မသေနိုင်ဘူး(5)
Vol. 23 Ch. 224
ကုကျစ်စုန့်လည်း သူမ၏ဘေးမှ ဝိဉာဉ်စွမ်းအင်ဖြင့် ဖိနှိပ်ခံထားရသောကြောင့် မလှုပ်နိုင်သည့် အငြိုးအတေးဝိဉာဉ်အား တစ်ချက်ကြည့်လိုက်သည်။
မီးခိုးရောင်မြူခိုးများကြားမှ သူ့မျက်နှာပေါ်တွင် ပန်းရောင်သန်းနေသည်အား မြင်လိုက်ရပြီးနောက် စက်ဆုပ်စွာ ပြောလိုက်သည်။
“မစ်စ်ရန်က အထက်တန်းကျောင်းစတက်တဲ့အချိန်မှာ အိမ်ကနေ ထွက်လာခဲ့တယ်၊ ဒီတော့ သူကလည်း ကျန်တဲ့ ရန်မိသားစုဝင်တွေကို သွယ်ဝိုက်ပြီး ဒုက္ခပေးလို့ မရတော့ဘူးလေ၊
မစ်စ်ရန် အိမ်ကနေ ထွက်လာတော့ သူပြဿနာ ရှာမရတော့ဘူး၊ ဒါပေမဲ့ သူက ဒီကောင်မလေးရဲ့ ခန္ဓာကိုယ်ကနေလည်း ထွက်မသွားချင်ပြန်ဘူး”
ထို့ကြောင့် အငြိုးအတေးသရဲသည် မစ်စ်ရန်၏ ကိုယ်တွင်သာ ကပ်တွယ်နေခဲ့ပြီး ရန်မိသားစု၏ နေအိမ်မှ ဝေးရာသို့ လိုက်ပါလာခဲ့သည်။
နှစ်ပေါင်းများစွာ ပြဿနာရှာခဲ့ပြီးနောက် ဤအငြိုးအတေးဝိဉာဉ်သည်လည်း အနည်းငယ် ဒေါသပြေပြီဖြစ်သည်။
မစ်စ်ရန်၏ မိသားစုအတွင်း၌ သနားစရာကောင်းသည့် အခြေအနေအား သူ့မျက်လုံးများဖြင့် ကိုယ်တိုင်တွေ့ခဲ့ရသည်။
တွေ့မြင်ရပါများချိန်တွင် သူသည် ဤသနားစရာကောင်မလေးအား အနည်းငယ် ကိုယ်ချင်းစာသနားစိတ်ပေါ်လာခဲ့သည်။
သေဆုံးချိန်တွင် အသက် ၂၈နှစ်သာ ရှိသေးပြီး အကြွေးများနှင့် မိသားစုအခြေအနေကြောင့် ချစ်သူကလည်း သူနှင့် လမ်းခွဲခဲ့သည်။ ထို့ကြောင့် သူသည် မစ်စ်ရန်အပေါ်တွင် ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်လာခဲ့သည်။
ရန်သူ၏ သမီးအား ချစ်မိသွားခဲ့ခြင်းပင်။
ထို့အပြင် မစ်စ်ရန်၏ စိတ်ကျန်းမာရေးသည် ပို,ပို၍ ဆိုးလာပြီးနောက် သူမ၏ အသက်ရှင်ချင်စိတ်မှာလည်း မရှိသလောက်ပင် ဖြစ်နေသည်။
အထီးကျန်သရဲအချို့သည်လည်း သူမအနားတွင် ဝန်းရံနေပြီးနောက် တစ်ခါတစ်ရံ နောက်မှ တစ်ကောက်ကောက် လိုက်နေတတ်သည်။
ထိုအချိန်မှစ၍ အငြိုးအတေးသရဲက သူမအား ကူညီ၍ အထီးကျန်သရဲများအား ခြောက်လှန့်ပေးခဲ့သည်။
အထီးကျန်သရဲက မစ်စ်ရန်၏ ခန္ဓာကိုယ်အား သူ့အပိုင်အဖြစ် သတ်မှတ်လိုက်ခြင်းပင်။ သူသည်က မစ်စ်ရန်အား သရဲဆိုးများ ကူညီ၍ ခြောက်လှန့်ပေးနေခဲ့ခြင်းသည် သူ၏ ရင်ထဲမှ အဓိပ္ပာယ်မရှိသည့် ခံစားချက်များနှင့် သူ့’ကိုယ်ပိုင်နေရာ’အပေါ် စွဲလမ်းမှုတို့ကြောင့်သာဖြစ်ခဲ့သည်။
ထိုအခြေအနေက တစ်နှစ်၊နှစ်နှစ်ခန့် ကြာခဲ့ပြီး မစ်စ်ရန်၏ စိတ်ကျန်းမာရေးသည်လည်း ပို,ပို၍ ဆိုးလာခဲ့သည်။ ခန္ဓာကိုယ်မှာလည်း ပို,ပို၍ အားနည်းလာခဲ့ပြီး သရဲ၊တစ္ဆေများ ဝင်ပူးခံရချေလည်း ပို၍ မြင့်မားလာခဲ့သည်။
အငြိုးအတေးသရဲသည်က စွမ်းအားကောင်းလှသည်မဟုတ်။ သူသာ စွမ်းအားကောင်းပါသည်ဆိုလျှင် ရန်စုံတွဲအား အန္တရာယ်ပြုနိုင်မည်ဖြစ်သည်။
သူက မစ်စ်ရန်အား မျက်စိကျနေသည့် အထီးကျန်သရဲများအား ခက်ခက်ခဲခဲ အနိုင်ယူရပြီး တစ်ခါတစ်လေ ထိခိုက်ဒဏ်ရာရကာ စွမ်းအားများ ဆုံးရှုံးရတတ်သေးသည်။
ထိုအချိန်မှစ၍ အငြိုးအတေးသရဲက မစ်စ်ရန်၏ အိပ်မက်တွင်းသို့ ဝင်ရောက်ကာ သူမ၏ ယန်စွမ်းအင်နှင့် ဒေါသအား ခိုးယူတတ်သည်။
ဆိုရလျှင် မစ်စ်ရန်တွင် မည်သို့သော အချစ်ခံစားချက်မျှ မရှိသည့်အတွက် တဏှာအိပ်မက်များသည်က အကြမ်းဖျင်းခန့်သာ ဖြစ်နေခြင်းပင်။
မစ်စ်ရန်ကတော့ သူမသည် တစ်ခါမျှ အချစ်မခံရဘဲ အထီးကျန်နေသူတစ်ဦးဖြစ်သောကြောင့် ထိုသို့ အိပ်မက်မျိုး မက်ခြင်းသည်က ပုံမှန်ပင်ဖြစ်သည်ဟု ထင်နေခဲ့ခြင်းပင်။
လွန်ခဲ့သည့် ၆လခန့်က သူမသည် ဘဝအား လုံးဝအဆုံးသတ်ရန် ဆုံးဖြတ်ချက် အခိုင်အမာချထားခဲ့သည်။
ထိုအချိန်က မကောင်းမှုများစွာ ကျူးလွန်ခဲ့ပြီး သူမ၏ စိတ်ကျန်းမာရေးကို ဤအခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့သော တရားခံများမှ တစ်ဦးဖြစ်သည့် အငြိုးအတေးသရဲသည်က သူမအား ဒုက္ခမပေးချင်တော့။
သူသည် မစ်စ်ရန်အား ကူညီ၍ သရဲဆိုးများ နှင်ပေးခဲ့သောကြောင့် သူမအနေဖြင့် သတ်သေသည်မှာ မဖြစ်သင့်ဟု တွေးခဲ့သေးသည်။
သူတို့နှစ်ဦးသည် ယင်နှင့် ယန်ကမ္ဘာတို့ကြောင့် ခွဲနေရပြီး မစ်စ်ရန်အား ကူညီနိုင်ရန်အတွက် အရမ်း ကြိုးစားအားထုတ်ခဲ့ရသည်ဟုလည်း ခံစားနေခဲ့သေးသည်။
သူတို့၏ အကြောင်းဇာတ်လမ်းသည် ပျံ့နှံ့သွားပါက အင်မတန် နာမည်ကျော်ကြားလိမ့်မည်ဟုပင် ထင်နေခဲ့သည်။
အငြိုးအတေးသရဲသည်က သူ၏ လုပ်ရပ်များအတွက် သူ့ကိုယ်သူပင် ကျေနပ်နေခဲ့လေသည်။
ထိုစကားကြားရပြီးနောက် အစီအစဉ်အား ကြည့်နေသူများအားလုံး ပြောစရာစကားများ ဆွံ့အသွားကြသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်လည်း ‘!!!’များသာ ပလူပျံနေခဲ့သည်။
[ဘာပြောရမှန်းတောင် မသိတော့ဘူး၊ လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက ငါပြောခဲ့တဲ့ စကားကို ပြန်ရုတ်သိမ်းတယ်!
ဒီသရဲက တကယ့်ကို စောက်ရူးပဲ!
အကူအညီတောင်းတဲ့သူကိုလည်း ဒုက္ခရောက်အောင် လုပ်သေးတယ်၊ သူ့လုပ်ရက်အတွက်လည်း သူက ပြန်ပြီးတောင် ခံစားနေရသေးတယ်၊ ဘုရားရေ အန်တောင် အန်ချင်လာပြီ!]
[တောက်ကျန့်! ဒီနှာဘူးကို မြန်မြန်ရှင်းလိုက်ပါတော့၊ ဒါက အကူအညီတောင်းတဲ့ ကောင်မလေးရဲ့ မိဘတွေထက်တောင် ပိုပြီးရွံ့စရာကောင်းသေးတယ်လို့ ထင်တာပဲ]
[မစ်စ်ရန်ရဲ့ ဘဝက တော်တော်လေးကို ဆိုးပါတယ်ကွာ၊ တကယ့်ကို ဒုက္ခတွင်းပဲ၊ သူမရဲ့ ဘဝအစပိုင်းမှာ တကယ့်ကို ဘယ်လိုဟာတွေနဲ့များ ကြုံခဲ့ရတာပါလိမ့်?
သနားစရာကောင်းလွန်းပါတယ်၊ သူတွေ့ခဲ့ရတဲ့ လူ မပြောနဲ့၊ သရဲတစ္ဆေကအစ တုံးအပြီး ယုတ်မာတဲ့ဟာတွေချည်းပဲ]
မစ်စ်ရန်လည်း လက်ခံရခက်သည့် သတင်းအား ကြားရပြီးနောက် မည်သို့ပင် တုံံ့ပြန်ရမှန်းမသိတော့။
ကုကျစ်စုန့်ကတော့ အေးအေးဆေးဆေး ဆက်ပြောသည်။
“အခု ဒီအငြိုးအတေးသရဲက မင်းနဲ့ စကားပြောချင်ပါတယ်ဆိုပြီး အော်ဟစ်နေတယ်၊ မင်း.. သူ့ကို မြင်ချင်လား?”
မစ်စ်ရန်: “......”
“အမှန်အတိုင်းပြောရရင်တော့ ကျွန်မ စိတ်ထဲမှာ တော်တော်လေး အော်ဂလီဆန်ပြီး အန်တောင်အန်ချင်နေတယ်.. ဒါပေမယ့် ကျွန်မ ဒီအရှက်မရှိတဲ့သရဲကိုလည်း မြင်ချင်သေးတယ်”
“ကောင်းပြီလေ၊ မင်း ငါ့နားကို တိုးခဲ့”
ကုကျစ်စုန့် မစ်စ်ရန်အား သူမ၏ အနားသို့ တိုးလာရန် လက်ပြလိုက်ပြီးနောက် လက်ချောင်းများအား ဆန့်လိုက်ကာ မစ်စ်ရန်၏ နဖူးအား အနည်းငယ်ဖိထားလိုက်သည်။
မစ်စ်ရန်၏ နဖူးမှာ တစ်စုံတစ်ခုထိုးထွက်လာသကဲ့သို့ ပူလောင်သည့် ခံစားချက်ရလိုက်ပြီးနောက် ခဏအကြာတွင် သူမ မျက်လုံးများမှ မြင်တွေ့နေရသည့် ကမ္ဘာကြီးသည်က မီးခိုးရောင်မြူခိုးများ ဖုံးလွှမ်းနေခဲ့သည်။
ထိုအရာသည်ကား ဖောက်ထွင်းမြင်လုနီးပါးဖြစ်နေသည့် ပုံပျက်၊ပန်းပျက်မျက်နှာတစ်ခုပင်။
သူမ ရုတ်တရက် လန့်သွားခဲ့သည်။
သို့သော် ထိုအရာသည်က ကုကျစ်စုန့်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သတိထားမိလိုက်မိပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။
နောက်တော့ သူမ မြင်တွေ့နေခဲ့ရသည့် ကမ္ဘာကြီးက ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်ဝန်းအစုံလည်း ပြူးကျယ်သွားခဲ့သည်။
သူမ ကုကျစ်စုန့်အား လှမ်းကြည့်လိုက်ရင်း မေးမိသည်။
“ကုတောက်ကျန့်… အဲဒါက?”
ကုကျစ်စုန့် ခေါင်းငြိမ့်ပြသည်အား မြင်လိုက်ရပြီးနောက် ထိုအမျိုးသားပုံစံပေါ်သည့် မီးခိုးရောင်မြူခိုးများထံမှ စကားသံအား ကြားလိုက်ရသည်။
“ရှောင်ရန်.. ငါ မင်းကို တကယ်သဘောကျတာပါ၊ အရင်က မင်းကို စိတ်ဆိုးဒေါသထွက်အောင် လုပ်ခဲ့တာ အမှန်ဆိုပေမယ့် ငါ အပြစ်အတွက် မင်းကို ပြန်ပြီးဂရုစိုက်ပေးမှာပါ!”
အငြိုးအတေးသရဲသည်ကား ကုကျစ်စုန့်ကိုလည်း ခက်ခက်ခဲခဲ လည်ပြန်ကြည့်လိုက်ပြီးနောက် မစ်စ်ရန်အား အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ငါက သူတို့ပြောသလောက် အမုန်းတရားကြီးတာမဟုတ်ပါဘူး၊ မင်းအပေါ်မှာ လက်ပွန်းတတီးနေ,နေတယ်ဆိုတာကလည်း ငါမင်းကို တကယ်သဘောကျလို့ပါ!
ပြီးတော့ မင်းက ကျန်းမာရေးလည်း မကောင်းဘူးလေ၊ မင်းကို နေ့တိုင်းကာကွယ်ပေးဖို့ သရဲ၊တစ္ဆေတွေကို တွန်းဖယ်ပေးဖို့ကလည်း စွမ်းအင်တွေ အများကြီးလိုတယ်မလား၊
ငါ့မှာ ရွေးချယ်စရာမရှိလို့ ဒီလို ကျင့်ကြံတဲ့ နည်းလမ်းတွေကို ရွေးခဲ့ရတာပါ၊ ပြီးတော့ အားလုံးက မင်းအတွက်ချည်းပါပဲ…”
ကုကျစ်စုန့် အနည်းငယ်ဒေါသထွက်သွားပြီး အေးတိအေးစက် ပြောလိုက်သည်။
“တော်တော်လေး အရှက်မရှိတဲ့အကောင်ပဲ၊ မင်းက မင်းကိုယ်မင်း လူကောင်းပါဆိုတဲ့ ပုံစံနဲ့ ပြောနေတာ မရှက်ဘူးလား? မင်းသာ သူ့ကို တကယ်ဂရုစိုက်တယ်ဆိုရင် သူနဲ့ ဝေးဝေးမှာ နေပေးရမှာ
မင်းက အပြစ်မရှိတဲ့သူတစ်ယောက်ကို စိတ်ဝေဒနာ ခံစားရတဲ့အထိ လုပ်ထားတာနော်။၊ ဒါတောင်မှ မင်းက ထွက်မသွားချင်သေးဘူး၊ မင်းကိုယ်ပေါ်က ယင်စွမ်းအင်တွေနဲ့တောင် သူ့ကို ပိုပြီးထိခိုက်အောင် လုပ်နေသေးတယ်”
မစ်စ်ရန်လည်း မခံစားနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“ဘာကိစ္စနဲ့များ ကျွန်မက ရှင့်လိုကောင်မျိုးကို ကျေးဇူးတင်ရမှာလဲ!? ပြောစမ်းပါဦး!!?”
ကုကျစ်စုန့်ကလည်း အေးစက်သော လေသံဖြင့် ဆက်ပြောခဲ့သည်။
“မင်းလိုမျိုး အရှက်မရှိတဲ့ သရဲမျိုးက ငရဲဆယ့်ရှစ်ထပ်မှာ အပြစ်ဒဏ်ခံပြီး ပြန်ဝင်စားရင်လည်း တိရိစ္ဆာန်အဖြစ်ပဲ ပြန်ဝင်စားသင့်တယ်”
ထိုစကားပြောပြီးနောက် သူမ ကျန်လက်တစ်ဖက်အား မြှောက်လိုက်ပြီး နှစ်ကြိမ်ဝှေ့ယမ်းလိုက်သည်။ မစ်စ်ရန်၏ ကိုယ်ပေါ်တွင် ပုန်းကွယ်နေသည့် နောက်ထပ် အမျိုးသမီးသရဲတစ်ကောင် သူမလက်တွင်းသို့ ပါလာခဲ့သည်။
လျှာအရှည်ကြီးတွဲလောင်းကျနေသည့် အမျိုးသမီးသရဲသည်လည်း ရုန်းကန်နိုင်စွမ်းမရှိခဲ့ပေ။ သူမအပေါ်တွင် သက်ရောက်နေသော ဖိအားအပြင် အေးတိအေးစက်မျက်နှာဖြင့် ကုကျစ်စုန့်ထံမှ ခံစားနေရသော ကြီးမားသည့် စွမ်းအားတို့ကြောင့် သူမ ကြောက်လန့်လွန်း၍ အော်ဟစ်နေခဲ့သည်။
“တောက်ကျန့်.. ကျွန်မကို ခွင့်လွှတ်ပေးပါ! ကျွန်မ ဒီကမ္ဘာကြီးမှာ အချိန်အကြာကြီးလျှောက်သွားနေခဲ့ပြီး ကျွန်မ ဝိဉာဉ်ကို နွေးထွေးစေနိုင်မယ့် ခန္ဓာကိုယ်လေးပဲ ရှာချင်ခဲ့တာပါ
ဒီမိန်းကလေးက သူ့ဘာသာသူ အသက်မရှင်ချင်တော့လို့ ကျွန်မ ဝင်နေလို့ ရခဲ့တာလေ၊ ကျွန်မ သူ့ကို ထိခိုက်အောင်လည်း ဘာမှ မလုပ်ခဲ့ပါဘူး
အားလုံးက ဒီအရှက်မရှိတဲ့ နှာပူးသရဲကောင်က သူ့အိပ်မက်ထဲကို နေ့တိုင်းဝင်ပြီး နှောင့်ယှက်နေလို့ ဖြစ်ရတာပါ”
ဤတွင် အကူအညီတောင်းခြင်းက တစ်ခန်းရပ်သွားပြီဖြစ်၏။
တင်ဆက်သူလျှို့လည်း ဇာတ်ညွှန်းအား ကြည့်လိုက်ပြီးနောက် အစီအစဉ် တစ်ခန်းနားမည့် အကြောင်း ကြေငြာလိုက်သည်။
“ကြည့်ရှုသူများအားလုံး.. ဒီနေ့အတွက် ပြိုင်ပွဲနှစ်ပွဲကတော့ ပြီးဆုံးပါပြီ၊ မဲပေးရမည့်နေရာကလည်း ဒီနေ့ည ၈နာရီကနေ စပြီး ဖွင့်ပေးမှာဖြစ်ပါတယ်၊
အားလုံးပဲ ဒီအစီအစဉ်မှာ အသန်မာဆုံးလို့ထင်တဲ့သူနဲ့ စိတ်ကျေနပ်မှုအနည်းဆုံး ပြိုင်ပွဲဝင်တွေကို မဲပေးလို့ရပါတယ်နော်၊ ဒီတော့ သေချာလေး ရွေးချယ်မဲပေးကြပါဦး!”
“ဒီနေ့ရဲ့ မဲပေးတာက ပထမအဆင့်ပဲ ဖြစ်ပါတယ်၊ ဒုတိယအဆင့်မဲပေးတာကတော့ မနက်ဖြန်မနက် ဆယ်နာရီခွဲမှာ စတင်မှာဖြစ်ပါတယ်၊ အဲဒီအချိန်ကျရင် ပရိုဂရမ်အဖွဲ့ကနေ ပထမအဆင့်၊ ဒုတိယအဆင့်က မဲနှစ်ခုလုံးကို ပေါင်းပြီးတော့မှ နောက်တစ်ပိုင်းကို ဆက်သွားရမယ့် ပြိုင်ပွဲဝင်ငါးဦးကို ရွေးချယ်မှာဖြစ်ပါတယ်
စိတ်မကောင်းစွာနဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာရမယ့် ပြိုင်ပွဲဝင်တစ်ဦးကိုလည်း ရွေးချယ်မှာဖြစ်ပါတယ်”
“ဒီတော့ မနက်ဖြန် ဆယ်နာရီကျော်ရင် တွေ့ကြမယ်နော်၊ အားလုံးနှုတ်ဆက်ပါတယ်”
အစီအစဉ်အပိတ်စာသားများ ပြောဆိုပြီးချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာကိုပိတ်လိုက်ပေပြီ။
*