မိုင်ထောင်ချီအဝေးဆီသို့ ခရီးနှင်၍ (1)
Vol. 23 Ch. 228
နောက်ပြိုင်ပွဲဝင် ရှီဟိုင်ဟုန်သည်လည်း မည်သည့်ထူးဆန်းမှုကို မမြင်တွေ့ခဲ့ရပေ။
ပြိုင်ပွဲဝင်များအားလုံးတွင် ဒေစီနှင့် ကုကျစ်စုန့်တို့ နှစ်ဦးအလှည့်သာ ကျန်တော့သည်။
သူတို့နှစ်ဦးသည်ကား အင်တာနက်ပေါ်တွင် မည်သူက ပို၍ စွမ်းအားကြီးကြောင်း အငြင်းခုန်ကြဆုံးနှစ်ဦးဖြစ်သော်ငြား ဒေစီဘက်မှ ထောက်ခံသူကတော့ အနည်းကျဉ်းသာပင်။
သူတို့ ယုံကြည်ကြသည်မှာ ဒေစီသည် ပြိုင်ပွဲဝင်များအားလုံးထဲတွင် မျှဝေခံစားပေးနိုင်ဆုံးပြိုင်ပွဲဝင်ဖြစ်ပြီး သူမ၏ စကားလုံးများသည် အကူအညီတောင်းသူများ၏ နှလုံးသားအား ကုသပေးနိုင်စွမ်းရှိသည်။
ဒေစီကိုယ်တိုင် မတ်တပ်ရပ်ရန် ပြင်ဆင်နေချိန်တွင် ကုကျစ်စုန့်မှ အရင်ခြေလှမ်းလိုက်သည်။
သူမက လက်ထဲမှ လျှပ်စစ်ဘုတ်ပြားအား မြှောက်လိုက်ပြီးနောက် တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်သည်။
“ကျွန်မအရင်သွားလိုက်ပါမယ်”
အံ့အားသင့်သွားရသည့် ဒေစီနှင့် အကြည့်ချင်းဆုံလိုက်ပြီးနောက် သူမ ပြုံးပြလိုက်ပြီးနောက် ရေးသားထားသည့် အဖြေအား ပြလိုက်သည်။
[၁၉၉၀ ခုနှစ်မှာမွေးတယ်၊ မွေးရပ်မြေက ရှားနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ၊ အသက် (၇)နှစ်တုန်းက မိဘတွေရယ် အစ်မဖြစ်သူရယ်နဲ့ ထွက်သွားတုန်းမှာ ပျောက်သွားခဲ့တယ်
ပျောက်ဆုံးရာနေရာ - တောင်ပိုင်းနယ်မြေရဲ့ တောင်တွေနားမှာ၊ ကျွန်မခြေထောက်အောက်က မြေပေါ်မှာပဲ]
သူမ ဘုတ်ပြားပေါ်မှ အဖြေများအား မြင်တွေ့ရပြီးနောက် ကျန်းရှောင်နာ ပါးစပ်ကို အုပ်လိုက်ပြီး မျက်လုံးများမှာလည်း မျက်ရည်များ ဝဲလာခဲ့သည်။
သူမ မည်သည်ကို သတိရလိုက်မိသည်ကိုမပြောနိုင်၊ ရှိုက်ငိုသံများ ထွက်လာခဲ့ပြီးနောက် စကားပင် မပြောနိုင်ခဲ့ပေ။ ဘေးမှ ခင်ပွန်းဖြစ်သူက သူမပုခုံးများကို ကိုင်ကာ နှစ်သိမ့်ပေးနေခဲ့သည်။
ခေတ္တကြာပြီးနောက်မှ သူမ မျက်ရည်များကို သုတ်လိုက်ရင်း ကုကျစ်စုန့်အား စိုက်ကြည့်လိုက်သည်။
“တောက်ကျန့်.. တောက်ကျန့်တွက်ချက်ထားတာတွေအကုန်လုံးက အမှန်တွေချည်းပါပဲ၊ အဲဒါက ယန်ယန်ရဲ့ အချက်အလက်တွေပါပဲ၊ ကျွန်မ အဲဒါတွေကို ဘယ်တော့မှ အမှတ်မှားမှမဟုတ်ဘူး”
ကုကျစ်စုန့်: “သူ့နာမည်က ယန်ယန်လား? မျက်နှာပုံစံနဲ့တော့ လိုက်ပါတယ်၊ ဒါပေမယ့် သူ့အတွက် ကောင်းတဲ့ နာမည်တော့ မဟုတ်ဘူး”
“သူက ရှင့်ရဲ့ ညီမပဲ”
“ဟုတ်ပါတယ်၊ ညီမလေးရဲ့ နာမည်က ကျန်းရှောင်ယန်ပါ၊ သူ့ရဲ့ မွေးတဲ့အချိန်နဲ့ နေရာကလည်း ရှင်ပြောတဲ့အတိုင်း အတိအကျပါပဲ၊ သူက ကျွန်မထက် ၅နှစ်ငယ်ပါတယ်၊ ဒီနေရာမှာပဲ သူ့အသက် ၇နှစ်တုန်းက ပျောက်သွားခဲ့တာပါ”
“ညီမလေးက ငယ်ငယ်လေးတည်းက အရုပ်လေးလိုပဲ အရမ်းချစ်ဖို့ကောင်း၊ အရမ်းလှတာ၊ ကျွန်မ ငယ်ငယ်တုန်းကဆို သူနဲ့ အတူတူ ဓာတ်ပုံမရိုက်ချင်ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒီကောင်မလေးက အရမ်းကို လှလွန်းလို့လေ သူနဲ့ဆိုလည်း မကစားချင်ခဲ့ဘူး....”
“အဲဒီတုန်းက ကျွန်မမိဘတွေ ဒီနေရာမှာ တစ်လကျော်ထိ သူ့ကို ရှာခဲ့ကြတာ။ ရှာမတွေ့တော့ ရူးမတတ်ပါပဲ၊ ရဲခေါ်ရုံကလွဲလို့လည်း ဘာမှ လုပ်မရခဲ့ဘူး၊ ရဲတွေနဲ့ အနီးအနားရွာသားတွေကတော့ ဒီနားမှာ ကလေးဖမ်းတွေ အများကြီးရှိတယ်တဲ့၊
ပြီးတော့ ဒီနေရာက နည်းနည်း မတည်ငြိမ်တဲ့နိုင်ငံလေးနဲ့လည်း နီးတယ်လေ၊ ယန်ယန်လေးကို ရိုက်ဖမ်းသွားပြီးတော့ နိုင်ငံခြားမှာ ရောင်းစားခံလိုက်ရတာပဲဖြစ်မယ်တဲ့၊ ကျွန်မတို့ သူ့ကို ဘယ်လိုမှကို ရှာလို့ မရခဲ့ပါဘူးရှင်”
ပြောရင်းဆိုရင်း သူမ ပို၍ ဝမ်းနည်းလာပြီး ငိုကြွေးမိသည်။
ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် စကားစသည်။
“ရှင်တို့ မိသားစုဝင်တွေရဲ့ မျက်နှာကနေ မြင်နေရတာတော့ အဲဒီကောင်မလေးက အသက်ရှိနေပါသေးတယ်”
ထိုစကားကြားလိုက်ရပြီးနောက် ကျန်းရှောင်နာတို့ တစ်မိသားစုလုံး ခေါင်းများထောင်လာပြီးနောက် စိတ်ပူပန်စွာ မေးမိကြသည်။
“အမှန်ပဲလား တောက်ကျန့်? ယန်...ယန်ယန်လေးက အသက်ရှိနေသေးတာလားဟင်? သူ သူအခုဘယ်မှာလဲဟင်?”
ကုကျစ်စုန့်: “ကျွန်မ မသိဘူး”
ကျန်းရှောင်နာနှင့် မိသားစုဝင်များ: “?!!”
ကြည့်ရှုနေသူများ: “?!!”
“ကျွန်မ အတည်ပြုပေးနိုင်တာတစ်ခုကတော့ သူက အသက်ရှိနေသေးတယ်၊ ပြီးတော့ နိုင်ငံခြားကို အပို့မခံရသေးဘူး၊ သူက ရှားနိုင်ငံရဲ့ နန်ပြည်နယ်မှာပဲရှိသေးတယ်၊ ဒါပေမယ့် အခုလက်ရှိမှာက သူ့ရဲ့ တည်နေရာ အတိအကျကို တွက်ချက်လို့ မရဘူး”
ကျန်းရှောင်နာတို့ မိသားစု အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်ငြား ကြည့်ရှုသူ ပရိတ်သတ်များကတော့ အမှန်တကယ်ပင် အံ့အားသင့်သွားကြသည်။
သူတို့စိတ်ထဲတွင်တော့ ကုကျစ်စုန့် မမြင်နိုင်သည့်အရာ၊ မဖြေရှင်းနိုင်သည့် အရာမရှိဟု ထင်ထားကြသည်။
ကုကျစ်စုန့်ကတော့ ပုံမှန်အတိုင်းပင် စင်ပေါ်မှ ဆင်းသွားခဲ့သည်။
သူမ ဤမြေနေရာပေါ်သို့ ခြေချလိုက်သည်နှင့် အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။ ဤနေရာတွင် မမြင်နိုင်သည့် စွမ်းအင်များမှ သူမ၏ အာရုံငါးပါးကို ပိတ်ဆို့ချုပ်နှောင်ထားသည်ဟု ခံစားနေခဲ့ရသည်။
လက်ရှိဟောပြောလိုက်ခြင်းပြီးချိန်တွင် သူမသေချာသွားသည့်အရာတစ်ခုမှာ တောင်ပိုင်းပြည်နယ်မှာ တောင်တန်းဒေသများသည် ကောင်းကင်ဘုံ၏ ဥပဒေ၊နည်းလမ်းများမှ ကွဲထွက်နေသည့် နေရာတစ်ခုပင်ဖြစ်သည်။
ကုကျစ်စုန့်မှ ကျန်းရှောင်ယန်၏ တည်နေရာအား မတွက်ချက်နိုင်ကြောင်း ဝန်ခံလိုက်ချိန်တွင် သူမ၏ ပရိတ်သတ်များ စိုးရိမ်နေခဲ့သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
ကုကျစ်စုန့်အား တိုက်ခိုက်ရန် စောင်ဆိုင်းနေကြသော ဝေဖန်သူများသည် ယခုတစ်ကြိမ်တွင်တော့ ကုကျစ်စုန့် လုံးဝ ရှုံးနိမ့်ပြီဟု တွေးလိုက်ကြသည်။
[ဒါက အသန်မာဆုံးထူးခြားပညာရှင်တဲ့လား? လူလေးတောင် မရှာနိုင်ဘူး၊ သူ့ဖန်တွေကလည်း အရင်က ဘာမှ မဟုတ်တာတွေကို ဇွတ်ကဲနေကြတာ၊ အခုတော့ ပါးရိုက်ခံရပြီမဟုတ်လား?]
[ဒီတစ်ခေါက်တော့ ဇာတ်ညွှန်းဝယ်မပေးနိုင်တော့ဘူးထင်ပါတယ်၊ အေးလေ ကျန်းရှောင်နာဆိုတာက နိုင်ငံတကာအဆင့် အားကစားသမားကိုး၊ သူက ဒီလို မင်းသမီးလေးကို မြှောက်ပင့်ဖို့အတွက်တော့ လိုက်လျောမှာမဟုတ်ဘူး]
[နည်းနည်းတောင် စိတ်ပျက်မိတယ်. ငါထင်တာတော့ ကုကျစ်စုန့်က အင်တာနက်ပေါ်မှာပြောသလောက်လည့် မတော်ပါဘူး...]
သို့သော် စဉ်းစားတွေးခေါ်နိုင်သည့် ဦးနှောက်ပါလာသော ကြည့်ရှုသူတချို့လည်း ရှိသည်။
[အရင်ကကျတော့ မင်းတို့ပဲ ပြောတာလေ၊ သူက ဒီလောက်စွမ်းအားကြီးဖို့အတွက်က ငယ်ပါသေးတယ်ဆို? ဒါဆိုရင် ဒါကလည်း ပြိုင်ပွဲရဲ့ ဇာတ်ညွှန်းပဲနေမှာပေါ့]
[အခု သူက နည်းနည်းလေး မဖြေရှင်းနိုင်တာနဲ့ မင်းတို့က သူ့ရဲ့ စွမ်းအားက မမြင့်ပါဘူးဆိုပြီး ဝိုင်းပြောကြပြန်ရော၊ မင်းတို့တွေကလည်း မကောင်းတာကလွဲလို့ ကျန်တာ မပြောတတ်ဘူးထင်ပါ့]
[ဒီပြိုင်ပွဲမှာက သတ်မှတ်ထားတဲ့ ထူးခြားပညာရှင်အရည်အချင်းရှိမှရတာနော်၊ အောင်မှတ်က ၆၀မှတ်ဆိုရင်တော့ စုန့်စုန့်ရဲ့ အမှတ်က ၂၀၀ပဲ၊ မင်းတို့တွေက ငတုံးတွေလိုလုပ်နေတာပါကွာ!]
[ဟဲမီတူတောင် ပွဲရှောင်လိုက်တာဆိုတော့ ဒီကိစ္စက တော်တော်လေး ခက်တဲ့ပုံပဲ]
[တစ်ချို့လူတွေက ပုံသေမှတ်ထားကြတာကိုး၊ ဒီပြဿနာက သဘာဝလွန်ပညာသက်သက်တင် မဟုတ်တော့ဘူးလေ၊ လူရှာလို့မရတာ မဖြစ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ အနာဂတ်ဟောတာနဲ့တင် ကလေးပျောက်တာ ရှာလို့ရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး သားသမီးပျောက်လို့ အပူတပြင်း ရှာနေတဲ့ မိဘတွေ ရှိနေဦးမှာလဲ?]
[……]
ကုကျစ်စုန့်ကတော့ သူမကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဖြစ်ပေါ်နေသည့် ရန်ပွဲအား မသိရှာပေ။
သိလျှင်တောင်မှ သူမကိုယ်တိုင်လည်း လွန်ခဲ့သည့် နှစ် ၂၀ကျော်က ပျောက်ဆုံးသွားခဲ့သည့် ကျန်းရှောင်ယန်အား ရှာတွေ့နိုင်မည်ဟု မထင်ပါချေ။
သူမ မရှာဖွေနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဤတောင်တန်းဧရိယာတစ်ဝှိက်တွင် ရှိနေသာ ထူးဆန်းသည် လျှပ်စစ်သံလိုက်စက်ကွင်းကြောင့်သာ ဖြစ်သည်။
ကုကျစ်စုန့်သည် ကျန်းမိသားစု၏ မျက်နှာများကို ဖတ်ကြည့်ချင်ခဲ့သော်ငြား ထို ‘ကျန်းရှောင်ယန်’နှင့် ပတ်သတ်သည့် အချက်အလက်အား ရှာတွေ့မည်ဆိုသည်နှင့် ကျန်းမိသားစုမှ လူများ၏ မျက်နှာများသည် အမှောင်ဖုံးသကဲ့သို့ ဖြစ်သွားတတ်သည်။
အကြွေစေ့များ သုံး၍ တွက်ချက်ခဲ့သော်လည်း ကောင်းကင်ဘုံနှင့် တောက်ပညာရပ်တို့၏ စွမ်းအင်များသည် လေထဲတွင်သာ ပျောက်ကွယ်သွားခဲ့ပြီး အာရုံခံ၍ မရခဲ့ပေ။
ဤနေရာသည် အမှန်တကယ်ပင် ‘တရားမရှိသည့်နေရာ’ဖြစ်၏။
တချို့အချိန်များတွင် သူမ ခံစားနေခဲ့ရသည့် ခံစားချက်မှာ ယခင်ဘဝက သူမအား မကောင်းကြံစည်ခံရပြီးချိန်နှင့် သူမ ခန္ဓာကိုယ်တွင် စွမ်းအားများ မစုဆောင်းနိုင်သည့် အချိန်တို့နှင့် အလားတူလှသည်။
သူမအား ဖိနှိပ်ထားသည့် မမြင်နိုင်သော စွမ်းအင်တစ်ခု ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ တစ်ဦးတည်းသာလျှင် ဖြစ်ပြီး အခြားပြိုင်ပွဲဝင် မည်သူမျှ မခံစားရပေ။
ရှင်းယိချင်းနှင့် ရှီဟိုင်ဟုန်တို့သည်လည်း တောက်ဓမ္မဂိုဏ်းသားများ ဖြစ်ကြသော်ငြား သူတို့တွင် ထူးခြားမှုမရှိပေ။
ထိုထူးဆန်းသည့် ခံစားချက်အား ခံစားရသူတစ်ဦးမှာ ဟဲမီတူသာလျှင် ဖြစ်၏။
ကုကျစ်စုန့်အနေဖြင့် ကျန်းရှောင်ယန်ပျောက်ဆုံးခြင်းနှင့် ဤထူးဆန်းသည့် စွမ်းအင်တို့ကြားမှ ဆက်စပ်မှုသည် မည်သို့ ဆက်စပ်မှုဖြစ်ကြောင်း မသိရ။
သို့သော် ဤကိစ္စနှင့် ပတ်သတ်၍ သူမ၏ စိတ်ဝင်စားမှုကတော့ မြင့်တက်လာခဲ့သည်။
သူမသာလျှင် ဤနက်နဲမှုအား ဖော်ထုတ်နိုင်ပြီး ကျန်းရှောင်ယန်ကို ရှာတွေ့ခဲ့ပါလျှင် မြေအောက်ကမ္ဘာမှပင် စစ်ဆေးရှာဖွေနေသည့် အနက်ရောင်မြူခိုးနှင့် ပတ်သတ်၍ တစ်ခုခု သိနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
ထို့ကြောင့် ယခုလက်ရှိတော့ သူမ အသံတိတ်ကာ နောက်ဆုတ်သွားခဲ့သည်။
နောက်ဆုံးပြိုင်ပွဲဝင် ဒေစီလည်း ပရိတ်သတ်များအားကြည့်လိုက်ပြီးနောက် အပြုံးချိုချို ပြုံးပြလိုက်သည်။
“အိုးမိုင်ဂေါ့.. နောက်ဆုံးပြိုင်ပွဲဝင်ဖြစ်ရတာ စိတ်ဖိစီးဖို့အကောင်းသားပဲ၊ ရှေ့ကလူတွေက တော်လွန်းတယ်လေ!”
တင်ဆက်သူလျှို့:
“ဒါဆိုရင် နောက်ဆုံးပြိုင်ပွဲဝင်ရဲ့ အဖြေကို ပြပေးပါဦး”
ဒေစီလည်း သူမလက်ထဲမှ အဖြေလွှာဘုတ်ပြားအား လှည့်ပြလိုက်သည်။
[အမျိုးသမီး၊ Fencer၊ သူ့ရဲ့ ညီမ(?) ငယ်ငယ်လေးတည်းက ပျောက်သွားတယ်၊ အဲ့ကိစ္စအတွက်နဲ့လည်း ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့တယ်၊
ပျောက်ဆုံးသွားတဲ့နေရာ : ရွာတစ်ရွာရဲ့ အရှေ့က ကျောက်ရုပ်ထုကြီးတစ်ခုမှာ]
*