← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

ကျန်းကျန်း တောင်ပေါ်ကို တက်သွားခဲ့ပြီး မြေပြင်မှာ မြုပ်နှံထားခဲ့တဲ့ ရွှေတုံးကို ပြန်လည်ထုတ်ယူလိုက်တယ်။

ကျန်းကျန်းအနေနဲ့ ဒီနေ့ခေတ်ရဲ့ ရှေးဟောင်းလက်ရေးလှပန်းချီတွေနှင့် ပန်းချီကားတွေက ဘယ်လောက်ထိတန်ဖိုးရှိတာလဲဆိုတာကို မသိထားဘူး။ ဒါကြောင့် ရွှေတုံး အတုံး (200)ကို ရေတွက်ပြီး သူမ ပြုလုပ်ထားတဲ့ သစ်သားဘူးထဲကိုထည့်လိုက်တယ်။

ရွှေတုံးတစ်တုံးက ရွှေပြားဆယ့်ခြောက်ပြားလောက်ရရှိနိုင်ပြီး ကျန်းကျန်းအနေနဲ့ ထိုအိမ်ကြီးတစ်ခုလုံးကိုဝယ်ဖို့အတွက် ရွှေတုံးနှစ်ရာလောက်ဆိုရင် လုံလောက်ပြီလို့ တွေးလိုက်မိတယ်။

ကျန်းကျန်းက ရွှေတုံးတွေနှင့်အတူ ပင်းချန်သို့ သွားဖို့ အလျင်မလိုသေးဘူး။ သူမက အလင်းတချက်နှင့်အတူ သူမရဲ့ အိမ်ကိုပြန်လာခဲ့ကာ မဒမ်လီနှင့် ဝမ်စုဖန်းတို့ မရှိတဲ့အချိန်မှာ ဂိုထောင်အတွင်းမှ အိတ်အဟောင်းကို အမြန်ဖွင့်လိုက်ပြီးလီမင်ပေ ငယ်ငယ်တုန်းက ဝတ်ခဲ့တဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အဝတ်အစားတစ်စုံကိုယူပြီး တောင်ပေါ်ကို တိတ်တဆိတ်ပြန်လာခဲ့တယ်။

ထို့နောက် တောင်ပေါ်မှ စမ်းချောင်းလေးရဲ့အစွန်းကို သွားလိုက်ပြီး အဝတ်ဟောင်းကို လဲလှယ်ဝတ်ဆင်လိုက်တယ်။ ပြီးနောက် ခေါင်းစည်းကြိုးကို ဖြည်လိုက်ပြီး ဆံပင်တွေကိုလည်း ညစ်ပတ်ရှုပ်ပွသွားအောင် လုပ်လိုက်တယ်။

ထိုမျှနှင့် မရပ်တန့်သေးဘဲ ရေစပ်နားမှရွှံ့လက်တစ်ဆုပ်စာလောက်ကို ဆွဲယူလိုက်ပြီး မျက်လုံးအောက်နဲ့ နှာခေါင်းတို့ကို နှစ်ကြိမ်လောက်လိမ်းလိုက်ကာ မျက်နှာကိုလည်း ရွှံရေနှင့် ထပ်မံ ပက်လိုက်ပြန်တယ်။

ထို့နောက် မြေဆီလွှာတချို့နှင့် သူ့ကိုယ်သူ ညစ်ပတ်စေလိုက်တယ်။ ပြီးသွားတော့ ကျန်းကျန်း စမ်းချောင်းရဲ့ ရောင်ပြန်ဟပ်မှုကနေ ငုံ့ကြည့်လိုက်တယ်။

သူမရဲ့ ခန္ဓာကိုယ်က ညစ်ပတ်နေခဲ့ပြီး သူမရဲ့မျက်နှာက ပိုလို့တောင် မည်းမှောင်နေခဲ့ကာ မြင်ရတာက အနည်းငယ် ကြောက်စရာကောင်းနေပြီ။

ကျန်းကျန်း ရေစပ်နားမှာရှိတဲ့ကျောက်တုံးပေါ်မှာ ထိုင်လိုက်ပြီး သူမရဲ့ အသိစိတ်ကို ပထမဆုံးထုတ်လွှတ်လိုက်ပြီး ပင်းချန်မှ အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။

ဒီအချိန်မှာ မစ္စတာမုန်က သူ စုဆောင်းထားခဲ့တဲ့ ရှေးဟောင်းလက်ရေးလှပန်းချီတွေနှင့် ပန်းချီကားတွေကို သေတ္တာကြီးတွေအများကြီးနှင့် ထုပ်ပိုးထားခဲ့ပြီး ဗလာကျင်းနေပြီဖြစ်တဲ့ စာကြည့်ခန်းကို တုံ့ဆိုင်းစွာကြည့်နေခဲ့ကာ သူ့ရဲ့မျက်နှာကလည်း ဝမ်းနည်းမှုတွေနှင့် ပြည့်နှက်နေခဲ့တယ်။

“သခင်ကြီး!”

အိမ်ရဲ့အစေခံက လက်ဖက်ရည်တစ်ခွက် ယူလာပြီး စားပွဲပေါ်မှာတင်ပေးလိုက်တယ်။ မစ်စတာမုန်က သူ့ကိုကြည့်ပြီး သက်ပြင်းအနည်းငယ်ချလိုက်တယ်။

“လောင်ကွမ်း.. မင်းက ငါနဲ့အတူ ရှိနေခဲ့တာ နှစ်ပေါင်း 20 ကျော်ပြီမလား”

“ဟုတ်ပါတယ် သခင်ကြီး”

လောင်ကွမ်းရဲ့မျက်နှာက အတိတ်ကို လွမ်းဆွတ်တဲ့အမူအရာမျိုးရှိလာခဲ့တယ်။

“သခင်ကြီးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်တုန်းက ဂျပန်နတ်ဆိုးတွေရဲ့ လက်ကနေ ကျွန်တော့်ကို မကယ်တင်ခဲ့ဘူးဆိုရင် ကျွန်တော် အခုလိုမျိုး ကြာကြာမနေခဲ့ရမှာကိုတောင် ကြောက်မိတယ်”

မစ်စတာမုန်က ဆေးပြင်းလိပ်ကို မီးညှိလိုကာပြီး ခပ်ပြင်းပြင်းရှူရှိုက်လိုက်တယ်။

“မင်းရဲ့ မိန်းမနဲ့ သားသမီးတွေ သေသွားတဲ့နောက်မှာ မင်းက ဒီလောက်ထိနှစ်တွေကြာတာတောင် နောက်အိမ်ထောင်မပြုခဲ့ဘူး.. မင်းမိန်းမဆုံးပြီးတဲ့နောက်မှာ မင်းက မွေးရပ်မြေကိုလည်း ပြန်မသွားတော့ဘူးမလား.. အခု မင်းရဲ့မွေးရပ်မြေမှာရှိနေတဲ့ မင်းရဲ့တူနဲ့ရော အခုချိန်မှာ အဆက်အသွယ်ရနိုင်သေးလား”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး.. နှစ်သစ်ကူးအကြိုနေ့တိုင်းမှာ ကျွန်တော် သူတို့အိမ်ဆီကို ပိုက်ဆံနဲ့ လက်မှတ်တချို့ ပို့ပေးခဲ့တယ်.. သူတို့တွေက အကူအညီလိုရင် ကျွန်တော့်ကို အားကိုးခဲ့ပြီး သူတို့က ကျွန်တော့်ကိုလေး တော်တော်လေး ရင်းနီးဖော်ရွေကြတယ်”

လောင်ကွမ်းက ဆက်ပြောခဲ့တယ်။

“ဒါပေမယ့် ကျွန်တော် အပြင်မှာ ဘာအလုပ်လုပ်နေသလဲ ဆိုတာကိုတော့ သူတို့ကို မပြောပြခဲ့ပါဘူး၊ ကျွန်တော်က စာတွေအကုန်လုံးကို စက်ရုံကနေတဆင့်ပဲ ပို့ပေးခဲ့တယ်.. အရင်တုန်းက သခင်ကြီး သင်ပေးတာတွေကို ကျွန်တော် မှတ်မိပါတယ်”

မစ်စတာမုန်က ခေါင်းညိတ်လိုက်ပြီး စာအုပ်စင်ပေါ်မှာရှိတဲ့ အိတ်ကိုဖွင့်လိုက်ပြီး အတွင်းမှ လက်ကိုင်အိတ်ကို ထုတ်ပြီး လောင်ကွမ်းဆီကို လှမ်းပေးလိုက်တယ်။

“ယွမ် ၁၀၀၀၊ ထောက်ခံစာ၊ ရထား လက်မှတ်၊ အစားအသောက်လက်မှတ်၊ အဝတ်အထည်လက်မှတ်၊ စက်မှုလက်မှတ်.. အဲဒါတွေ အကုန်ထည့်ပေးထားတယ်.. မင်း ထွက်သွားလိုက်တော့”

လောင်ကွမ်းရဲ့ မျက်နှာပေါ်မှအမူအရာတွေက အေးခဲသွားခဲ့ပြီး သူ့ရဲ့လက်တွေက တုန်ယင်လာခဲ့တယ်။ မကြာခင်မှာပဲ မျက်ရည်တွေ ကျဆင်းလာခဲ့ပြီး ပြန်ပြောလာခဲ့တယ်။

“သခင်ကြီး .. သခင်ကြီး ကျွန်တော့်ကို မလိုချင်တော့ဘူးလား”

“ငါမင်းကိုမလိုချင်ဘူးဆိုတာမျိုးမဟုတ်ဘူး.. ငါ မင်းကို တကယ် ခေါ်သွားနိုင်တော့တာ”

မစ်စတာမုန်က မတ်တပ်ထရပ်လိုက်ပြီး လောင်ကွမ်းရဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။

“ဒီနှစ်တွေအတွင်းမှာ ငါတို့က သခင်နဲ့ အစေခံလို့ သုံးနှုန်းနေခဲ့ကြပေမယ့် တကယ်တော့ ငါ မင်းကို ညီအကိုတစ်ယောက်အဖြစ် အမြဲတမ်းမှတ်ထားခဲ့တာ..

ငါဒုက္ခရောက်နေတဲ့အချိန်မှာ မင်းက ငါ့နောက်ကို လိုက်လာခဲ့တယ်.. ခက်ခဲနေတဲ့ အချိန်တွေမှာလည်း မင်းက ငါ့ကို မထားသွားခဲ့ဘူး..

ဒါပေမယ့် လောင်ကွမ်း .. အခု ငါတို့ ခွဲခွာရတော့မယ်.. ရိုးရိုးသားသားပြောရရင် ငါတို့ ထျန်းကျင်းဆီကိုမောင်းသွားပြီးရင် လှေပေါ်ကိုတက်နိုင်ပါ့မလားဆိုတာ မသေချာဘူး.. ဒီတော့ မင်း ငါ့ရဲ့နောက်ကနေ လိုက်မဲ့အစား မင်းရဲ့ မွေးရပ်မြေကို ပြန်လိုက်တာ ပိုကောင်းလိမ့်မယ်”

“သခင်ကြီး .. သခင်ကြီး အပြင်ကိုထွက်သွားတဲ့အချိန်ကျရင် သခင်ကြီးကို ပြုစုလုပ်ကျွေးဖို့ တစ်ယောက်ယောက်ရှိရမယ်လေ.. နောက်ပြီး လက်ဖက်ရည်နဲ့ ရေ ယူလာပေးရမယ်.. တကယ်လို့ ကျွန်တော်သာ သခင်ကြီးရဲ့နောက်ကို မလိုက်ဘူးဆိုရင် သခင်ကြီး ဘယ်လိုလုပ်ပြီး သက်သောင့်သက်သာရှိရှိနေနိုင်မှာလဲ.. ကျွန်တော်က အနှစ်(၂၀)ကျော်တောင် ထပ်ပြီး အသက်ရှင်ခဲ့ပြီးပါပြီ.. သခင်ကြီးကျွန်တော် သေမှာကို မကြောက်ဘူး၊ သခင်ကြီးရဲ့နောက်ကို လိုက်ပါရစေ”

“ ကိုယ်စိတ် ချမ်းသာပြီး နေရမယ်ဆိုရင် အသက်အရွယ်အိုမင်းတယ်ဆိုတာမရှိဘူး.. လောင်ကွမ်း မင်း ဒါတွေနှင့် အေးအေးဆေးဆေဆးဖြတ်သန်းသင့်တယ်.. ငါ့မိသားစုနောက်ခံက အရင်းရှင်တွေပဲ..

အခု ဒီလမ်းကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့က တစ်ခုတည်းသော နည်းလမ်းပဲဖြစ်နိုင်လိမ့်မယ်.. မင်းသာ ငါတို့နဲ့အတူ လိုက်လာခဲ့ရင် ဒုက္ခရောက်လိမ့်မယ်၊ မင်းရဲ့မွေးရပ်မြေကို ပြန်သွားပြီး မင်းရဲ့နေ့ရက်တွေကို ကောင်းကောင်းဖြတ်သန်းလိုက်ပါ”

သူက ဒီအကြောင်းအရာကို ဆက်မပြောတော့ဘဲ သူ့ရဲ့လက်ထဲမှ လက်ကိုင်အိတ်ကို အောက်သို့ပြန်ချလိုက်ကာ တစ်ဖက်လူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တယ်။

“မင်း ငါနဲ့ နှစ်အတော်ကြာအောင် နေခဲ့ပြီပြီ.. ထိန်းချုပ်ရအခက်ဆုံးအရာက လူတွေရဲ့နှလုံးသားပဲဆိုတာ မင်းသိနေလောက်ပါပြီ..

ငါ မင်းကို ပေးထားခဲ့တဲ့အထဲက ယွမ် ၈၀၀ကို နောက်ဆုံး အနေနဲ့ ချန်ထားရမယ်.. ကျန်ငွေ 200 ကိုတော့ သေးငယ်တဲ့ ငွေကြေးတွေနှင့် အပြောင်းအလဲလုပ်ပြီး လဲလှယ်သွားလိုက်ပါ.. တစ်ရက်တာ သုံးစွဲဖို့အတွက် ပိုက်ဆံပမာဏက နည်းနည်းလောက်ပဲ လိုအပ်တယ်..

မင်း တစ်ဆယ်တန်တွေနှင့် နှစ်ဆယ်တန်ပိုက်ဆံတွေကို အမြင့်ဆုံးပိုက်ဆံအဖြစ်ကိုင်တယ်သုံးစွဲရမယ်.. မင်းအိမ်ကို ပြန်ရောက်ရင် မင်းရဲ့ ပိုက်ဆံတွေကို ဝှက်ထားရမယ်.. အပြင်မှာ အများကြီးမထည့်ထားနဲ့ တစ်ခုခုဖြစ်ရင် ထွက်လမ်းအဖြစ် သုံးစွဲနိုင်ဖို့ ချန်ထားလိုက်ပါ”

လောင်ကွမ်း သူ့ရဲ့မျက်နှာပေါ်မှ မျက်ရည်တွေကို သုတ်လိုက်ပြီး မစ္စတာမုန်ကို မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနှင့် စိုက်ကြည့်ရင်း ခေါင်းညိတ်လာတယ်။

“ စိတ်မပူပါနဲ့ သခင်ကြီး.. ကျွန်တော် မွေးရပ်မြေကို ပြန်ရောက်ရင် အိမ်ဟောင်းမှာပဲနေဦးမှာပါ.. အဲဒီတူလေးတွေက ကျွန်တော်ကိုတွေ့ချင်ကို အိမ်ကိုလာလည်နိုင်တယ်..သူတို့ လာမလည်ရင် ကျွန်တော် တစ်ယောက်တည်း နေနိုင်တယ်”

သခင်ကြီးမုန်က ခေါင်းညိတ်လိုက်ပြီး လောင်ကွမ်းရဲ့ ပခုံးကို ပြန်လွှတ်လိုက်ပေးလိုက်တယ်။

“ငါ အောက်ထပ်က ဂိုဒေါင်ထဲမှာ ဖာထေးထားတဲ့ အဝတ်ဟောင်းတွေကို ထားခဲ့တယ်၊ မင်း အပြင်ကိုမထွက်သွားခင် လဲလှယ်သွားလိုက်ဦး”

လောင်ကွမ်းက ခေါင်းညိတ်ပြီး မစ်စတာမုန်ကို ငေးကြည့်လာခဲ့တယ်။ ထို့နောက် သူက သူက ဒူးထောက်လိုက်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်တယ်။

စာကြည့်ခန်းတံခါးက ပြန်ပိတ်သွားခဲ့ပြီ။ မစ်စတာမုန် နေရာမှ ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့တယ်။ ဆယ်မိနစ်လောက်ကြာတော့ လယ်သမားဝတ်စုံဝတ်ထားတဲ့ လူကြီးတစ်ယောက်က အိမ်ထဲမှ ထွက်လာခဲ့တယ်။ သူ့ရဲ့နောက်ကျောမှာလည်း စုတ်ပြဲနေတဲ့ အိတ်တစ်လုံးကို လွယ်ထားခဲ့ပြီး အိမ်ရှေ့မှာ ခဏရပ်ကာ နောက်ဆုံးတော့ထွက်သွားခဲ့တယ်။

သို့ပေမယ့် ခြံဝင်းထဲကိုရောက်တော့ နောက်တစ်ကြိမ် ပြန်လည် ရပ်တန့်သွားခဲ့ပြန်တယ်။

လောင်ကွမ်း သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဗီလာကြီးကို လှည့်ကြည့်ကာ သူ့မျက်နှာပေါ်သို့ မျက်ရည်တွေ ကျဆင်းလာခဲ့ပြန်တယ်။

သူက ခြံဝင်းထဲမှ စိမ်းလန်းစိုပြေကာ လှပနေတဲ့ ပန်းတွေကို လက်နဲ့ ထိကိုင်ကြည့်လိုက်ရင်း ခေါင်းကို မော့ပြီး ဒုတိယထပ်ရဲ့ ပြတင်းပေါက်ကို မော့ကြည့်လာခဲ့ပြီး ပြတင်းပေါက်မှာ ရပ်နေတဲ့ မစ္စတာမုန်နဲ့ မျက်လုံးချင်း ဆုံမိသွားခဲ့တယ်။

မစ်စတာမုန်က ဆေးပြင်းလိပ်ကိုကိုင်ထားတဲ့ လက်ကို ဝှေ့ယမ်းပြလာခဲ့ပြီး လောင်ကွမ်းကတော့ သူ့ရဲ့လက်ကို မြှောက်ကာ မျက်ရည်တွေကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး အတန်ကြာမှ လှည့်ထွက်သွားခဲ့တယ်။

မစ်စတာမုန်တစ်ယောက် ပြတင်းပေါက်နားမှာ အချိန်ခဏလောက် မတ်တပ်ရပ်နေခဲ့ပြီး စိတ်တည်ငြိမ်သွားမှသာ အထဲကိုပြန်ဝင်လာခဲ့ကာ ဆေးပြင်းလိပ်ကို ပြာခွက်ထဲသို့ ဖိချေလိုက်တယ်။

မစ္စမုန်ကတော့ သူမရဲ့ပစ္စည်းတွေကို ထုပ်ပိုးနေတုန်းပဲ။ ဒီအချိန်မှာ အဓိက မာစတာအိပ်ခန်းတစ်ခုလုံးက ရှုပ်ပွနေခဲ့တယ်။ အမျိုးမျိုးသော လက်ဝတ်ရတနာသေတ္တာတွေက အဖုံးတွေပွင့်နေခဲ့ပြီး စိန်တွေ၊ ပုလဲတွေ၊ ပတ္တမြားတွေနှင့် မြကျောက်တို့တွေကြောင့် လူတွေတောင်မှ မျက်လုံးကြိမ်းစပ်သွားနိုင်တယ်။

ဒါ့အပြင် အလွန်တန်ဖိုးကြီးမားပုံရတဲ့ အဖိုးတန် ရိုးရာဝတ်စုံတွေ၊ လက်ကိုင်အိတ်တွေနှင့် သားမွေးတွေကလည်း အိပ်ယာပေါ်မှာ ဖြန့်ခင်းလျှက်ရှိနေတယ်။

သို့ပေမယ့် ဒါက အကုန်လုံးမဟုတ်သေးဘဲ မစ္စစ်မုန်က ဘီဒိုအောက်ဘက်မှာထည့်ထားတဲ့ ရတနာဘူးတွေကို ထပ်ပြီး ထုတ်ယူဖို့ လုပ်နေခဲ့တယ်။

မစ်စတာမုန်က သူ့နှလုံးသားထဲမှ စိတ်မရှည်မှုကို သည်းခံလိုက်ပြီး အတတ်နိုင်ဆုံး တည်ငြိမ်တဲ့ လေသံနှင့်ပြောလိုက်တယ်။

“ဒါတွေကို သယ်သွားလို့မရဘူး.. လက်ဝတ်ရတနာတွေကို ဘူးထဲမှာ ထုပ်ပိုးလိုက်.. ငါတို့ အတူရောင်းလိုက်ကြတာပေါ့”

မစ္စမုန်က ချက်ချင်းပဲ စိုးရိမ်တကြီး ပြောလာတယ်။

“ကျွန်မရဲ့ လက်ဝတ်ရတနာတွေက အရည်အသွေးရော၊ အရွယ်အစားအရရော အကုန်လုံး ထိပ်တန်းအဆင့်တွေချည်းပဲ.. ဒါကို ပြန်ရောင်းလိုက်ရင် ဒီလို အရည်အသွေးကောင်းတွေကို ပြန်ဝယ်နိုင်မှာ မဟုတ်တော့ဘူး”

မစ်စတာမုန်က သူ့မျက်ခုံးမွှေးတွေကို စိတ်မရှည်စွာ ပွတ်သပ်လိုက်တယ်။

“ငါ မင်းကိုပြောပြီးပြီ.. ငါတို့တွေ ဒီကနေ ရိုးရှင်းပြီး နိမ့်ကျတဲ့ပုံစံမျိုးနှင့် ခိုးထွက်ရမှာ.. မင်းနဲ့အတူ ယူလာတဲ့ အဝတ်အစားတွေတောင် တတ်နိုင်သမျှ အဟောင်းအနွမ်းတွေပဲဖြစ်နေသင့်တယ်.. အခု မင်းရဲ့အိတ်ထဲကို အဝတ်အစားနှစ်စုံလောက် မြန်မြန်ထည့်လိုက်.. ငါ အပြင်ထွက်ပြီး ငါ့ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ဆီကို ရှေးဟောင်းပစ္စည်းဝယ်ဖို့ ဆန္ဒရှိလားဆိုတာ သွားမေးလိုက်ဦးမယ်”

“ဟောင်ကောင်ကျွန်းကို လှေစီးတဲ့သူတွေက အလွှာပေါင်းစုံက နာမည်ကြီးတွေပဲလေ.. ဘာလို့ လက်ဝတ်ရတနာတွေ မယူလာရမှာလဲ”

မစ္စမုန် စိတ်အလိုမကျစွာနှင့် နှုတ်ခမ်းကို ကိုက်လိုက်တယ်။

မစ်စတာမုန်က ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးမှ နောက်ပြန်လှည့်ကြည့်ရင်း ပြောလာတယ်။

“ငါတို့က ထွက်ပြေးရမှာ.. အပျော်ခရီးသွားမှာမဟုတ်ဘူး.. တကယ်လို့ မင်းရဲ့ လက်ဝတ်ရတနာတွေနဲ့ အဝတ်အစားတွေကိုမထားခဲ့နိုင်ဘူးဆိုရင် မင်းဘာလို့ ဒီမှာမကျန်နေခဲ့တာလဲ”

All Chapters