အခန်း (၁၀၈)
Vol. 11 Ch. 108
ရုပ်ရှင်ပြီးသွားတဲ့နောက်မှာ ရုပ်ရှင်ရုံက မီးတွေက ရုတ်တရက်ပြန်လင်းလာခဲ့တယ်။
လူတိုင်း အလင်းစူးမှုကြောင့်မျက်လုံးကို မှိတ်ထားလိုက်မိတဲ့အချိန်မှာ လီမင်ပေကတော့ သူ့အပေါ်မှာ လွှားခြုံထားတဲ့ သားရေအင်္ကျီအထူကို အမြန်ဆွဲချလိုက်တယ်။ ထို့နောက် သူက သူ့ရဲ့ ဆံပင်တွေကို အမြန်ဖိလိုက်ပြီး ယွီဝမ်ရှို့ဘက်ကို လှမ်းကြည့်လိုက်ကာ ကြားထဲမှာရှိနေတဲ့ ကျန်းကျန်းကို ပြောလိုက်တယ်။
“ကျန်းကျန်း.. မင်း.. အေးနေလား.. ငါ့အနွေးထည်ကို ယူဝတ်မလား”
သူက ထိုသို့ပြောရင်းနှင့် ယွီဝမ်ရှို့က သူ့ဘက်ကို လှည့်မကြည့်မှာကို စိုးရိမ်တာကြောင့် သူ့ရဲ့ အင်္ကျီကို ကျန်းကျန်းရဲ့အရှေ့ကို တိုးပေးလိုက်သေးတယ်။
ကျန်းကျန်းကတော့ သရဲတစ္ဆေကို မြင်တွေ့လိုက်ရတဲ့ အမူအရာဖြစ်သွားခဲ့ရတယ်။တကယ်လို့ သူမရဲ့အစ်ကိုက ဝမ်းကွဲအစ်ကိုတစ်ယောက်သာဖြစ်နေမယ်ဆိုရင် သူမ သူ့ကို မသိဟန်ဆောင်နေတော့မှာ။
ယွီဝမ်ရှို့က သူမနဲ့အတူ ယူလာတဲ့ ရေဘူးကို ကောက်ကိုင်လိုက်ရင်း ကျန်းကျန်းနဲ့ စကားပြာဖို့ ပြန်လှည့်ကြည့်လိုက်ချိန်မှာ လီမင်ပေရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေကို မြင်လိုက်ရတော့တယ်။
သူမ အကြိမ်ကြိမ်အခါခါ အောင့်အီးနေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မအောင့်အီးနိုင်တော့ဘဲ ရယ်မောလိုက်မိတော့တယ်။
“အတန်းဖော်လီမင်ပေ.. နင့်ရဲ့ ဆံပင်တွေကို ကြွက်ကိုက်သွားတာလား .. ဘာလို့ တစ်ဖက်နဲ့တစ်ဖက် မညီဘူးဖြစ်နေရတာလဲ.. ဘယ်ဘက်ကိုကြည့်ကြည့်လိုက်ဦး.. တစ်ဝက်လောက်က ဆံပင်တွေတောင် ပြောင်နေပြီ.. တကယ် ကြွက်ကိုက်သွားတာလား”
“ငါ ကိုယ့်ဘာသာကိုယ် မတော်တဆ ဖြတ်လိုက်မိတာ”
ယွီဝမ်ရှို့ ရယ်မောရင်းနှင့် မျက်လုံးလှန်လိုက်မိကာ အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်တယ်။
“သမဝါယမစျေးဆိုင်တွေဘေးမှာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရှိတယ်.. နင် ဘာလို့ သွားမညှပ်လိုက်တာလဲ.. နှစ်သစ်ရဲ့ ပထမလကိုရောက်ခါနီးပြီဆိုတော့ ဆံပင်ညှပ်သင့်တယ်လေ”
လီမင်ပေ အနည်းငယ်ရှက်ရွံ့သွားခဲ့ပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီဆံပင်ကေကို သဘောကျနေတုန်းပဲ။
သို့ပေမယ့် သူသာ ဆံပင်မညှပ်ခဲ့ဘူးဆိုရင် သူမက သူ့ကို အခုလိုမျိုး စကားတွေ ပြောလာမှမဟုတ်ဘူးလေ။ ရလဒ်က သူစိတ်ကူးထားတာနှင့် မတူပေမဲ့ အတော်လေး ကောင်းမွန်နေသေးတယ်။
ရုပ်ရှင်ရုံမှ ထွက်ခွာလာပြီးနောက် ယွီဝမ်ရှို့က ကျန်းကျန်းနှင့် သူမရဲ့အစ်ကိုတွေကို ယဉ်ကျေးစွာ နှုတ်ဆက်ခဲ့ပြီး သူမရဲ့မောင်ဖြစ်သူနှင့်အတူ အိမ်သို့ပြန်သွားခဲ့တယ်။ လီမင်ပေကတော့ သူ့ရဲ့ လည်ပင်းကို ဆန့်တန်းကာ ယွီဝမ်ရှို့ ထွက်သွားတဲ့ဘက်ကို အရိပ်အယောင်ကွယ်ပျောက်သွားတဲ့အထိ စောင့်ကြည့်ခဲ့တယ်။
လီမင်ရှီ အရှေ့ကိုတစ်လှမ်းလှမ်းပြီး လီမင်ပေရဲ့ ပုခုံးတွေကို သိုင်းဖက်ပြီး ပြောလာတယ်။
“မင်ပေ.. ဒီနေ့ ညဘက် အိမ်ပြန်ရောက်ရင် ငါတို့အမေကို မင်းအတွက် ဝက်ဦးနှောက်ကို စတူးချက်ပေးဖို့ ပြောလိုက်မယ်.. ငါတို့ မစားဘူး.. အကုန်လုံးကို မင်းတစ်ယောက်တည်း စားလို့ရတယ်”
လီမင်ပေကတော့ သူ့ရဲ့ကိုယ်ပိုင်အတွေးထဲမှာ နစ်မြုပ်နေသေးပြီး တုံ့ပြန်နိုင်စွမ်း မရှိသေးတာကြောင့် ထုံထိုင်းစွာ ပြန်ပြောလာတယ်။
“အစ်ကို တကယ်မစားဘူးလား? ပြီးမှ ကျွန်တော်ဆီကနေ လာမခိုးနဲ့နော်”
လီမင်နန်ကတော့ သူ့ရဲ့ဗိုက်ကိုဖိပြီး မြေပြင်မှာ ထိုင်ကျသွားတဲ့အထိ အော်ရယ်လာခဲ့တယ်။ ကျန်းကျန်း သူ့ရဲ့ နောက်ကျောကို ပုတ်လိုက်ပြီး ပြောလိုက်တယ်။
“သူများကိုကြည့်ပြီး မပျော်နေနဲ့တော့.. စတုတ္ထအစ်ကိုကို ဆံပင်ညှပ်ဖို့ အရင် ခေါ်သွားပေးလိုက်လေ.. ခဏနေရင် နေ့လည်စာစားချိန်ရောက်တော့မှာ”
အခုအချိန်မှာ လီမင်ပေအရွယ်ကောင်လေးတွေကို ဆံပင်ညှပ်ပေးရတာက အလွယ်ကူဆုံးဖြစ်ပြီး ဆံပင်ညှပ်ဆရာအနေနဲ့ မျက်လုံးမှိတ်ပြီးတော့တောင် ဆံပင်ညှပ်နိုင်တယ်။
သို့ပေမဲ့ လီမင်ပေရဲ့ဆံပင်ကိုတော့ ဆယ်မိနစ်ကြာအောင်ညှပ်လိုက်ရတယ်။
ဆံပင်ညှပ်ဆရာက လီမင်ပေရဲ့ လည်ပင်းမှာ တင်နေတဲ့ ဆံပင်တွေကို ရေမြှုပ်နှင့် သုတ်လိုက်ရင်းပြောလာတယိ။
“ဒီလို ဆံပင်ညှပ်တာက အိမ်မှာ တစ်ရက်နှစ်ရက်လောက် လေ့ကျင့်လို့ရတာမျိုးမဟုတ်ဘူး.. နောက်တစ်ခါ ကျရင် ကိုယ်တိုင်မညှပ်ပါနဲ့.. မင်း ကိုယ့်ကိုကိုယ် ကတ်ကြေးနဲ့ထိုးမိသွားမှာကို မကြောက်ဘူးလား”
လီမင်ပေက မှန်ထဲမှ သူ့ရဲ့ခေါင်းကို ကြည့်ပြီး စိတ်ပျက်အားငယ်စွာနဲ့ အသံပြုကာ နောက်ဆုံးအနေနဲ့ခေါင်းမာစွာပြောလိုက်ပြန်တယ်။
“တကယ်တော့ ကျွန်တော် ကိုယ့်ကိုယ်ကို ဆံပင်ပုံက ဆိုးတယ်လို့ မထင်ခဲ့မိဘူး..”
ဆံပင်ညှပ်ဆရာက ချက်ချင်းပါးစပ်ပိတ်သွားကာ လီမင်ပေဘက်ကနေ ပြန်လှည့်သွားခဲ့တယ်။
“နောက်ထပ် ဆံပင်ညှပ်မှာက ဘယ်သူလဲ.. ဒီကို လာလို့ရပြီ”
တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ အချိန် လတစ်ဝက်ကျော်ကျန်သေးတာကြောင့် လီမင်ရှီနှင့် လီမင်ပေလည်း ဆံပင်တစ်ခါတည်း ညှပ်လိုက်ကြတယ်။
ညီအကို သုံးယောက်က မှန်ရှေ့မှာ အချိန်အကြာကြီး အတူကြည့်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လီမင်ရှီက စိတ်ကျေနပ်စွာနှင့် ဦးထုပ်ကိုခေါင်းပေါ်တင်ကာ ထရပ်လိုက်တယ်။ သူက သူ့ရဲ့ညီငယ်နှစ်ယောက်ဘက်ကို အောင်ပွဲခံစွာ စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“မင်းတို့နှစ်ယောက်က ငါ့လောက် ကြည့်မကောင်းဘူး.. ငါ့ကိုမှီဖို့ အဝေးကြီးလိုသေးတယ်”
လီမင်နန်က လီမင်ရှီရဲ့နောက်ကျောကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းကျန်းရဲ့လက်ကို ဆွဲကာ အမြန်ထရပ်လိုက်တယ်။
“ဒါပေမယ့် ကျွန်တော်က မင်ပေထက်တော့ အများကြီး ပိုသာသေးတယ်.. သူ့ရဲ့ ပြောင်အောင်ရိတ်ထားတဲ့ခေါင်းက ရုပ်ဆိုးလွန်းတယ်”
လီမင်ပေက မှန်ကိုကြည့်ရင်း သူ့ရဲ့ ဦးရေပြားမှာကပ်ရုံလောက်သာ ကျန်တဲ့ ဆံပင်ပုံစံကို ကြည့်ကာ စိတ်မကျေနပ်စွာနဲ့ ဆံပင်ညှပ်ဆရာကို ပြောလိုက်တယ်။
“ကျွန်တော့်ရဲ့ ဆံပင်က အရမ်းတိုလွန်းတယ်.. ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုလို ကြည့်မကောင်းဘူး။”
“မင်းကိုယ်တိုင်ကပဲ ငါ့ရဲ့လက်ရာကို နာမည်ပျက်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလား”
ဆံသဆရာက ညှပ်ထားတဲ့ ဆံပင်တွေကိုမြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူ့ကို တစ်ချက်ကြည့်ကာ ဆက်ပြောလာတယ်။
“ကောင်းပြီ.. မင်းအပြင်ထွက်ရင် ဦးထုပ်ဆောင်းမှာပဲမလား.. ဒါဆို မင်းဆံပင်တွေကို ဘယ်သူမှ မမြင်နိုင်ဘူးလေ.. တရုတ်နှစ်သစ်ကူးပြီးသွ်ားရင် မင်းရဲ့ဆံပင်တွေက ပုံကျပြီး လှလာလိမ့်မယ်.. အဲဒီအချိန် မင်းအစ်ကိုတွေရဲ့ ဆံပင်တွေက ရှည်လာတော့မှာဆိုတော့ မင်းလောက် ကြည့်ကောင်းမှာ မဟုတ်တော့ဘူး”
လီမင်ပေက ထိုစကားကိုကြားပြီးနောက်မှာတော့ ပျော်ရွှင်လာပြီး သူ့ရဲ့ဦးထုပ်ကို ဆောင်းကာ ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။
သူက လီမင်ရှီကိုတွေ့တာနဲ့ ပထမဆုံး ပြောလာတဲ့ စကားကတော့ အစားအသောက်အကြောင်းပဲ။
“အစ်ကို၊ ကျွန်တော်ဗိုက်ဆာနေပြီ.. ကျွန်တော်တို့ နေ့လည်စာ ဘာစားကြမလဲ”
ရေအားလျှပ်စစ် စက်ရုံက ကြီးမားပြီး ကျယ်လွန်းပေမဲ့ စက်ရုံထဲမှာ စားသောက်ဆိုင်က တစ်ဆိုင်တည်းသာရှိတယ်။ စက်ရုံမှ အလုပ်သမားတွေက စားသောက်ဆိုင်မှာ စားခြင်းမရှိကြပဲ အိမ်မှာပဲ ချက်ပြုတ်လေ့ရှိတာကြောင့် ဒီစားသောက်ဆိုင်က စက်ရုံအပြင်ဘက်ရှိ လူများအတွက် ဖွင့်ထားတာလို့တောင် ဆိုနိုင်တယ်။
လီမင်ရှီက သူ့ ရဲ့ညီငယ် ညီမငယ်တွေကို ထိုဆိုင်နေရာသို့ ဦးဆောင်ခေါ်သွားပေးခဲ့တယ်။ ဆိုင်ထဲမှာတော့ အတွင်းဘက်ဆုံးစားပွဲမှာ သတင်းစာထိုင်ဖတ်နေတဲ့ စားပွဲထိုးတစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်ယောက် ဆိုင်ဘက်ကို လာနေတာကို တွေ့တော့ သူက ချက်ချင်း ထရပ်လိုက်ပြီး အပြုံးနဲ့မေးလာခဲ့တယ်။
“ရဲဘော်ငယ်လေးတို့.. ဒီကို စားသောက်ဖို့ ရောက်လာကြတာလား”
လီမင်ရှီက မီးဖိုနားမှစားပွဲတစ်လုံးကို တွေ့တာကြောင့် ညီငယ်နှင့်ညီမငယ်တွေကို ခေါ်သွားကာ ဝင်ထိုင်လိုက်တယ်။ ပြီးမှ လီမင်ရှီက သူ့ရဲ့အင်္ကျီကိုချွတ်ရင်း မေးလိုက်တယ်။
“စားစရာ ဘာရှိလဲ”
“ဘန်းမုန့်ပေါင်း၊ ဘန်းမုန့်ကင် ၊ပန်ကိတ်၊ စတူးဟင်းတွေနဲ့ စွပ်ပြုတ်ဟင်းတွေရှိပါတယ်”
စားပွဲထိုးက မြန်မြန်ဆန်ဆန်ပြန်ဖြေခဲ့တယ်။
ဆောင်းရာသီအတွင်း ပေရှားမှာ ဂေါ်ဖီထုပ်၊ အာလူးနှင့် ဂေါ်ဖီချဥ်တွေကလွဲရင် အခြားဟင်းချက်စရာတွသိပ်မရှိဘူး။ ဒါ့အပြင် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပေမဲ့ စတူး၊ စွပ်ပြုတ်လိုဟင်းလျာတွေက အိမ်မှာလိုမျိုး ဆီတွေများများလုံးလေ့မရှိကြဘူး။
အခုလို မောင်နှမတွေစုပေါင်းပြီး အပြင်ကို ထွက်လာဖို့ဆိုတာက ရှားပါးလွန်းတယ်ေ။ ဒါကြောင့် လီမင်ရှီက ပုံမှန်အစားအသောက်တွေကိုမမှာချင်ဘဲ သူ့ရဲ့ ညီ၊ညီမတွေကို အရသာရှိတဲ့အစားအသောက်တွေ ဝယ်ကျွေးချင်ခဲ့တယ်။
“ဘန်းမုန့်အတွက် အစာသွပ်ထားတာက ဘာတွေရှိလဲ”
လီမင်ရှီ မေးလိုက်တယ်။
သူတို့တွေ ဘန်းမုန့်တွေဝယ်ချင်တယ်ဆိုတဲ့စကားကိုကြားတာနဲ့ စားပွဲထိုးရဲ့မျက်နှာက ပျော်ရွှင်တဲ့အမူအရာတွေဖြစ်သွားခဲ့ပြီး စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလာတယ်။
“မင်းတို့တွေ ဒီနေ့ရောက်လာတာ ကောင်းတယ်.. ဒီနေ့ ဘန်းမုန့်တွေက အမဲသားနဲ့ အစာသွပ်ထားတာလေ.. ဒါတွေက အန်းပေကနေ ရလာခဲ့တာ.. သူတို့ရဲ့နွားက ကျင်းထဲကို ပြုတ်ကျပြီး သေသွားလို့ ဒီအသားတွေကို ရှားရှားပါးပါးရလာတာနော် .. မဟုတ်ရင် ဒီလိုအသားမျိုး စားသောက်နိုင်မှာမဟုတ်ဘူး”
ကျန်းကျန်းတစ်ယောက် သူမ 1960 ခုနှစ်တွေဆီကို ပြန်ရောက်လာပြီးကတည်းက အမဲသားမစားရသေးတာကိုတွေးမိသွားရတယ်။ အရင်ဘဝတုန်းက သူမ စားဖူးတဲ့ အဆီရွှဲတဲ့ အမဲသားဘန်းမုန့်ကို သတိရမိတော့ သူမရဲ့ သွားရည်တွေက ပါးစပ်မှာ ပြည့်လာခဲ့တယ်။
ကျန်းကျန်း တံတွေးကို မျိုချလိုက်ပြီး အလျင်စလိုနှင့် မေးလိုက်တယ်။
“ဘန်းမုန့်က ဘယ်လိုရောင်းတာလဲ”
“အစားအသောက်လက်မှတ်တစ်စောင်နှင့် ဆင့်နှစ်ဆယ်ကျပါမယ်”
အဖွဲ့ထဲမှအကြီးဆုံးဖြစ်တဲ့ လီမင်ရှီက အသက်နှစ်ဆယ်ကျော်အရွယ်လောက်ပဲ ရှိသေးတာကိုမြင်ပြီးနောက် စားပွဲထိုးက တုံ့ဆိုင်းစွာနှင့် ထပ်မံဖြောင်းဖြခဲ့တယ်။
“စျေးက မနည်းဘူးဆိုပေမယ့် အသားက ရှားရှားပါးပါးမှ ရတတ်တာလေ.. နောက်ပြီး ဒီဘန်းမုန့်က အမဲသားတွေနဲ့အပြည့်ထည့်ထားတာနော်.. အသီးအရွက်တွေ မရောထားဘူး.. တကယ်လို့ မင်းတို့ ဈေးကြီးတယ်လို့ထင်ရင် ပန်ကိတ်အခုကြီးနဲ့ စွပ်ပြုတ်တွေလည်း ရှိတယ်”
လီမင်ရှီက စျေးနှုန်းကိုကြားပြီးနောက် ခဏတာလောက် တုံ့ဆိုင်းသွားခဲ့တယ်။ သူ့အနေနဲ့ ကျောင်းမှာ ထောက်ပံ့ကြေးတွေ အများကြီးရခဲ့တယ်ဆိုပေမဲ့ လေ့ကျင့်မှုက ပြင်းထန်လွန်းတာကြောင့် အစာစားချင်စိတ်ကလည်း နှစ်ဆတိုးလာခဲ့တယ်။ ဒါကြောင့် ကျောင်းမှာ နှစ်အတော်ကြာအောင် စုဆောင်းပြီးတဲ့နောက် သူ့ရဲ့ကိုယ်ပိုင်အိတ်ကပ်ထဲမှာ ယွမ်အနည်းငယ်လောက်ပဲ ကျန်တော့တယ်။
ဒါပေမယ့် တစ်နှစ်မှာ တစ်ခါလောက်တောင် မတွေ့နိုင်ခဲ့တဲ့ သူ့ရဲ့ညီ၊ညီမငယ်တွေကိုကြည့်ရင်း လီမင်ရှီလက်မလျှော့သင့်ဘူးလို့ ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းစတာနဲ့ သူ့ရဲ့ ထောက်ပံ့ကြေးစရိတ်တွေနဲ့ အစားအသောက်လက်မှတ်တွေက ပြန်လည် ရရှိမှာပဲလေ။ သူ ငတ်နေမှာမဟုတ်ပါဘူး။
သူက ပိုက်ဆံနှင့် အစားအသောက်လက်မှတ်တွေကို ရေတွက်လိုက်ပြီး စားပွဲပေါ်မှာတင်လိုက်တယ်။
“ကျေးဇူးပြုပြီး ဘန်းမုန့်ဆယ်လုံးလုပ်ပေးပါ”
“ကောင်းပြီ!”
စားပွဲထိုးက ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေကို ရေတွက်ပြီး ခေါင်းကိုမော့ကာ ထပ်မေးလာတယ်။
“မင်းတို့ ဘန်းမုန့်ပေါင်းဘဲ စားကြတော့မှာလား.. လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားတဲ့ ယာဂုရှိနော်.. မင်းတို့လေးယောက်ပေါင်းမှ နှစ်ဆင့်နဲ့ အစားအသောက်လက်မှတ်နှစ်ခုဆိုရင် လုံလောက်ပြီ”
လီမင်ရှီ ခေါင်းညိတ်လိုက်တယ်။
“ကောင်းပြီ .. ကျွန်တော်တို့ကို ပူပူလေးချပေးပါ”
အမဲသားဘန်းမုန့်တွေက အပြင်မုန့်သားပါးလွှာပြီး အသားတွေ အပြည့်ထည့်ထားတယ်။ မွှေးကြိုင်ပြီး ပြစ်နှစ်တဲ့ ဂျုံယာဂုတွေကလည်း စားပွဲဆီသို့ အလျှင်အမြန်ရောက်လာခဲ့တယ်။
ကျန်းကျန်း မွှေးရနံ့တွေကို ရှူရှိုက်ကာ ချက်ချင်း ဘန်းမုန့်ကို ကောက်ယူလိုက်တယ်။ ဒီခေတ်ကာလရဲ့ မုန့်ညက်တွေက နောက်ပိုင်းမျိုးဆက်လိုမျိုး အလွန် မှုန့်ညှက်နေခြင်းမရှိဘဲ ဂျုံရဲ့ မူရင်း အာဟာရကို အပြည့်အဝထိန်းသိမ်းထားခဲ့တယ်။
အရောင်က နည်းနည်းညိုနေပေမဲ့ မွှေးပျံ့တဲ့ဂျုံရနံ့တွေနဲ့ ပြည့်နေခဲ့တယ်။ ဘန်းမုန့်ကို တစ်ကိုက်ကိုက်လိုက်တာနှင့် ဂျုံရဲ့ရနံ့နှင့် အမဲသားအစာသွပ်အနှစ်တို့စုပေါင်းသွားကာ ခံတွင်းထဲသို့ တိုးဝင်လာချိန်မှာ အကောင်းမွန်ဆုံးသောအရသာအဖြစ် ပေါက်ကွဲထွက်စေတယ်။
ဘန်းမုန့်ရဲ့ အတွင်းပိုင်းမှ အဆီအနှစ်ကို ပါးစပ်ထဲသို့ ညင်သာစွာ စုပ်ယူလိုက်ပြီး နောက်ထပ်တစ်ကိုကိုက်လိုက်လိုက်မယ်ဆိုရင် အသားတွေနှင့် ပြည့်နေတဲ့ အရသာကို ခံစားနိုင်ပြန်တယ်။
ဒီစားဖိုမှူးက အမဲသားကို ဘယ်လိုချက်ထားတာလဲဆိုတာကို မသိပေမဲ့ သူမ စိတ်ကူးထားသလို မာကျောပြီး သစ်သားအရသာရှိတာမျိုး မဟုတ်ဘဲ အရသာတွေနှင့်ပြည့်နှက်လွန်းပြီး နူးညံ့နေခဲ့ပေမဲ့ အဆီများလွန်းနေတာမျိုးလည်း မရှိဘူး။
ကျန်းကျန်း ဘန့်မုန့်ပေါင်းရဲ့ အရသာကို မြည်းစမ်းနေစဉ်မှာပဲ လီမင်ရှီ၊ လီမင်နန်နှင့် လီမင်ပေတို့က ဘန့်မုန့်ဗန်းကြီးတစ်ခုလုံးကို အပြတ်ရှင်းလိုက်ပြီးပြီ။
သူတို့မှာ ကျန်းကျန်းလောက် ထိုးထွင်းသိမြင်မှုတွေ မရှိပေမယ့် အရသာရှိတဲ့အကြောင်းကို ပြောစရာတွေ အများကြီးနှင့်ပြည့်နှက်နေကြတယ်။ ဒီအမဲသားဘန်းမုန့်က ဘယ်လောက်ထိအရသာရှိလဲဆိုတာ ဘယ်လို ပြောရမလဲ မသိဘဲဖြစ်နေရုံလောက်ပဲ။