မိုင့ထောင်ချီအဝေးဆီသို့ ခရီးနှင်၍ (3)
Vol. 23 Ch. 230
သို့သော် ပရိုဂရမ်အဖွဲ့ကတော့ အားမလျှော့သေးပေ။ လိုအပ်သည့် ကိရိယာများ သယ်ဆောင်ကာ ဒေစီမြင်တွေ့ခဲ့ရသည့်၊ ကျန်းရှောင်ယန်ပျောက်ကွယ်သွားသည့် နေရာအား သွားရန် ပြင်ဆင်လိုက်ကြသည်။
ထိုနေရာအား ရောက်ရှိပြီးချိန်တွင် ပြိုင်ပွဲဝင်များ တစ်ခုခုအား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
ပရိုဂရမ်အဖွဲ့မှ လိုအပ်သော ကိရိယာများနှင့် ပြိုင်ပွဲဝင်ခြောက်ဦး၊ ကင်မရာမန်းနှင့် တင်ဆက်သူတို့အား သယ်ဆောင်ကာ ကားဖြင့် ထွက်လာခဲ့ကြသည်။ ဆယ်မိနစ်ခန့်မောင်းပြီးချိန်တွင်တော့ သွားလိုသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်၂၀နှင့်ယှဉ်လျှင် ဤရွာမြို့လေးမှ အဆောက်အဦးများ၊လမ်းများသည် အကြိမ်ပေါင်းများစွာ ပြင်ဆင်ပြီး ဖြစ်သည်။ အင်မတန်လည်း ဖွံ့ဖြိုးတိုးတက်နေပုံပေါ်သည်။
အိမ်တိုင်းတွင် ကိုယ်တိုင်တည်ဆောက်ထားသော အဆောက်အဦငယ်တစ်လုံးစီရှိကာ ချမ်းချမ်းသာသာ နေထိုင်ကြပုံလည်း ပေါ်သည်။
ပရိုဂရမ်အဖွဲ့မှ ဝင်ရောက်လာသည့် ကားမှာ ၇စီး၊၈စီးခန့်ရှိသောကြောင့် သူတို့ စိတ်ဝင်တစား လာကြည့်ကြသည်။ ရွာသားများ၏ ကလေးငယ်များသည် မြေကြီးပေါ်တွင် ကတ်များ၊ ကားပြိုင်ခြင်းများ ဆော့ကစားနေကြရင်း မော့ကြည့်လာကြသည်။
“ဦးဦးတို့က အစီအစဉ်ရိုက်နေကြတာလား?”
“ဒီကင်မရာနဲ့ဆိုရင် သမီးက တီဗီထဲမှာ ပါလာမှာလားဟင်?”
ကုကျစ်စုန့် ကားပေါ်မှ ဆင်းလိုက်သည်နှင့် သူမ မျက်လုံးများသည် ရှေ့မှ ကလေးငယ်များထံသို့ ရောက်သွားခဲ့သည်။
သူတို့၏ မျက်နှာများပေါ်တွင် ဖုံးအုပ်ထားသည့် မီးခိုးရောင်မြူခိုးများအား မြင်တွေ့ရပြီးနောက် သူမ အံ့အားသင့်သွားမိသည်။
သူမ မည်သည်ကိုမျှ မမြင်နိုင်ပေ။
ထိုကလေးများ၏ မျက်နှာပေါ်တွင် ကံကြမ္မာ၊ သေခြင်း၊ရှင်ခြင်း မည်သည့်အရာမှ မရှိ။ အားလုံးဖုံးကွယ်နေခဲ့သည်။
တခြားပြိုင်ပွဲဝင်များ၏ သာမန်မျက်နှာအမူအယာကြောင့်သာ မဟုတ်ပါလျှင် သူမသည် ထူးဆန်းလွန်းသော နေရာတစ်ခုထဲသို့ ရောက်လာမိသည်ဟု တွေးမိမှာအသေအချာပင်။
ကလေးငယ်များ၏ မျက်နှာမှ အကြည့်လွှဲပြီးနောက် ကောင်းကင်အား မော်ကြည့်လိုက်ချိန်တွင်တော့ သူမ၏ စူးရှသည့် မီးငှက်မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူမမျက်လုံးများထဲတွင် တောင်ပိုင်းဒေသ၏ တောင်တန်းများအားလုံးသည် မီးခိုးရောင်များဖုံးလွှမ်းနေခဲ့သည်။ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များ၊ မြူခိုးများနှင့် ရောယှက်ကာ အသက်ရှိသည့် အရာတစ်ခုအလား ထင်မှတ်စေရသည်။
ထိုမီးခိုးရောင်မြူခိုးသည် အဆုံးအစမရှိ၊ တောင်တန်းများ အဆုံးထိ ဖုံးအုပ်ထားခဲ့သည်။
တစ်နည်းဆိုရလျှင် ဤနေရာတစ်ခုလုံးသည် ကောင်းကင်ဘုံ၏ ဥပဒေအောက်တွင် တည်ရှိသော်ငြား လမ်းစဉ်၆ပါး၏ ထိန်းချုပ်မှုထက် ကျော်လွန်နေခဲ့သည်။
ထိုမျှ ကြီးမားလှသည့်အရာသည် သူမကိုသာ ဦးတည်တိုက်ခိုက်နေခြင်းမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၏။
ဤနေရာတွင် မည်သည့်အရာပဲဖြစ်ပါစေ၊ ကောင်းကင်ဘုံ၏ ဥပဒေမှ အာရုံမခံနိုင်ပေ။ အပြစ်ဒဏ်ပေးခံရခြင်းမရှိပါက ‘မကောင်းမှု’သည် ချုပ်ထိန်း၍ မရနိုင်သလို ဤတရားမရှိသည့် နယ်မြေတွင် ထိုမကောင်းမှုသည် ပို၍ပင် ကျယ်ပြန့်လာမည်ဖြစ်သည်။
ကုကျစ်စုန့်အနေဖြင့် သေချာသည့်အရာတစ်ခုမှာ ဤတောင်တန်းဒေသတွင် တရားမဝင်ကိစ္စ တစ်ခုထက်မနည်း ဖြစ်ပျက်ခဲ့ဖူးလိမ့်မည်။
ကောင်းကင်ဘုံ၏ လမ်းစဉ်ခြောက်ပါးအပြင်ဘက်တွင် ရှိနေသည့် အရာအား သာမန်လူများအနေဖြင့် သိရှိနိုင်မည်မဟုတ်။
‘မကောင်းမှု’က များပြားလွန်းကာ သိပ်သည်းလာပြီး သာမန်လူများ မခံနိုင်တော့သည့် အဆင့်ရောက်မှသာလျှင် ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ထိုအချိန်တွင်မူ အင်မတန်နောက်ကျသွားပြီဖြစ်သည်။
ကုကျစ်စုန့် အသက်ပြင်းပြင်းရှုလိုက်သော်ငြား ပတ်ဝန်းကျင်မှ လေထုသည် မရေရာခြင်းများ ပြည့်နှက်နေခဲ့သည်။
ရင်ဘတ်ထဲသို့ ရောက်သည်ထိ ရှူသွင်းလိုက်ချိန်တွင်လည်း သူမအဆုတ်များအား မမြင်နိုင်သည့် ကြိုးမျှင်လေးများဖြင့် ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
သူမကိုယ်တွင်းမှ စွမ်းအင်အား ထုတ်သုံးရန် ကြိုးစားလိုက်ချိန်တွင်တော့ ယခင်ကထက်ပင် ပို၍ စိတ်ဓာတ်ကျသွားခဲ့ရသည်။
ရွာအဝင်ဝမှ ကျောက်စာကတော့ သေချာထိန်းသိမ်းထားခဲ့ပြီး ဆေးနီရဲဖြင့် ရေးသားထားသည့် ‘ရှောင်ရှီကျေးရွာ’ ဆိုသော စကားလုံးမှာလည်း အထင်းသား။
ရွာအဝင်ဝတွင် ဂိတ်တံခါးဝမရှိသော်ငြား ကုကျစ်စုန့်ကတော့ သားရဲပါးစပ်တွင်းသို့ ဝင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူမ မျက်လုံးများမှ အေးစက်မှုများကို ပယ်ဖျောက်လိုက်ပြီးနောက် အခြားပြိုင်ပွဲများနှင့်အတူ ရွာထဲသို့ ဝင်လာခဲ့သည်။
ဒေစီလည်း ကျောက်စာကို မြင်ရပြီးနောက် စကားစသည်။
“ဒါက ကျွန်မမြင်ခဲ့ရတဲ့ ကျောက်စာပဲ”
ကျန်းရှောင်နာလည်း ခေါင်းငြိမ့်သည်။
“ကျွန်မ လမ်းဘေးမှာ ထိုင်နေခဲ့တာလေ၊ ဒီနေရာက အစကတော့ လူနေအိမ်ပဲ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တစ်ရွာလုံး ပြန်လည်ပြုပြင်ရေးလုပ်ခဲ့တာ အိမ်အိုတွေ အကုန်ဖျက်ချပြီး အိမ်အသစ်တွေ ဆောက်ခဲ့ကြတာ၊ အနောက်တိုင်းပုံစံ အိမ်ငယ်လေးတွေပေါ့”
သူမ ညွှန်ပြသည့်နေရာသည် စတိုးဆိုင်တစ်ဆိုင်ဖြစ်သည်။
ထိုအချိန်တွင် တင်ဆက်သူလျှို့ သတိထားမိလိုက်သည်မှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် ရှီဟိုင်ဟုန်သည်ကား အင်မတန် အံ့အားသင့်နေပုံပေါ်ကာ ပတ်ဝန်းကျင်မှ လေထုထဲတွင် တစ်ခုခုရှိသည့်အလား စိုက်ကြည့်နေခဲ့သည်ကိုပင်။
သူ အသံထွက်ကာ မေးလိုက်မိသည်။
“ပြိုင်ပွဲဝင် ရှီဟိုင်ဟုန်၊ တစ်ခုခုများ မြင်လိုက်ရလို့လား? ဒါမှမဟုတ် တစ်ခုခုကို ရှာတွေ့လိုက်လို့လားဟင်?”
ရှီဟိုင်ဟုန် သူ့အား ပါးစပ်အဟောင်းသားနှင့် လှမ်းကြည့်လိုက်ပြီးနောက် ပါးစပ်ကို ပြန့်စေ့ကာ အသက်မပါသည့် အပြုံးဖြင့် ပြန်ဖြေသည်။
“ဘာမှ မဟုတ်ပါဘူး”
သို့သော် သူမ၏ မျက်နှာအမူအယာမှာ ထူးဆန်းလွန်းသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကြည့်ရှု့
နေသူများလည်း သတိထားမိလိုက်ကြသည်။
[ရှီဟိုင်ဟုန်က မတည်မြဲခြင်းအရာရှိမဟုတ်လား? သူက ဝိဉာဉ်တွေကို ခေါ်ယူနိုင်တယ်လေ၊ ငါထင်တာတော့ သူ့ရဲ့ အံ့ဩသွားတဲ့ မျက်နှာကြည့်ရတာ သေချာပေါက် တစ်ခုခုကို မြင်လိုက်ရတာပဲ၊ ပြိုင်ပွဲဝင်တွေနားမှာ သရဲတွေများ ရှိနေလို့များလား?]
[မဟုတ်မှလွဲရော ကျန်းရှောင်ယန်က သေပြီးတော့ သရဲဖြစ်ပြီး အဲ့နားလေးမှာ ဝဲနေတာများလား?]
[ဘာတွေ လျှောက်ပြောနေတာလဲ? ပြိုင်ပွဲဝင်တွေက သူ မသေလောက်သေးဘူးလို့ ပြောတယ်လေ၊ ကုကျစ်စုန့်ကတောင် အဲဒီကောင်မလေး နန်ပြည်နယ်မှာရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား?]
[ကင်မရာရဲ့ ထောင့်ကို ကြည့်လိုက်! ရှီဟိုင်ဟုန်က ကုကျစ်စုန့်ဆီကို သွားနေတာမဟုတ်လား? သူတို့က တစ်ယောက်နဲ့ တစ်ယောက် ခင်ကြလို့လား?
ရှီဟိုင်ဟုန်ရဲ့ ပရိတ်သတ်တွေ ပြောတာတော့ သူက နာမည်ကြီးတောက်ဓမ္မမိသားစုဝင်က ကလေးဆို? ငါမြင်ရတာတော့ သူက ကုကျစ်စုန့်နဲ့ ရင်းနှီးပုံပဲ၊
သူတို့နှစ်ယောက် ဘာတွေ ပြောနေကြတာများလဲ? သိချင်မိတယ်]
[သူတစ်ခုခုကို ရှာတွေ့လိုက်လို့ မဟုတ်ဘူးလား? ငါလည်း နားထောင်ချင်တယ်။ ကျယ်ကျယ်လေး ပြောပေးပါ!]
ရှီဟိုင်ဟုန် ကုကျစ်စုန့်အနီးသို့ တိတ်တဆိတ်လာခဲ့သည်ဟု ထင်လိုက်မိသော်ငြား တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာတွင် ရိုက်ကူးမိနေသည်။
သူမက မည်သည့်အရာမှ မဖြစ်သကဲ့သို့ လျှောက်သွားပြီးနောက် သူမ မျက်နှာပျက်သွားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှင်က မြေအောက်ကမ္ဘာရဲ့ တမန်တော်မဟုတ်ဘူးလား? ရှင့်ရဲ့ ဘေးက … အဲဒါတွေကို မြင်နေရတယ်မဟုတ်လား? ဘာတွေဖြစ်နေတာလဲဆိုတာကို သိလားဟင်?!”
သူမ ဘာကို ဆိုလိုသည်အား ကုကျစ်စုန့် သိနေသည်။
အမှန်လည်း သူမ ထိုအရာများအား မြင်တွေ့နေရသည်။
ဒါရိုက်တာလီချန်ဟဲ၏ ပုခုံးပေါ်တွင် ပျောက်ကွယ်လုနီးနီး အဖြူရောင်ဝိဉာဉ်တစ်ခုရှိနေခဲ့ပြီး သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်နေခဲ့သည်။
ကင်မရာမန်း၏ ကင်မရာပေါ်တွင်လည်း အရိပ်တစ်ခုရှိသည်။
ပတ်ပတ်လည်အား ကြည့်လိုက်ပါက မီးခိုးရောင်မြူခိုး၏ အောက်တွင် အရောင်ဖျော့ဖျော့ ဝိဉာဉ် အမြောက်အမြား ရှိနေခဲ့သည်။
ရှီဟိုင်ဟုန် ကိုယ့်မျက်လုံးကိုပင် မယုံကြည်နိုင်ပေ။
“ဒါတွေ… ဒါတွေ အကုန်လုံးက လူသားဝိဉာဉ်တွေလား?”
“မြေအောက်ကမ္ဘာက ယင်အရာရှိတွေရော? နန်ပြည်နယ်ရဲ့ မတည်မြဲခြင်းအရာရှိကရော? ဒီဝိဉာဉ်တွေက ဒီလိုမျိုးဖြစ်နေတာတောင်မှ ဘာလို့ သူတို့ကို ဘယ်သူမှ ဂရုမစိုက်ကြတာလဲ!?”
မေးခွန်းများအား ဆက်တိုက်မေးနေခဲ့ရင်း သူမရင်ထဲတွင်လည်း မွန်းကြပ်နေခဲ့သည်။
လူတစ်ယောက်၏ ဝိဉာဉ်သည် သေဆုံးပြီးချိန်တွင် အငြိုးအတေးနှင့် မကောင်းသည့် အတွေးများကြောင့် စွမ်းအင်နှင့် အစွဲအလမ်းများ မရှိပါက သက်ရှိကမ္ဘာ၏ ဥပဒေနှင့် မြေအောက်ကမ္ဘာ၏ ဥပဒေတို့အား ဆန့်ကျင်လိမ့်မည်မဟုတ်ပေ။
သူတို့သည် မြေအောက်ကမ္ဘာမှ ယင်အရာရှိ၏ သတိပြုခံရပြီးနောက် မြေအောက်ကမ္ဘာသို့ ဝင်ရောက်ကြရသည်။
ယင်အရာရှိ၏ လက်မှ လွတ်မြောက်သည့် ဝိဉာဉ်များ ရှိခဲ့လျှင်တောင်မှ သူတို့သည် ယင်စွမ်းအင်များတွင် မှီကပ်နေကြသည်။
ယန်စွမ်းအင်ကြောင့် ထိခိုက်ရမည်၊ သို့မဟုတ် သူတို့အား မြင်တွေ့နိုင်သည့် ထူးခြားပညာရှင်များအား ကြောက်ရွံ့ကြသည်။
သို့သော် ယခုတွင်မူ ဤရွာငယ်လေးထဲတွင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်နေခဲ့ပြီး ထိုဝိဉာဉ်များသည် လေထဲတွင် ပျံ့လွင့်နေခဲ့ကြခြင်းပင်။
ပို၍ အရေးကြီးသည့်အချက်တစ်ခုမှာ ဤဝိဉာဉ်များသည် ထူးဆန်းနေခဲ့သည်။
သူတို့အားလုံးသည် အဖြူရောင်ဖျော့ဖျော့ဖြစ်သောကြောင့် အသက်ရှိချိန်က သာမန်လူများသာ ဖြစ်ခဲ့ကြပြီး မကောင်းသော၊ ယုတ်မာသော တစ္ဆေသရဲများ မဟုတ်ကြပေ။
သဘာဝကျကျပြောရလျှင် ထိုဝိဉာဉ်များသည် ပြန်လည်ဝင်စားရမည့် ဝိဉာဉ်များပင် ဖြစ်ကြသည်။
သို့သော် သူတို့ာ ဝိဉာဉ်အပြည့်အဝမဟုတ်ဘဲ အက်ကွဲနေကာ အားအင်လည်း အင်မတန် လျော့နည်းနေခဲ့သည်။
လူများအား ထိခိုက်စေရန်မဆိုထားနှင့်၊ ရှီဟိုင်ဟုန်သည် ဝိဉာဉ်အားလုံးကို မြင်တွေ့နိုင်သော စွမ်းရည်ပိုင်ဆိုင်ထားသူ မဟုတ်ပါလျှင် အခြားပြိုင်ပွဲဝင်များကဲ့သို့ ပြဿနာအား မြင်တောင် မြင်နိုင်မည်မဟုတ်ပေ။
သူတို့သည် ပြန်လည်ဝင်စားမည်ဆိုလျှင်တောင်မှ ထိုအားနည်းနေသော ဝိဉာဉ်များသည် နောက်ဘဝတွင် ခန္ဓာချို့ယွင်းသူများ၊ မသန်စွမ်းသူများသာ ဖြစ်ကြရလိမ့်မည်။
ရှီဟိုင်ဟုန် အသိစိတ်ရှိပုံမပေါ်သည့် အဖြူရောင်မြူခိုးအား ကြည့်လိုက်ပြီးနောက် ကြောက်စရာကောင်းသည့် အတွေးတစ်ခု ရင်ထဲတွင်ပေါ်လာခဲ့သည်။
ဤဝိဉာဉ်များသည် သမားရိုးကျ၊ သာမန်အတိုင်း ဖြစ်ပေါ်လာခြင်းမဟုတ်။
ကုကျစ်စုန့်၏ မျက်နှာအမူအယာသည် အေးစက်ကာ တည်ငြိမ်လွန်းလှသည်။
“ဒါက ‘မကောင်းမှု’ရဲ့ လုပ်ရပ်ပဲ”
ထို ‘မကောင်းမှု’ကပဲ ဤဝိဉာဉ်များ၏ ဖြစ်တည်မှုတရားခံဖြစ်ကြောင်း သူမ ကားပေါ်မှ ဆင်းသည်နှင့် သိလိုက်ပြီးဖြစ်သည်။
ရှီဟိုင်ဟုန် နားမလည်နိုင်သော်ငြား ကုကျစ်စုန့်ကို စိုက်ကြည့်နေမိသည်။
“ရှင်မြင်ရတယ်ပေါ့၊ အခု ကျွန်မတို့ ဘာလုပ်ကြမလဲ? ဒီအတိုင်းပဲ ထားခဲ့မလို့လား?”
သို့သော် သူမသည် တောက်ကျန့်ရှီ၏ မျိုးဆက်ဖြစ်ကြောင်း သတိရလိုက်ပြီးနောက် ကုကျစ်စုန့်အား မေးနေရန်မလိုအပ်ကြောင်း သတိရလိုက်သည်။
သူမ ခပ်လှမ်းလှမ်းသို့ လျှောက်သွားလိုက်ပြီးနောက် ဖုန်းထုတ်ကာ ဖခင်ဖြစ်သူထံသို့ ဆက်သွယ်လိုက်သည်။
ရှီကွေး ဖုန်းပြန်ဖြေချိန်တွင် ရှီဟိုင်ဟုန် မြင်တွေ့ခဲ့ရသမျှအား ဖခင်ထံသို့ တစ်ခုမကျန် ပြန်ပြောပြလိုက်သည်။
“အဖေ၊ ဒီနေရာမှာ တစ်ခုခုကတော့ လွဲနေပြီ!”
ရှီကွေး အကြာကြီး တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချသည်။
“အဖေက သမီးပြောတာကို ယုံပါတယ်၊ ဒါပေမယ့် နန်ပြည်နယ်က တောက်ဓမ္မဂိုဏ်းခွဲက ချန်ချင်းဂိုဏ်းရဲ့ စီမံမှုအောက်မှာ ရှိတာလေ၊ အဖေ့မှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး”
ရှီဟိုင်ဟုန် ပြောစရာစကားပျောက်သွားသည်။
*