုံးခန်းမရဲ့ တပည့်အဖြစ်ပဲ ရှင်သန်ပြီး သေဆုံးမယ်'

'အပြာရောင်ဝတ်စုံနဲ့ ကောင်မလေးသုံးယောက်က တစ်ပုံစံတည်း အမြွှာတွေပါလား အားလုံးက အရမ်းလှတာပဲ ငါ့ဆံပင်တွေ ရှုပ်နေလားမသိဘူး ငါ့ရပ်နေတဲ့ပုံစံကို ပြင်လိုက်ရမလား ဓားကိုကိုင်ထားရင် ပိုမိုက်သွားမလား'

......

တစ်ချိန်တည်းမှာပဲ မှန်ပန်းဥယျာဉ်ထဲမှာ ကျန်းပေရန်က ရှီဖုန်းလန်ရဲ့ အစေခံမလေးကို ပန်းပင်တွေ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သင်ပြနေသည်။

"ဒီပန်းတွေကို အရွက်မာအမျိုးအစားနဲ့ အရွက်ပျော့အမျိုးအစားဆိုပြီး ခွဲခြားလို့ရတယ် ဥပမာ ဒီ 'လအေးည' ပန်းက အရွက်မာအမျိုးအစားပဲ အရွက်မာအပင်တွေရဲ့ အဓိကအမှတ်အသားက သူတို့ရဲ့မျက်နှာပြင်ပေါ်မှာ အဖြူရောင်အစက်တွေ ဒါမှမဟုတ် အစင်းကျားပုံစံတွေ ရှိနေတာပဲ အရွက်မာနဲ့ အရွက်ပျော့အပင်တွေက အလင်းရောင်လိုအပ်ချက်လည်း လုံးဝမတူဘူး အရွက်မာအမျိုးအစားတွေက တိုက်ရိုက်နေရောင်ခြည်ထက် တိုက်ရိုက်မကျတဲ့အလင်းရောင်ကို ပိုကြိုက်တယ်"

ဒီအချိန်မှာ မှတ်စုရေးနေတဲ့ အစေခံမလေးက မေးလိုက်သည်။

"တိုက်ရိုက်အလင်းရောင်ကိုတော့ ကျွန်မသိပါတယ် ဒါပေမဲ့ တိုက်ရိုက်မကျတဲ့ အလင်းရောင်ဆိုတာ ဘာကိုပြောတာပါလဲ"

"ဥပမာပြောရရင် သစ်ရွက်တွေကြားကနေ စိမ့်ဝင်လာတဲ့ နေရောင်ခြည်မျိုးက တိုက်ရိုက်မကျတဲ့ အလင်းရောင်ပဲ"

"သြော် နားလည်သွားပါပြီ"

အစေခံမလေးက ခေါင်းညိတ်ပြီး အမြန်ချရေးလိုက်သည်။

ကျန်းပေရန်က စကားဆက်ပြောဖို့ ပြင်နေတုန်းမှာပဲ သူ့ဘေးကနေ ရှီဖုန်းလန်ရဲ့အသံ ထွက်ပေါ်လာသည်။

"နင် ဒီနေ့ ခန်းမနှစ်ခုရဲ့ ချစ်ကြည်ရေးပြိုင်ပွဲကို တကယ်မသွားတော့ဘူးလား"

"ခန်းမသခင်ရှီလည်း မသွားဘူး မဟုတ်လား"

"ငါက ခန်းမသခင်လေ ငါ့မှာ အထူးအခွင့်အရေးရှိတယ်"

"ဒါဆို ကျွန်တော်က စာရင်းသွင်းတပည့်လေ ကျွန်တော့်မှာလည်း အထူးအခွင့်အရေးရှိတာပေါ့"

"……."

"ကိုယ်က စာရင်းသွင်းတပည့်ပါလို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောတဲ့သူဆိုလို့ နင့်ကိုပဲ ငါမြင်ဖူးတယ် ဒါပေမဲ့ အဲဒီအချက်ကြောင့်ပဲ နင့်ကို ငါလေးစားတာလေ ပေရန်လေးရဲ့ ဒီတော့ မန်ဝင်းလည်း မရှိတုန်း ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာလေး ကစားချင်လား"

All Chapters