အခန်း (၁၁၀)
Vol. 11 Ch. 110
နှစ်သစ်က နီးသထက် ပိုပြီး နီးကပ်လာခဲ့ပြီ။ နေ့တိုင်း စာအုပ်တွေ လှန်နေဆဲဖြစ်တဲ့ လီမင်ပေကကလွဲရင် သူတို့ မိသားစုထဲမှ တခြားဘယ်သူကမှ စာအုပ်တွေကို မကိုင်ကြတော့ဘူး။ လီမင်ရှီက စစ်သင်တန်းကျောင်းမှာ တက်ရောက်နေတာဖြစ်လို့ အခု အားလပ်ရက်ဖြစ်နေတာတောင် နံနက်ငါးနာရီမှာ အိပ်ရာကထပြီး လီမင်ကျုံးနှင့် ထျန်းဟူတို့ကိုခေါ်ကာ မြစ်တစ်ဝိုက်မှာ ပြေးလွှားခဲ့တယ်။
လီမင်နန်က ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ ဖိအားကို ဖြေလျှော့ရန်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြန်လည်သုံးသပ်မှုတွေကို ရပ်တန့်ထားခဲ့ပြီ။ သူက နေ့စဥ်နေ့တိုင်း လီမင်ပေနှင့် ကျန်းကျန်းတို့ကိုခေါ်ကာ မြစ်တစ်လျှောက် ဆော့ကစားဖို့ ခေါ်သွားတတ်ပြီး အရွယ်မကြီးထွားလာသေးတဲ့ ကလေးကြီးတစ်ယောက်လို လုပ်နေခဲ့တယ်။
ဆောင်းရာသီတစ်ခုလုံး ကစားခဲ့ပြီးနောက် ဆယ့်ငါးရက်နေ့ မီးပုံးပွဲတော်ကို စားသောက်ပွဲကျင်းပခဲ့ကြပြီးခဲ့ချိန်မှာတော့ လီမင်တုန်၊ လီမင်ရှီနှင့် လီမင်နန်တို့က သက်ဆိုင်ရာ ကျောင်းအသီးသီးကို ရထားနှင့် ပြန်ခဲ့ကြတယ်။ လီမင်ပေကလည်း သူ့ကိုယ်သူ အိမ်ထဲမှာ ပြန်လည်ပိတ်ဆို့ပြီး စာတွေကို ထပ်တလဲလဲပြန်နွှေးနေခဲ့ပြန်တယ်။
အိမ်ထဲမှာ သက်ဝင်လှုပ်ရှားနေခဲ့တဲ့ လေထုတွေနှင့် နေသားကျပြီးမှ လူငယ်လေးသုံးယောက်က ပြန်ထွက်သွားချိန်မှာ အိမ်က ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး အနည်းငယ် သက်သောင့်သက်သာမရှိသလို ဖြစ်လာစေတယ်။
ကျန်းကျန်းကလည်း နေ့တိုင်း လျှောက်သွားမနေတော့ဘူး။ သူမက လီမင်ပေရဲ့ ဘေးမှာ ထိုင်ကာ သူ့အိမ်စာတွေကို ပြန်လည်သုံးသပ်တာကို ကြည့်နေခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ လီမင်ပေက ရေအားလျှပ်စစ်စက်ရုံရဲ့ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကို အောင်မြင်နိုင်ရန် အမှန်တကယ် ကြိုးစားနေခဲ့တယ်။ သူက ကျန်းကျန်း သူ့ကို တိုက်တွန်းနေစရာတောင် မလိုပ်ဘဲ မေးခွန်းတွေကို ထပ်ခါထပ်ခါ ဖြေကြည့်ရင်း ကျက်မှတ်နေခဲ့တယ်။
ကံကောင်းထောက်မစွာနှင့် ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့ရက်တွေက သိပ်ပြီး မရှည်ကြာခဲ့ဘူး။ ကျောင်းပြန်ဖွင့်ပြီးနောက် ကျန်းကျန်းတစ်ယောက် ကျောင်းရဲ့အငွေ့အသက်တွေက စတင်ပြောင်းလဲလာတာကို တွေ့ရှိခဲ့ရတယ်။ သတင်းစာတွေထဲမှာလည်း အရင်းရှင်လူချမ်းသာတွေက ယုတ်မာကြောင်း၊ကောက်ကျစ်ကြောင်း အပုတ်နံ့ဆန်တဲ့ အတွေးအခေါ်တွေကို ပိုမိုထည့်သွင်းပြီး တိုက်ခိုက်လာကြတယ်။
လီမင်တုန်ရဲ့ စာသင်ကြားမှုက လေးနှစ်ခွဲခန့်ကြာမြင့်ခဲ့တယ်။ ဒီတစ်ကြိမ် သူ ကျောင်းပြန်တက်ပြီးနောက် ဘွဲ့ယူဖို့ လုပ်ငန်းစဉ်တွေကို ဖြတ်သန်းခဲ့ကာ လုပ်ငန်းခွင် ဖြန့်ဖြူးရေး လုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို ရရှိခဲ့တယ်။
အလုပ်အတွက် အခြေကျပြီးနောက် လီမင်တုန်က သူ့မိသားစုထံသို့ ကြေးနန်းစာတစ်စောင် အမြန်ပို့ခဲ့ပေမဲ့ အိမ်ပြန်ဖို့အတွက် အချိန်မပေးနိုင်ခဲ့ပဲ လက်မှတ်ဝယ်ပြီး အန်းပေသို့ တိုက်ရိုက်သွားခဲ့ရတယ်။
အန်းပေရဲ့ စိုက်ပျိုးရေးကောလိပ်က ဒီဘက်နယ်မြေအတွက် အလွန်အရေးပါနေတုန်းပဲ။ အခုမှ လွတ်လပ်ရေးရတာ ဆယ်နှစ်ကျော်ပဲရှိသေးတယ်။ အခုချိန်မှာဆရာကောင်းတွေ အလွန်ရှားပါးနေသေးတယ်လေ။ အထူးသဖြင့် လီမင်တုန်လိုမျိုး အလွန်ကြီးမားတဲ့ စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရထားတဲ့ ဆရာမျိုးက တကယ့်ကို အဖိုးတန်လွန်းတယ်။
ကျောင်းမှ ဆရာတစ်ယောက်က လီမင်တုန်ရဲ့ အိမ်ထောင်စုစာရင်းကိုဒီနေရာမှာ ထည့်သွင်းဖို့အတွက် ကူညီပေးခဲ့ပြီး အစားအသောက်ကိစ္စတွေကိုလည်း ကူညီခဲ့တယ်။
သူ့အနေနဲ့ တစ်နေကုန် အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံး ညဘက်ကိုရောက်မှသာ ဝန်ထမ်းတွေအတွက်စီစဥ်ပေးထားတဲ့ တစ်ယောက်ခန်းအိပ်ဆောင်မှ ခုတင်ပေါ်မှာ လှဲလျောင်းရင်းနဲ့မှ အသိစိတ်ပြန်ဝင်လာရတယ်။
ဒီနေ့ကစပြီး သူက စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာတစ်ယောက် တရားဝင် ဖြစ်လာခဲ့ပြီ။
ကျန်းကျန်းအနေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှ အပြောင်းအလဲတွေကို အလွန်အကဲဆတ်နေခဲ့ပေမဲ့ ပေရှားမှာတော့ သိပ်ပြီး မသိသာလှဘူး။ ကျောင်းမှာ ရွတ်ဆိုရတဲ့ သီချင်းနှင့် သံပြိုင်ရွက်မှုတွေကလွဲရင် ကျန်ရှိနေတဲ့အရာတွေကတော့ အလွန်ဝေးကွာနေဆဲပဲ။
နွေဦးရာသီကိုရောက်ရှိလာချိန်မှာတော့ လီမူဝူက ပြတင်းပေါက်အပြင်ဘက်မှာ ပိတ်ထားတဲ့ သတင်းစာတွေအားလုံးကို ဖယ်ရှားလိုက်ပြီး လေး၊ငါးလကြာအောင် ပိတ်ထားခဲ့တဲ့ ပြတင်းပေါက်ကို ပြန်လည် ဖွင့်လိုက်တယ်။ ဆောင်းရာသီအတွင်းမှာ မှောင်မိုက်နေခဲ့တဲ့ အခန်းတွေက နောက်ဆုံးတော့ နေရောင်ခြည်ရရှိလာခဲ့ပြီး တောက်ပလာခဲ့ပြန်တယ်။
နေသာတဲ့ ရာသီဥတုကို အသုံးချပြီး ဝမ်စုဖန်းက အိမ်မှာရှိတဲ့ စောင်နှင့် မွေ့ယာတွေအားလုံးကို ခွဲထုတ်ကာ လျှော်ဖွပ်ပြီး အခြောက်လှန်းခဲ့ပြီး ချုပ်စရာတွေကိုလည်း ပြန်လည်ချုပ်လုပ်ခဲ့တယ်။
ပဲမုန့်လုံးလေးက လအနည်းငယ်သာရှိနေသေးပြီး နို့တိုက်နေရတာကြောင့် ဝမ်စုဖန်းက ကွေ့ဟွားကို ရေအေးတွေနဲ့ မထိစေခဲ့ဘဲ ကလေးကိစ္စတွေကိုသာ အာရုံစိုက်ခိုင်းခဲ့တယ်။
တကယ်လို့ သူမက ကလေးအနှီးတွေ လျှော်ဖွပ်ချင်ရင်တောင် ရေနွေးအိုးတစ်လုံးကို အရင်တည်ပြီးမှသာ လုပ်စေခဲ့တယ်။
သူမက ကွေ့ဟွားသာ အအေးမိပြီး နေမကောင်းဖြစ်သွားခဲ့ရင် လူကြီးရော ကလေးတွေပါ ဒုက္ခဖြစ်စေမှာကို စိုးရိမ်ခဲ့တယ်။ မိသားစုက တစ်လခွဲကျော်လောက် အလုပ်များနေခဲ့ပြီး အရှေ့အိမ်နှင့် အနောက်ဘက်အိမ်က အကုန်လုံး သပ်ရပ်တောက်ပသွားခဲ့ပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း ခြံဝင်းထဲမှာ စိုက်ထားခဲ့ကြတယ်။
ကျန်းကျန်း သူမရဲ့စွမ်းအားတွေကိုသုံးပြီး မိသားစုရဲ့ စားနပ်ရိက္ခာကို ထောက်ပေးပေးလာကတည်းက လီမိသားစုအိမ်ဟောင်းမှာ ဆန်နှင့်ဂျုံတွေက အမြဲတမ်းပြည့်လျှံနေတတ်ပြီးလျော့ပါးသွားတယ်လို့ မရှိတော့ဘူး။
ကျန်းကျန်းက လတ်ဆတ်တဲ့ အသီးအရွက်မျိုးစုံကို ကြိုက်နှစ်သက်တာကြောင့် မဒမ်လီက အသီးအရွက်တွေကို အိမ်ရှေ့နှင့် အိမ်နောက်ဖက်ခြံထဲမှာ စိုက်ပျိုးထားခဲ့တယ်။
နောက်ပြီး သူတို့ဆီမှာ အစေ့တွေရှိနေသရွေ့ အမြစ်စွဲနိုင်တာကြောင့် လီမိသားစုရဲ့စိုက်ပျိုးမြေမှာ သီးနှံမျိုးစုံဖြစ်ထွန်းပြီး မဒမ်လီနှင့် လီမူဝူတို့က အိမ်နှင့် စိုက်ခင်းမြေကို အပြေးအလွှား သွားလာနေခဲ့ကြရပြန်တယ်။
လီမင်ပေက ကျောင်းစဖွင့်ပြီးတဲ့နောက်မှာ သူ့ရဲ့အိမ်စာတွေကို မနက်ကနေ ညအထိ ပြန်လည်သုံးသပ်ကျက်မှတ်ရင်း အလုပ်များနေခဲ့ပြီး တောင်ပေါ်မှ တောရိုင်းဟင်းသီးဟင်းရွက်တွေကို သွားခူးဖို့တောင် အချိန်မရှိတော့ဘူး။
ဒါကြောင့် ထိုအလုပ်က ဝမ်စုဖန်းဆီသို့ ရောက်သွားခဲ့ပြီး မိသားစုကအလွန် အလုပ်များလွန်းနေတာကြောင့် ဝက်တွေကို ဂရုမစိုက်နိုင်ကြတော့ဘူး။ ဒီတော့ ကျန်းကျန်းက အိမ်မှာမွေးထားတဲ့ ဝက်တွေအတွက် သင့်လျော်တဲ့ ဟင်းသီးဟင်းရွက်တွေကို အရှေ့အနောက်မှာ စတင် ပေါက်လာစေခဲ့တယ်။ ဒါကြောင့် ဝက်စာချက်ပြုတ်ဖို့အတွက် အချိန်မရွေး သွားရောကရ ပိုင်းဖြတ်နိုင်ပြီး ဒီအပိုင်းကို ဖြတ်ယူလိုက်ရင် နောက်တစ်ပိုင်းက ကြီးထွားလာလိမ့်မယ်။
ကွေ့ဟွားက အနောက်ဘက်အိမ်မှာနေထိုင်ရင်း အိမ်အလုပ်တွေကို ဝင်ရောက်ကူညီဖို့ မလုပ်နိုင်တာကြောင့် နေ့စဉ်နေ့တိုင်း ဝက်စာချက်ပြုတ်ခြင်းကို တာဝန်ယူခဲ့တယ်။
သူမက ကန်စွန်းရွက်တွေနှင့် ကန်စွန်းဥပင်မှ အရွက်တွေ၊ နောက်ထပ်အနီးအနားမှ တောရိုင်းဟင်းသီးဟင်းရွက်ပင်တချို့ကို ခူးဆွတ်ပြီး ခုတ်ထစ်ကာ ဝက်စာအဖြစ်ချက်ပြုတ်ပြီး ဝက်စာကျင်းထဲကို လောင်းထည့်ခဲ့တယ်။
သူမ ဒီအပိုင်းကို ခူးပြီးရင် နောက်တစ်ပိုင်းက ထပ်ပြီး ကြီးထွားလာခဲ့လိမ့်မယ်။ ဒါကြောင့် ကွေ့ဟွားက ပျော်ရွှင်စွာနှင့် သူမတို့ရဲ့အိမ်မှ မြေကွက်လပ်တွေက မြေသြဇာကောင်းလွန်းပြီး ဘယ်လိုအရာကိုပဲစိုက်ပျိုးပါစေ ကောင်းစွာဖြစ်ထွန်းနိုင်ကြောင်း ပြောပြခဲ့တယ်။
မဒမ်လီရဲ့ သင်ကြားပို့ချမှုတွေအောက်မှာ လီမူဝူက ပိုပြီးသိတတ်လာခဲ့နိုင်ပြီး သန့်ရှင်းမှုကို နှစ်သက်သူတစ်ဦးလည်းဖြစ်လာခဲ့ရတယ်။ သူက စက်ခြံတွေကို သန့်ရှင်းလာတတ်ပြီး ဝက်တွေကိုလည်း တစ်ခါတလေ သန့်ရှင်းပေးတတ်ခဲ့တယ်။
လီ မိသားစုမှ နှစ်တွေအများကြီး ဝက်မွေးလာခဲ့ပေမဲ့ သူတို့ရဲ့ ဝက်ခြံက သန့်ရှင်းနေပြီး ဝက်တွေကလည်း အနံ့တွေမရှိဘူး။
လီမိသားစုအိမ်မှ ဂေါ်ဖီထုပ်တွေ ပထမဆုံးရင့်သန်လာချိန်မှာ သူတို့ရဲ့ အိမ်မှာ သုံးနှစ်ကြာအောင် စိုက်ပျိုးခဲ့တဲ့ ချယ်ရီပင်ကလည်း နောက်ဆုံးမှာတော့ အသီးတွေ သီးလာခဲ့ပြီ။
ဒီပျိုးပင်က လီမင်တုန် ပင်းချန်မှ ယူလာခဲ့တာပဲ။ လီမင်တုန်က သူကျောင်းတက်နေစဥ် ကာလအတွင်းမှ မျိုးစေ့ချခြင်းနှင့် မြေသြဇာကျွေးခြင်းကစပြီး နောက်ဆုံး ဂျုံတွေရိတ်သိမ်းခြင်းနှင့် မုန်လာဥတွေဆွဲနှုတ်ခြင်းတွေအထိသင်ကြားခဲ့ရပြီး လအနည်းငယ်ကြာတိုင်း ကျောင်းရဲ့လယ်မြေတွေမှာ သွားရောက်ပြီး အလုပ်လုပ်ရလေ့ရှိတယ်။
ကျောင်းရဲ့ လယ်ကွင်းတွေအနီးမှာ ရွာတွေအများကြီးရှိတယ်။ ထိုအထဲမှာမှ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ကြီးထွားရှင်သန်နေတဲ့ ချယ်ရီပင်ကြီးနဲ့ မိသားစုတစ်စုလည်းရှိခဲ့တယ်။ မေလနှင့် ဇွန်လတိုင်းမှာ ထိုချယ်ရီပင်မှာ အနီရောင် ချယ်ရီသီးတွေ ပြည့်နှက်နေတတ်တယ်။
ထိုချယ်ရီပင်မှ အစေ့ကနေ ချယ်ရီပျိုးပင်လေးတွေ ပေါက်နေတာကို မြင်တွေ့ခဲ့တာကြောင့် လီမင်တုန်က သူ့ရဲ့ အားလပ်ရက်ကို အခွင့်ကောင်းယူပြီး အပင်ပေါက်လေးနှစ်ပင်အတွက် အစားအစာတံဆိပ်ခေါင်းတွေနှင့် သွားရောက် လဲလှယ်ခဲ့ကာ ထိုအပင်ပေါက်တွေကို ရထားနှင့် အိမ်သို့ ယူဆောင်လာခဲ့တယ်။
လီမင်တုန်က အိမ်ရှေ့ဘက်မှ မြေကွက်လပ်မှာ ပျိုးပင်တွေကို စိုက်ပျိုးနေတာကို မြင်တွေ့လိုက်ရချိန်မှာ မဒမ်လီတစ်ယောက် ကျန်းကျန်းမှ မိနစ်ပိုင်းအတွင်း အလွန်မြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားစေလိုက်မှာကို စိုးရိမ်နေခဲ့ရပြီး ကျန်းကျန်းကို နေ့ရောညပါစောင့်ကြည့်ကာ တိတ်တဆိတ် သင်ပြပေးခဲ့ရတယ်။
သူမက ချယ်ရီပင် သီးလာစေရန် သုံးနှစ်လောက် စောင့်ရဦးမှာဖြစ်ကြောင်း ပြောခ့်တယ်။ ကြီးပြင်းလာသောတဲ့အချိန်မှာ အသီးတွေ စတင်သီးလာလိမ့်မယ်ဆိုတာကို နားဝင်အောင်ရှင်းပြခဲ့တယ်။
ကျန်းကျန်းက အမှန်တကယ် ကလေးတစ်ယောက်မဟုတ်ခဲ့ဘူး။ သူမအနေနဲ့ တောင်ပေါ်မှာ ဘယ်သူမှမရှိချိန်မှာ စိတ်ထင်တိုင်း စိုက်ပျိုးလေ့ရှိပေမဲ့လည်း အိမ်ရှေ့နှင့် အိမ်နောက်မှာ အိမ်နီးနားချင်းတွေရှိနေတာကြောင့် သူမမှ ထိုကဲ့သို့ လုပ်ချင်တဲ့စိတ်ရှိမနေခဲ့ဘူး။
သူမက ဒီကိစ္စတွေ ကြီးမားသွားပြီး ပွတ်လောရိုက်ကာ သူများအိမ်မှာ ညစာစားချိန်အတွင်း ပြောရမဲ့ ခေါင်းစဥ်တစ်ခု ဖြစ်မလာစေခဲ့ခဲ့ဘူးလေ။
သုံးနှစ်ကြာအောင် စောင့်ပြီးနောက်မှာတော့ ဒီနှစ်မှာ ချယ်ရီပန်းတွေ ဖူးပွင့်လာခဲ့ပြီ။ ကျန်းကျန်းက ခေါင်းကိုမော့ရင်း ထိုပန်းတွေကို စိုက်ကြည့်နေတာကို မြင်တော့ မဒမ်လီက ချွေးတွေထပ်ပြီး ထွက်လာရပြန်ကာ သူမကို စိတ်ရှည်ရှည်ထားရမဲ့အကြောင်း၊ လကုန်လောက်အထိ စောင့်ရန်လိုသေးကြောင်း ပြောပြခဲ့ပြန်တယ်။
ဒါကြောင့် ကျန်းကျန်းတစ်ယောက် ချယ်ရီပင်ရဲတစ်ခါတလေသွားရောက်ထိတွေ့ပြီး အပင်ရဲ့ အကိုင်းအခက်တွေ အားဖြည့်နိုင်ရန်အတွက် အချိန်မီ ရေလောင်းပေးကာ အနီရောင်ချယ်ရီသီးကြီးတွေ သီးလာပြီး စားရမဲ့အချိန်ကိုသာ စောင့်နေခဲ့တယ်။
အခုအချိန်မှာတော့ ကျန်းကျန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် သဘာဝအတိုင်း ရင့်မှည့်လာတဲ့ ချယ်ရီသီးတွေကို မြင်တွေ့လိုက်ရပြီ။ ကျန်းကျန်း စိတ်သက်သာရာရသွားပြီး ချယ်ရီသီးတွေကို နောက်ထပ် အနည်းငယ် ပိုပြီး မှည့်သွားစေရန် အရဲကိုးပြီး လုပ်ဆောင်ခဲ့တယ်။