အခုချိန်ကစပြီး အရှေ့အာရှမှာ မဟူရာ ကြက်ခြေခတ်အဖွဲ့ဆိုတာ မရှိစေရတော့ဘူး
Vol. 14 Ch. 205
*သခင်ကြီး*
ဆရာသခင်အဆင့် ပညာရှင် ခုနစ်ယောက်၏ စကားများကို ကြည့်နေသူများ ကြားလိုက်ရပြီး သူတို့ ခုနစ်ယောက် ယဲ့ဖန်ရှေ့ ဒူးထောက်လိုက်သည်ကိုလည်း မြင်လိုက်ရသဖြင့် သူတို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
*ဒါ…. မဖြစ်နိုင်ပါဘူး*
*ဆရာသခင်အဆင့် ပညာရှင်တွေရဲ့ သခင်ကြီးတဲ့လား*
……
ချက်ချင်းဆိုသလိုပင် ဟိုတယ်တစ်ခုလုံး ပွက်လောရိုက်သွားကာ ဧည့်သည်များ တုန်လှုပ်လာကြသည်။
လူတစ်ယောက်က ဆရာသခင်အဆင့် ပညာရှင်များစွာကို ပိုင်ဆိုင်ထားနိုင်မယ်လို့ သူတို့ ဘယ်သောအခါကမှ ထင်မှတ်မထားခဲ့မိပါ။
ရွှယ်ထောင်သည်လည်း မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ဖြစ်နေ၏။ ထို့အတူ ရွှယ်ထောင်သည် တွေဝေလို့ နေ၏။
"မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ ရှန့်ကျန်းမြို့မှာ ဆရာသခင်အဆင့် တစ်ယောက်မှ မကျန်ခဲ့တော့ဘူးလို့ ငါ ထင်ထားတာ။ ဘယ်လိုလုပ် ဒီ…ဒီကောင်က သူတို့ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ။ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ရွှယ်ထောင်မျက်နှာက ပြာနှမ်းနေပြီး ထိုသို့ ရေရွတ်နေမိသည်။ ထိုစဉ် သူ့ကိုယ်အောက်ပိုင်းမှ ချဉ်စုတ်စုတ် အနံ့ကြီးက စထွက်လာသည်။
သူ မတရား ကြောက်လွန်းသဖြင့် ဘောင်းလီထဲ သေးတောင် ထွက်ကျနေသည်။
မာစတာရွှယ်သည်လည်း ယဲ့ဖန်အား စိတ်ဝင်စားသော မျက်လုံးများဖြင့် စိုက်ကြည့်မိသည်။
"ငါ… ငါ သူ့ကို မှတ်မိပြီ။ သူ … သူက ရှန့်ကျန်းရဲ့ အိပ်မက်ဆိုး … ယဲ့ဖန်ပဲ"
မာစတာရွှယ်က ယဲ့ဖန်၏ ဗီဒီယိုများကို ကြည့်ဖူးသည်။ သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် ဗီဒီယိုထဲကနှင့် အတော်လေး ခြားနားနေသည်။ မသိလျင် လုံးဝ မတူညီသည့် လူနှစ်ယောက်လိုပင်။
အကယ်၍ သူ့တွင် ကြယ်သုံးလုံးအဆင့် ပညာရှင်တစ်ယောက်၏ ထက်မြက်သော မှတ်ဉာဏ်မရှိပါက မာစတာရွှယ်သည် ယဲ့ဖန်အား လုံးဝ မှတ်မိနိုင်မည် မဟုတ်ပါ။
မာစတာရွှယ် ပြောလိုက်သော စကားကြောင့် ဟိုတယ်တစ်ခုလုံး တိတ်ကျသွားသည်။
ယဲ့ဖန်၏ နာမည်က ကြီးမားသော အင်အားများ သယ်ဆောင်ထားသည်။ သူ့နာမည်ကို ကြားလိုက်ရသဖြင့် မကြားသင့်သော နာမည်ကို ကြားလိုက်ရသကဲ့သို့ ကြည့်နေသူများ ရင်တွေ ဗရမ်းဗတာ ခုန်လာရသည်။
ဂလု!
သူတို့အားလုံး ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်နေရင်း တံတွေးကို မနည်းမျိုချမိသည်။
လွန်ခဲ့သည့် ရက်များက ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းအား ရှင်းလင်းခဲ့သည့် လူထူးလူဆန်းက ဟိုတယ်ထဲမှာ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။
*သူက သောက်ရမ်း ကြမ်းတဲ့လူဟ*
*သူက ဆရာသခင်အဆင့် သိုင်းပညာရှင် ဆယ့်သုံးယောက်နဲ့ သိုင်းပညာရှင် အယောက် ငါးရာကျော်ကို သတ်ပစ်ခဲ့တာ*
……
မည်သူမျှ မည်သည့်အသံမျှ မပြုရဲကြသလို ယဲ့ဖန်၏ မျက်လုံးကိုလည်း မော်မကြည့်ရဲကြချေ။ သူတို့ ရင်တွေ တုန်ရင်း ဧည့်သည်တော်တော်များက ကြီးစွာသော စိုးရိမ်ပူပန်မှုကြောင့် သတိလစ်မတတ် ဖြစ်နေရှာသည်။
ထိုစဉ် ယဲ့ဖန်က မာစတာရွှယ်အား စိုက်ကြည့်ပြီး ရက်စက်တတ်သော အပြုံးနှင့် မေးလိုက်သည်။
"သူ့အရှက်ကွဲခဲ့တာကြောင့် မင်းက လက်စားချေတော့မလို့လား"
*ဟင်*
ယဲ့ဖန်၏ မေးခွန်းကြောင့် မာစတာရွှယ် အလွန်ကြောက်ရွံ့ကာ တုန်ယင်လာသည်။
"မဟုတ်ဘူး…မဟုတ်ပါဘူး…မဟုတ်ရပါဘူး…"
မာစတာရွှယ်သည် သူ့အား ရှေးဦး သားရဲရိုင်းတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် သူက ကြောက်စိတ်ကြောင့် တုန်လှုပ်နေရင်း ပြန်ဖြေလိုက်သည်။
"မစ္စတာ … ယဲ့ဖန်၊ ဒါ နားလည်မှု လွဲသွားတာ ဖြစ်ပါလိမ့်မယ်။ ကျုပ်…ကျုပ်က ဒီကို ခင်ဗျား ကျုပ်သားကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုမလို့ လာတာပါ"
ထိုသို့ပြောပြီး မာစတာရွှယ်က ရွှယ်ထောင်အား ကန်လိုက်သဖြင့် သူ မြေကြီးပေါ် လိမ့်ကျသွားသည်။
ထို့နောက် သူက ရွှယ်ထောင်အား ဒေါသတကြီး ဆဲဆိုရင်း စ၍ ရိုက်နှက်လေတော့သည်။
"ခွေးမသားလေး၊ မင်း ဘယ်လိုလုပ် မစ္စတာယဲ့ကို ရန်စရဲရတာလဲ။ မင်း သေချင်နေတာလား"
"ငါ မင်းကို အသေအကြေ ဆော်ပစ်မယ်၊ သောက်ပြဿနာ ရှာတဲ့ကောင်ရဲ့၊ သေစမ်း"
ချက်ချင်းဆိုသလိုပင် မာစတာရွှယ်က ရွှယ်ထောင်အား လက်ရော ခြေပါ သုံး၍ ရိုက်နှက်လေတော့သည်။
ရွှယ်ထောင်သည်လည်း ချက်ချင်းဆိုသလို သွေးသံတရဲရဲနှင့် ဖြစ်လာရသည်။ သူ့လက်မောင်း တစ်ဘက်က ကျိုးသွားပြီး၊ နံရိုးများစွာလည်း ကျိုးသွားလေ၏။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ရွှယ်ထောင်သည် သွေးများနှင့် ပေကျံလာပြီး မရှူနိုင်မကယ်နိုင် ဖြစ်လာရသည်။
ဘေးမှ ကြည့်နေသော သူများ သူတို့ မြင်လိုက်ရသည့် အရာကြောင့် နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ရွှယ်ထောင် မျက်ရည်တစမ်းစမ်းနှင့် ဖြစ်နေ၏။ သူ့အဖေက သူ အရှက်တကွဲ ဖြစ်ခဲ့ရခြင်းအတွက် လက်စားချေပေးရမည့်အစား သူ့အား ပြန်ရိုက်နှက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပါ။
*မြေနိုး*
ထို့နောက် ဒုန်းခနဲ အသံနှင့်အတူ မာစတာရွှယ်က ယဲ့ဖန်ရှေ့ ရုတ်တရက် ဒူးထောက်ကာ ခွင့်လွှတ်ပေးပါရန် တောင်းပန်လေတော့သည်။
"မစ္စတာ…မစ္စတာယဲ့၊ ကျုပ်သားက အရမ်းငယ်လွန်ပြီး မသိနားမလည်သေးလို့ပါ။ ကျေးဇူးပြုပြီး ဒေါက်တာ ရှုကွမ်း မျက်နှာကို ထောက်ပြီးတော့ သူ့အသက်ကို ချမ်းသာပေးပါ။ နောင် သူ ထပ်ပြီး အတင့်ရဲပြီး ပြုမူရဲဦးမယ်ဆိုရင် သူ့ကို ကျုပ် သတ်ပစ်ပါ့မယ်လို့ ကျိန်ဆိုပါတယ်ဗျား"
ယဲ့ဖန်အကြောင်းကို ဒေါက်တာရှုထံမှ မာစတာရွှယ် ကြားဖူးခဲ့သည်။ ထို့ကြောင့် ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းများကို သူ ရှင်းလင်းစွာ သိထားသည်။
ဤမျှ ရက်စက်သော သူနှင့် ရင်ဆိုင်နေရသဖြင့် သူ့အား သူ မရိုကျိုးပဲ မနေရဲပါ။
အကယ်၍ ယဲ့ဖန်က သူနှင့် ရွှယ်ထောင်အား သတ်မည်ဆိုပါက ယဲ့ဖန်အား သူ မဆန့်ကျင်ရဲပါ။ သို့မဟုတ်ပါက သူသည် သေပွဲဝင်သွားရလောက်သည်။
မာစတာရွှယ် ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ကတုန်ကယင် ဖြစ်နေသည်ကို မြင်ပြီး ဧည့်သည်များ တအံ့တဩ ဖြစ်သွားကြသည်။
မာစတာရွှယ် ဝင်လာစဉ်က သူတို့အားလုံး ယဲ့ဖန်တော့ ပြဿနာ အကြီးကြီးတတ်ပြီဟု ယုံကြည်လိုက်မိကြသည်။
သို့သော် သည်လောက် အချိန်တိုလေးအတွင်းမှာတင် သူတို့ ပြိုင်ဘက်ကင်းဟု ယုံကြည်ထားသည့် မာစတာရွှယ်က ကြမ်းပြင်ပေါ် ဒူးထောက်၍ ယဲ့ဖန်၏ ခွင့်လွှတ်မှုရရန် တောင်းပန်နေရလေ၏။
ပိုင်ယီတောင်မှ ယဲ့ဖန်အား ခွင့်လွှတ်ပေးပါရန် တောင်းဆိုနေရသည်။
ယဲ့ဖန်က ပခုံးအသာတွန့်၍ သုန်မှုန်နေသော မျက်နှာနှင့် ကြမ်းပြင်ပေါ်မှ သေလုဆဲဆဲ ဖြစ်နေသော ရွှယ်ထောင်အား ကြည့်ရင်း ပြောလိုက်ပါသည်။
"ဂုဏ်ယူပါတယ်၊ မင်း နောက်ထပ် အသက်ရှင်ခွင့် ရသွားပြီ"
ထိုသို့ ပြောပြီး ယဲ့ဖန်က သူ့လိပ်စာအား ချရေး၍ ပိုင်ယီအား ပေးလိုက်ပြီး မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြား ဆရာသခင်အဆင့် သိုင်းပညာရှင် ခြောက်ယောက်တို့နှင့်အတူ ဟိုတယ်ထဲမှ အေးအေးလူလူ ထွက်သွားလေတော့သည်။
ယဲ့ဖန်နှင့် သူ့အဖွဲ့ ခပ်ဝေးဝေးသို့ ရောက်သွားသည့်အခါမှသာ မာစတာရွှယ်နှင့် အခြားသူများ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။
သူတို့၏ စိုရွှဲနေသော ကျောပြင်များကို ပွတ်ရင်း သူတို့အားလုံး ငရဲတွင်းထဲမှ လွတ်မြောက်လာသလို ခံစားလိုက်ရသည်။
….
မဟူရာ ကြက်ခြေခတ်ဘား၏ မြေအောက်ခန်းတွင် များစွာသော ဆေးဖက်ဝင် အပင်များနှင့် ထူးဆန်းသော ကျောက်တုံးများအား သေသပ်စွာ နေရာချထားသည်။
ယဲ့ဖန်နှင့် ဝိညာဉ်ရိုင်းတို့က တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
သူတို့ နှစ်ယောက်သား မန္တန်များအား စတင်ရေးဆွဲနေကြသဖြင့် အနက်ရောင် နတ်ဆိုးချီဓာတ်များက သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်ကြား ပေါ်ပေါက်လာသည်။
နတ်ဆိုး ချီဓာတ်များ တဖြည်းဖြည်း နက်ရှိုင်းလာပြီးနောက် မဲနက်နေသည့် နတ်ဆိုး သစ်စေ့ တစ်ခု ယဲ့ဖန်လက်ပေါ်၌ ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။
သူတို့ဆက်၍ အရှိန်မြှင့်ကာ တူညီသော အရာများအား ဆက်လက် လုပ်ဆောင်နေကြသည်။
ပထမ နတ်ဆိုးသစ်စေ့အား ပြည့်စုံအောင် လုပ်နိုင်ပြီးနောက် သူတို့ ဒုတိယတစ်ခု၊ တတိယတစ်ခု၊ စတုတ္တတစ်ခု ….. ဆက်၍ ဖန်တီးကြလေသည်။
အချိန်များစွာ ကုန်လွန်သွားလေသည်။
တစ်နာရီကြာပြီးနောက် ကြမ်းပြင်ပေါ်၌ နတ်ဆိုးသစ်စေ့ တစ်ရာကျော်တို့ဖြင့် ဖုံးလွှမ်းနေ၏။
ထို့ပြင် ယဲ့ဖန်က သူ၏ ကျန်ရှိနေသော မွေးရာပါ စိတ်ဝိညာဉ် သွေးအား ထုတ်ဖော်၍ နတ်ဆိုး ပြန်လည်ရှင်သန် ဆေးလုံးနှင့် ဆေးဖက်ဝင် ဆေးများအား ဖော်စပ်လေ၏။
သူ၏ မွေးရာပါ စိတ်ဝိညာဉ် သွေးအား အသုံးပြုပြီးနောက် ထူးဆန်းသော နတ်ဆိုး ရှင်သန်ဆေးလုံး အလုံး သုံးဆယ်ခန့် သူ ဖော်စပ်ပြီးသား ဖြစ်သါားသည်။
ထို့ပြင် ယဲ့ဖန်သည် ဘေးမှ ထူးဆန်းသော ကျောက်တုံးများအား ယူ၍ ထိုကျောက်တုံးများ၏ မျက်နှာပြင်၌ ထူးဆန်းသော မှော်စာလုံးများအား ရေးထွင်းလေတော့သည်။
နောက်ဆုံး၌ ကိစ္စဝိစ္စများ ပြီးဆုံးပြီးနောက် ယဲ့ဖန် ပင့်သက်ရှိုက်လိုက်မိသည်။
သူတို့ နတ်ဆိုးသစ်စေ့များ၊ နတ်ဆိုးပြန်လည် ရှင်သန်ဆေးလုံးများနှင့် မှော်တိုက်ပွဲဝင် ဝင်္ကပါများအား ဖန်တီးလို့ ပြီးသွားလေပြီ။
ထိုစဉ် မိစ္ဆာ ဝိညာဉ်ရိုင်းက ယဲ့ဖန်အား အလွန် လေးစားဟန်ဖြင့် ဂုဏ်ပြုစကား ဆိုလေတော့သည်။
"သခင်ကြီး ဒီနတ်ဆိုးသစ်စေ့များ၊ နတ်ဆိုးပြန်လည် ရှင်သန်ဆေးလုံးများနှင့် မှော်ဝင်္ကပါတွေနဲ့ဆို ကျွန်တော်တို့ မွန်ဂိုလီးယား၊ မွန်ဂိုလီးယား အတွင်းပိုင်းဒေသနဲ့ ဂျပန်က အခြား မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲသုံးခုကို ရှင်းလင်းနိုင်ပြီလို့ ယုံကြည်ချက် ရှိလာပြီ။ မဟူရာ ကြက်ခြေခတ် အဖွဲ့ဝင်အားလုံးကို ညအဖွဲ့ဝင်အဖြစ် ပြောင်းလဲနိုင်ပြီ"
ညအဖွဲ့လား။
ဟုတ်တာပေါ့ ညအဖွဲ့ပဲ။
သူတို့၏ လက်မောင်းများ၌ ကျန်ရှိနေသော မဟူရာ ကြက်ခြေခတ် အမှတ်အသားများက လုံးဝ ပျောက်ကွယ်သွားပြီး သူတို့အားလုံး ရင်ဘတ်တွင် ညအဖွဲ့အား ကိုယ်စားပြုသော အနက်ရောင် ဦးခေါင်းခွံ အမှတ်အသားများ ပေါ်ပေါက်လာသည်။
"သွားကြတော့၊ အခုချိန်ကစပြီး အရှေ့အာရှမှာ မဟူရာ ကြက်ခြေခတ် အဖွဲ့ဆိုတာ မရှိစေရတော့ဘူး"
ယဲ့ဖန်က သွေးဆာပြီး ရက်စက်သော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
အမိန့်ရပြီးသည်နှင့် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြား ဆရာသခင်အဆင့် သိုင်းပညာရှင်များက ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ကျယ်လောင်စွာ ကတိပြုလိုက်ကြသည်။
" အခုချိန်ကစပြီး အရှေ့အာရှမှာ မဟူရာ ကြက်ခြေခတ် အဖွဲ့ဆိုတာ မရှိစေရတော့ပါဘူး"