မိုင်ထောင်ချီအဝေးမှ ဆွေမျိုးကို ရှာဖွေရာတွင် (2)
Vol. 23 Ch. 226
“အခုလောလောဆယ် နောက်ကျကျန်နေတဲ့ ပြိုင်ပွဲဝင်တွေကလည်း ပြန်လာဖို့ အခွင့်အရေးရှိပါသေးတယ်နော်၊ ငါတို့တွေ ဒီနေ့ရဲ့ ပြိုင်ပွဲပြီးသွားရင်လည်း နောက်ထပ် မဲတစ်ခါပေးရဦးမှာပါ၊ အဲဒီအချိန်ကျရင်ရော ဒီရလဒ်တွေ ပြောင်းလဲသွားမလားဆိုတာကို စောင့်ကြည့်ကြရအောင်ပါ”
သူစကားဆုံးပြီးနောက် ဘေးကို ကြည့်လိုက်ရင်း ဆက်ပြောသည်။
“ကျွန်တော့်နောက်မှာရှိနေတဲ့ တောင်တွေကို မြင်တော့ တစ်ခုခုများ ခန့်မှန်းမိတာ ရှိကြလား? မှန်ပါတယ်..
ကျွန်တော် ရပ်နေတဲ့ နေရာကတော့ တောင်ပိုင်းနယ်မြေရဲ့ နယ်စပ်မှာပဲ ဖြစ်ပါတယ်၊ ဒီမှာတော့ တောင်တန်းတွေက ဆက်နေပြီး ပတ်ဝန်းကျင်ကလည်း လှပလွန်းတယ်
နေထိုင်တဲ့ လူမျိုးတွေကလည်း ရိုးရှင်းကြတယ်၊ ဒီတောင်စပ်ကို ကျော်ပြီဆိုတာနဲ့ အခြားတောင်တစ်ဖက်ကို ဆက်သွား၊ နောက်ပြီးရင် နှစ်ကီလိုမီတာလောက်မှာရှိတဲ့ နယ်စပ်ကို ဖြတ်လိုက်ပြီဆိုတာနဲ့ နောက်ထပ် အရှေ့တောင်အာရှနိုင်ငံတစ်ခုရဲ့ နယ်စပ်ထဲကို ရောက်သွားမှာပါ၊
ပြီးတော့ ဒီနေရာက ဒီနေ့ပြိုင်ပွဲအတွက် နေရာပဲဖြစ်ပါတယ်!”
တင်ဆက်သူလျှို့ စကားပြောနေစဉ် တာဝန်ကျသည့် ကင်မရာမန်းကလည်း သူ့နောက်မှ လမ်းများ၊ အဝေးမှ တောင်တန်းများအား သေချာရိုက်ပြနေခဲ့သည်။
ပြိုင်ပွဲဝင်များလည်း ရောက်ရှိလာပြီးဖြစ်လေသည်။
ယမန်နေ့က ရိုက်ကူးခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုသည်က ဟိုတယ်အနီးတွင်ရိုက်ကူးခဲ့ခြင်းကြောင့် လူတိုင်းက နေရာကို မသိကြခြင်းပင်။
“နောက်ထပ် ဒီနေ့ရဲ့ အကူအညီတောင်းသူတွေကို စင်ပေါ်တက်လာဖို့ ဖိတ်ခေါ်ပါတယ်!”
ကြိုတင်ပြင်ဆင်ထားသော အကူအညီတောင်းသူလေးဦးလည်း ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့လေးယောက်ထဲတွင် ဆံပင်ဖြူနေပြီဖြစ်သော အသက်ကြီးစုံတွဲနှစ်ဦးလည်း ပါဝင်သည်။
အဘိုးအိုသည်က သွက်လက်ပေါ့ပါးကာ ဝန်ထမ်းများ၏ အကူအညီမလိုဘဲ ချိုင်းထောက်ဖြင့်အေးအေးဆေးဆေး လမ်းလျှောက်နိုင်သည်။
သို့သော် သူ၏ ဇနီးသည်မှာတော့ ခြေထောက်မသန်သောကြောင့် ဝှီးချဲဖြင့် တွန်းလာရသည်။
ဝှီးချဲတွန်းလာသည့်သူများမှာ သက်လတ်ပိုင်းစုံတွဲဖြစ်လေသည်။ သူတို့နှစ်ဦးသည်က အသက်သုံးဆယ်၊လေးဆယ်ဝန်းကျင် ဖြစ်ဟန်ပေါ်ကာ အားကစားဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်။
စင်ပေါ်တက်လာပြီးနောက် တင်ဆက်သူလျှို့အား အသီးသီးနှုတ်ဆက်စကားဆိုသည်။
အားကစားသတင်းပုံမှန်ကြည့်တတ်ကြသော ကြည့်ရှုသူများကတော့ ဝှီးချဲတွန်းလာသည့် အမျိုးသမီးသည်က နာမည်ကျော် အားကစားသမားတစ်ဦးဖြစ်ကြောင်း သိလိုက်သောကြောင့် အံ့အားသင့်သွားကြသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မနာမည်ကတော့ ကျန်းရှောင်နာလို့ခေါ်ပါတယ်။ ဒီနေ့အတွက် အကူအညီတောင်းသူပါ”
[နေပါဦး၊ ဒီကျဲကျဲက တီဗီမှာ ပါဖူးတာလား? ငါသူ့ကို သတင်းထဲမှာ မြင်ဖူးသလိုပါပဲ!]
[အဲဒါက ကျန်းရှောင်နာမဟုတ်ဘူးလား? သူက မနှစ်တုန်းက နိုင်ငံတကာ fencing (ဓားပျော့အားကစား) ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တာလေ ၊ ဒီပြိုင်ပွဲမှာ ဘယ်လိုလုပ်ပြီး ရောက်နေရတာတုန်း?]
[အင်တာနက်ပေါ်မှာ ရှာဖွေပြီးသကာလ ငါပြန်ရောက်လာပါပြီ၊ ဒီအမျိုးသမီးက နာမည်ကြီးအားကစားသမား၊ ဆုတွေလည်း အများကြီးရထားတာ
ဒါပေမယ့် သူက အခု ဒီပြိုင်ပွဲကို ရောက်နေတာဆိုတော့ အားလုံး သူ့ကို အကူအညီတောင်းတဲ့ သာမန်လူတစ်ယောက်လိုပဲ ဆက်ဆံကြစေချင်တယ်
အရေးကြီးတာက သူက ဒီပြိုင်ပွဲကို အကူအညီတောင်းဖို့ ရောက်လာခဲ့တာလေ၊ သူဘယ်သူလဲဆိုတာမဟုတ်ဘူး]
“မင်္ဂလာပါ ရှောင်နာ၊ မိသားစုဝင်တွေနဲ့လည်း မိတ်ဆက်ပေးပါဦး”
ကျန်းရှောင်နာ ခေါင်းငြိမ့်လိုက်သည်။
“ဒါကတော့ ကျွန်မရဲ့ မိဘတွေပါ၊ သူတို့ကလည်း ဒီနေ့အကူအညီတောင်းကြမှာပါ၊ ကျွန်မတို့ တောင်းချင်တဲ့ အကူအညီကတော့ မွေးမိဘတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ၊
ဒါက ကျွန်မရဲ့ ခင်ပွန်း၊ သူကတော့ ကျွန်မတို့နဲ့ အဖော်လိုက်လာပေးတာပါ”
“ကျွန်မ ဒီကိစ္စကို အင်တာနက်ပေါ်မှာ အကူအညီတောင်းသင့်၊မတောင်းသင့် တွေးနေခဲ့တာကြာပြီ၊ အခြားရွေးချယ်စရာ နည်းလမ်းလုံးဝမရှိတော့လို့သာ မဟုတ်ရင် ကျွန်မတို့ သဘာဝလွန်နည်းလမ်းတွေကို တွေးတောင် တွေးကြည့်မိမှာ မဟုတ်ပါဘူး”
တင်ဆက်သူလျှို့လည်း ခေါင်းငြိမ့်ကာ ကင်မရာကို ကြည့်လိုက်သည်။
“ဒီနေ့ထိ တွေးတောပြီး စိတ်ညစ်နေရလောက်တဲ့ထိ ကျန်းရှောင်နာရဲ့ မိသားစုမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာများလဲ? ဒီတောင်ကြီးနဲ့၊ ဒီမြေတွေနဲ့ရော ဘာများ သက်ဆိုင်ပါသလဲ?
ဒါဆိုရင် ကျွန်တော်တို့တွေ ကျန်းရှောင်နာရဲ့ မိသားစုကို ကြည့်ရအောင် ပြိုင်ပွဲဝင်တွေ အားလုံးကို ဖိတ်ခေါ်လိုက်ပါမယ်”
ယခုပြိုင်ပွဲ၏ ပုံစံသည် ဖော့ဖော့တောင်တန်းများနှင့် အသွင်တူသည်။
ပြိုင်ပွဲဝင်များအားလုံး အတူတူ တပြိုင်တည်း လေ့လာကြည့်ကြပြီး အားလုံးလက်ထဲတွင်လည်း ရေးသားစရာ အီလက်ထရွန်နစ် note book တစ်ချပ်စီ ကိုင်ဆောင်ထားကြမည်ဖြစ်သည်။
လေ့လာနေသည့် အချိန်တွင်း၌ ပြိုင်ပွဲဝင်များက နုတ်ဘုတ်ပေါ်တွင် သူတို့မြင်တွေ့ရသည့် အရာအားလုံးကို ရေးသားထားနိုင်ပြီး နောက်ဆုံးတွင်တော့ အကူအညီတောင်းသူများမှ အဖြေမှန်အား ပြောပြလိမ့်မည်ဖြစ်ပေသည်။
ပြိုင်ပွဲဝင် ၆ယောက်လုံး စင်ပေါ်ရောက်လာပြီးနောက် တင်ဆက်သူလျှို့လည်း ကျန်းရှောင်နာတို့ မိသားစုတို့ သိချင်သည့် အရာသည် ယခုမြေနှင့်တောင်တန်းများနှင့် ပတ်သတ်နေကြောင်း ပြောပြခဲ့သည်။
“အားလုံးမှာ လေ့လာချိန် ဆယ်မိနစ်ရှိပြီး ရှာတွေ့တဲ့ အဖြေတွေကို ရေးထားလို့ရပါတယ်၊ အခုပဲ စလိုက်ကြရအောင်ပါ!”
ထိုအချိန်တွင် ပြိုင်ပွဲဝင်များအားလုံး သိကြသည့်အချက်တစ်ခုမှာ ယခုကျန်ရှိသည့်ပြိုင်ပွဲဝင်များထဲတွင် မည်သူမျှ အတုအယောင် မပါဝင်သကဲ့သို့ အမှန်တကယ် သဘာဝလွန်ပညာစွမ်းအင်ရှိကြသူများချည်းသာ ဖြစ်ကြကြောင်းပင်။
သူတို့အားလုံး ဤအစီအစဉ်တွင် စုမိသွားသည်မှာ ဤအစီအစဉ်တွင် ကြည့်ရှုသူများပြားသောကြောင့် ဝိဉာဉ်ဆိုင်ရာ ကျင့်ကြံမှုတွင် အရေးပါသည့် ‘စိတ်စွမ်းအင်’ စုဆောင်းနိုင်ရန်အတွက်သာ ဖြစ်သည်။
နောက်ဆုံးအဆင့်မြင့်လေလေ၊ ‘စိတ်စွမ်းအင်’များ ပို၍ စုပ်ယူနိုင်လေ ဖြစ်သောကြောင့် အားလုံးသည်က ပြိုင်ဘက်များသာ ဖြစ်ကြသည်။
အတွင်းတွင် စိတ်ဓာတ်များ သွေးဆူတက်ကြွနေသော်လည်း အပြင်တွင်တော့ လူတိုင်းက တည်ငြိမ်နေခဲ့ကြသည်။
ပြိုင်ပွဲဝင် ၆ယောက် သတ်မှတ်ထားသည့် နံပါတ်အစဉ်လိုက် တန်းစီနေခဲ့ကြသည်။ ကုကျစ်စုန့်၏ အလှည့်သို့ရောက်ရှိလာချိန်တွင် အကူအညီတောင်းသူ လေးဦးထံသို့ လျှောက်လာခဲ့သည်။
သူမ၏ မျက်လုံးထဲတွင်တော့ အကူအညီတောင်းသူအားလုံး၏ မျက်နှာများသည် တောင်တန်းများ၊ မြစ်များနှင့် ရေကန်များကဲ့သို့ပင် ဖြစ်သည်။
သူတို့မျက်နှာပေါ်တွင် အတိတ်၊အနာဂတ်နှင့် ပတ်သတ်သော အချက်အလက်များ၊ ပုံစံများအားလုံးသည် ‘ရေးသား’ထားသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် ဘေးမှ တစ်ဦးချင်းနှင့် ဆက်စပ်နေခဲ့ပြီး ကွန်ယက်သဖွယ် ဆက်ဆံရေးတစ်ခု တည်ရှိနေခဲ့သည်။
သူမ လျှပ်စစ်နုတ်ဘုတ်အား ကောက်ကိုင်လိုက်ပြီးနောက် မြင်တွေ့လိုက်ရသည့် အချက်အလက်များအား ရေးသားထားခဲ့သည်။
ကျန်းရှောင်နာနှင့် သူမ၏ မိဘများ မျက်နှာပေါ်မှ နေရာတစ်ခုအား မြင်လိုက်ရပြီးနောက် ရေးသားနေသည့် လက်ချောင်းသွယ်သွယ်များ ရပ်တန့်သွားသည်။
ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ကောင်းကင်အား မော်ကြည့်လိုက်သည်။
ထို့နောက် သူမ ရင်ထဲတွင် တွေးနေသည့် အရာတစ်ခုအား အတည်ပြုလိုသည့်အလား ရှေးဟောင်းအကြွေစေ့များကို ထုတ်ကာ ကောက်ချက်ချလိုက်သော်ငြား သူမမျက်ခုံးများ ပို၍ပင် ကြုတ်လာကာ နဖူးကြောများပင် တင်းလာခဲ့သည်။
ရှေးဟောင်းအကြွေစေ့များအား အိတ်ထဲပြန်ထည့်လိုက်ပြီးနောက် အခြားသော မှော်လက်နက်များဖြစ်သည့် စက္ကူဘောပင်များနှင့် သံလိုက်အိမ်မြှောင်များကိုပါ ထုတ်လိုက်သည်။ အချိန်ဆယ်မိနစ်ပြည့်သည့် အချိန်မှသာလျှင် သူမ လက်ကို ရုပ်သိမ်းလိုက်သည်။
“ကျွန်မ ပြီးပြီ”
ထိုအချိန်တွင်တော့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူများသည် ကုကျစ်စုန့်၏ ထူးဆန်းသည့် အမူအယာအား သတိထားမိလိုက်ကြသည်။
ယခင်နှင့်မတူဘဲ သူမသကားည် ယနေ့တော့ စိတ်ပြေလက်ပျောက်ရှိဟန်မပေါ်။ ဗေဒင်ဟောရန် ယူသည့် အချိန်မှာလည်း ယခင်ထက် ပို၍ ကြာမြင့်နေခဲ့ပြီး မျက်နှာအမူအယာမှာလည်း အနည်းငယ် စိတ်ညစ်နေဟန်ပင် ပေါ်သည်။
အားလုံးသိကြသည့်အတိုင်းပင် သူမသည်က အကူအညီတောင်းသူအား တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့နှင့် ပတ်သတ်သော အချက်အလက်များ အားလုံးကို သိရှိနေခဲ့တတ်ပြီးဖြစ်ပေသည်။
[ဒါက ခက်ခဲတဲ့ ကိစ္စများလား? စုန့်စုန့် ကြည့်နေတာကို အကြာကြီးပဲ၊ ကြည့်ရတာ သိပ်ပြီး မဟန်ဘူးထင်တယ်…]
ပြိုင်ပွဲဝင်များ အားလုံး စစ်ဆေးပြီးချိန်တွင် တင်ဆက်သူလျှို့ မေးခွန်းထုတ်လိုက်သည်။
“ဘယ်ပြိုင်ပွဲဝင်က အဖြေကို အရင်ပြောချင်ပါသလဲ?”
မတ်တပ်ထရပ်လိုက်သူသည်က ပိုင်စစ်ပင်။ သူသည်ကား ယနေ့တွင်တော့ မီးခိုးရောင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဖြူကောင်ငယ်လေး တစ်ကောင် ကိုင်ထားခဲ့သည်။
“ကျွန်တော် အရင်ပြောပါ့မယ်”
ပြောပြောဆိုဆိုပင် သူ့လက်ထဲမှ လျှပ်စစ်နုတ်ဘုတ်အား လှည့်ပြလိုက်သည်။
[အဘိုး - မျက်လုံးရောဂါ၊ သရက်ရွက်နဲ့ အစာအိမ်မကောင်း၊ ပါးစပ်ကင်ဆာ ပထမအဆင့်၊
အဘွား - ခြေထောက်ရောဂါ၊ မတော်တဆမှုဖြစ်ထားပြီး ပြင်ပအားကြောင့် အရိုးနဲ့ ကြွက်သားတွေ ထိခိုက်ထားတယ်
လက်ကောက်ဝတ်၊ ပုခုံးနဲ့ လည်ပင်းမှာ ပြင်းထန်တဲ့ ဒူလာရောဂါရှိ
အမျိုးသမီး - လက်ကောက်ဝတ်ရိုးမှ ဒဏ်ရာရှိ၊ ပြန်ဖြစ်နိုင်တဲ့အတွက် သတိထားရန်လိုအပ်]
လျှပ်စစ်နုတ်ဘုတ်အား မြင်ရပြီးနောက် ကျန်းရှောင်နာ လေသံတိုးတိုးဖြင့် ဆိုသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? အဖေ့မှာ ပါးစပ်ကင်ဆာရှိနေတာလား!?”
“ရှောင်နာ၊ မင်းနဲ့ မိသားစုဝင်တွေက အဲဒါကို မသိကြဘူးပေါ့? ဟုတ်လား? ကျန်တဲ့ အချက်တွေကရော?”
ကျန်းရှောင်နာ သေချာဖတ်လိုက်ပြီးနောက် ခေါင်းငြိမ့်သည်။
“အားလုံးက အမှန်တွေချည်းပါပဲ။ ကျွန်မက fencing အားကစားသမားလေ၊ အချိန်အကြာကြီး လေ့ကျင့်တာတွေနဲ့ ထိခိုက်တာတွေကြောင့် လက်ကောက်ဝတ်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတာ
ကျွန်မ အကိုက်အခဲ ပျောက်ဆေးတွေလည်း ထိုးရ၊ ဆေးပတ်တီးတွေလည်း စည်းခဲ့ရတယ်၊ ဘယ်လိုမှ ရွေးချယ်စရာမရှိဘဲ အနားယူခဲ့ရတာ၊
အခုတော့ နည်းပြအနေနဲ့ပဲ အလုပ်လုပ်နေတာပါ၊ ကျွန်မရဲ့ အသင်းဖော်တွေ၊ မိသားစုဝင်နဲ့ သူငယ်ချင်းတွေကလွဲလို့ ဘယ်သူမှ ကျွန်မရဲ့ လက်ဒဏ်ရာအကြောင်းကို မသိကြဘူးလေ”
“အမေ့ရဲ့ ခြေထောက်တွေက လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဆိုင်ကယ်တစ်စီးက တိုက်ပြီး ပြေးသွားတာပါ၊
အမေရဲ့ခြေထောက်ရိုးတွေက ဆတ်နေတော့ ပုံမှန်လူချင်း ဝင်တိုက်တာမျိုးတောင် မခံနိုင်တာ၊ အဲဒီလိုမျိုး အရှိန်နဲ့ တိုက်ခံလိုက်ရတာဆိုတော့...
ထိခိုက်မှုက ကုလို့ မရတော့ဘူးလေ၊ ဒါကြောင့် အမေလည်း လုံးဝ လမ်းမလျှောက်နိုင်တော့တာပါပဲ”
“အဖေကကျတော့ သရက်ရွက်မကောင်းတာရော၊ အစာအိမ်မကောင်းတာရော၊ တစ်ခါတစ်လေ လေအောင့်တတ်တာရော မှန်ပါတယ်၊ ဒါပေမယ့် ပါးစပ်ကင်ဆာအကြောင်းတို့ ကျွန်မတို့ အခုမှ သိတာပါ!”
[ငါကလည်း အရင်တုန်းကတော့ နိုင်ငံတကာ ဒုတိယအဆင့်အားကစားသမားလေ၊ ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတာ၊
အားကစားသမားဆိုတာက ဒဏ်ရာနဲ့တော့ မကင်းတာအမှန်ပဲ၊ လေ့ကျင့်မှုတွေနဲ့တင်ကို အရိုး၊အဆစ်နဲ့ ကြွက်သားနာတာတွေ ဖြစ်တတ်တယ်၊
ဒဏ်ရာက မပြင်းထန်ဘူးဆိုရင်တော့ ဘယ်သူမှ အနားယူချင်မှာမဟုတ်ဘူး]
[ငါ့တို့ရဲ့ ကောင်လေး ရှောင်ပိုင်! သူက တကယ်ကို အဆုံးထိ ဝိဉာဉ်ဆိုင်ရာ ဆေးကုသမှုကို လုပ်သွားချင်ရှာတာပဲ၊ သူပြောခဲ့သမျှ အားလုံးက ဒီမိသားစုထဲက ရောဂါနဲ့ ဒဏ်ရာတွေ အကြောင်းပဲ ပြောသွားခဲ့တာ၊ ပြီးတော့ သူပြောတာကလည်း အကုန်အမှန်တွေချည်းပဲ!]
[ဘုရားရေ၊ ဒီကောင်လေးက ဆေးရုံက X-ray စက်ကိုင်တဲ့ ဆရာဝန်လိုပဲ၊ သူက တစ်ချက်ကြည့်ရုံနဲ့တင် ရောဂါအသေးရော၊ အကြီးရော မြင်နိုင်တာပဲ၊ မိုက်ချက်ပဲ!]
*