မိုင်ထောင်ချီအဝေးမှ ဆွေမျိုးကို ရှာဖွေရာတွင် (1)
Vol. 23 Ch. 225
မစ်စ်ရန်က ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံကာ တစ်ယောက်ချင်းစီနှင့် စကားပြောခဲ့ပြီးဖြစ်သည်။ သူတို့အကူအညီဖြင့် သူမကိုယ်ပေါ်မှ အိမ်မွေးတိရိစ္ဆာန်လေးများ၏ ဝိဉာဉ်အား လွှတ်ပေးခဲ့သည်။
နောက်ဆုံးတွင် ကုကျစ်စုန့်နှင့် တွေ့ဆုံခဲ့သည်။
အနည်းငယ် သက်သာလာဟန်ပေါ်သည့် မစ်စ်ရန်အား ကြည့်လိုက်ပြီးနောက် ကုကျစ်စုန့် တည်ငြိမ်စွာမေးလိုက်သည်။
“မင်း နေလို့ကောင်းသွားပြီလား?”
မစ်စ်ရန် ခေါင်းငြိမ့်သည်။
“အရမ်းမိုက်တာပဲ၊ ကျွန်မမျက်လုံးနဲ့သာ မျက်မြင်မတွေ့လိုက်ရရင် ဒီသရဲတွေ၊ တစ္ဆေတွေဆိုတာကို ယုံတမ်းစကားတွေလို့ပဲ ထင်မိမှာ၊
အခု ကျွန်မရဲ့ ခြေထောက်တွေရော၊ လက်တွေရော အားလျော့သလို ချိနဲ့မနေတော့ဘူး၊ ရင်ထဲမှာ ဟာတာတာနဲ့ တစ်ခုခုလိုနေသလို၊ မသက်မသာ ခံစားရတဲ့ခံစားချက်လည်း ပျောက်သွားပြီ၊ တော်တော်လေးကို ပေါ့ပါးသွားတာပဲ”
သူမ ငိုချင်စိတ်ပင် ပေါ်လာခဲ့သည်။
သရဲတစ္ဆေများသည်က အမှန်တကယ်ပင် သူမအပေါ်တွင် ကြီးမားသည့် သက်ရောက်မှု တစ်ခုရှိနေခဲ့သည်။
တစ်ချိန်တုန်းကတော့ ဤကမ္ဘာကြီးတွင် သူမအား စိတ်ဝင်စားစေသည့်အရာ၊ ဤကမ္ဘာကြီးမှ ထွက်မသွားရန် သူမအား ဆွဲထားနိုင်မည့်အရာမျိုး၊ လွမ်းဆွတ်တမ်းတစေမည့် အရာမျိုး မရှိခဲ့ပေ။
သို့သော် ယနေ့အဖြစ်အပျက်များသည် သူမ၏ နှလုံးသားအား တုန်လှုပ်သွားစေခဲ့သည်။
သူမရှေ့မှ သဘာဝလွန်ပညာရှင် အမျိုးသမီးကြယ်ပွင့်သည်က ပန်းချီပညာရှင်တစ်ဦး၏ မြတ်မြတ်နိုးနိုးရေးဆွဲထားသည့် ပန်းချီကားတွင်းမှ ထွက်လာသလားဟုပင် ထင်ရလောက်အောင် လှပလွန်းလှသည်။
ထိုကြယ်ပွင့်အား မော့ကြည့်လိုက်ရင်း သူမနှုတ်ခမ်းမှ မေးခွန်းတစ်ခု ထွက်လာခဲ့သည်။
“ကုတောက်ကျန့်... ကျွန်မကို သတ်မသေအောင်လို့ ပြောချင်တဲ့ နှစ်သိမ့်စကားမျိုး၊ဘာမျိုးများ မရှိဘူးလား?”
ကုကျစ်စုန့်: “???”
သူမအား နှစ်သိမ့်ပေးနိုင်မည့်စကားအနည်းငယ်ပြောလိုက်ခြင်းနှင့် သူမ၏ မူလလမ်းကြောင်းအတိုင်း လိုက်နာခြင်းတို့တွင် ကုကျစ်စုန့်ကတော့ ဒုတိယနည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။
“ဘာကိုမှ အကြံပေးစရာမရှိပါဘူး၊ ငါပြောချင်တာက မင်းဘဝရဲ့ သေဆုံးခြင်း၊ ရှင်သန်ခြင်းဆိုတာ မင်းရဲ့ ကံကြမ္မာပဲလေ၊ မင်းက အသက်ရှင်နေရတာကြီးက နှိပ်စက်ခံနေရသလိုပဲလို့ ခံစားနေရတယ်ဆိုရင် မင်းကို အဲဒီဝေဒနာကြီး ဆက်ပြီး ခံစားနေပါလို့ ဘယ်သူက ပြောပိုင်ခွင့်ရှိမှာလဲ?”
သူမ ခေတ္တရပ်လိုက်ပြီးနောက် နှာပူးသရဲအား ဖမ်းချုပ်ထားသော ဖန်ပုလင်းငယ်ကို မြှောက်လိုက်ရင်း ဆက်ပြောသည်။
“ဒါပေမယ့် ငါ့အနေနဲ့ အကြံပေးချင်တာက မင်း သက်ရှိကမ္ဘာမှာ နောက်ထပ် ၂နှစ်လောက်တော့ နေစေချင်တယ်၊ အဲဒီအချိန်မှ ဒီကောင်က ငရဲကျခံရမှာလေ၊
မဟုတ်ရင် ငါသူ့ကို မြေအောက်ကမ္ဘာကို ပြန်ပို့လိုက်ပြီးတော့ မင်းရဲ့ဝိဉာဉ်ကလည်း မြေအောက်ကမ္ဘာကို ရောက်သွားတယ်ဆိုရင် မင်း ဒီကောင်နဲ့ ဆက်ပြီး ဒုက္ခရောက်နေရဦးမှာပဲ၊
အဲဒီအချိန်ကျရင်တော့ အခုလို ကူညီပေးမယ့် ဝိဉာဉ်ရေးရာအစီအစဉ်ဆိုတာလည်း ရှိမှာမဟုတ်ဘူး”
မစ်စ်ရန် ကြက်သေ,သေသွားခဲ့သည်။
သေသေချာချာ ပြန်စဉ်းစားကြည့်ပါက ကုကျစ်စုန့်၏ စကားသည် အဓိပ္ပာယ်ရှိသည်။
စိတ်ကျရောဂါ ရံဖန်ရံခါ ထဖောက်ခြင်းနှင့် အသက်ရှင်ရန် ကြိုးစားနေခြင်း၊ သေဆုံးပြီးနောက် ရွံစရာကောင်းသည့် နှာပူးတစ်ကောင်၏ လိုက်လံနှောင့်ယှက်ခံရခြင်း၊ နှစ်ခုယှဉ်၍ တွေးကြည့်ပါလျှင် အသက်ရှင်နေရခြင်းသည် ပို၍ ကောင်းမွန်သော၊ ဖြစ်သင့်ဖြစ်ထိုက်သော ရွေးချယ်မှုတစ်ခုသာ ဖြစ်၏။
ကုကျစ်စုန့်၏ အတည်ပေါက်ပြောနေသော မျက်နှာအား ကြည့်လိုက်ပြီး မစ်စ်ရန် မပြုံးဘဲမနေနိုင်ပါချေ။
“ကုတောက်ကျန့်၊ ရှင်က အခြားသူတွေကို တွန်းအားမပေးဘူးလို့ပြောတာပေါ့နော်...တကယ်ကို ရှင်က အကောင်းဆုံးပါပဲ! ကျွန်မ အခု မသေချင်တော့ဘူး၊ သေမယ်လို့ စဉ်းစားလိုက်တာနဲ့တင် ဝမ်းနည်းမိတယ်
ဒီလိုနှိပ်စက်မှုကြီးကို အချိန်အကြာကြီး ခံလာရပြီးတော့ ကျွန်မ အသက်ရှည်ရှည်နေချင်မိသွားတယ်”
“စကားမစပ် ကုတောက်ကျန့်၊ ဒီနေ့ပြီးတော့ ကျွန်မ စဉ်းစားမိတာ.. သဘာဝလွန်ပညာရပ်နဲ့ သရဲဖမ်းတာတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ကျွန်မကို ကြည့်ပေးလို့ရမဘား၊ ကျွန်မမှာ ဒီနယ်ပယ်အတွက် အရည်အချင်းများ ရှိလားလို?
အခုမှစပြီး သင်ရင်ရော နောက်ကျသွားပြီလား? ကျွန်မကို အကြံလေးဘာလေးများ မပေးချင်ဘူးလားဟင်?”
ကုကျစ်စုန့်: “......”
“မင်းမှာ အရည်အချင်းတော့ရှိပါတယ်၊ မျက်လုံးတွေကို ဖွင့်နိုင်တယ်လေ”
သူမ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမယ့် မင်းက ငါ့ရဲ့ တပည့်ဖြစ်ဖို့တော့ အဆင့်မမှီဘူး၊ ငါက သာမန်ထက်ပိုပြီးထူးချွန်တဲ့ ဉာဏ်ကြီးရှင်တွေ၊ ပါရမီရှင်တွေကိုပဲ သင်တာ၊ သာမန်လူတွေက ငါ့ရဲ့ပညာကို လက်ဆင့်မကမ်းနိုင်ဘူး”
မစ်စ်ရန် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူမကတော့ ကုကျစ်စုန့် စနောက်နေသည်ဟုသာ ထင်လိုက်သော်ငြား ကုကျစ်စုန့်ကတော့ အတည်ပြောနေခြင်းပင်။
တောက်ကျန့်ကျွင်းဟုန်သည် သူမအား တပည့်အဖြစ် လက်ခံခဲ့ချိန်တွင် အမြဲတမ်း ပြောခဲ့သည့် စကားတစ်ခွန်းရှိသည်။
“ငါတို့ရဲ့ ဂိုဏ်းက ထက်မြက်တဲ့ ပါရမီရှင်တွေကိုပဲ လက်ခံတယ်၊ ငါကလည်း ငါ့ထက် ပိုပြီးအရည်အချင်းရှိတဲ့ တပည့်ကိုပဲ လက်ခံတယ်၊ ငါက လာသမျှကလေးတွေကို အကုန်လက်ခံသင်ပေးနေရင် ပင်ပန်းတာနဲ့ သေသွားမှာပေါ့!”
သူမ မစ်စ်ရန်အား တစ်ချက်ကြည့်လိုက်ကာ တွေးလိုက်ရင်း နောက်ထပ် အကြံနှစ်ခုပေးလိုက်သည်။
“မင်းက နှစ်တွေအကြာကြီး သရဲဖမ်းစားတာ ခံခဲ့ရတာ၊ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုကလည်း ပြောင်းလဲသွားပြီ၊ မင်း တောက်ဓမ္မလောကကို ဝင်ချင်တယ်ဆိုရင် အားကိုးရတဲ့ တောက်ဘုန်းကြီးကျောင်းတစ်ကျောင်းကို အရင်ရှာလိုက်”
“တောက်ဓမ္မပညာ နည်းနည်းလေး လေ့လာနိုင်ပြီဆိုရင် မင်းရဲ့ ခန္ဓာတည်ဆောက်မှုကို ပြောင်းလဲပြီး အသက်ရှည်ရှည်နေနိုင်လိမ့်မယ်၊ အဲဒါဆိုရင် မင်းမိဘတွေ ဝဍ်လည်တာကို မင်းမျက်လုံးနဲ့တောင် မြင်နိုင်လိမ့်မယ်”
မစ်စ်ရန် အံ့အားသင့်သွားသည်။
ကုကျစ်စုန့် ကောင်းကင်အား မော်ကြည့်လိုက်ရင်း စကားဆက်သည်။
“ငါက မင်းအတွက် သူတို့ကို လက်စားမချေပေးတာမဟုတ်ဘူး၊ သူတို့အတွက် အချိန်က အလိုလိုရောက်လာလိမ့်မယ်”
စကားဆုံးသည်နှင့် သူမ အလုပ်ဆင်းချိန်ရောက်ပြီဖြစ်သောကြောင့် စကားဆက်မပြောချင်တော့ပေ။
ထိုညတွင် နှာပူးသရဲတစ်ကောင်က မြေအောက်ကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။ သူ ဝိဉာဉ်ဂိတ်တံခါးဝမှ ခြေချလိုက်သည်နှင့် အနက်ရောင်မြူခိုးများကြားမှ ရန်လိုသည့် မျက်လုံးပေါင်း ထောင်သောင်းချီ၏ အကြည့်အာ ခံစားလိုက်ရလေသည်။
သူ ကြောက်လန့်တုန်လှုပ်ကာ ယင်အရာရှိအနီးသို့ တိုးကပ်လိုက်မိသည်။
“ဆ..ဆရာ၊ ဒီသရဲတွေက ဘာလို့...”
တာဝန်ကျနေသော နွားခေါင်းအရာရှိ နျူထောင်က သူ့အား ရွံရှာစွာ ကြည့်လိုက်ရင်း ပြောသည်။
“ငါ့အနားကို မကပ်စမ်းနဲ့. မင်းလိုကောင်တွေက ငါတို့ရဲ့ မြေအောက်ကမ္ဘာကို နှာပူးလုပ်ရပ်တွေနဲ့ နာမည်ဖျက်နေတာပဲ!”
ထိုညတွင် ရှားနိုင်ငံ၏ အကြီးဆုံးသဘာဝလွန်ဖိုရမ်တွင် တစ်စုံတစ်ဦးမှ စာတစ်စောင်တင်လိုက်သည်။
[အမျိုးသမီးသရုပ်ဆောင်တစ်ယောက်က တောက်ကျန့်လုပ်နေပြီး တော်တော်လေးနာမည်ကြီးနေတာကို မြင်လိုက်ရပါလား? ဒီနေ့ရဲ့ သရဲဖမ်းတာက တကယ်လား၊ အတုလား??]
အမျိုးသမီးသရုပ်ဆောင်၏ နာမည်အား ထည့်သွင်းပြောဆိုထားခြင်းမရှိသော်လည်း သိသာလွန်းသောကြောင့် အင်တာနက်သုံးသူတိုင်း ကုကျစ်စုန့်အကြောင်း ပြောခြင်းဖြစ်ကြောင်း သိနိုင်သည်။
ထိုပို့စ်၏ အောက်တွင်တော့ ယနေ့အဖွဲ့လိုက်ပြိုင်ပွဲတွင် ထူးဆန်းလွန်းသော ကုကျစ်စုန့်၏ သရဲဖမ်းခြင်းအပိုင်းအကြောင်း အကြိတ်အနယ်ဆွေးနွေးမှုများ စတင်နေခဲ့သည်။
အပြင်လူအများစုကတော့ ထိုအပိုင်းသည် အတုဖြစ်ကာ ပြိုင်ပွဲမှသုံးထားသည့် effect များသာဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။
[ငါအရင်တုန်းကတော့ သူ့ကို အစစ်လို့ ထင်တာပဲ၊ ဒါပေမယ့် ပြိုင်ပွဲကို ပိုပြီးကြည့်လေလေ၊ ဒါကြီးက အတုနဲ့ တူလာလေလေပဲ၊ ဘယ်လိုလုပ်ပြီး သူက အဲ့လောက် စွမ်းအားကြီးတာဖြစ်နိုင်မှာလဲ? သူမရဲ့ အသက်က ဘယ်လောက်ရှိသေးတာမို့လို့လဲ? သူမက မသေမျိုးမှ မဟုတ်တာကို...]
[ဘာပဲဖြစ်ဖြစ်ပါ၊ ငါတို့အမျိုးတွေထဲမှာလဲ အဲလို သရဲတစ္ဆေတွေကို မြင်နိုင်တဲ့သူတွေ ရှိတယ်လေ၊ သူတို့တွေ နတ်ဝင်သည်ခေါ်ပြီး အပ,နှင်တိုင်း အကြာကြီး ပြင်ဆင်တာတွေ လုပ်ရတာ
ပြီးရင်လည်း အားပြည့်အောင် အကြာကြီး ပြန်အနားယူရသေးတယ်၊ ဒီတော့ ဒါက အဲဒီလောက်တော့ မလွယ်ဘူးလေ!]
[သူက မင်းသမီးပဲလေ၊ မားကတ်တင်း စ,ဆင်းပြီးဆိုတာနဲ့ ဆက်တိုက်လုပ်တော့မှာပဲ အခုကတော့ အိုဗာဖြစ်လွန်းပါတယ်]
[……]
တစ်ဖက်တွင်တော့ အမှန်တကယ် သိကြသည့် အပြင်လူများမှာ ထိုပို့စ်များအား မြင်ရပြီးနောက် အသံတိတ်သွားသည်။
မကြာသေးမှီကထိ သူတို့သည်လည်း ထိုဝေဖန်သူများနှင့် အတွေးတူခဲ့ကြသည်။
ကုကျစ်စုန့်သည်က ဆံပင်,ပင်မဖြူသေးသည့် မိန်းမငယ်လေးတစ်ဦးသာဖြစ်သော်ငြား စွမ်းအင်ကတော့ များပြားလွန်းလှသည်!
သို့သော် မြေအောက်ကမ္ဘာမှ ပေါ်ထွက်လာသည့် ကြေငြာချက်သည်က ထိုတောက်ကျန့်များ မျက်နှာအား ပါးရိုက်လိုက်သကဲ့သို့ပင်။
ယခုအချိန်တွင်တော့ အချို့တောက်ကျန့်များမှာ ကုကျစုန့်သည် ‘မြေကမ္ဘာကျွမ်းကျင်’အဆင့် ပညာရှင်ဖြစ်ကြောင်း သံသယရှိကြသည်။
သူတို့ သူမ၏ ကျင့်ကြံမှုအဆင့်အမှန်ကိုလည်း အမှန်တကယ်သိချင်နေခဲ့ကြသည်။
သူမ အဘယ်ကြောင့် အသက်ငယ်ငယ်ဖြင့် တောက်ဓမ္မပညာအား ဤမျှ ကျွမ်းကျင်နေရပါသနည်း?
မြေအောက်ကမ္ဘာနှင့် မည်သို့အဆက်အသွယ်များ ရှိပါသနည်း?
တချို့တောက်ကျန့်များကတော့ မည်သို့တွေးရမှန်းမသိဖြစ်ကာ စာပြန်ကြသည်။
[ဒီပညာရှင်က တကယ်အစစ်၊ ထူးခြားတဲ့ စွမ်းအင်တွေလည်းရှိတာအမှန်ပဲ၊ မင်းတို့ကို အကြံပေးချင်တာက ဒီပြင်းထန်တဲ့ မှတ်ချက်တွေကို ဖျက်ပစ်ဖို့ပါပဲ]
[သူမရဲ့ အလုပ်အကိုင်တွေ၊ ဘာတွေ ဘာမှမပြောရင်တောင်မှ ကုကျစ်စုန့်က အမှန်တကယ်ကို ဉာဏ်ကြီးရှင်ပညာရှင်တစ်ယောက်ပဲ]
နှစ်ကြိမ်မျှ refresh လုပ်ပြီးချိန်တွင် ထိုပို့စ်အား တင်သူနှင့် အစဖော်သူတို့က စာပြန်လာခဲ့သည်။
[စောက်ရူးဖန်တွေ]
တောက်ကျန့်များ:
“???”
(ပီကာချူး အံ့သြသင့်နေသောမျက်နှာ)
နောက်တစ်နေ့ ဆယ်နာရီခွဲတွင် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။
အချိန်က စောလွန်းသည့်အချိန်မဟုတ်သကဲ့သို့ ယမန်နေ့က သွေးပူနေကြသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူများ ပို၍ပင် တိုးလာခဲ့သည်။
တင်ဆက်သူလျှို့က မိုက်ကရိုဖုန်းအား ကိုင်ထားပြီးနောက် အပြုံးဖြင့် စကားစသည်။
“ ကြည့်ရှုသူများအားလုံး မင်္ဂလာနံနက်ခင်းပါ၊ တစ်ညလုံးစောင့်ပြီးတဲ့နောက်မှာတော့ ပြိုင်ပွဲဝင်တွေရဲ့ မဲပေးမှုကတော့ ပြီးဆုံးပါပြီ၊ အခုလက်ရှိထိ အစဉ်လိုက်ကတော့ ဒီတိုင်းပါပဲ”
ပရိုဂရမ်အဖွဲ့မှ ပြသသည့် မဲပေးမှုအစဉ်လိုက်မှာ: ကုကျစ်စုန့်၊ ဒေစီ၊ ရှင်းယိချင်း၊ ဟဲမီတူ၊ ရှီဟိုင်ဟုန်နှင့် ပိုင်စစ်တို့ပင် ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များ ဝမ်းသာသည့်သူက ဝမ်းသာ၊ ဝမ်းနည်းသူက ဝမ်းနည်းနေကြသည်။
စိတ်အပူပန်ဆုံးဖြစ်နေသူများသည်ကား ပိုင်စစ်၏ ပရိတ်သတ်များပင်ဖြစ်ပေသည်။ သူသည်ကား စွမ်းအင်မရှိသည်မဟုတ်ဘဲ ကုသခြင်းနေရာတွင် အထူးပြုခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များထဲတွင် အတော်ဆုံးကုသသူဖြစ်ကြောင်း ပြောနေခဲ့ကြသည်။
*