← Chapters

မသေနိုင်ဘူး(3)

Vol. 23 Ch. 222

မသေနိုင်ဘူး(3)

Vol. 23 Ch. 222

မမျှော်လင့်ထားစွာပင် ကုကျစ်စုန့်က အလွယ်တကူ သဘောတူလိုက်သည်။ မစ်စ်ရန်၏ မျက်လုံးများ အရောင်တောက်သွားပြီးနောက် မော့ကြည့်ကာ မေးလိုက်မိသည်။

“တကယ်လား?”

ဘေးမှ တင်ဆက်သူလျှို့ကတော့ ချောင်းဟန့်လိုက်ရင်း ကုကျစ်စုန့်အား အကြောင်းစုံရှင်းပြလိုက်သည်။

နောက်ဆုံးတွင်‌ သူသည်က မစ်စ်ရန်၏ အဆုံးစီရင်ရာတွင် နှောင့်ယှက်နေသော နှာပူးသရဲအကြောင်းကိုပါ ပြောပြလိုက်သည်။

ရှင်းပြမှုအား နားထောင်ပြီးနောက်တွင်ပင် ကုကျစ်စုန့်၏ အမူအယာက စိတ်အနှောင့်အယှက်ဖြစ်သွားပုံမပေါ်ချေ။ အတော်လေး နားမလည်နိုင်သကဲ့သို့သာ ဖြစ်နေသည်။

“အဲဒီတော့? သေခြင်းနဲ့ ရှင်ခြင်းတရားရဲ့ ဥပဒေအရ မင်းက လူတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဘယ်လိုအကြောင်းနဲ့မှ ပြောင်းလဲလို့မရဘူး၊

ပြီးတော့ ဒီကောင်မလေး.. သူမရဲ့မျက်နှာအရဆိုရင်တော့ ၂၃နှစ်ရှိပါပြီ၊ သူမက အရွယ်ရောက်ပြီးသားလေ၊ သူမမှာ အကြောင်းအရင်းတွေ၊ စွမ်းအင်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်နေပြီ

ရလဒ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူမရဲ့ ရွေးချယ်မှုပဲ၊ အခြားလူတွေနဲ့ မဆိုင်ဘူး”

သူမ၏ လူ့လောကနှင့် အဆက်အသွယ်ကင်းမဲ့နေခြင်းကြောင့် သူမသည် လူသားများ၏ စိတ်အနေအထား၊ စိတ်ပူပန်မှုများအား နားလည်မပေးနိုင်ပေ။

သူမတွင် ဒေစီကဲ့သို့ ထပ်တူဝေမျှ ခံစားပေးနိုင်သော နူးညံ့သည့် နှလုံးသားလည်း မရှိပေ။

သူမ၏ ခန္ဓာကိုယ်အား စိုက်ကြည့်နေသော ကုကျစ်စုန့်၏ မျက်လုံးများသည် အေးစက်နေကာ သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေသောကြောင့် မစ်စ်ရန် ကြက်သီးထမိသည်။

သူမ မသိသည့်အချက်မှာ ကုကျစ်စုန့်သည် သူမအား ကြည့်နေခြင်းမဟုတ်။ သူမကိုယ်တွင်းမှ တုန်ယင်နေသည့် ဝိဉာဉ်များအား ကြည့်နေခဲ့ခြင်းပင်။

အထူးသဖြင့် သရဲအထီးကိုပင်ဖြစ်ပေသည်။

ထိုဝိဉာဉ်များအား ပြတ်သားစွာ မြင်လိုက်ရပြီးနောက် ကုကျစ်စုန့် နှာခေါင်းရှုံံသည်။

“ဘာကျန်သေးလဲ? သူ့ခန္ဓာကိုယ်ထဲက ဝိဉာဉ်က အစတုန်းက အငြိုးအတေးဝိဉာဉ်လေ၊ ကောင်းတဲ့အရာမဟုတ်ဘူး၊ တတ်နိုင်သမျှ မြန်မြန် နှိမ်နင်းပစ်သင့်တယ်”

“ရှင်တို့ပြောချင်တာ ဒီသရဲက ကောင်မလေးကို သတ်သေလို့မရအောင် တားပေးနေလို့‌ ကောင်မလေးက သူ့ကို ကျေးဇူးတောင် တင်ရဦးမယ်?

အဲဒါကို နှင်မထုတ်နဲ့၊ အဲဒီလို တွေးနေကြတာမဟုတ်လား? ဟာသပဲ”

ကုကျစ်စုန့်၏ စကားအသွားအလာအား သဘောပေါက်လိုက်ပြီး တင်ဆက်သူလျှို့လည်း ချက်ချင်းမေးခွန်းထုတ်သည်။

“ဒီသရဲရဲ့ အကူအညီတွေထဲမှာ ဘယ်လောက်တောင် တကိုယ်ကောင်းဆန်စိတ်တွေ ရောယှက်နေခဲ့လိုက်သလဲ? သက်ရှိလူတွေရဲ့ အိပ်မက်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ အဲ့လူရဲ့ သတ်တမ်းကို အနည်းဆုံးဆယ်နှစ်လောက် တိုသွားစေတယ်လေ”

“ဒီသရဲက လွန်ခဲ့တဲ့ နှစ်တွေက အကူအညီတောင်းသူရဲ့ ခန္ဓာကိုယ်မှာ ဝင်ပြီး အိပ်မက်တွေကို နှောင့်ယှက်နေခဲ့တာ၊ ပြီးတော့ သူ ဝင်ပူးနေတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းကပဲ၊ ဒါကြောင့်မို့လည်း အမြဲလိုလို ချူချာနေခဲ့တာပဲ”

“ဒီအကူအညီတောင်းသူက အခုလိုမျိုးတောင် ဖြစ်သွားရသေးတယ်၊  ကျွန်မကတော့ ဒီသရဲတစ္ဆေရဲ့ လှုံ့ဆောင်နှောင့်ယှက်မှုကြောင့်ပဲ ဖြစ်ရမယ်”

“ဒီတော့? သူ့ကို သရဲကောင်းပါလို့ ထင်သေးတာလား?”

မစ်စ်ရန်ရော တင်ဆက်သူပါ ကုကျစ်စုန့်စကားများကြောင့် အံ့အားသင့်သွားရသည်။

“စုန့်စုန့်... မင်းပြောချင်တာက ဒီသရဲက မစ်စ်ရန်ကို ဖမ်းစားနေပြီးတော့ မစ်စ်ရန် ကျန်းမာရေးမကောင်းဖြစ်နေရတယ့် အဓိကတရားခံတဲ့လား? ပြီးတော့ ဒီလိုဖြစ်ပျက်နေတာတွေက ဆယ်နှစ်တောင် ကျော်နေပြီ ဟုတ်လား!?”

“အမှန်ပဲ”

ကုကျစ်စုန့်ကတော့ လေသံအေးအေးဖြင့် အတည်ပြုသည်။

“မင်းတို့သိထားတဲ့ အချက်အလက်တွေကို အခြားပြိုင်ပွဲဝင်တွေလည်း မြင်ပြီးသားဖြစ်လိမ့်မယ်၊ သူတို့မြင်ခဲ့တာတွေကလည်း အမှန်တွေပဲ၊

ဒီသရဲက တကယ်လည်း အကူအညီတောင်းသူကို သတ်သေလို့မရအောင် တားနေခဲ့တာ၊ ဒါပေမဲ့ အဲ့လိုတားနေခဲ့ရုံနဲ့လည်း ဒီသရဲက မကောင်းတဲ့စိတ်မရှိဘူး၊ သူများကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလို့ ပုံသေတွေးထားလို့ မရဘူးလေ”

သူမ မစ်စ်ရန်ကို ကြည့်လိုက်ပြီးနောက် မေးခွန်းထုတ်သည်။

“မင်းရဲ့ ရှုပ်ထွေးမှုတွေအကြောင်းကို ငါ ရှင်းပြဖို့လိုသေးလား? မင်းမျက်နှာကို ကြည့်ရတာတော့ ဒီသရဲတွေကြောင့် တော်တော်လေး ဒုက္ခရောက်ခဲ့ပုံပဲ၊

အထူးသဖြင့် မင်းအိပ်မက်ထဲကို ဝင်လာနေတဲ့ သရဲ၊ သူက မင်းအနားမှာ ဘာလို့ကပ်တွယ်နေရတာလဲဆိုတော့ မင်းမိသားစုကြောင့်ပဲ၊ သူက မင်းတို့မိသားစုကို မုန်းနေတာလေ၊ မင်းမျက်နှာကို ဖတ်မကြည့်ဘူးဆိုရင်တော့ ဒီအချက်အလက်ကို မြင်နိုင်မှာမဟုတ်ဘူး”

“အဲဒါက ကျွန်မမိသားစုနဲ့ ဆက်နွယ်နေတာလား?...”

မစ်စ်ရန်၏ လေသံမှာ အနည်းငယ်စိတ်ဓာတ်ကျသွားပုံ။

ခေတ္တမျှ စဉ်းစားနေပြီးနောက် သူမ ခေါင်းငြိမ့်လိုက်သည်။

“ကုတောက်ကျန့်.. ကျွန်မကို ပြောပြပေးပါ၊ ဘာလို့ အဲဒီသရဲက ကျွန်မကို လိုက်ပြီး ခြောက်လှန့်နေရတာလဲဆိုတာကို သိချင်ပါတယ်”

တစ်ဖက်လူ၏ သဘောတူညီချက်ရလိုက်ပြီးနောက် ကုကျစ်စုန့် အမှန်တကယ် ကောက်ချက်ချခြင်း စတင်လိုက်သည်။

“မင်းမွေးဖွားတဲ့အကြောင်းကို အရင်ပြောကြတာပေါ့၊ မစ်စ်ရန် မင်းကရာစုနှစ်အသစ်မစခင်မှာ မွေးဖွားခဲ့တာပဲ၊ ဒီတော့ အတည်ပြုရတာ ပိုလွယ်တယ်၊ မင်းက ဒီနှစ်မှာဆိုရင် ၂၃နှစ်ပြည့်ပြီ၊

မင်းရဲ့ ယင်နဲ့ ယန်၊ ဓာတ်ကြီးငါးပါးကို မူတည်ပြီးတော့ မင်းမွေးဖွားခဲ့တဲ့ နေရာက မြေနေရာအရဆိုရင် ရှားနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာပဲ

အဲ့နေရာမှာ အမြဲလိုလို မိုးရွာနေတတ်ပြီးတော့ မြို့အစွန်မှာလည်း ရေစီးသန်တဲ့ မြစ်တစ်စင်းရှိလိမ့်မယ်၊ မင်းအသက်၆နှစ်၊ ၇နှစ်အရွယ်လောက်တုန်းက အဲဒီမြစ်ကနေ ရေတွေ တက်လာပြီးတော့ အနီးအနားက မြို့တွေကို ရေလွှမ်းသွားခဲ့တယ်

မင်းအိမ်ကလည်း အဲဒီအချိန်တုန်းက ရေကြီးတဲ့နေရာနဲ့ နီးစပ်တယ်ဆိုတော့ သဘာဝဘေးကို ရှောင်လို့မရခဲ့ဘူး”

ကုကျစ်စုန့်၏ ပြောဆိုချက်များ မှန်ကန်ကြောင်း မစ်စ်ရန်ခေါင်းငြိမ့်လိုက်သည်။ သူမ ကလေးဘဝက ဖြစ်ပျက်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးနှင့် အချိန်ရော၊နေရာပါ ကိုက်ညီနေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူအချို့ကတော့ ကုကျစ်စုန့်ပြောခဲ့သည့် အချက်အလက်များအား အသုံးပြုကာ မစ်စ်ရန်၏ မွေးရပ်မြို့အား ရှာတွေ့ခဲ့ပြီးဖြစ်သည်။

“မင်းရဲ့ မွေးဖွားမှုအကြောင်းကို ပြောမယ်ဆိုရင် မိဘတွေအကြောင်းလည်း ပြောရမှာပေါ့၊ မင်းမျက်နှာပုံစံအရဆိုရင် မင်းရဲ့နဖူးက နဂိုတုန်းကတော့ ကျဉ်းပြီး ပြားနေခဲ့လိမ့်မယ်

အဲဒါက မင်းသိပ်သဘောမကျတဲ့အရာတွေထဲမှာ ပါတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မင်း ခွဲစိတ်မှုလုပ်ပြီးတော့ နဖူးကို ပြင်ထားတာပဲ၊ အဲ့တာကြောင့် မင်းနဖူးရဲ့ပုံစံက ပြောင်းလဲနေတာ”

မစ်စ်ရန်လည်း နဖူးအား အသာထိလိုက်ပြီးနောက် မငြင်းဆိုခဲ့ပေ။

“အင်း.... အမှန်ပါပဲ၊ ကျွန်မ အရင်က နဖူးက ပြားတယ်လေ၊ အဲဒါက ကြည့်လို့မလှဘူးလို့ အမြဲထင်ခဲ့မိတယ်၊ ဒါကြောင့်လည်း ခွဲစိတ်ခဲ့တာ.. တောက်ကျန့်က ပလတ်စတစ်ဆာဂျရီတွေရော filler ထိုးထားတာတွေကိုပါ မြင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဝိဉာဉ်ရေးရာအစီအစဉ်အား အပိုင်းတစ်မှစ၍ ကြည့်ခဲ့ကြသော ပရိတ်သတ်အချို့ကတော့ ကုကျစ်စုန့် အစားထိုးပြိုင်ပွဲဝင်အနေဖြင့် ပထမဆုံး အနာဂတ်ဟောခဲ့သည့်အပိုင်းအား သတိရမိကြသည်။

ထိုအပိုင်းတွင်လည်း သူမသည်က တိရိစ္ဆာန်များအား နှိပ်စက်နေသည့် နာမည်ကြီးဘလော့ဂါတစ်ဦးအကြောင်း ဖော်ထုတ်ခဲ့သေးသည်။

ထိုဘလော့ဂါလည်း ဘဝမှောက်ခုန်ဖြစ်ကာ သူ၏ မျက်နှာခွဲစိတ်ထားခြင်းတို့ပါ ပေါ်ပေါက်လာခဲ့ရသည်။

“ဒါပေမဲ့ ပလတ်စတစ်ဆာဂျရီက သဘာဝလွန်ပညာအပေါ်မှာကျ သက်ရောက်မှုရှိလို့လား ကုတောက်ကျန့်?”

“သေချာပေါက်ရှိတာပေါ့၊ လူတစ်ယောက်ရဲ့ မျက်နှာအနေအထားဆိုတာက သူ့ရဲ့ ကံကြမ္မာပဲ၊ အထူးသဖြင့် မှဲ့တွေက အသက်ရောက်ဆုံးပဲ”

ကုကျစ်စုန့် မစ်စ်ရန်၏ နဖူးအား တစ်ချက်ကြည့်လိုက်ရင်း ပြောသည်။

“မင်း filler ထိုးလိုက်တဲ့နေရာက ‘အရံအရိုး’နေရာအတိအကျပဲ၊ ‘သူရိန်‌ထောင့်’နဲ့ ‘စန္နာထောင့်’တို့က မျက်နှာပေါ်မှာဆိုရင် ရှားပါးတဲ့နေရာတွေပဲ၊ အဲဒါက လူတွေနဲ့ မဆိုင်ဘူး။ ဒီတော့ သူတို့ကို အပြောင်းအလဲလုပ်လိုက်ရင်တောင်မှ သက်ရောက်မှု ရှိမှာမဟုတ်ဘူး”

“အဲဒါက မင်းရဲ့ မိဘနန်းတော်နေရာပဲ။ မင်းနဲ့ မိဘနှစ်ပါးကြားက ဆက်ဆံရေး၊ ဆက်သွယ်ချက်တွေကို ပြတဲ့နေရာပဲ၊ ဒီတော့ မင်းအဲ့နေရာကို ဖြည့်လိုက်ရုံနဲ့တော့ မင်းက သူတို့ရဲ့ သားသမီးဖြစ်တယ်ဆိုတဲ့ အချက်အလက်ကတော့ ပြောင်းသွားမှာမဟုတ်ဘူးလေ”

ကုကျစ်စုန့် ခဏ နားလိုက်ပြီးနောက် ဆက်ပြောသည်။

“ဒါပေမယ့် ငါထင်တာတော့ မင်းက အဲဒါကို သိပ်ဂရုစိုက်မှာမဟုတ်ပါဘူး၊ မင်းတို့ကြားက ဆက်ဆံရေးက အရမ်းကို အားနည်းလွန်းတယ်၊ ဒါမှမဟုတ် မင်းက မိဘနှစ်ပါးရော မင်းမိသားစုကိုပါ အရမ်းမုန်းနေတယ်၊ ဒါကြောင့် မင်းရဲ့ မိဘနန်းတော်နေရာက ကျဉ်းနေတာပဲ”

သူမ စကားအား နားထောင်ပြီးနောက် မစ်စ်ရန် မျက်နှာပျက်သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“ဗေဒင်ဟောဖို့အတွက်သာ မဟုတ်ဘူးဆိုရင် ကျွန်မ သူတို့အကြောင်းကို ကြားတောင်မကြားချင်ဘူး”

“မင်းရဲ့ မိဘနန်းတော်ကို ကြည့်လိုက်ရုံနဲ့ မင်းနဲ့ မိဘနှစ်ပါးဆက်ဆံရေးက တော်တော်လေး အဆင်မပြေမှန်းသိသာပါတယ်၊ ကြည့်ရတာ သူတို့ စပြီး လက်ထပ်တုန်းက ပြဿနာတွေ ရှိခဲ့ပုံပဲ

အကြောင်းရင်းတစ်ခုခုကြောင့် သူတို့နှစ်ယောက်က လမ်းခွဲပြီးသွားပြီ၊ ဒါပေမယ့် အဲ့လိုအချိန်မှာ မင်းအမေက မတော်တဆ ကိုယ်ဝန်ရှိသွားပြီး မင်းကို မွေးခဲ့တာပဲ”

ထိုအချိန်က အကြောင်းရင်းတစ်ခုခုကြောင့် မစ်စ်ရန်၏ မိခင်သည် ကိုယ်ဝန်အား ဖျက်မချနိုင်ခဲ့ပေ။

မစ်စ်ရန်၏ ဖခင်ကလည်း အစက တာဝန်မယူချင်ခဲ့သော်ငြား ဆေးရုံသို့သွားကာ ဆေးစစ်ကြည့်ခဲ့သည်။

ဆရာဝန်၏ ပြောစကားမှာ ကလေးငယ်သည် ယောကျာ်းလေးဖြစ်နိုင်ချေရှိသည်ဟုပင်။ ထို့ကြောင့်လည်း မိသားစုနှစ်စု သဘောတူညီမှုရရှိကာ လက်မထပ်ချင်ဘဲ လက်ထပ်ခဲ့ရသည်။

မွေးလာသည့် ကလေးငယ်မှာလည်း မိန်းကလေးဖြစ်နေခဲ့သည်။

မစ်စ်ရန်သည် မွေးဖွားသည့်အချိန်မှစ၍ မုန်းတီးခံခဲ့ရသည်။ ကလေးဘဝတစ်လျှောက်လုံး သူမသည် မိဘများ၏ အထင်သေးခြင်း၊ နှိမ့်ချခြင်း၊ အရေးမကြီးသည့် ကိစ္စငယ်လေးများအတွက်ပင် ရိုက်နှက်ခံရခြင်းများဖြင့် ကြီးပြင်းခဲ့ရသည်။

သူတို့နှစ်ဦး၏ စိတ်တွင်တော့ ဤမပျော်ရွှင်ရသည့် အိမ်ထောင်ရေးသည် မစ်စ်ရန်အား ကိုယ်ဝန်ဆောင်ခဲ့မိခြင်းကြောင့် ဖြစ်ရသည်ဟုသာ တွေးခဲ့ကြသည်။

*

All Chapters