မိုင်ထောင်ချီအဝေးဆီသို့ ခရီးနှင်၍ (2)
Vol. 23 Ch. 229
ဒေစီ: “ကျွန်မက နောက်ကြောင်းပြန်ကောက်တဲ့နေရာမှာ ကျွမ်းကျင်တယ်လေ၊ ဒီအမျိုးသမီးရဲ့ အတိတ်ကို ပြန်ကြည့်လိုက်တဲ့အချိန်တုန်းက သူမက ပြိုင်ပွဲမှာ fencing အားကစားကို လုပ်နေတာမြင်ရတယ်
သူမရဲ့ပုံစံက သူရဲကောင်းနဲ့တောင် တူလွန်းတယ်၊ ဒါကြောင့် သူ့ရဲ့ အလုပ်အကိုင်ကို မှန်းခဲ့တာပါ”
“ပြီးတော့ အရှင်းလင်းဆုံးမြင်ကွင်းတစ်ခုလည်းရှိတယ်၊ အဲဒါက သူမ ခဏခဏ အတွေးဆုံးအချိန်ပဲ၊ ကျွန်မထင်တာကတော့ အဲဒါက ဒီအမျိုးသမီး ငယ်ငယ်တုန်းက ဖြစ်မယ်
အသက်ကိုတော့ အတိအကျမသိဘူး၊ သူမက အသက် ဆယ်နှစ်လောက်ဖြစ်မယ်ထင်တာပဲ၊ မီးခိုးပြာရောင်ဂါဝန်လေး ဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်နဲ့ လက်ချင်းတွဲထားတာ….”
ဒေစီစကားအား ကြားလိုက်ရသည်နှင့် ကျန်းရှောင်နာ မည်သူ့အကြောင်းပြောနေသည်လဲဆိုသည်ကို ချက်ချင်းသိသွားသည်။
သူမ ခေါင်းကို အကြိမ်ကြိမ်ညိမ့်လိုက်ပြီးနောက် ခင်ပွန်းဖြစ်သူ၏ လက်အား တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားခဲ့သည်။
“ဟုတ်ပါတယ်၊ အဲဒါ ယန်ယန်ပါပဲ! သူက အဲဒီနေ့က မီးခိုးပြာရောင် ဂါဝန်လေး ဝတ်ထားတာ၊ တောက်ကျန့်မြင်ခဲ့တာတွေက အမှန်ပါပဲ”
ဒေစီလည်း နှုတ်ခမ်းကို စေ့ရင်း ပြုံးလိုက်သည်။
“ကျွန်မ မေးခွန်းလေး ထည့်ထားရတာက အဲဒီမြင်ကွင်းကို ဘေးကနေပဲ မြင်လိုက်ရတာဆိုတော့ သူက ဘယ်သူလဲဆိုတာကို သေချာမသိဘူးလေ၊
သူက ရှင့်ရဲ့ ညီမဆိုရင်တော့ အစ်မရဲ့ ခံစားချက်ကို ကျွန်မ နားလည်ပါတယ်၊ ဘာလို့ အဲဒီအကြောင်းကို တွေးမိတိုင်း နာကျင်နေရလဲဆိုတာကိုပေါ့”
“ဘာလို့လဲဆိုတော့ အဲဒီကောင်မလေးပျောက်သွားရတာက ရှင့်ကြောင့် ဖြစ်ရတယ်လို့ ထင်နေလို့ပဲ၊ ရှင်က ဒီနှစ်တွေအတွင်းမှာ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး နေ,နေခဲ့တာ”
ကျန်းရှောင်နာ အချိန်အကြာကြီး တိတ်ဆိတ်သွားသောကြောင့် ဒေစီစကားအား လက်ခံသည်ဟုသာ ယူဆရပေမည်။
အနီးအနားမှ ဝှီးချဲပေါ်တွင် ထိုင်နေသည့် အဘွားအိုက မျက်ရည်ဝဲနေသည့် မျက်ဝန်းများအား ပွတ်သတ်လိုက်ပြီးနောက် သမီးကြီး၏ လက်အား ခပ်ဖွဖွ ကိုင်လိုက်သည်။
“အမေတို့က သမီးကို အပြစ်မတင်ပါဘူး ရှောင်နာ”
“အဲဒါက အဖေတို့ရဲ့ အပြစ်ပါ၊ အဖေတို့ လူကြီးနှစ်ယောက်က သမီးတို့ ညီအစ်မတွေကို အဲ့အချိန်တုန်းက သေချာ ဂရုမစိုက်ခဲ့လို့ ဖြစ်ရတာပါကွာ!
အဖေတို့ အရင်က ဒီကိစ္စကို လက်မခံချင်တာနဲ့ သမီးကြီးအပေါ်ကို ဒေါသ ပုံချခဲ့မိတယ်၊ အဖေ တောင်းပန်ပါတယ်၊ တကယ်တော့ အဖေရော အမေရော ဒီကိစ္စနဲ့ ပတ်သတ်ပြီး သမီးမှာ အပြစ်ရှိတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး”
ရှင်းပြပြီးချိန်တွင်တော့ ကြည့်ရှုသူများ သိလိုက်ရသည့်အချက်တစ်ခုမှာ ကျန်းမိသားစုသည် လွန်ခဲ့သည့် နှစ်၂၀ကျော်ခန့်က စီးပွားရေး စတင်လုပ်ကိုင်ခဲ့ကြသည်။
ထိုအချိန်တွင် စီးပွားရေး ပြန်လည်ထူထောင်နေချိန်ဖြစ်ပြီး သူတို့မြို့ရွာများမှ စတိုးဆိုင်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချနေသည့် မှိုအစို၊ မှိုအခြောက်ဈေးနှုန်းများသည် မြင့်မားလွန်းလှသည်။
သူတို့တွင် တောင်ပိုင်းပြည်နယ်မှ ဆွေမျိုးများ၊ သူငယ်ချင်းများရှိသောကြောင့် ထိုနေရာတွင် မှိုများ ဈေးချိုသည့်အကြောင်း သိခဲ့ရသည်။
ထိုအချိန်က ယခုကဲ့သို့ သယ်ယူပို့ဆောင်သည့် ဒယ်လီများလည်း မရှိသေးသောကြောင့် ကုန်သည်များသည် နန်ပြည်နယ်မှ မှိုများကို ဝယ်ယူကာ မြို့ပေါ်တွင် ဈေးကြီးကြီးဖြင့် ရောင်းချကြသည်။
သူတို့တွင် လမ်းကြောင်းရှိပြီး မပင်ပန်းပါက နှစ်ဖက်လုံးတွင် ပစ္စည်းကုန်သွယ်ရောင်းချနိုင်ကြသည်။
ထိုလုပ်ငန်းမှ ရရှိမည့် အမြတ်များသည် ကျန်းမိသားစုအား သူဌေးဖြစ်အောင် ကူညီပေးနိုင်သည်။
ထိုစီးပွားရေးအကွက်အား မြင်ရပြီးနောက် အဘိုးကျန်းနှင့် ဇနီးသည်တို့သည် နှစ်ဖက်လုံးတွင် ကုန်စည်များ သယ်ယူရောင်းချခဲ့ကြသည်။
သမီးနှစ်ယောက်ကိုတော့ သူတို့က မြို့ပေါ်တွင် ကြီးပြင်းသည့် ရွာသူတစ်ဦးအား ခေါ်ယူအလုပ်ပေး၍ ထိမ်းကျောင်းစေခဲ့သည်။
ပထမ ၁နှစ်၊၂နှစ်ကတော့ ထိုအတိုင်းသာဖြစ်ပေသည်။ အဘိုးအိုကျန်းနှင့် ဇနီးသည်တို့သည် စီးပွားရေးရာသီတွင် အိမ်သို့ပင် ပြန်မလာတတ်ကြပေ။
သမီးနှစ်ဦးသည်က တစ်ယောက်အပေါ်တစ်ယောက်သာ မှီခိုရသည်။
သို့သော် နှစ်ဦးလုံးသည်က ငယ်ရွယ်သေးသောကြောင့် မကြာခဏ ရန်ဖြစ်တတ်ကြသေးသည်။
ကျန်းရှောင်နာသည် ညီမဖြစ်သူအား ငယ်စဉ်က သဘောမကျပေ။
အဘိုးကျန်းနှင့် ဇနီးတို့ တောင်ပိုင်းပြည်နယ်အား သွားနေသည့်အချိန်တွင် ရှောင်နာက ခြောက်တန်းဖြစ်ကာ ရှောင်ယန်သည် တစ်တန်းသာ ရှိသေးသည်။ သူတို့အား ကူညီထိမ်းကျောင်းပေးနေသည့် ကလေးထိန်းသည်လည်း ကိုယ်ဝန်အရင့်အမာဖြစ်သောကြောင့် ဆေးရုံသွားရတော့မည်ဖြစ်သည်။
သူမတွင် ကျန်းမိသားစုမှကလေးငယ်များအား ကူညီထိမ်းကျောင်းပေးရန် အချိန်ရော၊ အားအင်ပါ မရှိတော့ပေ။
လာမည့်နွေရာသီ မှိုခူးရမည့် အချိန်ဖြစ်သောကြောင့် လင်မယားနှစ်ယောက်လည်း အမြတ်များများရမည့် ဈေးကွက်အား လက်မလွှတ်ချင်ကြပေ။ ထို့ကြောင့် သမီးနှစ်ဦးကိုပါ တောင်ပိုင်းပြည်နယ်တွင် မှိုခူးရန် အလည်ခေါ်သွားခဲ့သည်။
တောင်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးချိန်တွင် ကျန်းစုံတွဲက ရွာထဲမှ ဟိုတယ်ငယ်လေးတစ်ခုအား ငှားရမ်းခဲ့သည်။
သူတို့သည် တောင်ပေါ်သို့ တက်ကာ မှိုခူးရမည်ပြီး သွားရမည့် ခရီးမှာလည်း ပင်ပန်းကာ အချိန်မရှိသောကြောင့် ကလေးငယ်နှစ်ဦးအား ခေါ်မသွားခဲ့ကြပေ။
နန်ပြည်နယ်တွင် ကလေးဖမ်းများ၊ လူကုန်ကူးသူများ ရှိသည်ဟု ကြားရပြီးနောက် ထိုစဉ်က အသက် ၁၂နှစ်ရှိပြီဖြစ်သည့် ကျန်းရှောင်နာအား သူတို့ မှိုခူးသွားချိန်တွင် ညီမငယ်အား သေချာဂရုစိုက်ကြည့်ရန် အထပ်ထပ်မှာကြားခဲ့ကြသည်။
ညီမနှစ်ယောက်၏ အသက်အရွယ်မှာ အရုပ်လုရင်း၊ တီဗီလုရင်း ရန်ဖြစ်ကြဆဲအရွယ်သာဖြစ်ပေ၏။
အိမ်နီးနားချင်းရွာသားတစ်ဦးထံမှ ကုန်ပစ္စည်းများ လက်ခံနေသည့်အချိန်တွင် ကလေးငယ်နှစ်ဦးက အရေးမပါသည့် အရာတစ်ခုအတွက်နှင့် ရန်ဖြစ်ကြပြန်သည်။
ဒေါသကြီးကာ ခေါင်းမာတတ်သည့် ညီမငယ်အား ကျန်းရှောင်နာ အင်မတန် စိတ်ဆိုးနေခဲ့မိသည်။
“နင် အဲဒီလိုပဲ ငါ့ကို စိတ်ဆိုးအောင် လုပ်နေဦးမှာဆိုရင် ငါ နင့်လက်ကို တွဲမထားတော့ဘူး!”
ကျန်းရှောင်ယန် နှုတ်ခမ်းစူကာ ရန်ပြန်တွေ့သည်။
“ဘယ်သူကရော ကျဲရဲ့လက်ကို ကိုင်ချင်နေလို့လဲ!”
မည်သူက လက်ကို အရင်ဖြုတ်လိုက်မိသလဲဆိုသည်အား သေချာမမှတ်မိတော့။ စိတ်ကောက်နေကြသည့် ညီအစ်မနှစ်ယောက်မှာ မိဘနှစ်ပါးနောက်တွင် ခြေဆောင့်ရင်း ကျောက်တုံးလေးများအား ကန်ကျောက်နေခဲ့ကြသည်။ တစ်ယောက်ကို တစ်ယောက်လည်း မကြည့်ကြတော့။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ကုန်ပစ္စည်းများအား လက်ခံပြီးနောက် နှုတ်ဆက်စကားဆိုခဲ့ကြပြီး ကလေးငယ်များအား ကြည့်လိုက်ချိန်တွင် သမီးကြီးက မြေပေါ်တွင် ပုရွက်ဆိတ်များနှင့် ကစားနေသည်ကို မြင်ခဲ့ရသည်။ သို့သော် သမီးငယ်၏ အရိပ်အယောင်မျှကိုပင် မမြင်ရပေ။
မိဘနှစ်ပါးလုံး မျက်စိမျက်နှာပျက်သွားခဲ့သည်။
“ညီမလေးရော!?”
ကျန်းရှောင်နာလည်း နားမလည်သည့်အကြည့်ဖြင့် မော့ကြည့်လာခဲ့ပြီးနောက် သူ့အနားတွင် လူများ သွားလာနေခဲ့ကြသော်ငြား ညီမငယ်ကတော့ တိတ်တဆိတ်ပျောက်ဆုံးနေခဲ့သည်ကိုတွေ့ခဲ့ရသည်။
ထို့နောက် အဘိုးကျန်းနှင့် ဇနီးသည်တို့ နန်ပြည်နယ်တွင် တစ်လကျော်ကြာသည်ထိ သမီးငယ်အား ရှာဖွေခဲ့ကြသော်ငြား သတင်းအစအနပင် မရခဲ့ပေ။
သူတို့နေထိုင်သည့် ဟိုတယ်ပိုင်ရှင်လည်း ထိုအကြောင်းကြားရပြီးနောက် စုတ်တသပ်သပ်ဖြင့် စကားဆိုသည်။
‘ကလေးပျောက်သွားတာလား? ရှာတွေ့မှာ မဟုတ်တော့ပါဘူးကွာ၊ အဲဒီနားမှ ခိုးဝင်လာတဲ့လူတွေရှိတယ်လေ၊ အသားမည်းမည်းနဲ့ နိုင်ငံခြားသားကလေးဖမ်းတွေရှိတယ်၊
သူတို့က မိန်းမတွေနဲ့ ကလေးတွေ ဖမ်းပြီး နယ်စပ်ကနေတဆင့် အခြားဘက်ကို သွားရောင်းကြတာ၊ မင်း ဆက်ရှာနေရင်တောင်မှ တွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊
နယ်ခံတွေက ဖမ်းသွားတာဆိုရင်လည်း ရောင်းစားလိုက်တာ ကြာပြီနေမှာပေါ့၊ သနားပါတယ် ကောင်မလေးက ချစ်စရာလေး’
အဘိုးကျန်းနှင့် ဇနီးသည်တို့လည်း ထိုစကားအား ကြားရပြီးနောက် ရူးမတတ်ပင် ခံစားခဲ့ကြရသည်။
သူတို့ စိတ်မွန်းကျပ်ကာ ဒေါသထွက်လာသည့် အချိန်များတွင် ထိုဒေါသကို အသက် ၁၂နှစ်သာရှိသေးသည့် သမီးကြီးအပေါ်တွင် ပုံချတတ်ကြသည်။ ညီမငယ်အား သူမ သေချာဂရုမစိုက်၍ ယခုကဲ့သို့ ပျောက်ဆုံးရခြင်းဖြစ်ကြောင်း ဆူပူကြိမ်းမောင်းခဲ့ကြသည်။
သို့သော် မည်မျှပင် လိမ္မာ၍ သိတတ်သည်ဆိုပါစေမူ အသက် ၁၂နှစ်အရွယ်သည် ကလေးငယ်သာဖြစ်ပြီး လူကြီးမဟုတ်ပေ။
ထိုခံစားချက်များ၏ သက်ရောက်မှုသည် ကျန်းရှောင်နာအတွက်တော့ မေ့ပျောက်မရသည့် ဒဏ်ရာတစ်ခုသာ ဖြစ်ပြီး သူမ တစ်သက်လုံး နောင်တရ၍ မဆုံးတော့ပါချေ။
နှစ်၂၀ကျော်ကြာခဲ့ပြီဖြစ်၏။
မိဘနှစ်ပါးသည်လည်း အသက် ၇၀ကျော်ပြီဖြစ်ကာ သူမသည်ပင် အသက် ၄၀ ပြည့်တော့မည်ဖြစ်သည်။
အဘိုး၊အဘွားနှစ်ဦးကတော့ သမီးငယ်အား ရှာမတွေ့နိုင်တော့ဟု လက်ခံထားခဲ့ပြီးဖြစ်သည်။
လက်မခံနိုင်သူမှာ ကျန်းရှောင်နာပင်။
သူမသည်ကား ယနေ့ထိ ထိုအချိန်က ညီမငယ်နှင့် ရန်မဖြစ်ခဲ့ပါလျှင်၊ ညီမငယ်၏ လက်ကို မလွှတ်ခဲ့ပါလျှင် ယခုကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ဆိုသော အပြစ်ရှိစိတ်ရှိနေဆဲပင်။
ရင်ထဲမှ အပြစ်ရှိစိတ်တို့၏ တိုက်ခိုက်မှုကြောင့် သူမသည် နှစ်စဉ် နန်ပြည်နယ်သို့ လာရောက်ပြီး ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ညီမဖြစ်သူအား ရှာဖွေနေဆဲဖြစ်သည်။
မျှော်လင့်ချက်ဆုံးရှုံးပြီဟု ခံစားလိုက်ရချိန်တွင် သူမ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်မှ ဗီဒီယိုအတိုများကို အင်တာနက်ပေါ်တွင် မြင်လိုက်ရသည်။ အထူးသဖြင့် ကုကျစ်စုန့်၏ ချက်ကျလက်ကျ ဖြေရှင်းပေးနေမှုများအား မြင်ရပြီးနောက် သူမ၏ မျှော်လင့်ချက်မီးတောက်လေး တဖန်အားတက်လာခဲ့သည်။
သို့သော် ယခုတော့ သဘာဝလွန်ပညာနှင့်ပင် ညီမငယ်အား ရှာမတွေ့နိုင်ကြောင်း သိလိုက်ရပြီးနောက် ကျန်းရှောင်နာနှင့် မိသားစု အနည်းငယ် စိတ်ဆင်းရဲသွားရသည်။
“မိဘတွေပြောသလိုပဲ အစ်မအနေနဲ့က အဲဒီအဖြစ်အပျက်က အစ်မကို နှိပ်စက်နေတဲ့ ခြေထိပ်တစ်ခုလိုမျိုး မထားသင့်တော့ပါဘူး၊
အစ်မ တကယ်မုန်းရမှာက မိသားစုတွေအများကြီးကို ဖျက်ဆီးခဲ့တဲ့ အဲ့ဒီကလေးဖမ်းသမားတွေကိုပဲ”
“စိတ်မကောင်းတာက ကျွန်မက အတိတ်ကိုပဲ ပြန်ကောက်နိုင်တာဆိုတော့ အစ်မ မကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကျွန်မ မမြင်နိုင်ဘူးလေ၊ ပြီးတော့ သူ့ရဲ့ ဆံပင်တို့၊ အသုံးအဆောင်ပစ္စည်းတို့လည်း မရှိတော့ လက်ရှိ ဘယ်မှာရှိနေလဲဆိုတာလည်း မသိနိုင်ဘူး၊ ဒါပေမယ့် သူ ဘယ်လိုပျောက်သွားတာလဲဆိုတာကိုတော့ မြင်ခဲ့ရတယ်”
ကျန်းရှောင်နာ ခေါင်းငြိမ့်လိုက်သည်။
“အဲ့တာက ရွာတစ်ရွာရဲ့ အဝင်ဂိတ်တံခါးမှာပဲ၊ အဲဒီနားလေးမှာ ကျောက်စာတစ်ခုလည်းရှိတယ်၊ ကျွန်မ အဲဒီကျောက်စာပေါ်မှာ ဆေးနီနဲ့ရေးထားတဲ့ ရွာနာမည်ရော၊ မြို့နာမည်ကိုပါ မှတ်မိသေးတယ်၊
ဒါပေမယ့် ကျွန်မ အဲ့နားလေးမှာ အကြိမ်ပေါင်းများစွာ ရှာခဲ့ပြီးပြီ၊ ဘာမှ မတွေ့ခဲ့ရပါဘူး”
အခြေအနေသည် ဆုံးခန်းတိုင်နေပြီဖြစ်ပြီး မည်သည့်ပြိုင်ပွဲဝင်ကမျှ ကျန်းရှောင်ယန်အား ရှာမတွေ့နိုင်ခဲ့ပေ။