အခန်း (၁၁၂)
Vol. 12 Ch. 112
ကွေ့ဟွားက အဝတ်အစားတွေခေါက်လို့ ပြီးသွားပြီ။ သူမ အဝတ်အစားတွေကို ယူပြီး ပြန်ထွက်လာချိန်မှာ မဒမ်လီရဲ့စကားကိုကြားလိုက်ရတာကြောင့် ဝင်ပြောလာတယ်။
“ အဲဒါတင် ဘယ်ကမလဲ.. အဲဒီမိသားစုက အရှက်ကင်းလွန်းတယ်.. ကျန်းသယ်ဖူရဲ့ အရှက်မဲ့မှုကို ကျွန်မ တကယ်အံ့သြမိတယ်.. သူက သူ့ကိုယ်သူ ကျွန်မတို့ဆီမှာ အကြွေးရစရာရှိတယ်လို့ ထင်နေတာလား မသိဘူး .. ကျွန်မတို့အိမ်မှာ ဝက်ပေါ်ပြီး ဝက်သားစတူးတွေ ချက်တော့လည်း ကျွန်မတို့အိမ်ကို အတူစားဖို့ဆိုပြီး အရှက်မရှိရောက်လာတယ်။
ကျွန်မတို့အိမ်မှာ သမင်နီတစ်ကောင်ရထားလို့ သမင်သားကင်စားတော့လည်း သူက ကျွန်မတို့အိမ်က အသားကင်နံ့ကို အနံ့ခံပြီး တံခါးလာခေါက်ပြန်တယ်.. သူက အမေဆီကနေ သမင်ခြေထောက်တောင် တောင်းခဲ့သေးတာ.. ခွေးလိုမျိုး မျက်နှာကို လိုက်လျက်နေတာပဲ”
ကျန်းကျန်း ယောက်မဖြစ်သူရဲ့ စကားကို နားထောင်ရင်း ပြန်ပြောလိုက်တယ်။
“အဓိကအချက်က သူတို့မိသားစုက ဈေးပေါလွန်းနေတာပဲလေ.. သူ တံခါးဝနားကိုရောက်တာနဲ့ အဖွားက သူ့ကို ဆူပူကြိမ်းမောင်းနေရင်တောင် စိတ်ပျက်မသွားပဲ နောက်တစ်ခေါက်ထပ်လာဖို့ရသတ္တိရှိနေသေးတယ်”
“သူ့မိသားစုက အရမ်းအရှက်ကင်းလွန်းတယ်.. ငါတို့ရဲ့လမ်းထဲမှာ သူတို့မိသားစုနဲ့ ဆက်သွယ်ရတာကို သဘောကျတဲ့သူ တစ်ယောက်မှ မရှိဘူး.. သူတို့မိသားစုရဲ့ အကြီးဆုံးသားက တုန်ဇီလောက်ရှိနေပြီ.. ခုချိန်ထိ ချွေးမတစ်ယောက်ရှာပေးမဲ့ အသံမျိုး ထွက်မလာသေးဘူး.. ငါတို့ ပေရှားမှာရှိတဲ့ သမီးရှိတဲ့အိမ်တွေကလည်း သူတို့မိသားစုရဲ့ အကျင့်စရိုက်ကို သိတော့ လက်မထပ်ချင်ကြဘူး”
မဒမ်လီနှင့် ကွေ့ဟွားက လူကြီးတွေစကားဝိုင်းကို ပြောနေပြတာကြောင့် ကျန်းကျန်းမှာ ဘာမှ လုပ်စရာမရှိတော့တဲ့အတွက် လီမင်တုန်ဆီကို သွားတွေ့ဖို့ ပြင်ဆင်ခဲ့တယ်။
သူမက မဒမ်လီကို နှုတ်ဆက်စကား ပြောခဲ့ပြီး တံခါးမှထွက်ကာ တောင်ဘက်ကို လျှောက်သွားလိုက်ပြီး မြင့်မားတဲ့သစ်ပင်တစ်ပင်ကိုရှာကာ အပင်ဆီသို့တက်သွားခဲ့တယ်။ ထို့နောက် ခိုင်ခံ့တဲ့သစ်ကိုင်းတစ်ကိုင်းဆီသို့ ခုန်ကူးသွားလိုက်ပြီး သစ်ကိုင်းနှင့် သစ်ရွက်တွေနှင့် ကိုယ့်ကိုယ်ကို ဖုံးကွယ်လိုက်တယ်။
သူမရဲ့ခန္ဓာကိုယ်ကို ဂရုတစိုက် ဖုံးကွယ်ပြီးနောက် ကျန်းကျန်းက ခန္ဓာကိုယ်ကို ထားခဲ့ကာ အန်းပေဆီသို့ ထွက်လာခဲ့တယ်။
လီမင်တုန်အနေနဲ့ အန်းပေကိုရောက်ကတည်းက ကိစ္စထွေထွေထူးထူးမရှိခဲ့ဘူး။ ဒါ့အပြင် သူ့ရဲ့ အိမ်နှင့်လည်း နီးတာကြောင့် စားသောက်မှုဓလေ့က ပေရှားနှင့် သိပ်ပြီး မကွဲပြားနေခဲ့ဘူး။
သူက ကောလိပ်မှာ အချိန်လေးနှစ်ခွဲလောက်အသက်မွေးဝမ်းကျောင်းမှုတွေကို သင်ကြားခဲ့ရတာကြောင့် ကောလိပ်မှာ နေထိုင်မှုဘဝအတွင်း ကျင့်သားရသွားခဲ့တယ်။
လယ်ယာစိုက်ပျိုးရေးစတင်တဲ့အချိန်တွေမှာ လီမင်တုန်က သူ့ရဲ့ကျောင်းသားတွေကို လယ်ယာစိုက်ခင်းတွေသို့ခေါ်ဆောင်သွားခဲ့တယ်။ တစ်ဖက်မှာ ကျောင်းရဲ့ကိုယ်ပိုင်ရိက္ခာဖူလုံရေးအတွက်အကူအညီဖြစ်စေရန်ဖြစ်ပြီး ၊ တခြားတစ်ဖက်မှာတော့ ပြဌာန်းစာအုပ်ပါအကြောင်းအရာတွေကို လက်တွေ့နှင့်ပေါင်းစပ်ရန်ဖြစ်လေတယ်။ အဆုံးမှာတော့ စိုက်ပျိုးရေးလုပ်ငန်းဆိုတာမျိုးက စာရွက်ပေါ်မှာသက်သက်နှင့် ဆွေးနွေးလို့ မရဘူး။
လီမင်တုန်က ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး မြေဆီလွှာလက်တစ်ဆုပ်စာကို ဆုပ်ကိုင်ထားကာ သူ့ရဲ့ ကျောင်းသားတွေကို မြေဆီလွှာဖွဲ့စည်းပုံအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြနေခဲ့တယ်
ကျောင်းသားတွေကလည်း ဆရာ၊ ဆရာမတွေကို လေးစားလိုက်နာနေကြတုန်းပဲ။ လီမင်တုန်က သူတို့ထက် နှစ်အနည်းငယ်လောက်သာ အသက်ပိုကြီးပေမဲ့ သူက ဖတ်စာအုပ်ထဲက ဗဟုသုတတွေကို ကောင်းကောင်းရှင်းပြနိုင်ခဲ့တာကြောင့် လူတိုင်းကလည်း လီမင်တုန်ကိုသဘောကျကြတယ်။
မွန်းတည့်ချိန်ကိုရောက်တော့ လီမင်တုန်က သူ့လက်ထဲမှ မြေဆီလွှာကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ထမင်းသွားစားဖို့အတွက် ကန်တင်းသို့ ထွက်လာခဲ့တယ်။
ဒီအချိန်မှာ ကန်တင်းအတွင်း အိုးကြီးနှစ်လုံးကိုသာ ချထားခဲ့တယ်။ ဂျုံယာဂုအိုးကြီးတစ်အိုးနှင့် ပန်ကိတ်အိားကြီးတစ်အိုးပဲ။
လီမင်တုန်က ကန်တင်းဆီသို့ တိုက်ရိုက်ပြန်မသွားခဲ့ဘဲ သူ့ရဲ့ အိပ်ဆောင်သို့ အရင်ပြန်ခဲ့ကာ သူ့ရဲ့လက်ကို ရေဆေးလိုက်ပြီး မြေသားဖုံးနေတဲ့ အဝတ်အစားတွေကိုလည်း လဲလှယ်လိုက်တယ်။ ထို့နောက်မှသာ ကန်တင်းဆီသို့သွားခဲ့ပြီး ကန်တင်းမှ ပေးလာတဲ့ ပန်းကန်လုံးနှစ်လုံးနှင့် စားပွဲတင်ဇွန်းတစ်ချောင်းကို ယူခဲ့တယ်။
လူတိုင်း ရရှိတဲ့အစားအသောက်တွေက အတူတူပဲ။ ပန်းကန်လုံးတစ်ခုမှာ ပန်ကိတ်ကြီး ခုနစ်ခု၊ ရှစ်ခု လောက်ထည့်ထားပြီး တခြားပန်းကန်တစ်လုံးမှာတော့ ဂျုံယာဂုတွေ အပြည့်ပါတယ်။
လီမင်တုန်က ပန်ကိတ်ကြီးတစ်ခုကို ကောက်ယူပြီး ကိုက်လိုက်ကာ အသီးအရွက်ယာဂုတစ်လုပ်သောက်လိုက်တယ်။ ထို့နောက် အနီးပတ်ဝန်းကျင်ကို သံသယစိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်တယ်။
လီမင်တုန်ထက် နှစ်အနည်းငယ်ပိုကြီးတဲ့ အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကလည်း ပန်းကန်တွေကို သယ်လာက် လီမင်တုန်ရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာခဲတ့ယ်။ သူက ထိုင်ပြီးတာနဲ့ လီမင်တုန်ကိုမေးလာတယ်။
“ဘာလို့လဲ ကောင်းကောင်းမစားနိုင်ဘူးလား”
“မဟုတ်ပါဘူး”
လီမင်တုန်က ချက်ချင်းပဲ ခေါင်းကို ပြန်လှည့်လိုက်တယ်။
“ကျွန်တော်တို့ အတန်းထဲက ကျောင်းသားတွေ အားလုံး ဒီကို ရောက်ပြီလားလို့ လိုက်ကြည့်နေတာ”
ကျန်းကျန်းတစ်ယောက် သူ့အစ်ကိုက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အချိန်မှာ မိုက်မဲတဲ့စကားမျိုး ဘာမှ မပြောတာကို မြင်လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့တယ်။
ဒီလိုအချိန်မျိုးမှာ အလွန်အမင်း သတိထားနေသင့်တယ်။ အဓိကရုဏ်းတွေ ဖြစ်တဲ့အချိန်မှာ တိုင်ကြားခံရပြီး ရောပါသွားနဲ့သူတွေအတွက် သူတို့ကို တိုင်ကြားတဲ့လူအများစုက ပတ်ဝန်းကျင်မှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဆွေမျိုးတွေနှင့်သူငယ်ချင်းတွေပဲ။
အန်းပေမှာ အရာအားလုံး ငြိမ်သက်နေတာကို မြင်လိုက်ရတော့ ကျန်းကျန်း ခဏလောက် စိတ်သက်သာရာရသွားခဲ့တယ်။
*
လီမင်ပေ တစ်နှစ်တာလုံး စာကြိုးစားခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲဖြေဆိုမဲ့နေ့ကို ရောက်ရှိလာခဲ့ပြီ။
နောက်ဆုံးဘာသာရပ်ဖြေပြီးတာနှင့် လီမင်ပေက ကျောင်းလွယ်အိတ်ကို ကိုင်ကာ အိမ်သို့ ပြေးလွှားလာခဲ့တယ်။
ဝမ်စုဖန်း မီးဖိုချောင်မှာ ချက်ပြုတ်နေစဥ်မှာ လီမင်ပေက ပျော်ရွှင်စွာ ဝင်လာခဲ့ပြီး ဝမ်စုဖန်းက မေးခွန်းတွေ မမေးရသေးခင်မှာပဲ သူက ကျောင်းစာအုပ်တွေကို မီးဖိုထဲသို့ ပစ်ထည့်လိုက်တော့တယ်။
ဝမ်စုဖန်းက စာအုပ်နှစ်အုပ်ကို အမြန်ဆွဲထုတ်နိုင်ခဲ့ပေမဲ့ ကျန်တစ်အုပ်ကတော့ မီးတောက်လောင်သွားခဲ့ရှာတယ်။
ဝမ်စုဖန်းတစ်ယောက် မေးမြန်းဖို့ကိုတောင် မေ့လျော့ကာ လီမင်ပေကို ဒေါသထွက်ထွက်နှင့်
တံမြက်စည်းကို ကိုင်ဆွဲကာ လိုက်ရိုက်တော့တယ်။
မဒမ်လီက ဆူညံသံတွေကိုကြားတာကြောင့် အရှေ့ခန်းထဲမှ ထွက်လာချိန်မှာ ဝမ်စုဖန်း လီမင်ပေကို အတွင်းမှ အပြင်ထိ လိုက်ဖမ်းနေတာကို မြင်လိုက်ရတယ်။ သို့ပေမယ့် လီမင်ပေက အရိုက်ခံရခြင်းကို အနည်းငယ်လောက်တောင် ခံစားရပုံမပေါ်ဘူး။
“ဘာဖြစ်တာလဲ?”
မဒမ်လီက သူမရဲ့ တိုတောင်းတဲ့ခြေထောက်လေးတွေနှင့် အရှေ့ကို တက်လာခဲ့တယ်။
“မင်း ဘာလို့ ကလေးပြန်လာတာနဲ့ ရိုက်နေရတာလဲ.. သူ စာမေးပွဲကျလာတာလား”
ဝမ်စုဖန်း ပြန်မဖြေခင်မှာဘဲ မဒမ်လီက မြေးဖြစ်သူအတွက် ကာကွယ်ပြီး ပြောလိုက်တယ်။
“တကယ်လို့ စာမေးပွဲမအောင်ရင်လည်း အဆင်ပြေပါတယ်.. မနေ့တုန်းက မူစန်းက ရေအားလျှပ်စစ်စက်ရုံမှာ သြဂုတ်လအတွင်း အလုပ်သမားတွေကို ခေါ်ယူမယ်လို့ ပြောတယ်.. သူ့ကို မင်နန်နှင့်အတူ စက်ရုံကို လိုက်သွားခိုင်းလိုက်လေ”
“မဟုတ်ဘူး အမေ”
ဝမ်စုဖန်းက သူမရဲ့ခါးကို ဖိထားရင်း အသက်ပြင်းပြင်းရှူကာ ရှင်းပြလိုက်တယ်။
“ဒီကောင်စုတ်လေးက သူ အိမ်ပြန်ရောက်တာနှင့် ဖတ်စာအုပ်တွေ အကုန်လုံးကို မီးရှို့ပစ်လိုက်တယ်.. အဲဒီစာအုပ်တွေအားလုံးက ပိုက်ဆံနဲ့ဝယ်ထားရတာ.. နောက်ပိုင်း ကျန်းကျန်း ကြီးလာတဲ့အချိန်ဖတ်ဖို့ သိမ်းထားရင် မကောင်းဘူးလား”
လီမင်ပေက ချယ်ရီပင်နောက်မှာ ရပ်နေရင်း ပြန်ပြောလာတယ်။
“အမေ. ကျွန်တော့်ညီမလေးက အခုမှ ဒုတိယတန်းကျောင်းသူပဲရှိသေးတာ.. သူ အလယ်တန်းတတိယနှစ်ကိုရောက်ရင် ကျွန်တော့်စာအုပ်တွေက အဝါရောင်ပြောင်းနေပြီး စကားလုံးတွေကို ဖတ်ဖို့တောင် ခက်နေလိမ့်မယ်”
မဒမ်လီက ခေါင်းညိတ်လာတယ်။
“မင်ပေပြောတာ မှန်တယ်၊ တုန်ဇီရဲ့အမေ စိတ်မဆိုးနဲ့တော့.. သူ့စာအုပ်တွေက ဆီစိမ်စက္ကူလိုဖြစ်နေမှာ.. ဒီအတိုင်းကျန်နေရင်တောင် ကျန်းကျန်းက အဲဒီစာအုပ်တွေကို မထိချင်လောက်ဘူး”
“ဒါပေမဲ့ စားပွဲနဲ့ ကုလားထိုင်တွေကို ခုတဲ့နေရာမှာဖြစ်ဖြစ် သုံးလို့ရသေးတယ်လေ.. အခုတော့ သူက ဒီအတိုင်း မီးရှို့လိုက်တယ်.. တကယ်ကို ဘာတွေ တွေးနေလဲ မသိဘူး”
မဒမ်လီရဲ့ ဖြောင်းဖြစကားတွေကို နားထောင်ပြီးနောက် ဝမ်စုဖန်းက သိပ်ပြီး ဒေါသမထွက်တော့ဘဲ လီမင်ပေကို တံမြက်စည်းရွယ်ကာ ပြောလာတယ်။
“ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်တစ်ကြိမ်ကို လုပ်ရဲရင် ငါနှင့် တွေ့မယ်”
“ နောက်တစ်ကြိမ်မရှိတော့တာ သေချာတယ်”
လီမင်ပေ ပြောလာတယ်။
“ဒီနှစ်ထဲမှာ စာမေးပွဲအတွက် အဲဒီစာအုပ်တွေကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လှန်ကြည့်ထားရတာ.. အခု အဲဒီစာအုပ်တွေကို ကြည့်ပြီး အန်ချင်သလို ခံစားနေရပြီ.. ဒါကြောင့် အဲဒီစာအုပ်တွေ အကုန်လုံးကို မီးရှို့ပစ်ပြီး ပျော်ရွှင်အောင် လုပ်ချင်ခဲ့တာ”
လီမင်ပေရဲ့ အစောပိုင်းနေ့ရက်တွေတုန်းက အသည်းအသန် စာဖတ်ခဲ့တာတွေကို တွေးတောမိပြီး သူ့ရဲ့မျက်နှာကလည်း ချောင်ကျသွားကာ ကိုယ်အလေးချိန်တွေအများကြီး ကျဆင်းသွားတာကို တွေးမိတော့ ဝမ်စုဖန်းတစ်ယောက် သားဖြစ်သူအတွက် စိတ်ဆင်းရဲရပြန်တယ်။
သူမရဲ့လေသံက ပျော့ပျောင်းလာပြီး ပြန်ပြောခဲ့တယ်။
“ကောင်းပြီ၊ ကောင်းပြီ၊ မင်း စာကျက်ဖို့ မလိုတော့ဘူး.. မီးရှို့လိုက်တော့.. အခု မင်းရဲ့ ညီမ ကျောင်းဆင်းပြီလားလို့ မြန်မြန်သွားကြည့်လိုက်ဦး.. နေ့လည်စာအတွက် ကြက်ဥမွှေကြော်ပေးမယ်”
ဒီအချိန်ကျမှ လီမင်ပေလည်း သစ်ပင်နောက်ကွယ်မှ ပြန်ထွက်လာခဲ့ပြီး ဟုန်ကျုံးနှင့် ထျန်းဟူတို့ကိုခေါ်ကာ ကျန်းကျန်းရဲ့ကျောင်းကို ထွက်လာခဲ့တယ်။
ထျန်းဟူက ဟုန်ကျုံးနှင့်အတူနေတာ တစ်နှစ်ခွဲလောက်ကြာသွားပြီဖြစ်လို့ ထျန်းဟူဆိုတဲ့ နာမည်ကို မှတ်မိလာပြီ။
သူ့ရဲ့တုံ့ပြန်မှုက နှေးကွေးပေမယ့် ထိုနာမည်က သူ့ကို ခေါ်တာဖြစ်ကြောင်းကို သိလာခဲ့တယ်။
လီမူစန်းကလည်း ထျန်းဟူတစ်ယောက် ကြီးကြီးမားမားတိုးတက်လာတာကိုမြင်တော့ လီမူဝူရဲ့အိမ်မှာပဲ ဆက်ထားခဲ့တယ်။
ဘာပဲဖြစ်ဖြစ် သူသည်လည်းအလုပ်သွားနေရလေ့ရှိပြီး သူ့ရဲ့ကလေးတွေကလည်း ကျောင်းတက်နေရတာကြောင်း အိမ်မှာ သူ့ကို ဂရုစိုက်မဲ့သူ ဘယ်သူမှ မရှိဘူး။ ဒီမှာဆိုရင် ဟုန်ကျုံးနှင့်လည်း အဖော်ရလိမ့်တယ်။
ဒီနေ့မှာ ကျန်းကျန်းတို့ရဲ့ကျောင်းကလည်း စာမေးပွဲတွေဖြေနေရတယ်။ ထုံးစံအတိုင်း သူမက ဆယ်မိနစ်လောက်အတွင်း ဖြေခဲ့ပြီး အဖြေလွှာစာရွက်တွေကို အပ်ခဲ့တယ်။
လီမင်ပေက ဟုန်ကျုံးတို့ကို ကျောင်းသို့ခေါ်သွားပြီး စာသင်ခန်းပြတင်းပေါက်ကနေ ကြည့်လိုက်ချိန်မှာ ကျန်းကျန်းရဲ့ခုံက လူမရှိတော့တာကို တွေ့လိုက်ရတယ်။
သူ ဟုန်ကျုံးကို ညွှန်ကြားလိုက်တယ်။
“ငါ့ရဲ့ညီမလေး ဘယ်သွားလဲဆိုတာ တောင်ပေါ်ကို သွားကြည့်လိုက်ဦး”