← Chapters

ငါ သူ့ကို သတ်လိုက်သင့်တယ် ထင်တယ်

Vol. 14 Ch. 204

ငါ သူ့ကို သတ်လိုက်သင့်တယ် ထင်တယ်

Vol. 14 Ch. 204

*သေပြီ*

သူ့လက်ပါးစေ နှစ်ယောက်လုံး ချက်ချင်း အသတ်ခံလိုက်ရပြီ။

"မင်း…မင်း သူတို့ကို သတ်လိုက်တယ်"

ရွှယ်ထောင်က မယုံနိုင်သေးသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။ ယဲ့ဖန်သည် အလွန်ရက်စက်လှသည်။ သူ့လက်ပါးစေနှစ်ယောက်က ယဲ့ဖန်အား နှုတ်ဖြင့် စော်ကားလိုက်မိသဖြင့် ခေါင်းဖြတ် အသတ်ခံလိုက်ရသည်။ သူက နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်လှပေ၏။

"ဟေ့ကောင် ငါ့အဖေက မာစတာရွှယ်ကွ၊ မင်း…မင်း ငါ့ကို ရန်စရင် မင်း ရှန့်ကျန်းမြို့မှာ နေခွင့်ရမှာ မဟုတ်ဘူးကွ"

ရွှယ်ထောင်သည် ယဲ့ဖန်အား အလွန် ကြောက်ရွံ့နေသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေ၏။ သို့သော် ပိုင်ယီရှေ့၌ သူ့ကိုယ်သူ အရှက်ကွဲ မခံနိုင်၍ ဟိတ်ဟန်ထုတ်၍ တည်ငြိမ်ဟန် ဆောင်ထားရသည်။

သို့သော် ထိုသို့ သူ ပြောပြီးသည်နှင့် သူ့မျက်နှာက သွယ်လျသော လက်ဝါးတစ်ဘက်၏ အားနှင့် ပါးရိုက်ခြင်းကို ခံလိုက်ရလေသည်။

ဖြန်း!

ရွှယ်ထောင် သတိလစ်မတတ် ဖြစ်သွားရသည်။ သူ့မျက်နှာပေါ်၌ လက်ငါးချောင်းရာက အထင်းသား ပေါ်လွင်နေသလို သူသည်လည်း နာကျင်မှုကြောင့် ညည်းညူလိုက်ရသည်။

သူ့မျက်နှာကို လက်ဖြင့်အုပ်ရင်း သူက ပိုင်ယီအား အလွန်ထိတ်လန့်စွာ ကြည့်လိုက်မိသည်။

ကျောင်းအလှနတ်ဘုရားမလေး ပိုင်ယီက သူ့အား နာကျင်အောင် လုပ်ရဲလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

"ပိုင်ယီ၊ မင်း … မင်း ငါ့ကို ရိုက်လိုက်တာလား"

"ကျွန်မ ရှင့်အသက်ကို ကယ်လိုက်တာ"

ပိုင်ယီက သုန်မှုန်စွာ ပြော၍ ရွှယ်ထောင်အား စိုက်ကြည့်နေသည်။

"ရွှယ်ထောင်၊ ရှင် ဘယ်တော့မှ သူ့ကို အာခံလို့ မရနိုင်ဘူး။ ရှင် မသေချင်သေးရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်"

ယဲ့ဖန်၏ ပင်ကိုစရိုက်ကို ပိုင်ယီ လုံးဝ နားလည်သည်။ ရွှယ်ထောင်ကို သူ မသတ်လိုက်သေးသည့် တစ်ခုတည်းသော အကြောင်းပြချက်က သူမကြောင့်ပင် ဖြစ်သည်။

အကယ်၍ ရွှယ်ထောင်သာ ဆက်၍ ရိုင်းပျနေပါက သူ သေချာပေါက် မသာပေါ် သွားလိမ့်မည်။

ပိုင်ယီ၏ စကားကြောင့် ရွှယ်ထောင်က ချက်ချင်း ဒေါသတကြီးနှင့် ပြန်ပြောလိုက်သည်။

"ကောင်းပါ့ကွာ၊ ပိုင်ယီ မင်း သိပ်တော်တယ်၊ မင်းက ငါ့ကို ကူညီဖို့ထက် အပြင်လူကို ဝင်ကူညီလိုက်တာပဲ၊ ငါ နားလည်ပြီ"

ယဲ့ဖန်နှင့် ပိုင်ယီတို့အား အလွန်မုန်းတီးဟန်ဖြင့် ကြည့်ပြီးနောက် ရွှယ်ထောင်က သူ့မျက်နှာကို လက်ဖြင့် အုပ်၍ ထွက်သွားသည်။

ရွှယ်ထောင်၏ နောက်ကျောကို ကြည့်ရင်း ယဲ့ဖန်က သွေးဆာနေသော အပြုံးဖြင့် ပြောလိုက်သည်။

"ငါ သူ့ကို သတ်လိုက်သင့်တယ် ထင်တယ်"

သူ့စကားကို ကြားပြီး ပိုင်ယီက သူ့အား အသည်းအသန် ဖျောင်းဖျလိုက်သည်။

"ယဲ့ဖန် မာစတာရွှယ်နဲ့ ဒေါက်တာ ရှုကွမ်းတို့က သွေးသောက် ညီအစ်ကိုတွေနော်။ ရွှယ်ထောင်က မာစတာရွှယ်ရဲ့ တစ်ဦးတည်းသောသားပါ။ ကျေးဇူးပြုပြီး ကျွန်မနဲ့ ဒေါက်တာရှုတို့ မျက်နှာကို ထောက်ပြီး သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ"

ယဲ့ဖန်၏ ကြောက်မက်ဖွယ် ကောင်းသော အင်အားကို ပိုင်ယီ ကောင်းကောင်းကြီး သိသည်။ ထို့ကြောင့် သူမ ရှုကွမ်းအား ဒိုင်းအဖြစ် မတတ်သာဘဲ သုံးလိုက်ရခြင်း ဖြစ်သည်။

သူမစကားကို ကြားသော် ယဲ့ဖန်အား ပခုံးတွန့်၍ ခပ်အေးအေး ပြောလိုက်သည်။

"နောက်တစ်ခါ သူ ထပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဦးမယ်ဆိုရင် အင်မော်တယ်တွေတောင် သူ့အသက်ကို ကယ်လို့ မရနိုင်စေရဘူး"

ထိုသို့ပြောပြီး ယဲ့ဖန် လက်တစ်ချက် လှုပ်လိုက်သောအခါ နတ်ဆိုးချီ အမျှင်တန်းများက အလောင်းနှစ်ခုထံသို့ တိုးဝင်သွားသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အလောင်းနှစ်လောင်းက ပြာဖြစ်သွားကာ ပျောက်ကွယ်သွားသည်။

ထိုအခါမှသာ ပိုင်ယီ စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်မိသည်။  ရွှယ်ထောင် ငရဲတွင်းဝမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။

သူမ အနည်းငယ် ယောက်ယက်ခတ်သွားသော်လည်း ပိုင်ယီသည် သူမ မြင်လိုက်ရသည့် အရာကို လက်ခံနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ သွေးသံရဲရဲ အဖြစ်အပျက်များကို သူမ ယခင်က မြင်ဖူးခဲ့သောကြောင့်ပင်။

နှစ်ယောက်သား ပျော်ရွှင်မြူးထူးနေသော စိတ်ဖြင့် ဆက်၍ စကားပြောနေကြသည်။

နာရီဝက်မျှ ကြာသွားလေ၏။

…

ရုတ်တရက် ကျန်းနန် ဟိုတယ် အပြင်ဘက်၌ အနက်ရောင် ကားနှစ်စီးက ဘရိတ်အုပ်ကာ ရပ်လာသည်။

စက္ကန့်ပိုင်းမျှ ကြာသောအခါ ကားထဲမှ လူ ခြောက်ယောက်ထွက်လာပြီး သူတို့ထဲမှ တစ်ယောက်က အကြီးအကဲ ဖြစ်ပုံရသည်။

မီးခိုးရောင် သန်းနေသော မုတ်ဆိတ်မွှေးများနှင့် သိမ်းငှက်ကဲ့သို့ မျက်လုံးတို့နှင့်အတူ ထိုလူကြီးသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်သည့် ချီဓာတ်တို့ကို ထုတ်လွှင့်နေသည်။

သူ့အား ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင် လေးယောက်က လိုက်ပါ စောင့်ရှောက်နေပြီး ထိုလေးယောက်လုံးသည် ကျားတစ်ကောင်ထက်ပင် ပို၍ သန်မာပုံ ရသည်။

ထိုလူကြီး၏ ဘေးတွင် လူငယ်တစ်ယောက် ရှိသည်။ ထိုသူက ရွှယ်ထောင်ပင်။

ထိုလူ ခြောက်ယောက်တို့က ဟိုတယ်ထဲ ချက်ချင်း ဝင်လာကြသည်။ ဧည့်သည်များက အကြီးအကဲကို မြင်သည်နှင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်.

"ကြည့်ဦး အဲ့ဒါ မာစတာရွှယ် မဟုတ်လား။ သူ ဘာလို့ ဒီကို ရောက်လာတာလဲ"

"မာစတာရွှယ်က လက်ရှိ ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းမှာ အင်အားအကြီးဆုံး သိုင်းပညာရှင်ပဲ။ သူ့ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာထားအရဆိုရင် တစ်ယောက်ယောက်က‌တော့ သူ့ကို ရန်စလိုက်ပြီ ထင်တယ်"

"ဘယ်သူက မာစတာရွှယ်ကို ရန်စရဲမှာလဲ။ ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းမှာ ကပ်ဆိုက်ပြီးကတည်းက သူက ရှန့်ကျန်းမြို့မှာ ကျန်ရစ်တဲ့ တစ်ယောက်တည်းသော ကြယ်သုံးလုံး အဆင့် ပညာရှင်ပဲ။ ဘယ်သူက ကိုယ့်သေတွင်း ကိုယ်တူးရဲမှာလဲဟ"

ဟိုတယ်ထဲရှိ လူများကြား ပွက်လောရိုက်လာသည်။

လူတော်တော်များများက မာစတာရွှယ်၏ သဘောကျခြင်း ခံရရန် နှုတ်ဆက်ချင်နေကြသည်။

သို့သော် မာစတာရွှယ်က ဟိုတယ်ထဲရှိ မည်သူ့ကိုမျှ အဖတ်မလုပ်ပေ။ ထိုအစား သူက သူ၏ တစ်ဦးတည်းသောသား ရွှယ်ထောင်အား စိုက်ကြည့်၍ အေးတိအေးစက်ဖြင့် မေးလိုက်သည်။

"ရွှယ်ထောင် အပြစ်ကျူးလွန်တဲ့ကောင် ဘယ်မှာလဲ"

"အဖေ သူက ဟိုနားက အခန်းထဲမှာ ရှိပါတယ်။ သူက ရှောင်အာနဲ့ ရှောင်စန်းတို့ကို ထူးဆန်းနဲ့ နည်းလမ်းနဲ့ သတ်ပစ်လိုက်တယ်"

ရွှယ်ထောင်သည် ဖြောင့်မှန်စိတ် ရှိ၍ မခံမရပ်နိုင် ဖြစ်နေဟန်များဖြင့် ပြည့်နှက်နေ၏။

သူ့စကားကို ကြားပြီး မာစတာရွှယ်၏ မျက်နှာက တင်းမာလာကာ ပြောလိုက်သည်။

"ဟင်း … ငါ ကြည့်စမ်းပါရစေဦး။ ရွှယ်ကလန်ရဲ့ ပိုင်နယ်ထဲမှ ဘယ်လောက် အင်အားကြီးတဲ့ကောင်က ပြဿနာရှာရဲတာလဲ ဆိုတာ ငါ သိချင်စမ်းပါရဲ့"

ထိုသို့ပြောပြီး မာစတာရွှယ်က ထိုအခန်းဆီသို့ ချက်ချင်း လျှောက်သွားသည်၊ သူ့နောက်မှ ကြယ်နှစ်လုံးအဆင့် ပညာရှင် နှစ်ယောက်နှင့် ရွှယ်ထောင်တို့ လိုက်ပါသွားသည်။

မာစတာရွှယ်တို့ကို ကြည့်ပြီး ဟိုတယ်ထဲမှ လူများက အချင်းချင်း တီးတိုး ပြောဆိုကြလေတော့သည်။

တစ်ယောက်ယောက်က သခင်လေးရွှယ်အား ရန်စရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

"အဲ့လူတော့ သွားပြီပဲ။ အဲ့ကောင် ပြဿနာ အကြီးကြီး တက်ပြီ။ သူက သခင်လေးရွှယ်ကို ရန်စလိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ မထူးခြားနားပဲ"

"ဟုတ်ပါ့ကွာ၊ အဲ့ကောင် အရမ်း တုံးလွန်းတယ်"

….

သာမန် လူများက ယဲ့ဖန် သေချာပေါက် သေတော့မည်ဟန်ဖြင့် ပြောဆို ဆွေးနွေးနေကြသည်။

သို့သော် မာစတာရွှယ်တို့ အခန်းနားသို့ မရောက်ခင် အခန်းတံခါး ပွင့်လာပြီး အထဲမှ ယဲ့ဖန်နှင့် ပိုင်ယီတို့ ဖြည်းညှင်းစွာ ထွက်လာကြသည်။

"အဖေ အဲ့ကောင်ပဲ"

ရွှယ်ထောင် ချက်ချင်း ပျော်ရွှင်သွားကာ ယဲ့ဖန်အား လက်ညှိုးထိုးရင်း ထအော်လိုက်သည်။

မာစတာရွှယ်၏ မျက်နှာက ပို၍ သုန်မှုန်လာကာ ရှေ့သို့ ဆက်လျှောက်သွားရန် ပြင်လိုက်သည်။

ထိုစဉ် ကျယ်လောင်သော ကျွိခနဲ မြည်သံက ဟိုတယ် အပြင်ဘက်မှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

နောက်ထပ် အနက်ရောင် ကားသုံးစီးက ဟိုတယ်ဘေးရှိ လမ်းပေါ်၌ ကားရပ်လိုက်သည်။

ကားတံခါး ပွင့်လာသောအခါ အနက်ရောင် ဝတ်စုံနှင့် လူ ခုနစ်ယောက်က လျင်မြန်စွာ ဆင်းလာကြသည်။

သူတို့သည် အမှောင်ထုထဲမှ နတ်ဆိုးများနှင့် တူလှပေသည်။ တစ်ယောက်ချင်းစီက မိစ္ဆာ တစ္ဆေများနှင့် ဆင်တူလှသည်။

ထို့ပြင် သူတို့၏ နဖူးအလယ် တည့်တည့်တွင် အနက်ရောင် အမှတ်အသားများ ရှိနေကြသည်။

ထို အနက်ရောင် ဝတ်စုံနှင့် အဖွဲ့ကို မြင်လိုက်သည်နှင့် မာစတာရွှယ် ချက်ချင်း တောင့်ခနဲ ဖြစ်သွားကာ သူ၏ အရေးအကြောင်း ထင်နေသော မျက်နှာကြီးက ထိတ်လန့်သွားပုံ ရသည်။

"သူ…သူတို့က ဆရာသခင်အဆင့် ပညာရှင် ခုနစ်ယောက်ပဲ"

မာစတာရွှယ် သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားရသည်။

*ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းမှာ ကပ်ဆိုက်ပြီးကတည်းက ရှန့်ကျန်းမြို့မှာ ဘာ ဆရာသခင်အဆင့်မှ မရှိတော့ဘူးလေ။ ဘယ်လိုလုပ် ဆရာသခင်အဆင့် ပညာရှင် ခုနစ်ယောက်က ငါ့မျက်စိရှေ့ ရောက်လာရတာလဲ*

*ဒါ…. အံ့ဩစရာပဲ*

မာစတာရွှယ် အပါအဝင် ဟိုတယ်ထဲမှ လူတိုင်း မှင်တက် အံ့ဩသွားကြသည်။

သူတို့အားလုံးက အနက်ရောင်ဝတ်စုံနှင့် လူခုနစ်ယောက်အား သရဲအား မြင်လိုက်ရသကဲ့သို့ တွေဝေစွာ ငေးကြည့်နေမိကြသည်။

ဂလု!

ဧည့်သည်များ၏ တံတွေးကို မနည်းမျိုချလိုက်သံများက ဟိုတယ်တွင်း ပဲ့တင်ထပ် သွားသည်။

ဆရာသခင်အဆင့် သိုင်းပညာရှင် ခုနစ်ယောက်၏ ခြေသံများက သေသပ်၍ စနစ်ကျလှသည်။

သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ဟိုတယ်တစ်ခုလုံးအား ထိတ်လန့်သွားစေ၏။

ဧည့်သည်များ၏ အကြည့်အောက်မှာပင် နတ်ဆိုး ခုနစ်ဖော်က ဟိုတယ်အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

မာစတာရွှယ်နှင့် သူ့လူများ တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်လာကာ နဖူးမှ ချွေးဒီးဒီးကျလာတော့သည်။

နတ်ဆိုး ခုနစ်ဖော်၏ နောက်ထပ် ပြုလုပ်လိုက်သော အပြုအမူများကြောင့် မာစတာရွှယ်နှင့် သူ့လူများ ကြောက်လန့်ကာ တုန်လှုပ်သွားရတော့၏။

ဒုန်းခနဲ အသံနှင့်အတူ နတ်ဆိုး ခုနစ်ဖောက်က ကြမ်းမြင်ပေါ် ဒူးတစ်ဘက် ထောက်လိုက်ကြသည်။

"သခင်ကြီး၊ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပြီးပါပြီ။ ကျွန်တော်တို့ သခင်ကြီး စစ်ဆေးတာကို စောင့်နေကြတာပါ"

All Chapters