မိုင်ထောင်ချီအဝေးမှ ဆွေမျိုးကို ရှာဖွေရာတွင် (3)
Vol. 23 Ch. 227
ကျန်းရှောင်နာလည်း ဖခင်ဖြစ်သူအား ပါးစပ်ကင်ဆာအကြောင်း မေးခွန်းထုတ်ခဲ့သည်။
အဘိုးအိုလည်း ခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းကို ရမ်းသည်။
“ကင်ဆာမဟုတ်ပါဘူး၊ လူတွေ အသက်ကြီးရင်တော့ သွားတွေက လျော့ရဲပြီး သွားဖုံးက သွေးထွက်တာလည်း ဘာထူးဆန်းလို့လဲ? အတွင်းထဲက အပူတွေကြောင့် ဖြစ်နေတာပါကွာ!”
ပိုင်စစ်က ခေါင်းကို ညင်သာစွာ ရမ်းလိုက်ရင်း မေးသည်။
“အဘိုး၊ ပါးစပ်ထဲမှာ အပူဖုလေးတွေ ခဏခဏ ပေါက်တတ်လား?”
“အေး အဲဒါတော့ ဟုတ်တယ်၊ ငါ့ပါးစပ်ထဲမှာ အပူဖုတွေတော့ ရှိတယ်၊ စားရသောက်ရတာလည်း ခက်ပါ့ကွာ အဲဒီအဖုတွေနဲ့!”
အဘိုးအိုလည်း ကျယ်လောင်စွာ ညည်းတွားလိုက်ရင်း ပါးစပ်ကို ဖွင့်ကာပင် ပြလိုက်သေးသည်။
ကျန်းရှောင်နာလည်း မျက်မှောင်ကြုတ်လိုက်ရင်း:
“အဖေ၊ ပါးစပ်ထဲက အဖုတွေက သူ့ဘာသာသူ ပျောက်သွားမယ့်ဟာမျိုးတွေမှ မဟုတ်တာ၊ ဘာလို့ သမီးကို မပြောရတာလဲ? ပြီးရင် ဆရာဝန်ပြရအောင် အဖေ့ကို ဆေးရုံခေါ်သွားပေးမယ်!”
အဘိုးအို မျက်စောင်းထိုးကြည့်လိုက်သည်။
“ဘာကိစ္စ ဆေးရုံသွားရမှာလဲ? ပါးစပ်ထဲမှ အဖုလေးပေါက်ရုံပါပဲ. ကြီးကြီးမားမားရောဂါလည်းမဟုတ်ဘဲနဲ့၊ ရေများများသောက်ပြီး အပူထုတ်လိုက်ရင် ပျောက်သွားမှာ
ပါးစပ်ထဲအပူဖုလေး ပေါက်တိုင်းသာ ဆေးရုံသွားနေရလို့ကတော့ ရှာသမျှငွေတွေ ဆေးရုံစရိတ်ဖြစ်သွားမှာပေါ့!”
ထိုစကားကြားပြီးချိန်တွင်တော့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှုသူများရော၊ ကျန်းရှောင်နာတို့ပါ ပိုင်စစ်ပြောခဲ့သည့် အရာသည်က အမှန်ဖြစ်ကြောင်း သေချာသွားခဲ့သည်။
ထိုရောဂါလက္ခဏာက မည်သည့်အချိန်တည်းက စ,ဖြစ်နေပါသနည်းဟု မေးချိန်တွင်လည်း အဘိုးအို၏ အဖြေမှာ သေချာမမှတ်မိဟုပင်။
သို့သော် သူ့ပါးစပ်တွင် အပူဖုများပေါက်နေသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။ ထိုအဖုများသည် ပျောက်လျင်လည်း ခဏသာဖြစ်ပြီး နှစ်ရက်ခန့်ကြာလျှင် ပြန်ပေါက်စမြဲပင်။
ပထမကတော့ သူ ရေကောင်းကောင်းမသောက်ခဲ့ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ နာကျင်လာခဲ့သောကြောင့် စိတ်ရှုပ်ရသော်လည်း မခံမရပ်နိုင်အောင်ထိ ဖြစ်သည်မဟုတ်ပေ။
ထို့ကြောင့် သူသည်က နေ့စဉ် အရက်သောက်စမြဲ၊ အပူအစပ်များ စားဆဲ၊စားမြဲပင်။
ထိုအဖုများကိုလည်း ရောဂါဟုပင် မထင်ပေ။
[ဟင်း.. ဒီအဘိုးကို ကြည့်ရတာ ငါ့တို့မိသားစုထဲက တစ်ယောက်ကိုတောင် သွားသတိရတယ်၊ သူလည်း နေမကောင်းဖြစ်တာကို ဆေးရုံမသွားဘူးလေ၊
နှစ်ရက်လောက် အိမ်မှာနေပြီး နေကောင်းသွားပြီ ဇွတ်ငြင်းတာ၊ အဲဒါမျိုးတွေကိုမြင်ရင် မတရားဒေါသထွက်တာပဲ]
[ပိုင်စစ်သာ သတိမထားမိလိုက်ရင် အဘိုးက သူ့မိသားစုကိုလည်း ပြောပြမယ်မထင်ဘူး၊ နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက်မှဆိုရင်တော့ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေလောက်ပြီ!]
အဘိုးအိုကတော့ ခေါင်းမာနေဆဲဖြစ်သောကြောင့် ပိုင်စစ် အေးဆေးစွာ ပြောလိုက်သည်။
“အဘိုး၊ အဘိုးလည်းသိပါတယ်၊ သရက်ရွက်လည်း မကောင်းဘူး၊ အစာအိမ်ကလည်း မကောင်းတော့ ခဏခဏ လေအောင့်တယ်၊ လေချဉ်တက်တတ်တယ်မဟုတ်လား?
ပြီးတော့ ဆေးလိပ်နဲ့ အရက်ကလည်း သောက်သေးတာဆိုတော့ အဘိုးရဲ့ ပါးစပ်က ပိုးတွေ အောင်းလို့ကောင်းတဲ့နေရာဖြစ်နေတယ် အဲဒါတွေကြောင့်လည်း ဒီရောဂါဖြစ်ရတာပဲ၊
အခုတော့ ပြဿနာလို့ ထင်ဦးမှာမဟုတ်ဘူး၊ နောက်ကျရင်တော့ ပါးစပ်က အကျိအချွဲတွေထွက်လာလိမ့်မယ်၊ အလယ်ပိုင်းနဲ့ နောက်ပိုင်းအဆင့်တွေမှာဆိုရင်တော့ ပါးစောင်နဲ့ လျှာကိုပါ ဖြတ်ထုတ်ပစ်ရလိမ့်မယ်”
သူ၏ မျက်နှာအမူအယာက တည်ငြိမ်အေးဆေးလွန်းလှသောကြောင့် အဘိုးအိုလည်း အနည်းငယ် ထိတ်လန့်သွားသည်။
ဝှီးချဲပေါ်တွင် ထိုင်နေသည့် ဇနီးဖြစ်သူပါလျှင် ထိတ်လန့်တုန်လှုပ်ကာ အဘိုးအိုအား ခပ်နာနာ နှစ်ချက်ရိုက်လိုက်သည်။
“ဘာကိစ္စ ဒီလောက်ခေါင်းမာနေရတာလဲ အဘိုးကြီးရဲ့? ဆေးရုံသွားရင် သေမှာမို့လို့လား?”
အဘိုးအိုလည်း ပါးစပ်ထဲမှ အပူဖုအား လျှာနှင့်ထိုးကြည့်လိုက်ပြီးနောက် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည့် နာကျင်မှုကြောင့် အားယုတ်သွားသလိုပင်။
“ဟုတ်ပါပြီ... ပြီးရင် ဆေးရုံသွားပြီး စစ်ဆေးကြည့်ကြတာပေါ့...”
ပိုင်စစ်လည်း ခေါင်းကို အသာငြိမ့်သည်။
“အရမ်းကြီးတော့ စိတ်ပူစရာမလိုပါဘူး. ပါးစပ်ကင်ဆာက ဆေးကို ပုံမှန်သောက်ပေးပြီး အစားအသောက်ဆင်ခြင်ပေးရင် အစောပိုင်းအဆင့်လောက်ကတော့ ကုသလို့ရတယ်လေ
သေချာကုပေးမယ်ဆိုရင် နေ့စဉ်ဘဝကိုလည်း အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူး”
ကျန်းရှောင်နာလည်း အရိုအသေပြုလိုက်ရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် တောက်ကျန့်ပိုင်စစ်... အဖေ့ကို ဆေးရုံသေချာပြပေးပါ့မယ်၊ တောက်ကျန့်သာ မမြင်ခဲ့ရင်တော့ ကျွန်မတို့တွေ.. တကယ်ကို ...”
ပိုင်ခီ ကျန်းရှောင်နာအား ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တင်ဆက်သူလျှို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ပြီးပြီ”
သူ၏ စကားဆုံးသည်နှင့် ရှင်းယိချင်း လျှောက်လာပြီးနောက် သူ၏ အဖြေအား ပြလိုက်သည်။
“မင်းမှာ မောင်နှမရှိတယ်၊ ဒါပေမဲ့ သူဘယ်ကို ရောက်နေတာလဲဆိုတာလည်း မသိရသလို သေသလား၊ ရှင်သလားဆိုတာလည်း မသိရဘူး”
ရှင်းယိချင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“ငါက သိုင်းပညာနဲ့ အပနှင်တဲ့နေရာမှာ ကျွမ်းကျင်တယ်၊ လက္ခဏာဖတ်ရင်တော့ သာမန်အကြမ်းဖျင်းလောက်ပဲ ပြောပြနိုင်တယ်၊ အဘိုးနဲ့ အဘွားရဲ့ လက်ဖဝါးမှာ ပြတ်တောက်နေတဲ့ လမ်းတစ်ခုတွေ့တယ်
ပြီးတော့ မစ်စ်ကျန်းရဲ့ လက်မှာလည်း အဲဒီလိုပဲ လမ်းပြတ်တစ်ခုရှိတယ်၊ ဒီအမျိုးသားဆီမှာတော့ မတွေ့ရဘူး”
“ဆိုလိုတာက ဒီကလေးက အဘိုးတို့လင်မယားရဲ့ ကလေး၊ ပြီးတော့ မစ်စ်ကျန်းရဲ့ ညီမ၊ ပျောက်နေခဲ့တာ အချိန်တော်တော်လေး ကြာနေပြီ”
ရှင်းယိချင်းစကားဆုံးသည်နှင့် ဝှီးချဲပေါ်မှ အဘွားအို မျက်ရည်များ ဝဲလာပြီး ငိုတော့မလိုဖြစ်သွားသည်။
မုတ်ဆိတ်မွှေးအား ပွတ်သပ်နေခဲ့သော အဘိုးအိုသည်လည်း အတွေးကမ္ဘာထဲတွင် မျောနေသကဲ့သို့ အဝေးတစ်နေရာကို စိုက်ကြည့်နေခဲ့ပြီး စကားတစ်ခွန်းမျှ မဟခဲ့ပေ။
“အဲဒါ ဟုတ်ပါသလား မစ်စ်ကျန်း?”
ကျန်းရှောင်နာလည်း ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။
“အမှန်ပါပဲ၊ ကျွန်မတို့ ဒီပြိုင်ပွဲကို ရောက်နေတာလည်း ဒါကြောင့်ပဲလေ၊ ညီမလေးကို ရှာဖို့အတွက်ပါ”
တင်ဆက်သူလျှို့: “ပြိုင်ပွဲဝင် ရှင်းယိချင်းရော နောက်ထပ် အချက်အလက်တွေများ မြင်နိုင်ပါသေးသလား?”
ရှင်းယိချင်း အသာခေါင်းရမ်းသည်။
“တောင်းပန်ပါတယ်၊ သူတို့ရဲ့ လက်ဖဝါးတွေကနေမှ တခြား ဘာဆက်သွယ်ချက်မျိုးကိုမှ မမြင်ရတော့ပါဘူး၊ အဲဒီလူလည်း အသက်ရှိလားဆိုတာကိုတောင် သေချာမပြောနိုင်ဘူး”
ထိုစကားပြောပြီးသည်နှင့် သူနောက်ဆုတ်လိုက်ကာ ပတ်ဝန်းကျင်မှ ပြိုင်ပွဲဝင်များအား ကြည့်လိုက်မိသည်။ အထူးသဖြင့် မျက်နှာအမူအယာမပြောင်းလဲသည့် ကုကျစ်စုန့်။
ဆရာဖြစ်သူမှ ဤပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြောစဉ်က သူသည် တောက်ကျန့်မျိုးဆက်သစ်များထဲတွင် မျက်နှာသာ အပေးခံရဆုံးထဲမှ တစ်ဦးဖြစ်သည်။
နှစ်သုံးဆယ်အတွင်း တောက်ကျန့် အဆင့်လေးထိ တက်လာနိုင်ခဲ့ပြီး ရွယ်တူများကိုလည်း သိုင်းပညာပြိုင်ပွဲများတွင် အနိုင်ယူခဲ့သည်။
ထိုအချိန်က သူသည် ‘စွမ်းအားအကြီးဆုံးထူးခြားဆန်းကြယ်ပညာရှင်’ အမည်အား ဤအဓိပ္ပာယ်မရှိသည့် လုပ်ဇာတ်ပြိုင်ပွဲတွင် အနိုင်ယူနိုင်လိမ့်မည်ဟု တွေးခဲ့သည်။
ရှီဟိုင်ဟုန်အား မြင်ရသည်ထိ သူကြောက်စိတ်အလျဉ်းမရှိခဲ့ပေ။
သို့သော် ဆက်တိုက်ရှုံးနိမ့်လွဲချော်ခြင်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီးနောက် အမှန်တရားအား လက်မခံနိုင်ခဲ့ပေ။
ကုကျစ်စုန့်သည်က အနာဂတ်ဟောခြင်းတွင်သာ ထူးချွန်ပြီး သိုင်းပညာတွင်တော့ သူ့အား ယှဉ်နိုင်မည်မဟုတ်ဟု တွေးကာ ချွေးသိပ်ခဲ့သည်။
သို့သော် ကုကျစ်စုန့် တစ်ဦးတည်းဖြင့် တောက်ဓမ္မဂိုဏ်းမှ သူ၏ ဆရာနှင့် အဆင့်ညီသော တောက်ကျန့်များကို ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်နိုင်ကြောင်း ကြားသိလိုက်ရပြီးနောက် သူ လုံးဝအသံတိတ်သွားခဲ့ကာ ပုန်းကွယ်နေခဲ့မိသည်။
သုံးရက်တိတိ ကြာမြင့်ပြီးချိန်မှသာလျှင် သူ အမှန်တရားကို လက်ခံနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ရှင်းယိချင်း ကိုယ်တိုင်၏ ပြောင်းလဲမှုကိုလည်း သတိပြုမိလာခဲ့သည်။
သူသည်က တခြားသူများနှင့် ယှဉ်ပါက အဆင့်နိမ့်သေးကြောင်း၊ သူထင်ထားသလောက် ထူးချွန်ပြောင်မြောက်သူ မဟုတ်ကြောင်း လက်ခံနိုင်လာခဲ့သည်။
ယခင်ကတော့ ထိုရလဒ်ကြောင့် သူစိတ်ဆင်းရဲ၊ စိတ်ညစ်ရမည်ဟု ထင်ခဲ့မိသည်။ သို့သော် သူ့နှုတ်မှ ကိုယ်တိုင် ဝန်ခံ၊လက်ခံလိုက်သည့်အချိန်တွင်တော့ အချိန်အကြာကြီး မောက်မာနေခဲ့သည့် သူ၏ စိတ်ဓာတ်ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
သူ့အနေဖြင့် မကြာမှီ နောက်တစ်ဆင့်ကို တက်နိုင်လိမ့်မည်ဟုပင် ထင်မိသည်။
သူဆင်းလာပြီးနောက် ဟဲမီတူ စင်ပေါ်သို့ တက်လာခဲ့သည်။
ယနေ့တွင် သူက ထိုင်းတောက်ကျန့်ခေါင်းပေါင်းနှင့်အတူ ကုတ်အင်္ကျီအရှည်အား ဝတ်ဆင်ထားခဲ့သည်။
ရှားရှားပါးပါးအချက်မှာ သူ့၏မျက်လုံးများထဲတွင် မြင်တွေ့နေကျ အပြုံးကပျောက်ဆုံးနေခဲ့ပြီး မျက်နှာမှာလည်း အနည်းငယ် တင်းမာနေဟန်ပေါ်သည်။
ထိုအချိန်တွင် ဝှီးချဲပေါ်မှ အဘွားအိုကတော့ ‘သေဆုံးသလား၊ အသက်ရှင်သေးလား သေချာမသိနိုင်’ ဆိုသော စကားကြောင့် ဝမ်းနည်းစွာ ငိုကြွေးနေခဲ့သည်။
ကျန်းရှောင်နာ ကိုယဲ့ကိုယ်ကိုယ် ဖိအားပေး၍ ပြုံးလိုက်ပြီးနောက် ဟဲမီတူအား ကြည့်လိုက်သည်။
သို့သော် ဟဲမီတူ၏လက်ထဲတွင် ကိုင်ဆိုင်ထားသော ဘုတ်ပြားပေါ်မှ စာသားကတော့ ‘ပွဲရှောင်သည်’ ဟုပင်။
ထိုအကြိမ်သည်ကား သူ ပထမဆုံး လက်လျှော့ခဲ့သည့် ပွဲစဉ်လည်း ဖြစ်၏။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများရော အခြားပြိုင်ပွဲဝင်များပါ အံ့အားသင့်သွားခဲ့ရသည်။
တင်ဆက်သူလျှို့ :
“ပြိုင်ပွဲဝင် ဟဲမီတူက ဘာလို့ ဒီပွဲကို ရှောင်လိုက်ရတာလဲ? ဘာကိုမှများ မမြင်ခဲ့ရလို့လား?”
ဟဲမီတူ ခေါင်းကို ဖြည်းညှင်းစွာ ရမ်းလိုက်ပြီးနောက် နှုတ်ခမ်းပါးများကို တင်းတင်းစေ့လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော် မကြည့်ခဲ့ဘူး”
အဘယ်ကြောင့် မကြည့်ခဲ့ကြောင်း မေးခွန်းထုတ်လိုက်ချိန်တွင် သူ ကျန်းရှောင်နာနှင့် မိဘနှစ်ပါးကို ကြည့်လိုက်ရင်း ပြောသည်။
“ဒီမိသားစုထဲမှ ပြောပြလို့... ခက်ခဲတဲ့ စွမ်းအင်တစ်ခုကို ခံစားနေရတယ်၊ ကျွန်တော့်ရဲ့ မသိစိတ်က အဲဒါကိုသွားထိလို့ မရဘူးလို့ပြောနေတယ်၊ ကျွန်တော် အဲဒါကို ထိလိုက်တာနဲ့ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်”
တင်ဆက်သူလျှူလည်း မျက်စိလည်သွားသည်။
“မင်းပြောချင်တာက ဒီမိသားစုထဲမှာ မကောင်းဆိုးဝါး ဝိဉာဉ်တွေ ရှိနေတာလား?”
“ဟင့်အင်း”
ဟဲမီတူ ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။
“အဲဒီ ထိလို့မရတဲ့ အရာက သူတို့အပေါ်မှာလည်း မဟုတ်ဘူး၊ သရဲလည်း မဟုတ်ဘူး၊ အဲဒါက... ဆက်သွယ်မှုတစ်ခုနဲ့ ပိုပြီးဆင်တယ်
ကျွန်တော် အဲဒီခံစားချက်ကို စကားနဲ့ ဘယ်လိုမှ ရှင်းမပြတတ်ဘူး၊ ဒါပေမယ့် တစ်ခုတော့ အကြံပေးချင်တာက အကယ်၍ ဒီဟာကသာ သူတို့မိသားစုက ပျောက်နေတဲ့သူနဲ့ သက်ဆိုင်နေတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အကြံက ဆက်ပြီး မရှာပါနဲ့တော့လို့ပဲ”
လူအားလုံး ဆူပွက်သွားသည်။
[ဒီတစ်ယောက် ဘာတွေမဟုတ်တရုတ်တွေ ပြောနေတာလဲ? သူတို့ တစ်မိသားစုလုံးက ဒီညီမကို ရှာဖို့အတွက်နဲ့ မိုင်ပေါင်းထောင်ချီ လာခဲ့ရတာ၊ သူ ဘာကိုမှ မမြင်ရင်လည်း သူများကို မရှာနဲ့တော့လို့ ပြောနေသေးတယ်. အံ့ဩလိုက်တာ၊ ရေနစ်သူကို ဝါးကူထိုးတာမျိုးတွေ မလုပ်လို့ မရဘူးလား?]
[ငါထင်တာကတော့ သူက ဘာဖြစ်တာမှန်းကို မသိဘူး၊ ဒါပေမဲ့ အခြားပြိုင်ပွဲဝင်တွေလိုလည်း ဝန်မခံရဲဘူး၊ ဒါနဲ့ပဲ ဟိတ်ဟန်တွေလုပ်ပြီး သူညံ့တာကို ဖုံးဖို့ စကားကြီးစကားကျယ်တွေ လျှောက်ပြောနေတာနေမှာ]
[တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက black fan တွေ သူများကို မတိုက်ခိုက်ဘဲ မနေနိုင်ကြဘူးလား?
ဟဲမီတူက ထိုင်းမှာဆိုရင် နာမည်ကြီးပညာရှင်ပဲ၊ သူ့ရဲ့ တွက်ချက်မှုတွေ သေချာ အတိအကျမှန်တာမျိုးတောင် ရှိတယ်၊ သူက မကောင်းတဲ့အရာတွေဆိုရင် ပိုပြီးတောင် အာရုံခံနိုင်သေးတယ်နော်၊ ငါကတော့ သူ့ပြောစကားကို ယုံတယ်!]
[……]
လူများအားလုံးထဲတွင် ကုကျစ်စုန့်တစ်ဦးတည်းသာ မျက်ခုံးပင့်လိုက်ရင်း ဟဲမီတူအား အံ့အားသင့်စွာ ကြည့်နေမိခဲ့သည်။
တစ်ခုခုအား ခန့်မှန်းမိသွားသော်လည်း သူမ တိတ်တဆိတ်သာနေလိုက်လေသည်။