မြောက်ပင်လယ် နဂါးမင်းသား၊ သူရဲကောင်းသုံးယောက် ရှောက်ရွှမ်ကို တိုက်ခိုက်ခြင်း
Vol. 19 Ch. 281
အခန်း (၂၈၁) : မြောက်ပင်လယ် နဂါးမင်းသား၊ သူရဲကောင်းသုံးယောက် ရှောက်ရွှမ်ကို တိုက်ခိုက်ခြင်း
နဂါးနက် ရထားလုံးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီသို့ ဖြည်းဖြည်းချင်း လိမ့်လာသည်။ ရထားလုံးက ထောင့်မှန်စတုဂံပုံစံဖြစ်ပြီး လေးဘက်လေးတန်လုံးတွင် ဆန်းကြယ်သော ကာကွယ်ရေးအစီအရင်များ ရှိနေသည်။
ထင်ရှားသော ရွှေကျီးကန်း၏ ပုံရိပ်က ရထားလုံးပတ်လည်တွင် လည်ပတ်နေပြီး ကြောက်စရာကောင်းသော ခံစားချက်ကို ပေးနေသည်။
ပိုပြီးထူးခြားသည့်အရာက ဦးချိုမဲ့ နဂါးနက်ခြောက်ကောင်က ထိုရွှေရထားလုံးကို ဆွဲလာသည်ဆိုသော အချက် ဖြစ်၏။ ဦးချိုမဲ့ နဂါးတစ်ကောင်ချင်းစီတွင် မြင့်မားသော ကျင့်ကြံဆင့်ရှိပြီး လူသားကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကို ဆန့်ကျင်ဖို့အတွက် လုံလောက်သည်။
ရှေ့ဆုံးမှ ဦးဆောင်သော နဂါးနက်နှစ်ကောင်၏ ခေါင်းထိပ်တွင် ဦးချိုနှစ်ခုပင် ရှိနေသည်။ သူတို့ကို စစ်မှန်သော နဂါးနက်များဟု သတ်မှတ်နိုင်သည်။
သူတို့၏ နဂါးမျိုးဆက်က ကျန်ဦးချိုမဲ့ နဂါးလေးကောင်ထက်ပိုပြီး သန့်စင်သည့်အပြင် သူတို့၏ ကျင့်ကြံဆင့်က ကနဦးဝိညာဉ်ထိပ်သီးအဆင့် ကျင့်ကြံသူနှင့် တူညီသည်။
နဂါးနက်ခြောက်ကောင်က ရထားလုံးကို ဆွဲထားကြသည်။
အရမ်းကို ခမ်းနားတဲ့ မြင်ကွင်းပဲ။ ဒါက အထွတ်အမြတ်မြေရဲ့ ကောင်းကင်အသျှင်တစ်ယောက်တောင် မပိုင်ဆိုင်နိုင်တဲ့ မြင်ကွင်းပဲ
ရထားလုံးထိပ်တွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေသည်။ တစ်ယောက်က နဂါးနက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားသော ခရမ်းစံအိမ်၏ သူတော်စင် ချီရှောက်ရွှမ်သာ ဖြစ်သည်။
တခြားတစ်ယောက်ကတော့ အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်သာရှိသေးသော ကောင်လေးတစ်ယောက် ဖြစ်သည်။
ကောင်လေးတွင် ရှေးကျသော အစိတ်အပိုင်းများရှိနေပြီး အရမ်းချစ်ဖို့ကောင်းသည်။ သူ၏ ဖောင်းနေသော ပါးလေးများကို ဆွဲဆိတ်ချင်စိတ်တို့က ထိန်းမရပေ။
သူ့ခေါင်းထိပ်တွင် နဂါးနက်ချိုလေးနှစ်ခု ထွက်နေသည်။
ထိုချိုလေးများက အနက်နုရောင် တောက်ပနေပြီး ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအရာက ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားစေသည်။
ထိုကောင်လေးကို သူ၏ ငယ်ရွယ်သော အသက်ကြောင့် လျှော့တွက်လို့ မရပေ။ တစ်နည်းအားဖြင့် သူ့အဆင့်က ချီရှောက်ရွှမ်ကိုပင် ဖြတ်ကျော်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူက မြောက်ပင်လယ် နဂါးနက်ကျွန်း၏ ခုနစ်ယောက်မြောက် နဂါးမင်းသားလေး အောင်းဝူ ဖြစ်သောကြောင့် ဖြစ်၏။
သူက ခုနစ်ယောက်မြောက် မင်းသားဖြစ်နေလို့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ထက် ရာထူးနိမ့်ကျနေမယ်လို့ မထင်ထားနဲ့
လုံးဝ ဆန့်ကျင်ဘက်ပဲ။
နတ်ဆိုးမျိုးနွယ်၏ ဥပဒေသများက လူသားအထွတ်အမြတ်မြေများနှင့် လုံးဝ ကွဲပြားပေသည်။ သူတို့က နှစ်တစ်ရာနေတိုင်း သူတော်စင်တစ်ယောက် မရွေးချယ်ကြပေ။
နတ်ဆိုးတစ်ကောင်၏ သွေးသန့်လေလေ သူတို့ ကျင့်ကြံဆင့်က ပိုပြီးတော့ မြင့်လေလေဖြစ်ပြီး သူတို့အတွက် မျိုးဆက် ရှိရန်ခက်ခဲလှသည်။ တစ်ခါတစ်ရံ နှစ် ရာပေါင်းများစွာ ကြာပြီးမှ သားသမီးတစ်ယောက်သာ မွေးထုတ်နိုင်သည်။
အောင်းဝူ၏ အဖေက သူ့ခေတ်တွင် နဂါးနက်ကျွန်း၏ နဂါးနက်ဘုရင် ဖြစ်ခဲ့သည်။ သူ၏ ကျင့်ကြံဆင့်အရ သူက နယ်မြေငါးခုလုံးတွင် ထိပ်သီးအဆင့်ဟု ဆိုနိုင်သည်။
နှစ်ပေါင်း ၅ ထောင်ကျော် အားအင်စိုက်ထုတ်ပြီးမှ သားသမီးခုနစ်ယောက် မွေးထုတ်နိုင်ခဲ့သည်။ အောင်းဝူက အငယ်ဆုံး ဖြစ်၏။
သူ အုပ်ချုပ်သောနှစ်များတွင် နဂါးနက်ကျွန်းက အတော်လေး တိုးတက်လာခဲ့သည်။
မွေးထုတ်လိုက်သော နဂါးပေါက်လေး ခုနစ်ကောင်ထဲတွင် အောင်းဝူက အသန့်စင်ဆုံးသွေးသား ဖြစ်ပြီး သူ့အရည်အချင်းများက အံ့ဩမင်သက်စရာကောင်းလှသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း မြောက်ပင်လယ် နဂါးနက်ကျွန်းရှိ နဂါးပါရမီရှင်များထဲတွင် အောင်းဝူက သွေးအသန့်ဆုံး ထိပ်သီးငါးယောက်ထဲတွင် ပါဝင်သည်။ သူ အရွယ်ရောက်လာသည့်အခါ ကြီးမြတ်သောအရာများကို လုပ်ဖို့အတွက် မျှော်လင့်ခံထားရသည်။
အောင်းဝူ အင်အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် ဝိဇ္ဇာအဆင့်သို့ ရောက်ရှိနိုင်သည်။ သူ၏ တိုက်ခိုက်စွမ်းရည်က သာမန်ဝိဇ္ဇာတစ်ယောက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
တခြားတစ်နည်းဖြင့် ပြောရလျှင် သူ့ဆီမှာ နဂါးဧကရာဇ် ဖြစ်လာနိုင်စွမ်း ရှိသည်။
ခုနစ်ယောက်မြောက် နဂါးမင်းသား အောင်းဝူကို နယ်မြေငါးခုရှိ အရွယ်တူ ပါရမီရှင်များကြားထဲတွင် အထူးချွန်ဆုံးဟု သတ်မှတ်ခံထားရသည်။
သူ၏ အရည်အချင်း၊ ရာထူးနှင့် ကျောထောက်နောက်ခံအားလုံးက ချီရှောက်ရွှမ်နှင့် နှိုင်းယှဉ်လို့ရသည်။
သူတို့၏ မျိုးနွယ်ကို ကြည့်လိုက်ပါက သူက ချီရှောက်ရွှမ်ထက်ပင် ပိုပြီး လွှမ်းမိုးနိုင်စွမ်း ရှိနေသေးသည်။
သူရဲ့အဖေက နဂါးဘုရင်ဖြစ်နေတာကို ထည့်ပြောစရာတောင် မလိုတော့ဘူး။ အောင်းဝူကို အနိုင်ကျင့်တဲ့သူတွေအားလုံးကို သူ့ရဲ့ အထက်က နဂါးခြောက်ကောင်နဲ့တင် ပြန်ပြီးတော့ နှိမ်နင်းလိုက်လို့ရတယ်
မြောက်ပင်လယ်၏ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် နဂါးနက်၏ စွမ်းအားက လူသိများသည်။ မင်းသားလေးယောက်နှင့် မင်းသမီးသုံးယောက်ကလည်း ဝိဇ္ဇာအဆင့်သို့ ရောက်ရှိနေကြလေပြီ။
သူ့မိသားစု၏ အချစ်ခံလေး ဖြစ်သည့်အတွက် အောင်းဝူ တစ်ခွန်းပြောလိုက်သည်နှင့် သူ့၏ အစ်ကိုနှင့်အစ်မများက အကုန်လုပ်ပေးကြသည်။
ချီရှောက်ရွှမ်၏ နဂါးနက် ရထားလုံးကပင် နဂါးအိမ်ရှေ့စံ မင်းသားမှ အောင်းဝူကို လက်ဆောင်ပေးထားသည့်အရာ ဖြစ်သည်။
အောင်းဝူက မကြာခဏ အပြင်ထွက်ဖို့အတွက် ပျင်းသည့်အတွက် ချီရှောက်ရွှမ်ကို ငှားထားခြင်း ဖြစ်သည်။
ချီရှောက်ရွှမ်က အံ့ဩစရာကောင်းသော ကံကြမ္မာ ရှိသော်လည်း သူ့ အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေးက သတ္တုရိုင်းတုံးထဲရှိ နိဗာနထာဝရ တော်ဝင်ကျမ်းကို ရှာတွေ့ခြင်းမဟုတ်ပေ။
သူ့ဆရာနှင့်အတူ မြောက်ပင်လယ်သို့ ဝိညာဉ်ဆေးပင် ရှာသွားရင်း ခုနစ်ယောက်မြောက် နဂါးမင်းသား အောင်းဝူကို တွေ့ခွင့်ရခဲ့သည်။ ထိုတွေ့ဆုံမှုက သူတို့ကို မိတ်ဆွေကောင်း ဖြစ်သွားစေခဲ့သည်။
သူတို့နှစ်ယောက်က နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုလိုက်သည့်အတွက် ချီရှောက်ရွှမ်က နဂါးနက်ကျွန်း၏ ကျောထောက်နောက်ခံကို ရရှိသွားသည်။ သူတို့၏ ထောက်ပံ့မှုမှ ရရှိလာသော အကျိုးအမြတ်များက အဆုံးမရှိပေ။
ထိုသို့မဟုတ်လျှင် ချီရှောက်ရွှမ် မည်မျှပင် အရည်အချင်းရှိနေစေကာမူ ၁၀ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ဒီလောက်အလွယ်တကူ ကျင့်ကြံနိုင်မည် မဟုတ်ပေ။
သူ ကျင့်ကြံဖို့ မအောင်မြင်ခင် နှစ်ပေါင်းများစွာ ရွှေအမြုတေကို သန့်စင်ပြီး တည်ငြိမ်အောင် လုပ်နေရမည် ဖြစ်သည်။
ခရမ်းစံအိမ် အထွတ်အမြတ်မြေကို မှီခိုရုံနှင့်တင် မလုံလောက်ပေ။
“ အစ်ကိုရှောက်ရွှမ် … အစ်ကိုတို့ရဲ့ အရှေ့ပိုင်းလွင်ပြင်က ပါရမီရှင်ငယ်တွေက အရမ်းအားနည်းကြတာပဲ။ အဲဒီမှာ ခွန်အားကြီးတဲ့သူ တစ်ယောက်မှ မရှိဘူးလား”
နဂါးနက်ရထားလုံးပေါ်တွင် ခုနစ်ယောက်မြောက် မင်းသား အောင်းဝူက ပျင်းရိစွာ အကြောဆန့်ရင်း ပြောလိုက်သည်
“ အစ်ကို လူတိုင်းကို တစ်ချိန်လုံး ခြိမ်းခြောက်နေတာကို ကြည့်ရတာ အရမ်းပျင်းလာပြီ”
အောင်းဝူက အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်သာ ရှိသေးပုံပေါ်နေသည်မှာ နဂါးမျိုးနွယ်က လူသားမျိုးနွယ်များထက် ကြီးထွားနှုန်း နှေးသောကြောင့် ဖြစ်သည်။ လက်တွေ့တွင် သူက ချီရှောက်ရွှမ်နှင့် အသက်တူလုနီးပါး ဖြစ်သည်။
သူ ဥထဲမှာ နေခဲ့သည့်အချိန်ကိုပါ ထည့်တွက်ပါက အောင်းဝူက ချီရှောက်ရွှမ်ထက်ပင် ပိုပြီး အသက်ကြီးနေနိုင်သည်။
နဂါးမျိုးနွယ်၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကလည်း လူသားတွေထက် နှေးသည်။ ထို့ကြောင့် ချီရှောက်ရွှမ်က အမြဲတမ်း အောင်းဝူကို စောင့်ရှောက်ပေးနေသည်။
ချီရှောက်ရွှမ်က အောင်းဝူ၏ ခေါင်းကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်
“ အရှေ့ပိုင်းလွင်ပြင်မှာ ငါနဲ့ရွယ်တူထဲက ငါ့ကို အနိုင်ယူနိုင်မဲ့ ပါရမီရှင်ဆိုတာ တကယ်မရှိဘူး။ အများဆုံးဆိုရင်တောင် ငါ တိုက်ခိုက်တာကို ဆယ့်နှစ်ချက်လောက်ထိပဲ ခံနိုင်ကြတယ်။
ဒီနေ့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ထိပ်သီးပါရမီရှင်လေးယောက်ကို နိုင်အောင်တိုက်ပြီးရင် ငါ့ရဲ့ အာရုံကို အလယ်ပိုင်းနယ်မြေဆီ ပြန်ပို့လို့ရပြီ။ အလယ်ပိုင်းနယ်မြေမှာ ငါနဲ့ရွယ်တူ ပါရမီရှင်တွေ အများကြီးရှိတယ်လို့ ကြားထားတယ်။ သူတို့က အရမ်းအားမနည်းဘဲနဲ့ ငါ့ကို ဖိအားနဲ့ စိတ်လှုပ်ရှားမှုတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်”
ချီရှောက်ရွှမ်က လက်ထဲတွင် ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ထားကာ ယုံကြည်မှုအပြည့် ဖြစ်နေသည်။ သူ့ကို အာရုံစိုက်နေသော နတ်ဘုရားအသိစိတ်များကို ခံစားလာရသည့်အတွက် အာရုံစိုက်ခံရသည်ကို ပျော်မွေ့နေသည်။
“ ငါက အခုမင်းတို့လေးယောက်ကို စိန်ခေါ်ဖို့အတွက် ရောက်လာတာ။ ရှန်ထျန်း၊ ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီး မင်းတို့ဘယ်မှာလဲ”
ချီရှောက်ရွှမ်က နဂါးနက်ရထားလုံးကို စီးရင်းကြွေးကြော်ကာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တောင်သို့ ဦးတည်မောင်းနှင်သွားလိုက်သည်။
ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က သူတော်စင်တောင်၏ အောက်ခြေတွင် ထိုင်ကာ နေ့ရက်များကို ရေတွက်နေသည်။
စိတ်မရှည်သော ဖန်ချန်းက လွန်ခဲ့သော သုံးရက်က ချီရှောက်ရွှမ်၏ စစ်ကြေညာချက်ကို ရထားပြီးကတည်းက သူ့ကို ချက်ချင်းသွားရှာပြီး မီးနဂါးလှံတံဖြင့် ထိုးသတ်ချင်နေပြီ ဖြစ်၏။
ကံကောင်းစွာဖြင့် ကျန်းယွင်ထင်က သူ့ကို တားလိုက်ပြီး သူ့အသက်ကို ကယ်တင်ပေးလိုက်သည်။
၇ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ပြီးသွားသည်နှင့် တစ်ပြိုင်နက် နောက်ပိုင်းအဆင့်များကြားထဲတွင် စွမ်းအားခြားနားချက်က ကြီးမားသည်။ ကျန်းယွင်ထင်က ထိုအရာကို ကောင်းကောင်းသတိထားမိသည်။
၉ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းသို့ ရောက်ရှိနေသော အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်က ဖန်ချန်းတစ်ယောက်တည်းသာ ဖြစ်ပြီး သူက ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့ထက် သာလွန်သည်။
မောင်နှမ နှစ်ယောက် အတူတူ တိုက်ခိုက်လျှင်ပင် ဖန်ချန်းနှင့် သရေကျအောင်သာ တိုက်ခိုက်နိုင်မည် ဖြစ်၏။
၁၀ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်က အရမ်းသာလွန်သော အဆင့် ဖြစ်သည်။ ထို့ကြောင့် ၁၀ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် ချီရှောက်ရွှမ်နှင့် ရင်ဆိုင်ရသည့်အခါ ဘယ်လိုနည်းနဲ့မှ စိတ်အေးအေး မထားနိုင်ပေ။
သူတော်စင်ရှန်ထျန်းက ယခုလက်ရှိတွင် သီးသန့်နေပြီး ကျင့်ကြံနေသည့်အတွက် ဘယ်သူမှ သူတို့ အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာကို စော်ကားခွင့်မပြုပေ။ ထိုအရာက သွေးသံရဲရဲ တိုက်ပွဲဖြစ်သွားမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ချီရှောက်ရွှမ်ကို သူတို့၏ ခေါင်းပေါ်တက်နင်းခွင့် ပြုမည် မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က သူတို့သုံးယောက်က သူတော်စင်တောင် အောက်ခြေတွင်ထိုင်ကာ နည်းလမ်းများကို စီစဉ်နေပြီး ကပ်ဘေးတစ်ဖန်အခန်းကို ကျင့်ကြံနေကြသည်။
သူတို့ထဲတွင် ဓာတ်နှောနတ်မိုးကြိုးများကို အတော်လေး သိုလှောင်ထားပြီးပြီ ဖြစ်သော်လည်း တစ်ခါသုံး စွမ်းအင်ဖြစ်ကြောင်း သိထားကြသည်။
သို့သော် ဒီတိုက်ပွဲတွင် ယုံကြည်မှုရှိရှိဖြင့် အချင်းချင်း ကူညီပေးကြမည် ဖြစ်သည်။
ထိုအချိန်တွင် စွမ်းအားကြီးသော ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါက ဖြည်းဖြည်းချင်း နီးကပ်လာသည်ဟု ခံစားရပြီးနောက် သူတို့သုံးယောက်၏ တိုက်ခိုက်လိုစိတ်လည်း မြင့်တက်လာသည်။
သူ ရောက်လာပြီ …
“ ရှန်ထျန်း၊ ဖန်ချန်း၊ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီး .. မင်းတို့ ဘယ်မှာလဲ”
ထိုအသံက အရမ်းယုံကြည်မှုရှိပုံပေါ်ပြီး လွှမ်းမိုးနေသည်။ နဂါးနက်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရထားလုံးပေါ်တွင် မောက်မာစွာ မတ်တပ်ရပ်နေသည်။ သူက သူတော်စင်တောင်ခြေရှိ သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ သူတို့ဆီသို့ ဦးတည်သွားလိုက်သည်။
“ မင်းတို့ သုံးယောက်ထဲလား။ ရှန်ထျန်း ဘယ်မှာလဲ။ သူက မျက်နှာပြဖို့ကိုတောင် အရမ်းကြောက်နေတာလား”
ဖန်ချန်းက ချီရှောက်ရွှမ်၏ စော်ကားသော စကားများကြောင့် ဒေါသထွက်နေသည်။
“ ချီရှောက်ရွှမ် မင်းက ငါတို့ရဲ့ သူတော်စင်ကို စိန်ခေါ်ရအောင် မင်းကိုယ်မင်း ဘာများထင်နေလဲ။ သူ့ကို စိန်ခေါ်ဖို့အတွက် ငါတို့ကို အရင်ဆုံးဖြတ်ကျော်သွားဖို့ လိုအပ်တယ်”
ထို့နောက် ဖန်ချန်း၏ မီးနဂါးလှံတံက အသက်ဝင်လာသည်။ ထိုအရာက မီးတောက်များ လွှတ်ထုတ်ကာ ရှည်လျားသော မီးနဂါးအဖြစ် အသွင်ပြောင်းသွားကာ ဖန်ချန်း၏ ခန္ဓာကိုယ်ထဲသို့ လည်ပတ်သွားသည်။
ဖန်ချန်း၏ နောက်ရှိ မိုးကြိုးများဖြင့် တောက်ပနေသော ချီလင်နှင့် ကြက်သွေးရောင် ဇာမဏီပုံရိပ်သဏ္ဌာန်တို့က ယခင်ကထက်ပိုပြီး သန်မာလာသည်။
ထိုနတ်သားရဲ နှစ်ကောင်မှ လွဲပြီး ကျန် နဂါးစိမ်း၊ ကျားဖြူနှင့် လိပ်နက် ပုံရိပ်များကို ဖျော့တော့တော့သာ မြင်ရသည်။
အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းက ဓာတ်နှောနတ်မိုးကြိုးကို သန့်စင်ပြီးသွားသည့်အခါ သစ်သားဓာတ် ကြာပြာနတ်မိုးကြိုးနှင့် သတ္တုဓာတ်ကျားဖြူနတ်မိုးကြိုးတို့အပေါ် သူ့ နားလည်မှုက အဆင့်မြင့်သွားသည်။
ဖန်ချန်း၊ ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က ပူးပေါင်းကာကွယ်ရေး အစီအရင်ကို လွန်ခဲ့သော သုံးရက်က လေ့ကျင့်ခဲ့ပြီး မိုးကြိုးပညာရပ်နှင့် ပတ်သက်သော ဗဟုသုတများကို အချင်းချင်း မျှဝေနေကြသည်။
ရလဒ်အနေဖြင့် ထိုသုံးယောက်၏ မိုးကြိုးပညာရပ်အပေါ် နားလည်မှုကလည်း အဆမတန်မြင့်တက်လာသည်။
သတ္တုဓာတ်က ရေဓာတ်ကို တိုးမြှင့်ပေးတယ်။ ရေဓာတ်က သစ်သားကို အာဟာရဖြည့်ပေးတယ်။ သစ်သားဓာတ်က မီးဓာတ်ကို တိုးစေတယ်။ မီးဓာတ်က မြေဓာတ်ကို ဖန်တီးတယ်။ မြေဓာတ်က သတ္တုကို ထုတ်ပေးတယ်။ ဒါက အဆုံးမရှိတဲ့ စက်ကွင်းပဲ …
ဖန်ချန်းက ချီရှောက်ရွှမ်ကို အရမ်းနှိမ့်ချသည့်ပုံပေါ်သော်လည်း သူ့စိတ်နှင့် ခန္ဓာကိုယ်က သေချာသတိကပ်ပြီး နေနေသည်။ သူက ချီရှောက်ရွှမ်ဆီမှ ပြင်းထန်သော စွမ်းအားကို ခံစားနေရသည့်အတွက် သူက သေချာပေါက် အားနည်းသူ မဟုတ်ကြောင်း သိနိုင်သည်။
သူ၏ ပထမဆုံးရိုက်ချက်မှာတင် စွမ်းအင်အားလုံးကို ထုတ်သုံးလိုက်ပြီး ပြန်ပြီး မထိန်းထားလိုက်ပေ။
တောက်ပသော ဓာတ်နှောနတ်မိုးကြိုးက ဖန်ချန်းကို ရွှေရောင် ချပ်ဝတ်တန်ဆာကဲ့သို့ လွှမ်းခြုံထားလိုက်သည်။
သူ့အရှိန်နှင့် တိုက်ခိုက်မှုက ဓာတ်နှောနတ်မိုးကြိုး၏ ပံ့ပိုးမှုကြောင့် လုံးဝ မြင့်တက်သွားသည်။ သူ့တိုက်ခိုက်မှုတွင် သေစေနိုင်သော အကျိုးသက်ရောက်မှုများပါ ပါဝင်လာပြီဖြစ်သည်။
သူ၏ မီးနဂါးလှံတံမှ ထိုးစိုက်ခြင်း တစ်ချက်ချင်းက သန့်စင်သော ရွှေမိုးကြိုးကို ပိုင်ဆိုင်သည်။ ထိုထဲရှိ စွမ်းအားက ခမ်းနားလှသည်။
“ ဝိုး…အစ်ကိုရှောက်ရွှမ်က နောက်ဆုံးတော့ သန်မာတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့ပြီပဲ”
နဂါးနက် ရထားလုံးထိပ်တွင် နဂါးနက်ကောင်လေးက ပျင်းရိစွာဖြင့် သူ့ သိုလှောင်လက်စွပ်ထဲမှ ခုံပုလေးတစ်ခုနှင့် မုန့်အချို့ကို ထုတ်ယူလိုက်သည်။ သူက ရထားလုံးပေါ် ခေါင်းမှီထားကာ မုန့်စားရင်း တိုက်ပွဲကို ကြည့်ဖို့အတွက် ပြင်ဆင်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်
“ သူက အစ်ကိုရှောက်ရွှမ်ရဲ့ တိုက်ကွက် ဘယ်နှစ်ကွက်အထိ ခံနိုင်မလဲဆိုတာ သိချင်တယ်”
အောင်းဝူ တစ်ယောက်တည်း မဟုတ်ပေ။
ပုန်းကွယ်နေသော ပွဲကြည့်ပရိသတ်များကလည်း ဖန်ချန်းနှင့် ချီရှောက်ရွှမ်တို့၏ တိုက်ပွဲကို လျှို့ဝှက်စွာ ကြည့်နေကြသည်။
ထိုတိုက်ပွဲအတွက် တော်တော်များများက လောင်းကြေး ထပ်ထားကြသည်။ ဖန်ချန်းနှင့် ချီရှောက်ရွှမ်တို့၏ တိုက်ပွဲရလဒ်က သူတို့ နောက်ထပ် ရက်အနည်းငယ်အတွက် စားသောက်ပွဲကြီး ကျင်းပရမလား၊ ဆန်ပြုတ်ပဲ သောက်ရမလားဆိုတာကို အဆုံးအဖြတ်ပေးမည် ဖြစ်၏။
“ ခရမ်းစံအိမ် သူတော်စင် သူ့ကို အသေရိုက်နှစ်ပစ်။ သူတို့ အားအင်တွေ မစုပေါင်းရသေးခင် အခွင့်ကောင်းယူလိုက်။ နောက်ထပ် တစ်ယောက်ဆီ မသွားခင် ရှေ့ကတစ်ယောက်ကို အရင်ထိုးနှက်ပစ်လိုက်”
“ အဲဒီကောင်စုတ်လေး ဖန်ချန်းကို အရမ်းစိတ်တိုနေတာ။ တစ်ယောက် လေးယောက် တိုက်ခိုက်မယ်ဆိုပြီးတော့ အစကတည်းက သဘောတူထားပြီးသားလေ။ ဘာလို့ သူ့သဘောနဲ့သူ တစ်ယောက်ထဲ တိုက်ခိုက်နေရတာလဲ။ သူက ရိုက်နှက်ခံချင်နေတာလား”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘာလို့ ပေါ်မလာသေးတာလဲ။ သူက ခရမ်းစံအိမ် သူတော်စင်ရဲ့ ဂုဏ်သတင်းကို ကြောက်နေလို့လား။ သူက ဒီပါရမီရှင် သုံးယောက်နောက်မှာ ပုန်းနေပြီးတော့ တိုက်ပွဲကို မတိုက်ဖို့အတွက် ဆုံးဖြတ်ထားတာလား”
“ မြန်မြန် ကြည့်။ ခရမ်းစံအိမ် သူတော်စင်က တိုက်ခိုက်လိုက်ပြီ။ အဲဒါက ခရမ်းစံအိမ် တော်ဝင်ကျမ်းရဲ့ တားမြစ်အခန်း ‘အရှေ့ဘက်အရပ် မိုင်၃သောင်းအကွာမှ ခရမ်းရောင် အရှိန်အဝါ’ ပဲ။ ခရမ်းစံအိမ် သူတော်စင်က ဒါကို အောင်အောင်မြင်မြင်နဲ့ ကျင့်ကြံနိုင်သွားတာပဲ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဒီတစ်ခါတော့ ဂြိုလ်ဆိုးဝင်ပြီဟေ့”
ဖန်ချန်းက အစွမ်းကုန်သုံးကာ တိုက်ခိုက်နေသည့်အတွက် ထိုအရာက ချီရှောက်ရွှမ်ကို အနည်းငယ်ဖိအားပေးသလို ခံစားရသည်။
ထို့ကြောင့် သူက တခြားသူတော်စင်များကို ဆက်ဆံသလိုမျိုး ဖန်ချန်းကို နှိမ့်ချစွာ မဆက်ဆံတော့ဘဲ သူလည်း သူ့အကောင်းဆုံးကို ပြန်ပေးဖို့အတွက် ကြိုးစားနေသည်။
သူ၏ အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါ ထိုးဖောက်ထွက်လာပြီးနောက် သူ့ကို ပြိုင်ဘက်ကင်း ကြီးကျယ်ခြင်းမျိုး ခံစားလာရစေသည်။ ထိုအရာက သူ၏ နဂါးနက်ချပ်ဝတ်တန်ဆာကို ပိုပြီး အံ့ဩစရာကောင်းသွားစေသည်။
သူ့အရှိန်အဝါက မိုင်သုံးသောင်းအထိ မပျံ့နှံ့သော်လည်း အနည်းဆုံး ပေသုံးသောင်းအထိတော့ ပျံ့နှံ့သွားလိမ့်မည်။
စွမ်းအားက အရေးမကြီးဘူး ဒါပေမဲ့ စတိုင်ကတော့ အမြဲတမ်းအရေးကြီးတယ်
အနိုင်ရခြင်းက အရေးကြီးသော်လည်း ကြည့်ကောင်းသည့် ပုံစံကို အနိုင်ရခြင်းက ပိုပြီးအရေးကြီးနေသည်။
ဝုန်း…
မီးနဂါးလှံတံနှင့် ကောင်းကင်ပုဆိန်လှံရှည်တို့က ပြင်းထန်စွာ တိုက်မိသွားသည်။ အနီရင့်ရောင်နဂါးက လေထဲတွင် အနက်ရောင်နဂါးနှင့် တိုက်ခိုက်နေသည့် ပုံရိပ်ကို မြင်နိုင်သည်။
လှံတံများတွင် အက်ကြောင်းများစွာပေါ်လာသည်။ ထိုအရာက ဆံပင်မွေးထောင်လောက်အောင်ထိ ထိတ်လန့်စေသော မြင်ကွင်းမျိုး ဖြစ်သည်။
အရှေ့ဘက်မှ ရွှေမိုးကြိုးနှင့် ခရမ်းရောင်အရှိန်အဝါက ကောင်းကင်တစ်ဝက်လုံးကို နေရာယူထားသည်။ အံ့ဖွယ်အရှိန်အဝါလှိုင်းများ မြေပြင်ပေါ်သို့ လွှမ်းခြုံလိုက်သည့်အတွက် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပင် တုန်လှုပ်သွားစေသည်။
ဒါဆိုရင်…ဒါက တကယ်ပဲ ရွှေအမြုတေ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲစွမ်းရည်လား
အဲဒီနေရာမှာ သူတို့သာဆိုရင် ချက်ချင်းအသတ်ခံရမှာ သေချာတယ်
အခုခေတ်လူငယ်တွေက အရမ်းကြောက်ဖို့ကောင်းတာပဲ
ရွှေမိုးကြိုးက သူ၏ ကောင်းကင်ပုဆိန်လှံရှည်အပေါ် ဖြန့်ကျက်လိုက်သည်ကို ခံစားမိသည့်အတွက် ချီရှောက်ရွှမ် ကျေနပ်စွာ ပြုံးလိုက်မိသည်။
“ အမှန်အတိုင်းပြောရရင် ဖန်ချန်း မင်းက ငါ့အတွက် အံ့ဩစရာတစ်ခုပဲ။
မင်းက ရွှေအမြုတေစာရင်းမှာ အဆင့် ၃ ချိတ်ပေမဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ဗောဓိသတ္တဝ ကူသို့ထက်တောင် ပိုပြီးတော့ စွမ်းအားကြီးနေသေးတယ်။
ဒါက အရမ်းကောင်းတယ်။ အခု မင်းက ငါ ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းမှာ ရှိခဲ့တုန်းကလောက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ဘူး။ လုံလောက်တာနဲ့ကို မနီးစပ်ဘူး။
ကျန်းယွင်ထင်နဲ့ ကျန်းယွင်ရှီးကို မင်းနဲ့အတူ အင်အားပေါင်းခိုင်းလိုက်တော့လေ။ ငါ့မှာ ထိုက်တန်တဲ့ ပြိုင်ဘက်ကောင်းမရှိတာ အတော်လေး ကြာနေပြီ။ မင်းတို့သုံးယောက်လုံးအတူတူ ငါ့ကို ဖိအားပေးနိုင်ဖို့အတွက် မျှော်လင့်ပါတယ်”
ချီရှောက်ရွှမ်၏ နောက်ရှိ ခရမ်းရောင်အရှိန်အဝါက ပေါက်ကွဲသွားသည်။
သူ၏ ကောင်းကင်ပုဆိန်လှံရှည်က ကောင်းကင်တစ်ခွင် လင်းလက်သွားကာ ဖန်ချန်းဆီသို့ ဦးတည်သွားနေသည်။ သူ့မီးနဂါးလှံတံလည်း ချက်ချင်းပြိုကွဲသွားသည်။
“ လွင်ပြင်ရှစ်ခု လှံတံ…နဂါးတိမ်ကောင်းကင် ဖြိုခွဲခြင်းတိုက်ခိုက်မှု”
ချီရှောက်ရွှမ်က သူ့ကောင်းကင်ပုဆိန်လှံရှည်ကို ဝှေ့ယမ်းရင်း ဟစ်ကြွေးလိုက်သည်။ သူ လှုပ်ရှားပြီးနောက် အဆုံးမဲ့သော ခရမ်းရောင်အရှိန်အဝါများက စတင်စုစည်းလာသည်။
အဆုံးမဲ့ ခရမ်းရောင်အရှိန်အဝါက ရှည်လျားသော ခရမ်းရောင်အရှိန်အဝါ အံ့ဖွယ်နဂါးအဖြစ် ပြောင်းလဲသွားသည်။ နဂါးကြေးခွံတစ်ခုချင်းစီက တောက်ပပြီး အသက်ဝင်နေကာ ပြင်းထန်သော နဂါးအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုအရာက မကြီးမားသော်လည်း ထိုနဂါးက ယခင်ကထက်ပိုပြီး ကြက်သီးထစရာကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဂါး …
နဂါး၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ချီရှောက်ရွှမ်က လေထဲသို့ ဝင်သွားကာ ခရမ်းရောင် အရှိန်အဝါနဂါးနှင့် ပေါင်းစပ်သွားသည်။ တစ်ခုအဖြစ် ပေါင်းစပ်ပြီးနောက် သူတို့က ဖန်ချန်းဆီ ရက်စက်စွာ ဦးတည်လာကြသည်။
တစ်ခါ…
နှစ်ခါ…
သုံးခါ…
ခုနစ်ခါ…
ရှစ်ခါ…
ခရမ်းရောင် အရှိန်အဝါနဂါးက သူ၏ ချွန်သော လက်သည်းများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့်အတွက် ဖန်ချန်း ပြင်းထန်စွာ ခံစားနေရသည်။
ဖန်ချန်း၏ ဒဏ်ရာများမှ ဖျော့တော့သော ရွှေရောင်သွေးစက်များ ကျဆင်းလာသည်။
ဝုန်း…
နဂါးက မီးနဂါးလှံတံကို လှမ်းဆွဲကာ ဖန်ချန်းကို မြေပြင်ပေါ်သို့ ထိုးနှက်လိုက်သည်။ လေထဲထုထဲသို့ ဖုန်လုံးကြီးတစ်ခု ပျံ့နှံ့သွားသည်။
“ အစ်ကိုကြီး”
ကျန်းယွင်ထင်က အရမ်းစိတ်ပူနေပုံ ပေါ်သည်။ သူတို့၏ မူလအစ အစီအစဉ်များအရ ဖန်ချန်းက သူ့စွမ်းအားအပြင်းဆုံးကို သက်သေပြဖို့အတွက် ချီရှောက်ရွှမ်နှင့် အရင်ဆုံး တိုက်ခိုက်မည် ဖြစ်၏။
ဖန်ချန်းသာ ချီရှောက်ရွှမ်ကို ဆန့်ကျင်ဖို့အတွက် လုပ်ပါက ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့က ကူညီဖို့အတွက် အသင့်ရှိနေမည်။ ဤနည်းအားဖြင့် သူတို့ ရှန်ထျန်းအတွက် အချိန်ပိုရအောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် ဖန်ချန်း၏ စွမ်းရည်များက ချီရှောက်ရွှမ်၏ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးလိုက်နိုင်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
သူတို့က တိုက်ကွက် ၁၀ ကွက်လောက် အပြန်အလှန် တိုက်ခိုက်ပြီးသွားပြီဖြစ်သော်လည်း လေ့လာနေဆဲအဆင့်သာ ဖြစ်သည်။ သို့သော် ချီရှောက်ရွှမ်က လုံးဝ လေးနက်သော အနေအထားသို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
အရှေ့ဘက်အရပ် မိုင်၃သောင်းအကွာမှ ခရမ်းရောင်အရှိန်အဝါက ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ သေစေနိုင်လောက်သော တားမြစ်တိုက်ကွက်ဆိုတာကို အားလုံးက သိကြသည်။ ထိုအချိန်တွင် အရှေ့ပိုင်းလွင်ပြင် လှံတံက မြောက်ပင်လယ် နဂါးနက်ကျွန်း၏ လွှမ်းမိုးနိုင်သော တိုက်ပွဲနည်းလမ်း ဖြစ်သည်။
ချီရှောက်ရွှမ်ကို ဒီလောက်ထိ အရည်အချင်းရှိမည်ဟု ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပေ။ သူက ဒီတိုက်ပွဲ ပညာရပ်များကို ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်နိုင်သည်။
သူက တကယ့်ကို ခရမ်းစံအိမ် သူတော်စင်ပဲ။ သူက ကိုင်တွယ်ဖို့ မလွယ်ကူဘူး
ချီရှောက်ရွှမ်က နဂါး၏ ခေါင်းပေါ်တွင် ရပ်နေသည့်ပုံစံက နတ်ဘုရားတစ်ပါး ကောင်းကင်ကို ဆင်းသက်လာသကဲ့သို့ ရင်သပ်ရှုမောစရာကောင်းလှသည်။
သူ သက်ပြင်းချကာ ပြောလိုက်သည်
“ မင်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာကို ငါလက်ခံပါတယ်။ ငါသာ ဒီမျိုးဆက်မှာ မွေးမလာခဲ့ရင် မင်းက အရှေ့ပိုင်းလွင်ပြင်ရဲ့ ထိပ်သီးပါရမီရှင် ဖြစ်လာမှာ သေချာတယ်။
မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ငါ့ကို အနိုင်ယူဖို့တောင် ဝေးနေသေးတယ်။ ကျန်းယွင်ထင်၊ ကျန်းယွင်ရှီး…မင်းတို့နှစ်ယောက်က ဘာကို စောင့်နေတာလဲ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့မျက်နှာကို ပြဖို့တောင် အရမ်းကြောက်နေတယ်။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ မင်းတို့ ငါ့တိုက်ကွက် ၁၀၀ ကို လက်ခံနိုင်မယ်ဆိုရင် ငါ ရှုံးနိမ့်သွားတယ်လို့ပဲ မှတ်ယူလိုက်မယ်။ အဲလိုဆိုရင်ရော ဘယ်လိုလဲ”
ထိုအခိုက်အတန့်တွင် ချီရှောက်ရွှမ်က အရမ်းမောက်မာပြီး လွှမ်းမိုးနေသလို တောက်ပပြီး ပြိုင်ဘက်ကင်းနေသည်။
“ ယွင်ရှီး ငါတို့ ဒီထက်ပိုပြီးတော့ စောင့်လို့ မရတော့ဘူး။ ညီမလေး ဘယ်ဖက်ကို ထိန်း အစ်ကို ညာဘက်ကိုထိန်းမယ်။ ငါတို့ အစ်ကိုကြီးကို ကူညီကြမယ်”
အစိမ်းရောင် ရှေးဟောင်းဓားတစ်ခုက ကျန်းယွင်ထင်၏ အနောက်တွင် ထွက်ပေါ်လာပြီး ဆောင်းဦးရာသီ၏ နှင်းစက်လေးများလို လင်းလက်နေသည်။
သူက ခရမ်းရောင် အရှိန်အဝါနှင့် ရွှေရောင်အလင်းတို့ ရောယှက်ပြီး ဖုန်ထနေသော နေရာသို့ စိတ်ပူစွာဖြင့်ကြည့်ကာ ပြောလိုက်သည်
“ အစ်ကိုကြီး အဆင်ပြေဖို့ မျှော်လင့်ပါတယ်”
ဖန်ချန်းသာ အပြင်းအထန် ဒဏ်ရာရပြီး မတိုက်ခိုက်နိုင်တော့ပါက သူတို့ ဒုက္ခရောက်ပေတော့မည်။
“ ဝင်စွက်ဖက်ဖို့ မလိုသေးဘူး။ ငါ မရှုံးသေးဘူး”
ဖန်ချန်း၏ အသံဩဩက ခရမ်းရောင် အရှိန်အဝါ နဂါး၏ အောက်မှ ထွက်ပေါ်လာသည်။
ထို့နောက် မြေပြင်ပေါ်သို့ အားဖြင့်ဖိထားသော နဂါးလက်သည်းကို အားဖြင့် တွန်းလိုက်သည်။
ရွှေမိုးကြိုး လွှမ်းခြုံနေသော ပုံရိပ်က အားလုံး၏ ရှေ့တွင် ပြန်ပေါ်လာသည်။ သူ့အရှိန်အဝါက တိုင်းတာလို့ မရလောက်အောင် ပြင်းထန်နေသည်။
“ သူ့မျက်နှာကို ပြဖို့တောင် ကြောက်ရွံ့တယ် ဟုတ်လား။ မင်းက ငါတို့သူတော်စင်ကို စော်ကားနေရအောင် ဘာကောင်မလို့လဲ”
ဖန်ချန်း၏ အေးစက်စက် ရယ်သံများ ကောင်းကင်သို့ ပျံ့နှံ့သွားသည်
“ မင်းက ငါတို့ရဲ့ သူတော်စင်ကို စိန်ခေါ်ရလောက်အောင်ထိ မတော်လို့ သူက ဒီနေရာမှာ မရှိတာလေ။
အရှေ့ပိုင်းလွင်ပြင်ရဲ့ ရွှေအမြုတေစာရင်းမှာ နံပါတ်တစ်တဲ့လား။ မင်းက သာမန်ပါပဲ။ ဒီနေ့ မင်းကို ဘယ်လိုဖျက်စီးပြမလဲဆိုတာ ကြည့်နေလိုက်”
ထို့ကြောင့် ဖန်ချန်းက ရှေ့ထွက်ကာ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်၏ အရွယ်အစားက ကြီးလားသည်
“ဧရာမဝိညာဉ်ကိုယ်ထည်စစ်”
ဝုန်း…
ဖန်ချန်းက ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီးနောက် ခရမ်းရောင် အရှိန်အဝါနဂါးက လေထဲတွင် ပျံသန်းလာသည်။
ဖန်ချန်း၏ ၈ ပေရှိသော ခန္ဓာကိုယ်က ဓာတ်နှောနတ်မိုးကြိုးကဲ့သို့ မြင့်တက်သွားပြီး ပေနှစ်ဆယ်ကျော် အမြင့်ရှိသည့် ကြီးမားသော ရွှေရောင်ချပ်ဝတ်တန်ဆာ စစ်သည်တော် နတ်ဘုရားကို ဖန်တီးလိုက်သည်။
သူ့ညာဘက်လက်ကို ထုတ်လိုက်သည့်အခါ မီးနဂါးလှံတံကို မိုးကြိုးများ ရစ်ပတ်နေရာမှ ဆယ်နှစ်ပေကျော်သော လှံရှည်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖန်ချန်း၏ ယခုလက်ရှိအရှိန်အဝါက ယခင်စွမ်းအားထက် နှစ်ဆပိုများသွားသည်။
သူက ချီရှောက်ရွှမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ ငါတို့ရဲ့ သူတော်စင်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကတည်းက ရှိခဲ့တဲ့ ပါရမီရှင်တွေကို ကျော်လွန်ပြီးတော့ ထိပ်သီးပါရမီရှင် ဖြစ်လာလို့ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတာ။ အရည်အချင်းမှာလည်း နံပါတ်တစ်၊ တိုက်ခိုက်စွမ်းရည်မှာလည်း နံပါတ်တစ်ပဲ။
ငါတို့သူတော်စင်မှာ အရည်အချင်းတွေ အများကြီးရှိပြီးတော့ ဟွမ်ရှစ် ငယ်ငယ်တုန်းက ပုံရိပ်ကိုတောင် အနိုင်ယူထားတာ။ မင်းက ဘာမလို့ သူ့ကို စိန်ခေါ်နေတာလဲ။
ဒီနေ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီကနေ ဘာကို သင်ယူထားလဲဆိုတာ မင်းကို ပြသပေးမယ်”
ဖန်ချန်းက လှံကို လက်ထဲတွင် ကိုင်ဆွဲထားကာ ချီရှောက်ရွှမ်ဆီသို့ ဦးတည်သွားသည်။ ရွှေမိုးကြိုးက လှုပ်ရှားနေပြီး ပတ်ပတ်လည်တွင် အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားသည်။
သူက ခုခံမှုအားလုံးကို ရပ်တန့်ကာ သူ ဓာတ်နှောနတ်မိုးကြိုးနှင့် စွမ်းအင်ကို ဘယ်လောက်များများထိ သုံးနေလဲဆိုတာကို သူ ဂရုမစိုက်ပေ။ သူက အနိုင်အရှုံး ဆုံးဖြတ်ဖို့အတွက် အရာအားလုံးကို ရင်းနှီးလိုက်ပြီ ဖြစ်၏။
ထိုအချိန်မှစတင်ပြီး ထိုခရမ်းရောင် အရှိန်အဝါနဂါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သွားသည်။
ကျန်းယွင်ထင်က ဖန်ချန်း၏ ရူးကြောင်ကြောင် အပြုအမူကြောင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
သူက ကျန်းယွင်ရှီး၏ ပုခုံးကို တံတောင်ဖြင့် တွတ်ကာ ပြောလိုက်သည်
“ ဟေး ယွင်ရှီး…အဖေက ညီမလေးကို ညီလေးရှန်ထျန်းနဲ့ စေ့စပ်ထားစေချင်တယ်လို့ ကြားတယ်”
ကျန်းယွင်ရှီးက တည်ငြိမ်စွာ ပြောလိုက်သည်
“ အစ်ကို ဘာပြောဖို့ ကြိုးစားနေတာလဲ”
ကျန်းယွင်ထင်က အံ့ဩစွာဖြင့် ပြောလိုက်သည်
“ အစ်ကိုက သိချင်လို့ပါ။ အစ်ကိုကြီးက သူတော်စင်နဲ့ ပတ်သက်ပြီးတော့ အငြိုးအတေးတွေ ထားနေခဲ့တာ မဟုတ်လား။ သူက အခုမှ ဘာလို့ ရုတ်တရက် သူ့အပေါ် အရမ်းခင်မင်နေရတာလဲ။
ချီရှောက်ရွှမ်က သူတော်စင်ကို စော်ကားတော့ ညီမလေးက စိတ်တောင်မတိုခဲ့ဘူးလေ။ အစ်ကိုကြီးက ဘာလို့ စိတ်တိုနေရတာလဲ။
မင်းတို့နှစ်ယောက်ထဲမှာ ဘယ်သူက ရှန်ထျန်းနဲ့ စေ့စပ်ထားတာလဲ”
ကျန်းယွင်ရှီးက မျက်နှာထားကို ထိန်းထားကာ ပြောလိုက်သည်
“ အစ်ကိုကြီးက မောင်လေးအပေါ် အသက်ကြွေးတင်ထားတယ်။ အစ်ကိုကြီးက ကောင်းမှုတစ်ခုကို မေ့တတ်တဲ့သူမျိုးတော့ မဟုတ်ဘူးလေ။
ကျွန်မ ဘာလို့ စိတ်မဆိုးရတာလဲလား” ကျန်းယွင်ရှီးက ပုံရိပ်ဖမ်းသလင်းကျောက်ကို ထုတ်ကာ ကျန်းယွင်ထင်ဆီ ပေးလိုက်ပြီး ပြောသည်
“ ညီမလေးက ချီရှောက်ရွှမ်ရဲ့ စကားတွေကို ဖမ်းယူထားပြီးတော့ မောင်လေး ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ပြမလို့။
ချီရှောက်ရွှမ် အခုမောက်မာထားလေလေ မောင်လေး ထွက်လာတဲ့အခါ ပိုပြီးတော့ဆိုးရွားစွာ အရိုက်ခံရလေလေပါပဲ”
ကျန်းယွင်ထင်က ပုံဖမ်းသလင်းကျောက်ကို ယူကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ ယွင်ရှီး မင်းက အရင်ကထက် ပိုပြီးတော့ တည်ငြိမ်လာတာပဲ။ အရမ်းကောင်းတယ်။ ဒါပေမဲ့ ဒီပုံရိပ်ဖမ်း သလင်းကျောက်ကို ဘာလို့ ငါ့ကိုပေးနေတာလဲ”
လေထုထဲ ရေငွေ့များက အေးခဲကာ နှင်းပွင့်သဖွယ် ကျဆင်းလာသည်။
ကျန်းယွင်ရှီးက တိုက်ပွဲမြင်ကွင်းကို ကြည့်ကာ ပြောလိုက်သည်
“ ဘာလို့လဲဆိုတော့ ညီမ သွားပြီး တိုက်ခိုက်တော့မှာမလို့လေ”
ဓာတ်နှောနတ်မိုးကြိုးများက မြင့်မားသော ကျားဖြူမိုးကြိုးကို ကျန်းယွင်ရှီး၏ ဘေးပတ်လည်တွင် ဖန်တီးပေးထားသည်။
ထိုအရာက ရွှေရောင် ဓာတ်နှောနတ်မိုးကြိုးဖြင့် ပြုလုပ်ထားပြီး သူ၏ သတ်ဖြတ်ချင်သော အရှိန်အဝါက ဘေးနားရှိ ရေများကို အငွေ့ပျံသွားစေသည်။ သတ်ဖြတ်ချင်စိတ်က နေရာတစ်ခုလုံးရှိ လေထုထဲသို့ ပျံ့နှံ့သွားသည်။
ရှင်က ဂိုဏ်းတူမောင်လေးကို စော်ကားရဲတယ်ပေါ့လေ။ ရှင်က ဒါကို တောင်းနေတာပဲ
ဝေါင်း…
ကျားဖြူ၏ ဟိန်းဟောက်သံက မြေပြင်များကို ဖြတ်သန်းကာ ပဲ့တင်ထွက်သွားသည်။
ဖန်ချန်း၏ ကြီးမားသော စစ်သည်တော်က သူ၏ လှံတံဖြင့် ခရမ်းရောင်နဂါးကို တစ်ချက်တည်းဖြင့် တိုက်ပွဲစက်ကွင်းထဲမှ ဆွဲထုတ်လိုက်သည်။
သူက ကျန်းယွင်ရှီး တိုက်ပွဲနားသို့ ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည့်အတွက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ ဒါက အမျိုးသားတွေကြားက တိုက်ပွဲပါ။ ဂိုဏ်းတူညီမလေး အသာနေပါ”
ကျားဖြူနတ်မိုးကြိုးက ဖန်ချန်းကို စိုက်ကြည့်ကာ မိန်းကလေးဆန်သောအသံဖြင့် ပြောလိုက်သည်
“ အစ်ကို ပြောတာကို သေချာမကြားရဘူး။ ထပ်ပြောပါဦး”
ဧရာမဝိညာဉ်ကိုယ်ထည်စစ်က တုန်ခါကာ ကြောက်လန့်စွာဖြင့် ပြောလိုက်သည်
“ အဟမ်း… ဂိုဏ်းတူညီမလေး… အစ်ကို … အစ်ကိုပြောတာက အစ်ကိုက ဘယ်ဖက်ကို တာဝန်ယူပြီးတော့ ညီမက ညာဖက်ကို တာဝန်ယူလို့ ပြောချင်တာပါ။ သူ့ကို ရိုက်နှက်ပစ်လိုက်”
ဓာတ်ငါးပါး တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနိုင်သလို တစ်ချိန်တည်းမှာပဲ ဓာတ်ပြယ်သွားစေနိုင်သည်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပညာရပ်များအားလုံးမှာ ဓာတ်ငါးပါးနတ်မိုးကြိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ကျန်းယွင်ရှီးက ၈ဆင့်မြောက် ရွှေအမြုသန့်စင်ခြင်းထိပ်သီးအဆင့်ဖြစ်ပြီး ၉ဆင့်မြောက်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် သူမက ဖန်ချန်းထက် အားနည်းသည်။
သို့သော် ဖန်ချန်းက မီးဓာတ်နှင့် မြေဓာတ်မိုးကြိုးတို့တွင်သာ အထူးကျွမ်းကျင်သည်။ မီးဓာတ်က မြေကြီးဓာတ်ကို ဖန်တီးပြီး မြေဓာတ်က သတ္တုဓာတ်ကို ဖန်တီးသည်။ သူမသာ ဖန်ချန်းနှင့် ပူးပေါင်းတိုက်ခိုက်ပါက သေချာပေါက် ကောင်းမွန်သော ပံ့ပိုးမှုမျိုး ဖြစ်မှာ သေချာလှသည်။
သူမ၏ ချီရှောက်ရွှမ်အပေါ် ထွက်နေသည့် ဒေါသကိုပါ ထည့်တွက်လိုက်ပါက ကျန်းယွင်ရှီး၏ ယခုလက်ရှိ တိုက်ခိုက်စွမ်းရည်က သူမ၏ ပုံမှန်နှုန်းထက် အများကြီး မြင့်နေသည်။
သူတို့နှစ်ယောက်လုံးက အတူတူ လွှမ်းမိုးနေကြသည်။ သူတို့က ချီရှောက်ရွှမ်၏ ခရမ်းရောင် အရှိန်အဝါ နဂါးက ဖိနှိပ်ခံလိုက်ရသည်။
ချီရှောက်ရွှမ်က ရုတ်တရက် ပြင်းထန်လာသော ဖိအားကြောင့် စိတ်ပျက်အားလျော့သွားမိသည်။
အရာအားလုံး ဘာလို့ ပြောင်းပြန်လှန်သွားလဲဆိုတာကို သူ နားမလည်နိုင်တော့ပေ။
သူ ရှန်ထျန်းကို စော်ကားလိုက်ရုံနဲ့တင် ဘာလို့ ဖန်ချန်းနဲ့ ကျန်းယွင်ရှီးက ရုတ်တရက် ရူးသွပ်သွားရတာလဲ
သူတို့နှစ်ယောက်၏ တစ်ဦးချင်းစီ စွမ်းအားက ရွှေအမြုတေစာရင်းတွင် ဒုတိယအဆင့် ချိတ်သော ဗောဓိသတ္တဝကူသို့ထက်ပင် ကျော်လွန်နေသည်။
ထို့နောက် သူတို့က အင်အားစုပေါင်းကာ တိုက်ခိုက်နေသည့်အတွက် ချီရှောက်ရွှမ်ပင် အနည်းငယ် စိုးရိမ်လာမိသည်။
စိတ်လိုက်မာန်ပါလုပ်သောသူများက ကြမ်းကြုတ်သောသူများကို ကြောက်ကြသည်။ ကြမ်းကြုတ်သောသူများက သူတို့၏ကိုယ်ပိုင်အသက်ကိုပင် ဂရုမစိုက်သောသူများကို ကြောက်ကြသည်။ သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
လာစမ်းပါ တကယ်ကြီးလား
ငါက မင်းတို့ ဘိုးဘေးတွေရဲ့ အုတ်ဂူကို တူးခဲ့တာလည်း မဟုတ်ပဲနဲ့ ဘာလို့ ရုတ်တရက်ကြီး စိတ်တိုနေရတာလဲ
သို့သော် ဘယ်လောက်ပဲ ပြဿနာများသည်ဟု ခံစားနေရပါစေ၊ တိုက်ခိုက်မှုက ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သူတော်စင်က ဂုဏ်မောက်လေလေ သူလည်း ကိုယ့်ကိုယ်ကို အထင်ကြီးသည့်ပုံစံကို ထိန်ထားရမည် ဖြစ်သည်။
“ ဒါက အရမ်းပျော်ဖို့ ကောင်းတာပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ သူတော်စင်မရဲ့ တိုက်ခိုက်စွမ်းရည်က ငါထင်ထားတာထက်တောင် ကျော်လွန်နေသေးတယ်။
ငါ့သွေးတွေ အခုလို ဆူပွက်မလာတာ အတော်လေး ကြာနေပြီ။ မင်းက ဒီထက်ပိုပြီးတော့ သန်မာနိုင်သေးလား။
ဒါက အကုန်ပဲဆိုရင်တော့ မလုံလောက်သေးဘူးနော်။ လုံလောက်ဖို့တောင် အဝေးကြီးလိုသေးတယ်”
ချီရှောက်ရွှမ်က သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများကို တိတ်တဆိတ် လောင်ကျွမ်းစေလိုက်ပြီးနောက် ခရမ်းရောင် အရှိန်အဝါနဂါး၏ လက်သည်းများ ကြီးလာကာ ဖန်ချန်းနှင့် ကျန်းယွင်ရှီးကို အဝေးသို့ လွင့်စင်သွားစေသည်။
ထိုအရာက ခမ်းနားပြီး ပြိုင်ဘက်ကင်းပုံပေါ်သည်။
ဒီလိုလုပ်လိုက်လို့ ဘာမှကောင်းတာ ဖြစ်မလာတာက သနားစရာပဲ။ ဘာလို့လဲဆိုတော့ သူ ရရှိလိုက်တဲ့ ရလဒ်က သူ သုံးလိုက်တဲ့ စွမ်းအင်ပမာဏနဲ့ မကာမိဘူး
သို့သော် သူက ကိုယ့်ကိုယ်ကို အထင်ကြီးသော စကားများကို ပြောလိုက်သည့်အတွက် အထင်ကြီးစရာ ကောင်းသော လုပ်ရပ်တစ်ခုကိုလည်း ပြသမှဖြစ်မည်။ ထို့ကြောင့် သူက ထိုကဲ့သို့ လုပ်လိုက်ခြင်းပင် ဖြစ်သည်။
သူတို့ပတ်လည်က အားပေးနေတဲ့ ပရိသတ်တွေကို မင်း မမြင်ဘူးလား။ သူတို့ရဲ့မျက်လုံးတွေထဲမှာ ချစ်မြတ်နိုးမှုတွေအပြည့်နဲ့ ဘယ်လောက်တောင် တောက်ပနေသလဲဆိုတာကိုလေ
သူသာ ဒီတိုက်ပွဲမှာ ဘေးကင်းပြီး ဖန်ချန်းနှင့် ကျန်းယွင်ရှီးကို အနိုင်ယူလိုက်ပါက သူက အရှေ့လွင်ပြင်တစ်ခွင်လုံးမှာ အနိုင်ရသူတစ်ယောက်ဖြစ်သွားမည် ဖြစ်သည်။
ချီရှောက်ရွှမ်က “လေးယောက် တစ်ယောက်” တိုက်ခိုက်မည်ဟူသော မူလ အစီအစဉ်ကို စဉ်းစားဉာဏ်ရှိရှိဖြင့် လက်လျှော့လိုက်ပြီ ဖြစ်သည်။ ရန်သူက သူ ထင်ထားတာထက်ပိုပြီး ကိုင်တွယ်ရခက်နေသည်။
“ လေးယောက် တစ်ယောက်” တိုက်ခိုက်တာကို မပြောနဲ့ဦး။ အခု ကျန်းယွင်ထင် မပါလာဖို့ကိုတောင် သူ ဆုတောင်းနေရတာ
“ နှစ်ယောက် တစ်ယောက်”က “ သုံးယောက် တစ်ယောက်” ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလောက် အထင်ကြီးစရာ မကောင်းသော်လည်း ကြိုတင်ခန့်မှန်းချက်များအရ သူနိုင်မှ ဖြစ်မည်။
ချီရှောက်ရွှမ်သာ ဤ “နှစ်ယောက် တစ်ယောက်” တိုက်ပွဲကို အနိုင်ရပါက သူ လိုချင်သလောက် သူ့ကိုယ်သူ အထင်ကြီးလို့ ရသည်။
ယခုလက်ရှိအခြေအနေကိုကြည့်ပြီး ဖန်ချန်း တိုက်ခိုက်ရင်း မောလာသည့်အထိ သူ သည်းခံရမည်ဖြစ်သည်။ ထို့နောက် သူ သေချာပေါက် အနိုင်ယူရမည်။
သို့သော် ချီရှောက်ရွှမ်၏ မူလစိန်ခေါ်မှုက လေးယောက် တစ်ယောက် တိုက်ခိုက်ဖို့ဖြစ်သော်လည်း အဆုံးသတ်တွင် သူက သုံးယောက် တစ်ယောက်ဆိုလျှင်ပင် တောင့်ခံနိုင်မည် မဟုတ်တော့ပေ။
ဒါက ဟာသပဲ …
အခု တိုက်ပွဲက တန်းတူရည်တူဖြစ်နေပြီဆိုတော့ အခုမှ ကျန်းယွင်ထင်က လာကူတိုက်ရအောင် ဆုံးဖြတ်လောက်တဲ့အထိ အရှက်မမဲ့လောက်ဘူးမလား။ ဘယ်လိုပဲဖြစ်ဖြစ် သူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ သားတစ်ယောက်ပဲလေ
ချီရှောက်ရွှမ်က ဒေါသကြီးနေသော ဖန်ချန်းနှင့် ကျန်းယွင်ရှီးကို တိုက်ခိုက်ရင်း ကျန်းယွင်ထင်ကို တစ်ချက်ကြည့်လိုက်သည်။
သူ မှားသွားပြီဆိုတာကို သူ သိလိုက်ရသည်။
ဆရာ ပြောလိုက်တာမှန်တယ်။ ကျန်းမိသားစုက တကယ်ကို အရှက်မရှိတာပဲ
ကျန်းယွင်ထင်က ရှေ့တိုးလာသော်လည်း သူ့မျက်နှာမှာ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ခရမ်းစံအိမ် သူတော်စင်က တကယ်ကို အရမ်းစွမ်းအားကြီးတာပဲ။ ကျွန်တော် ခင်ဗျားအတွက် သီချင်းတစ်ပုဒ်နဲ့ ဖျော်ဖြေပေးပါမယ်”
ထို့နောက် ကျန်းယွင်ထင်က သူတော်စင်တောင်ခြေတွင် ထိုင်ကာ ကုချင်းကို သူ့ပေါင်ပေါ် တင်လိုက်ရင်း စတင် တီးခတ်တော့သည်။
သူတော်စင်တောင်ခြေမှ ထွက်လာသော သံစဉ်များက နဂါးနှင့်ကျားများ၏ ဟိန်းဟောက်သံများ၊ ရာချီသော ငှက်များက ဇာမဏီငှက်ကို လေးစားသမှုဖြင့် ဟစ်ကြွေးသော အသံများနှင့် တိုက်ပွဲတွင် ထောင်ပေါင်းများစွာသော စစ်သားများ၏ ကြွေးကြော်သံများကဲ့သို့ အားကောင်းလှသည်။
ကုချင်းကို စတင်တီးခတ်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီကလည်း မြင့်တက်သွားသည်။
မလွှမ်းမိုးနိုင်သော သတ္တုဓာတ် မိုးကြိုး ဝိညာဉ်ချီက တိုက်ပွဲနေရာသို့သွားကာ ဖန်ချန်းကို ရစ်ပတ်နေသည်။
ဖန်ချန်း၏ ကြီးကျယ်သော ပညာရပ်ဖြစ်သည့် ဧရာမဝိညာဉ်ကိုယ်ထည်စစ်က တိုက်ပွဲထဲတွင် ချီရှောက်ရွှမ်အပေါ် ပြင်းထန်သော ဖိအားရှိသည်။ သို့သော် ထိုကဲ့သို့သော ကြီးကျယ်သည့်ပညာရပ်ကို အကြာကြီး ထိန်းမထားနိုင်ကြောင်း အားလုံးက သိသည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်က ဧရာမဝိညာဉ်ကိုယ်ထည်စစ်ကို အများဆုံး သုံးမိနစ်သာ ထိန်းထားနိုင်သည်။
ချီရှောက်ရွှမ်သာ ထိုသုံးမိနစ်စာကို တောင့်ခံနိုင်ပါက သူ အနိုင်ရမည် ဖြစ်သည်။
သို့သော် ကျန်းယွင်ထင်က ယခုလောက်ထိ အရှက်မဲ့လိမ့်မည်ဟု ချီရှောက်ရွှမ် ထင်မထားခဲ့ပေ။
သူက အခု ကုချင်း၏ အသံကို အသုံးပြုပြီး ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့ကို အားအင်ဖြည့်တင်းပေးနေသည်။ သူက သူတို့၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရုံသာမက သူတို့၏ တိုက်ခိုက်မှုများနှင့် ခုခံမှုများကိုပါ အဆင့်မြှင့်တင်ပေးလိုက်သည်။
ဒါက မင်း တိုက်ပွဲထဲကို ဝင်ပါလိုက်သလိုပါပဲ
အနည်းဆုံးတော့ မင်းသာ ဝင်ရောက်တိုက်ခိုက်လိုက်မယ်ဆိုရင် ငါက သုံးယောက် တစ်ယောက်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ နှစ်ယောက် တစ်ယောက် တိုက်ခိုက်နေတာလို့ မြင်ကြမှာ မဟုတ်တော့ဘူး
ကျန်းယွင်ထင်က အားပေးနေတာလို့ပဲ အားလုံးက မြင်နေရင် ဘယ်လိုလုပ်မလဲ။ အတင်းအဖျင်းတွေက ဘယ်တော့မှ ကျိုးကြောင်းဆီလျော်တာ မဟုတ်ဘူး
ဟား…ဟား…ဟား…ချီရှောက်ရွှမ်က အထွတ်အမြတ်မြေတွေအားလုံးကို စိန်ခေါ်ပြီးတော့ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်က မရေတွက်နိုင်တဲ့ ပါရမီရှင်များကို လှောင်ပြောင်ထားတာကိုလည်း မမေ့နဲ့ဦးလေ
အခု ချီရှောက်ရွှမ်က ရှုံးနိမ့်နေတာဆိုတော့ ဘယ်သူကမှ သူ့ကို အကဲဖြတ်တာကို သက်သက်ညှာညှာ လုပ်နေမှာ မဟုတ်တော့ဘူး
ခေါင်းစဉ်တွေကတော့ “ ခရမ်းစံအိမ်သူတော်စင်က ‘လေးယောက် တစ်ယောက်’ တိုက်ခိုက်မယ်ဆိုပြီး စိန်ခေါ်ခဲ့ပေမဲ့ နှစ်ယောက်နဲ့တင် တိုက်ခိုက်ပြီး ရှုံးနိမ့်သွားတယ်” ပြီးတော့ “ ခရမ်းစံအိမ်သူတော်စင် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရောက်မလာခင်မှာပဲ ရှုံးနိမ့်သွားတယ်” ဆိုပြီးတော့ ပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ တွေးနေလောက်တယ်
ကုချင်း၏ အားကောင်းသော အသံကိုနားထောင်ပြီး ချီရှောက်ရွှမ် နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
သူ့ကို ကြည့်ရတာ တိတ်ဆိတ်ပြီးတော့ သီးသန့်နေတတ်တဲ့ပုံ ပေါ်ပါတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ စိတ်အားထက်သန်စွာနဲ့ တီးခတ်နိုင်ရတာလဲ
အံ့ဖွယ်မိုးကောင်းကင် အစ်ကို(၂) ကျန်းယွင်ထင်က ကျက်သရေရှိပြီး ဖော်ရွေပျူငှာတယ်လို့ အားလုံးက ပြောနေကြတယ်။ ချစ်ခင်နှစ်သက်ဖို့ကောင်းတဲ့ သိမ်မွေ့တဲ့သူတဲ့။
ငါကတော့ ရူးသွားမှပဲ အဲဒီစကားကို ယုံလိမ့်မယ် …
ခရမ်းရောင် အရှိန်အဝါနဂါးက လှံတံနှင့် ကျားလက်သည်းများ၏ ဖျက်စီးခြင်းကို ဆက်တိုက်ခံနေရသည်။ ထိုအရာက ဆက်ပြီးသည်းခံကာ မကြည့်နိုင်လောက်အောင်ပင် ရက်စက်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။
ချီရှောက်ရွှမ်၏ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။ သူက နဂါးနက်ရထားလုံးကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ အောင်းဝူ ငါ့ကို ကယ်ပါဦး”
နဂါးချိုပါသော ကောင်လေးက ပြုံးကာ ပြောလိုက်သည်
“ အစ်ကိုရှောက်ရွှမ်… အစ်ကိုရဲ့ မျက်နှာက ဖူးယောင်နေပြီ”
အရှေ့ပိုင်းလွင်ပြင်မှာ သူနဲ့ယှဉ်ပြီး တိုက်ခိုက်ဖို့ ဘယ်သူမှ မထိုက်တန်ဘူးလို့ သူ ပြောခဲ့တာ မဟုတ်လား။ အဲဒါကို တစ်ခါထဲနဲ့ လေးယောက်လုံးနဲ့ တိုက်ခိုက်မယ်လို့ ပြောခဲ့သေးတယ်။ နောက်ဆုံးတော့လည်း သူက အံ့ဖွယ်မိုးကောင်းကင်ရဲ့ ပါရမီရှင်တွေဆီက ရိုက်နှက်ခံလိုက်ရတာတဲ့လား
ချီရှောက်ရွှမ်သာ စောနကလိုမျိုး ကိုယ့်ကိုယ်ကို အထင်ကြီးသည့် စကားမျိုး မပြောခဲ့ပါက သူ ရှုံးသွားလျှင်ပင် ဂုဏ်သိက္ခာကို ထိန်းထားလို့ရသေးသည်။
သူက အရမ်းမောက်မာပြီး အာချောင်တော့ သနားစရာပဲ
သူက လေးယောက် တစ်ယောက် တိုက်ခိုက်ချင်တယ်လို့ ပြောခဲ့ပေမဲ့ အခု သူ့ဂုဏ်သိက္ခာက လုံးဝ ကြေမွပျက်စီးသွားပြီ
ဒီတစ်ခါ ပိုပြီးတော့ ပြင်းထန်တယ်
အောင်းဝူ၏ လှောင်ပြောင်သော စကားများကြောင့် ချီရှောက်ရွှမ်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်
“ ညဘက် မင်းကြိုက်တဲ့ မုန့်တွေ မစားရတော့ဘူး”
အား….
နဂါးချိုများနှင့် လူငယ်လေးက အသွင်ပြောင်းသွားသည်။
ပြင်းထန်သော အံ့ဖွယ်နဂါးနက် ဟိန်းဟောက်သံ ထွက်လာပြီးနောက် သူ့အရှိန်အဝါကလည်း ဖန်ချန်းနီးပါး ကြောက်ဖို့ကောင်းနေသည်။
ဒီထက်ပိုပြီး အရေးကြီးသည်က ထိုနဂါးနက်၏ ခေါင်းပေါ်တွင် မတ်တပ်ရပ်လိုက်သည့်အခါ သူတို့၏ အရှိန်အဝါများ အလျင်အမြန်ပေါင်းစပ်သွားကာ အချင်းချင်း၏ အရှိန်အဝါကိုလည်း တိုးမြင့်သွားစေသည်။
“ နဂါးသူရဲကောင်းနဲ့ နဂါးက တစ်သားထဲဖြစ်သွားပြီးတော့ ဂုဏ်ရှိမှုကိုရော ယုတ်ညံ့မှုကိုရော မျှဝေမယ်”
ချီရှောက်ရွှမ်က အောင်းဝူနှင့် တွဲတိုက်ဖို့အထိ ဖိအားအပေးခံခဲ့ရတာကို အရှက်ရခဲ့သည်။ သို့သော် ကြီးကျယ်စွာ မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။
သူ၏ ကောင်းကင်ပုဆိန်လှံရှည်က နဂါးစွမ်းအင်၏ အကူအညီကြောင့် ပိုပြီး ရှည်လျားလာသည်
“မင်းတို့ ငါ့ကို ဒီကိစ္စမှာ လေးလေးနက်နက် ယူဆဖို့အတွက် ကူညီပေးလို့ ဂုဏ်ပြုပါတယ်။”
ထိုအရာက နှစ်ယောက်၊ နှစ်ယောက် တိုက်ခိုက်မှု ဖြစ်သည်။ ဖန်ချန်းနှင့် ကျန်းယွင်ရှီးတို့ကလည်း တိုက်ခိုက်ချင်စိတ်များ ပြင်းထန်နေကြသည်။ ထိုအချိန်တွင် ကျန်းယွင်ထင်က မျက်မှောင်ကြုတ်လိုက်မိသည်။
အောင်းဝူက သူနှင့်ပေါင်းစပ်ပြီးနောက် ချီရှောက်ရွှမ်၏ တိုက်ခိုက်စွမ်းရည် နှစ်ဆတိုးသွားသည်ကို သူခံစားမိလိုက်သည်။
ဒဏ္ဍာရီလာ နဂါးသူရဲကောင်း… ပြိုင်ဘက်ကင်း နဂါးသူရဲကောင်း
သူတော်စင်သာ ယခုအချိန်ပေါ်မလာပါက ချီရှောက်ရွှမ်ကို ကိုင်တွယ်ဖို့အတွက် အရမ်းခက်ခဲမည် ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာက အန္တရာယ်ရှိနေလေပြီ။
လူတော်တော်များများမှာ အတွေးတူနေကြပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ အကြီးအကဲများအားလုံးကလည်း သူတော်စင်တောင်ကို ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် သူတော်စင်တောင်၏ ပတ်လည်ရှိ ကာကွယ်ရေးအစီအရင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ဖျော့တော့သော မိုးကြိုးက သူတော်စင်တောင်ပေါ်ရှိ ထူထဲသော တိမ်တိုက်များထဲတွင် လှုပ်ခတ်နေသည်။
ဒီထက်ပိုပြီးအရေးကြီးသည်က ထိုတိမ်တိုက်များထဲတွင် ကောင်းကင်တာအို၏ ရည်ရွယ်ချက်များ ရှိနေသည်။
ထိုအရာက ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်က ဝိဇ္ဇာတစ်ယောက်ဖြစ်လာမှ သို့မဟုတ် ရတနာတစ်ပါး ပေါ်ထွက်လာမှသာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ပေါ်လာလေ့ ရှိသည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူအားလုံး ကြောင်အသွားကြသည်။
ထိုသူတော်စင်တောင်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင် နေထိုင်ကြောင်း အားလုံးက သိထားကြသည်။ ထို့အပြင် သူက သီးသန့်ကျင့်ကြံနေသည်။
အခု ကာကွယ်အရေး အစီအရင်တွေ ပျက်စီးသွားပြီးတော့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ပေါ်လာပြီ။ ဘာတွေဖြစ်နေတာပါလိမ့်။ တစ်ယောက်ယောက်က ဝိဇ္ဇာဖြစ်လာဖို့အတွက် စမ်းသပ်ချက် ခံယူမလို့များလား
စုန့်ဖူကွေ့က ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်
“ သူတော်စင်ရှန်ထျန်းက ဝိဇ္ဇာတစ်ပါး ဖြစ်လာမယ်လို့တော့ မပြောနဲ့နော်”
လျှိုထိုက်ယီ၏ အကြည့်တို့ ချက်ချင်းတောက်ပသွားကာ ကျောက်စိမ်းပေလွှာကို ချက်ချင်းထုတ်ပြီး မှတ်တမ်းတင်လိုက်သည်။
ဒါသာ အမှန်ဆိုရင် ကမ္ဘာမြေကို တုန်လှုပ်သွားစေမဲ့ သတင်းတစ်ခုပဲ
ပြီးတော့ သူတော်စင်ရှန်ထျန်းက အရမ်းငယ်သေးတယ်လေ။ သူသာ ဝိဇ္ဇာတစ်ယောက် ဖြစ်လာမယ်ဆိုရင် တကယ်အံ့ဩစရာပဲ
ချီရှောက်ရွှမ်နှင့် အောင်းဝူက တိုက်ပွဲနေရာကနေ သူတော်စင်တောင်ဆီ လေးနက်သော မျက်နှာထားများဖြင့် စိုက်ကြည့်လိုက်ကြသည်။
အထူးသဖြင့် ခုနစ်ယောက်မြောက် နဂါးမင်းသား အောင်းဝူ၏ ခန္ဓာကိုယ် တုန်ရီလာပြီး စိတ်နှလုံးသားထဲတွင် ခံစားချက်တစ်ခု မြင့်တက်လာသည်။
ဒူးထောက်ပြီး အရိုအသေပြုရမည့် ဆန္ဒတစ်ခုပင် ဖြစ်၏။