မသေနိုင်ဘူး (4)
Vol. 23 Ch. 223
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး တွက်ချက်ထားသည့် အကြောင်းအရာများအား ပြန်ပြောပြနေသည့် ကုကျစ်စုန့်၏ အသံလွင်လွင်သာလျှင် ပျံ့လွင့်နေခဲ့သည်။
“မင်း အသက်(၅)နှစ်မှာ မင်းရဲ့ မောင်လေးမွေးခဲ့တယ်၊ သူမွေးတဲ့နှစ်မှာ ဖြစ်ချင်တော့ မင်းရဲ့ မိဘနှစ်ပါးက ပရောဂျက်တစ်ခုကနေ ငွေအများအပြားရခဲ့တဲ့ နှစ်ဖြစ်နေတယ်၊
ဒီတော့ သူတို့ထင်တာက ဒီကလေးလေးက ကံကောင်းတဲ့ ရတနာလေးပေါ့၊ သူ့ကိုလည်း ရတနာတစ်ပါးလို ဆက်ဆံခဲ့ကြတယ် ဒါပေမဲ့ မင်းအပေါ်မှာကျတော့ ပို,ပိုပြီး ဆက်ဆံတာတွေက ကြမ်းတမ်းလာခဲ့ကြတယ်”
“သိပ်မှန်တာပေါ့၊ သူတို့မျက်လုံးထဲမှာတော့ ကျွန်မက အမှိုက်ကြယ်.. ဆိုက်ကိုတစ်ယောက်ပဲလေ၊ သူတို့ရဲ့ အဖိုးတန်သားလေးကို ကျွန်မက ထိခိုက်အောင် လုပ်ချင်နေတယ်လို့ပဲ ထင်နေခဲ့ကြတာ
သူတို့ရဲ့ အဲ့ဒီသားက အကျင့်မကောင်းတဲ့ကောင်ဖြစ်နေမယ်လို့ တွေးတောင်မတွေးထားကြဘူးလေ”
မစ်စ်ရန် အသက် ၆နှစ်၊၇နှစ်အရွယ်တွင် စကားပင် ပီအောင် မပြောနိုင်သေးသည့် ကောင်လေးက ခုံပေါ်တက်ကာ စားပွဲပေါ်မှ ပန်းအိုးအား တွန်းချခဲ့သည်။ ထို့နောက် ငိုယိုပြီး မိဘများနှင့် တိုင်တန်းခဲ့သည်။
“ပန်းအိုးကို ကျဲကျဲ ခွဲလိုက်တာ!”
စုံလုံးကန်းနေသည့် မိဘနှစ်ပါးကတော့ မေးခွန်းပင် မထုတ်၊ သူမအား ရိုက်နှက်ခဲ့ကြသည်။
“ဒီလောက်ငယ်သေးတဲ့ ကလေးက လိမ်တတ်ပါ့မလား!!?”
နောက်ပိုင်းတွင်လည်း ထိုသို့ အလားတူကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ အလိုလိုက်ခံထားရသည့် ကလေးငယ်သည်က မိသားစုတွင်း၌ သူနှင့် အစ်မဖြစ်သူအား ဆက်ဆံပုံကွာခြားမှန်း သဘောပေါက်သွားခဲ့သည်။
ထို့ကြောင့် သူသည် အမြဲတစေ လိမ်လည်ပြောဆိုကာ မစ်စ်ရန်အား ချောက်ချခဲ့သောကြောင့် သူမသည် ပို၍ အဆူခံ၊ အရိုက်ခံခဲ့ရသည်။
ထိုအချိန်က မစ်စ်ရန်က ငယ်ရွယ်သေးသည့် ကလေးငယ်လေးတစ်ဦးသာဖြစ်သည်။ သူမသည် ထိုသို့ မတရားအပြစ်ပေးခံရခြင်းများအား နားမလည်နိုင်သကဲ့သို့ မကျေနပ်၊ဒေါသထွက်ခဲ့ရသည်။
သို့သော် ဝမ်းနည်းမှုအား မည်သို့ ဖော်ပြရမည်မှန်း မသိသေးသည့် အတွက် သူမသည် အော်ဟစ်ငိုယိုကာ သူမအပြစ်မဟုတ်ကြောင်း ငြင်းဆိုရုံမှလွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပေ။
သို့သော် သူမ ရခဲ့သည်မှာ ပို၍ အေးစက်သော၊ ပို၍ ဂရုမစိုက်သော၊ ပို၍ ကြမ်းတမ်းသော အပြစ်ဒဏ်များသာ ဖြစ်သည်။
မိဘနှစ်ပါးသည်က သူမအား အမြဲလိုလို အမှိုက်၊ ရှုံးနိမ့်မှု၊ အသုံးမကျသည့် အရာတစ်ခုကဲ့သို့သာ ကြည့်ခဲ့သည်။
‘နင် ဘာလို့ အမြဲတမ်း အရူးလိုဖြစ်နေတာလဲ? မိန်းကလေးနဲ့တောင် မတူဘူး’
မိသားစုတွင်း တရားမျှတမှုမရှိ ဆက်ဆံခံရခြင်းများကြောင့် သူမ၏ စိတ်ကျရောဂါသည်လည်း ပို၍ ပြင်းထန်လာခဲ့ပြီး လက်ရှိကြုံတွေ့နေရသော အဖြစ်အပျက်များ၏ ကနဦးအစဖြစ်လာခဲ့သည်။
မှတ်ချက်ဧရိယာတွင်တော့ မခံမရပ်နိုင်သည့် ကြည့်ရှုသူများသည် မိဘများအား အပြစ်တင်ဆဲဆိုနေကြသည်။
[ဘာကြီးလဲ၊ သူတို့ဘာသူတို့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို အပြစ်မရှိတဲ့ ကလေးအပေါ်ပုံချတယ်လို့၊ ရွံစရာကောင်းလိုက်တာကွာ!]
[နားထောင်နေရင်းနဲ့ ချွေးစေးတွေတောင် ပြန်တယ်၊ ဘယ်လိုမိသားစုမျိုးလဲ? ကိုယ့်ကလေးကိုယ်တောင် နှိမ်ပြီး အနိုင်ကျင့်ကြတယ်လို့၊ သူတို့ကလေး ရူးပြီး စိတ်ဖောက်မသွားတာ ကံကောင်း]
[အားရန်လေး သနားစရာကောင်းလိုက်တာ၊ အသက် ၆နှစ် ၇နှစ်ကလေးက အဲ့လိုနေရာမျိုးကနေလည်း ရုန်းထွက်နိုင်ဖို့ လမ်းမှ မရှိတာ]
တင်ဆက်သူလျှို့၏ အသံမှာလည်း အနည်းငယ် တုန်ယင်နေခဲ့သည်။
“အခု မစ်စ်ရန်ကိုယ်မှာ ကပ်နေတဲ့ သရဲတွေကရော သူ့မိသားစုနောက်ခံနဲ့များ သက်ဆိုင်နေတာလား?”
“အကုန်လုံးတော့ မဟုတ်ဘူး၊ သူမကို အရင်ဆုံးခြောက်ပြီးတော့ သူမရဲ့အိပ်မက်ထဲကို ဝင်တဲ့သရဲကတော့ သူမရဲ့မိသားစုကြောင့် အမှန်ပဲ”
“အဲဒါက မစ်စ်ရန်ရဲ့ မိဘတွေနဲ့အဆင်မပြေတာလေ၊ သူတို့သုံးယောက်က အစကတော့ သူငယ်ချင်းတွေ၊ ကုမ္ပဏီတောင် အတူတူထောင်ခဲ့ကြတာ
ဒါပေမဲ့ လင်မယားနှစ်ယောက်က အကျင့်မကောင်းဘူး၊ အဲဒီကံမကောင်းတဲ့ လူကို လှည့်စားပြီးတော့ ထောင်ချောက်ဆင်ထားခဲ့တယ်၊ သူတို့က ကုမ္ပဏီထဲကနေ ငွေသိန်းပေါင်းများစွာ ခိုးယူခဲ့ပြီးတော့ ဒီလူကတော့ ငွေတွေ အလိမ်ခံခဲ့ရတယ်၊
သူက အဲ့တုန်းက ဝန်ထမ်းအဆင့်ပဲဆိုတော့ အကြွေးတွေ အများကြီးနဲ့ ကျန်ခဲ့တာပေါ့”
ထိုအချိန်က ဤအမျိုးသားသည် နေအိမ်နှင့် ကားကိုပါ ရောင်းချပြီးဖြစ်သော်ငြား အကြွေးတင်နေဆဲပင်။
ထိုဇနီးမောင်နှံနှစ်ယောက်အား သွားတွေ့ခဲ့သော်လည်း သူတို့နေထိုင်သည့် အိမ်ရာမှ အစောင့်၏ ရိုက်နှက်နှင်ထုတ်ခြင်းသာ ခံခဲ့ရသည်။
ယုံကြည်ရသည့် သူငယ်ချင်းထံမှ သစ္စာဖောက်ခံခဲ့ရပြီး ချစ်သူမှာလည်း သူနှင့် လမ်းခွဲသွားခဲ့သည်။
မိသားစုလည်း ပြိုလဲသွားခဲ့ပြီးနောက် ချောင်ပိတ်မိသွားသည့် အမျိုးသားက ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့သည်။
နှလုံးသားတွင်းမှ ပြင်းထန်သည့် အမုန်းတရားကြောင့် သူသည် မြေအောက်ကမ္ဘာသို့ မသွားတော့ဘဲ သက်ရှိကမ္ဘာတွင် ကျန်ရစ်ခဲ့ပြီး ရန်မိသားစုအား လက်စားချေရန်သာ တွေးတောနေခဲ့သည်။
သို့သော် ထိုစုံတွဲကတော့ သူတို့က မကောင်းမှုများစွာ ကျူးလွန်ထားပြီး အပြစ်ရှိမှန်းသိသောကြောင့် ဘုန်းကြီးကျောင်းသို့ သွားကာ မကောင်းမှုများ ဖယ်ရှားပေးနိုင်သော အဆောင်ယတြာများ ဝယ်ယူထားပြီး ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ကြသည်။
အငြိုးအတေးသရဲ ပထမဆုံးအကြိမ် လက်စားချေရန် သွားခဲ့ချိန်တွင် သေချာမသိသောကြောင့် ထိုစုံတွဲ၏ ကိုယ်ပေါ်မှ ဗုဒ္ဓအဆောင်များကြောင့် ဒဏ်ရာများစွာ ရခဲ့သည်။
ရန်မိသားစုသည်က ဒုတိယကလေး မီးဖွားပြီးချိန်လည်းဖြစ်သည်။ သူသည်က အမြဲတစေ ရန်မိသားစုအနီးတွင် ပုန်းခိုနေခဲ့သည်။
လင်မယားနှစ်ယောက်လုံး မွေးကင်းစကလေးငယ်အား အင်မတန်ချစ်ခင်ကြောင်း မြင်တွေ့ရပြီးနောက် သူသည် ထိုကလေးငယ်အား သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။
ဖခင်၏ အပြစ်အား သားမှ ဆပ်ရသည်မဟုတ်ပါလော?
သူသည် ရန်မိသားစုအား မိသားစုပြိုကွဲရသည့် ဝေဒနာအား ခံစားစေချင်ခဲ့သည်။
သို့သော် ဒုတိယအကြိမ် လက်စားချေရန် သွားရောက်ခဲ့ချိန်တွင်လည်း ထိုစုံတွဲသည် ကလေးငယ်အား အင်မတန် တန်ဖိုးထား ချစ်မြတ်နိုးသောကြောင့် အဆောင်ယတြာအား လည်ပင်းတွင် ဆွဲထားပေးကြောင်း သိခဲ့ရသည်။
အငြိုးအတေးသရဲလည်း နောက်တစ်ကြိမ် ထိခိုက်မိကာ ယခုတကြိမ်တွင်မူ ဝိဉာဉ်ပါ ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့ရသည်။
မကောင်းမှုများစွာ ကျူးလွန်ထားသည့် လင်မယားနှစ်ယောက်သည် ဘဝအား စည်းစိမ်ချမ်းသာအပြည့်ဖြင့် ပျော်ပါးနေသော်ငြား သူကတော့ မတရားခံရကာ သေဆုံးခဲ့ရသည်။
ထိုအကြောင်းအား တွေးမိတိုင်း သူ၏ ရင်ထဲမှ အမုန်းတရားများသည် ပို၍ အားကောင်းလာခဲ့သည်။
ထို့ကြောင့် မိသားစုထဲတွင် အချစ်မရသော၊ မည်သို့သော အဆောင်ယတြာမျှ ဝတ်ဆင်ထားခြင်းမရှိသည့် တစ်ဦးတည်းသော မိသားစုဝင် အကြီးဆုံးသမီးအား ဦးတည်ခဲ့သည်။
ထိုအချိန်မှစ၍ မစ်စ်ရန်၏ ခန္ဓာကိုယ်တွင်း၌ ဝင်ရောက်နေထိုင်နေခဲ့ခြင်းပင်။
“ဒီသရဲက ရန်မိသားစုက လူတွေအကုန်လုံးကို မုန်းပြီး မင်းတို့အားလုံးကို သေစေချင်နေတာလေ၊ ဒါပေမယ့် သူက မင်း မိဘတွေနဲ့ မင်းရဲ့ မောင်လေးကိုတော့ ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး၊
ဒီတော့ မင်းကို အသုံးချခဲ့တာ၊ မင်းမှတ်မိသေးလား? မင်းရဲ့ စိတ်ကျန်းမာရေး အခြေအနေ ရုတ်တရက် ပိုဆိုးလာတဲ့ အချိန်ရှိတယ်၊
ကျန်းမာရေးလည်း မကောင်း၊ မူးဝေနေပြီး အမြဲလိုလို ဒေါသထွက်နေခဲ့တယ်၊ မင်းက မင်းရဲ့ မိဘတွေရော မောင်ကိုပါ မုန်းလွန်းလို့ သေပါစေလို့တောင် ဆုတောင်းနေခဲ့တဲ့ အချိန်လေ”
မစ်စ်ရန် ခေတ္တမျှ ကြက်သေ,သေသွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“ရှိပါတယ်... အဲဒီတုန်းက သူတို့ ကျွန်မကို စိတ်ကျန်းမာရေးဆေးရုံခေါ်သွားခဲ့တာလေ.. အဲ့တာက မဟုတ်မှလွဲရော...?”
“မင်းထင်နေတဲ့အတိုင်းပဲ၊ အဲ့အချိန်တုန်းက ကလေးပဲရှိသေးတဲ့ မင်းက ဒီအငြိုးအတေးသရဲရဲ့ အမုန်းတရားတွေကို ဘယ်လိုလုပ် တွန်းလှန်နိုင်ခဲ့မှာလဲ?
သူ့ရဲ့အမုန်းတရားတွေအကုန်လုံးက မင်းအပေါ်မှာ သက်ရောက်နေခဲ့တာ၊ ပြောရရင် အဲဒီအချိန်ကနေ စပြီး မင်းက ပစ္စည်းတွေကို ရိုက်ခွဲတယ်၊
တစ်ခါတစ်လေဆို စိတ်ကို မထိန်းနိုင်ဘူး၊ ခဏခဏ သတ်သေဖို့ ကြိုးစားခဲ့တယ်၊ ကိုယ့်ကိုကိုယ်တောင် ထိခိုက်အောင် လုပ်ခဲ့သေးတယ်”
“ဒီသရဲကြောင့်သာ မဟုတ်ရင် မင်းရဲ့အခြေအနေက ဒီလောက်ထိ ပြင်းထန်မှာတောင် မဟုတ်ဘူး”
ကုကျစ်စုန့်၏ ကိုယ်နေဟန်ထားသည် အနည်းငယ် ထူးဆန်းနေခဲ့သည်။ လက်တစ်ဖက်အား မြှောက်ထားပြီး လက်ဖဝါးသည်လည်း တစ်စုံတစ်ခုအား ဆုတ်ကိုင်ထားသကဲ့သို့ ပုံစံဖြစ်နေခဲ့သည်။
သို့သော် သူမလက်ထဲတွင်တော့ ဗလာနတ္ထိပင်။
သာမန်မျက်လုံးဖြင့် မမြင်နိုင်သော်ငြား ကုကျစ်စုန့်၏ လက်ထဲတွင်တော့ လူပုံစံအရာတစ်ခု ရှိနေခဲ့သည်။
ထိုအရာသည် ကန်ကျောက်ရုန်းကန်နေခဲ့သည်။ ခန္ဓာကိုယ်သည် မီးခိုးရောင်ဖြစ်ကာ အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် မစ်စ်ရန်၏ ကိုယ်တွင်း၌ ပုန်းနေခဲ့သော အငြိုးအတေးဝိဉာဉ်ပင်။
ကုကျစ်စုန့်၏ ဖမ်းဆီးမှုခံထားရပြီးနောက် သူ၏ ကံကြမ္မာသည် အခြားလူလက်ထဲတွင် ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကို လျှိုကာ ပုန်းကွယ်နေခဲ့သည်။
အငြိုးအတေးသရဲ၏ ပုံစံမှာ အသက် ၂၇၊၂၈ဝန်းကျင်လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာတွင်လည်း အမုန်းတရားနှင့် အကြောက်တရားတို့သာ ပြည့်နှက်နေခဲ့သည်။
ကုကျစ်စုန့်လည်း မျက်နှာလွှဲလိုက်ပြီးနောက် စကားဆက်သည်။
“အစကတော့ ဒီသရဲက ရန်မိသားစုတစ်ခုလုံးကို စိတ်ရှုပ်အောင် လုပ်ပြီး ဒုက္ခပေးမယ်ပေါ့၊ တကယ်လည်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက မစ်စ်ရန်က တော်တော်လေးကို အကူအညီမဲ့ခဲ့တာလေ
သူ့မောင်လေးကလည်း အစ်မကို ခြေထိုးတာ၊ တွန်းချတာတွေ လုပ်ပြီး ခဏခဏ ထိခိုက်အောင် လုပ်ခဲ့တယ်”
“နောက်တော့ ဒီအငြိုးအတေးသရဲရဲ့ ဒေါသက တစ်မိသားစုလုံးမှာ အကူအညီအလိုအပ်နေဆုံးလူကို ဦးတည်ခဲ့တယ်
ဒီကောင်မလေး သေလုနီးပါး ရိုက်နှက်ခံရတာတွေ၊ စိတ်ဓာတ်ပြိုကွဲပြီး ငိုယိုနေတာတွေ၊ နောက်ဆုံး အမုန်းတရားတွေရဲ့ ဖိအားများလွန်းလို့ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်နေတာတွေကိုတောင် ဒီသရဲကတော့ ဂရုမစိုက်ဘဲ ကြည့်နေခဲ့တာ
သူက စိတ်ထဲမှာတောင် ပေါ့သွားသေးတယ်၊ ဒီရန်မိသားစုရဲ့ အကူအညီမရှိတဲ့ သမီး ဝေဒနာခံစားနေရတာ ဖြစ်သင့်တယ်ပေါ့”
“ပြောရရင် အခု အကူအညီတောင်းတဲ့သူရဲ့ ဝိဉာဉ်က မိဘတွေဆီက ဖိအားရော၊ ဒီအငြိုးအတေးသရဲရဲ့ အသုံးချခံရတာတွေကြောင့် လုံးဝ ပြန်ပြီးပြင်ဆင်လို့ မရနိုင်တဲ့ထိ ထိခိုက်ပြိုလဲသွားခဲ့တာပဲ”
ဤသရဲသည်က ကောင်းသည့်သရဲမဟုတ်ဟု ကုကျစ်စုန့်ပြောသည်မှာ ဤအဖြစ်အပျက်များကြောင့်ပင်။
အခြားပြိုင်ပွဲဝင်များသည် လူသားများ၏ နှလုံးသားအား ဖတ်နိုင်ပြီး အကူအညီတောင်းသူအား ကိုယ်ချင်းစာနာပေးတတ်ကြသည်။
သို့သော် ပြိုင်ပွဲဝင်များအားလုံးထဲတွင် အတိတ်နှင့် အနာဂတ်အား စစ်ဆေးနိုင်သည့် တစ်ဦးတည်းသောသူမှာ ကုကျစ်စုန့်ပင် ဖြစ်သည်။
သူမ၏ ဝိဉာဉ်သည်က မြေကမ္ဘာ၏ မသေမျိုးအဆင့်ရောက်လုနီးနီးဖြစ်နေသောကြောင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်နှင့် စည်းမျဉ်းများအား အသုံးချနိုင်သည်။
ထို့ကြောင့်လည်း သူမသည် မည်သည့်အရာကိုမှ ကျန်ခဲ့ခြင်း၊ မှားယွင်းခြင်း မရှိနိုင်ပေ။
အတိတ်၏ အဖြစ်မှန်အား သိလိုက်ရပြီးနောက် တင်ဆက်သူလျှို့နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူများ တစ်စုံတစ်ရာအား သတိရသွားသည်။
“ဒါဆိုရင် ဒီသရဲက ရန်မိသားစုနဲ့ မစ်စ်ရန်ကို မုန်းနေတာပေါ့? ဒီလိုဆိုမှတော့ သူက မစ်စ်ရန်သေသွားရင် ပျော်ရမှာမဟုတ်ဘူးလား?
ဘာလို့ သူ့ကို သတ်သေလို့မရအောင် အရမ်းကြိုးစားပြီး တားနေရတာလဲ?”
*