← Chapters

ဝါစဉ်အရ ဒါက မင်းရဲ့ အဘိုးလေးပဲ

Vol. 19 Ch. 283

ဝါစဉ်အရ ဒါက မင်းရဲ့ အဘိုးလေးပဲ

Vol. 19 Ch. 283

အခန်း (၂၈၃) : ဝါစဉ်အရ ဒါက မင်းရဲ့ အဘိုးလေးပဲ

နိဗာနတော်ဝင်ရေစင်ကို အသုံးပြုပြီး အားအင်ဖြည့်တင်းလိုက်သည့်အတွက် အောင်းပင်း၏ စမ်းသပ်ချက်က အဆင်ပြေချောမွေ့စွာ ဆက်လက်ဖြစ်သွားသည်။

မိုးကြိုးစမ်းသပ်ချက် လျှပ်စီးလှိုင်းများက လက်နက်များအဖြစ်သို့ ပြောင်းလဲကာ နဂါးဥကို တိုက်ခိုက်နေကြသည်။ သို့သော် အားလုံးကို အောင်းပင်း လုပ်ထားသော နဂါးချပ်ဝတ်မှ တားဆီးပေးလိုက်သည်။

မိုးကြိုးက အောင်းပင်း၏ သွေးကိုလည်း သန့်စင်ပေးကာ ဒုတိယဘဝ၏ ခန္ဓာကိုယ်အသစ်ကို ပိုမိုပြီးပြည့်စုံအောင် လုပ်ပေးနေသည်။

မကြာခင်မှာပဲ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက် ပျောက်ကွယ်သွားကာ သူတော်စင်တောင်နှင့် နဂါးဥပေါ်သို့ နေရောင်ခြည် ထပ်မံဖြာကျလာသည်။

ဂျွတ် ...

နဂါးဥ ကွဲထွက်သွားကာ အနက်ရောင် ဂါဝန်ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ထွက်လာသည်။ သူမက ကနဦးဝိညာဉ် ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူမ၏ အရှိန်အဝါက သာမန်ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် လုံးဝ မတူဘဲ တစ်မူထူးခြားနေသည်။

အားလုံးရှေ့တွင် သိမ်မွေ့သော မျက်နှာလေးပေါ်လာပြီး သူမက ပြိုင်ဘက်ကင်းစွာ ချစ်ဖို့ကောင်းနေသည်။

မျက်နှာလေးက ငယ်ရွယ်ပြီး မရင့်ကျက်သည့်ပုံ ပေါ်သော်လည်း ထိုမိန်းကလေးတွင် ဆွဲဆောင်မှုရှိပြီး ရှိသင့်သည့်နေရာ ရှိသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်။

အန္တရာယ်ရှိပြီး မိုက်တဲ့ နဂါးတစ်ကောင်ပဲ

“ ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ နဂါးအစ်မကြီးလဲ။ ကျွန်တော် ဘာလို့ သူမကို နဂါးကျွန်းမှာ မမြင်ဖူးတာပါလိမ့်” အောင်းဝူက တောက်ပစွာကြည့်ရင်း ရေရွတ်နေသည်။

“ သူမရဲ့မျိုးရိုးက အရမ်းသန့်တာပဲ။ ကျွန်တော်ထက်တောင် ပိုသန့်သေးတယ်”

သူမက အခု ဒီဘက်ကို ကြည့်နေပြီ

အောင်းဝူ၏ ချစ်စရာကောင်းသော မျက်နှာလေး နီရဲသွားသည်။

အဘယ်ကြောင့်ဆိုသော် သူတော်စင်တောင်ပေါ်ရှိ အနက်ရောင်ဂါဝန် ဝတ်ဆင်ထားသော မိန်းကလေးက သူ့တည်ရှိမှုကို ခံစားမိသွားသောကြောင့်ပင် ဖြစ်သည်။ သူမက အောင်းဝူဘက်သို့ လှည့်ကာ နဂါးနက်အသွင်ပြောင်းကာ ပျံသန်းလိုက်ရင်း သူ့ရှေ့တွင် ဆင်းသက်လိုက်သည်။

သူမက လူသားအသွင်အဖြစ် ပြန်ပြောင်းကာ အောင်းဝူကို စိုက်ကြည့်ပြီး ပြောလိုက်သည်

“ ကောင်စုတ်လေး … မင်းက နဂါးနက်ကျွန်းကလား”

ကောင်စုတ်လေးတဲ့လား

ဒီငတုံးမလေးက ငါ့ကို စော်ကားနေတာလား

ငါက လုံးဝ အသေးလေး မဟုတ်ဘူး။ ငါက လုံးဝ ကောင်စုတ်လေး မဟုတ်ဘူး

အောင်းဝူ ဒေါသထွက်သည့်အတွက် မျက်နှာများပင် နီရဲလာသည်။ ဒီအစ်မကြီးကို အတော်လေး ချစ်ဖို့ကောင်းသည်ဟု ထင်ခဲ့သော်လည်း နှုတ်ကြမ်းနေသည်။

အောင်းဝူက အောင်းပင်းကို လက်တစ်ဖက်ဖြင့် လက်ညှိုးထိုးကာ ကျန်လက်တစ်ဖက်ဖြင့် ခါးထောက်ထားရင်း ပြောလိုက်သည်

“ မင်းက ဘယ်လိုလုပ်ပြီးတော့ လုပ်ရဲတာလဲ။ ငါက နဂါးနက်ကျွန်းရဲ့ ခုနစ်ယောက်မြောက် မင်းသား အောင်းဝူပဲ။ မင်းက ဘာလို့ ငါ့အပေါ် တအားရိုင်းနေရတာလဲ”

ဂွက် …

အောင်းဝူက ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ နဖူးတွင် အဖုကြီးတစ်ခုပေါ်လာသည်။

အောင်းပင်းက ခါးထောက်ရင်း ပြန်ပြောလိုက်သည်

“ နဂါးနက်ကျွန်းရဲ့ မင်းသား(၂) အောင်းလိန်က မင်းနဲ့ ဘာတော်တာလဲ”

နဂါးနက်ကျွန်းရဲ့ မင်းသား  (၂)ဆိုတော့ အစ်ကို(၂) မဟုတ်လား။ သူ့နာမည်က အောင်းလီ မဟုတ်ဘူးလား။ သူ့နာမည်ကို ဘာလို့ အောင်းလိန်လို့ ပြောင်းလိုက်ရတာလဲ

အောင်းဝူက သူ့ခေါင်းပေါ်က အဖုလေးကို ပွတ်ကာ ပြောလိုက်သည်

“ အစ်မကြီး အမှတ်မှားထားတာလားဟင်။ ကျွန်တော်ရဲ့ အစ်ကို(၂)နာမည်က အောင်းလိန် မဟုတ်ပါဘူး”

အောင်းပင်းက မမေးခင် အံကြိတ်လိုက်သည်

“ နဂါးနက်ကျွန်းမှာ အောင်းလိန်လို့ ခေါ်တဲ့ အကြီးအကဲ တစ်ယောက် ရှိတယ် မဟုတ်လား”

အောင်းပင်း၏ လက်သီးထပ်မြောက်လာသည်ကို မြင်လိုက်ရသည့်အတွက်  သူမကို ပြောပြဖို့ ရွေးချယ်လိုက်ရတော့သည်

“ ဟုတ်တယ်…ဟုတ်တယ်… ကျွန်တော်ရဲ့ အဖိုးက အောင်းလိန်လို့ ခေါ်ပါတယ်။ အစ်မကြီး… အစ်မကြီးက ဘာလို့ ကျွန်တော်ရဲ့ အဘိုးအကြောင်းကို မေးနေရတာလဲ”

အဘိုးတဲ့လား။

အောင်းလိန်က ဒီကလေးရဲ့ အဘိုးတဲ့လား

အောင်းပင်း ကြောင်အသွားသည်။ သူမက အောင်းဝူကို ပိုမိုကြင်နာစွာဖြင့် အဘွားတစ်ယောက်ကဲ့သို့ စေတနာထက်သန်သည့်ပုံစံဖြင့် စိုက်ကြည့်လိုက်သည်။

“ ဒါက မမျှော်လင့်ထားတဲ့အရာပဲ။ အဲဒီစည်းကမ်းတင်းကြပ်တဲ့ လိန်လေးက လက်တွဲဖော် ရှာတွေ့သွားတယ်ပေါ့။ ကောင်းကင်ဘုံက မျက်စိကန်းနေတာပဲ ဖြစ်လိမ့်မယ်”

အောင်းဝူ၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားရသည်။ သူက အနည်းငယ် နောက်ဆုတ်ကာ ပြင်းထန်စွာ ပြောလိုက်သည်

“ ကျွန်တော်ရဲ့ အဘိုးက နဂါးနက် ဘုရင်ဟောင်းပဲ။

အစ်မကြီးဆီမှာ အရမ်းကို သန့်စင်တဲ့ မျိုးရိုးကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ကျွန်တော်ရဲ့ အဘိုးကို အခုလိုမျိုး စော်ကားနေမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်”

အပြစ်ပေးခံရမယ်တဲ့လား

ခဏအတွင်းမှာပင် အောင်းပင်းက အောင်းဝူရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ဖောင်းအစ်နေသော ပါးများကို ဆွဲလိုက်ပြီး သူမက ခပ်ဖွဖွရယ်ကာ ပြောလိုက်သည်

“ အောင်းလိန်အကြောင်းကို ပြောလို့ ငါက အပြစ်ပေးခံရမယ်တဲ့လား။ အဲဒီကလေးက အခုဆို ဟိတ်ဟန်တွေ များနေပြီပေါ့။ ပြီးတော့ မင်းကို ဘယ်သူက ငါ့ကို အစ်မကြီးလို့ ခေါ်ခိုင်းလို့လဲ”

အပွင့်လင်းဆုံးပြောရလျှင် နဂါးပေါက်လေးများ၏ ခပ်ဖောင်းဖောင်းပါးများက ဆွဲဆိတ်လို့ အကောင်းဆုံး ဖြစ်သည်။

သူ့ပါးများ ညှစ်ခံနေရသည့်အတွက် အောင်းဝူက နှိပ်စက်ခံရသလိုမျိုး ခံစားနေရသည်

“ ဒါဆိုရင် ဘယ်လိုမျိုး ခေါ်သင့်တာလဲ”

အောင်းပင်းက အောင်းဝူ၏ မျက်နှာလေးကို လွှတ်ပေးကာ အနက်ရောင် အမှတ်အသားပြားတစ်ခုကို ထုတ်ပြီး ပြောလိုက်သည်

“ ဒါက ငါ့ရဲ့ ရာထူးအမှတ်အသားပြားပဲ။ မင်းဘာသာမင်း ကြည့်လိုက်”

အောင်းဝူက အမှတ်အသားပြားကို ယူပြီးနောက် အမြန်နောက်ဆုတ်ကာ ချီရှောက်ရွှမ်၏ ဘေးသို့ သွားရပ်လိုက်သည်။ သနားစရာကောင်းသော မျက်ရည်စက်များလည်း စီးကျလာသည်။

ဒီအစ်မကြီးက အရမ်းလှပေမဲ့ အရမ်းနှိပ်စက်တာပဲ။ အဲလိုမျိုး အပေါက်ဆိုးတဲ့အမျိုးသမီးကတော့ လက်တွဲဖော်ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး

အောင်းဝူက အောင်းပင်း ပေးသော အမှတ်အသားပြားကို လေ့လာကြည့်လိုက်သည်။ လက်သည်းငါးခုပါ နဂါးနက်တစ်ကောင်ပုံစံကို ထွင်းထုထားပြီး ကြည့်ရတာ အရမ်းပြင်းထန်ပြီး လွှမ်းမိုးပုံပေါ်သည်။

ဒါက နဂါးနက်ကျွန်းရဲ့ ရာထူး အမှတ်အသားပဲ။ အမှတ်တံဆိပ်ရဲ့ စွမ်းအားက နယ်မြေငါးခုလုံးအပေါ် သက်ရောက်မှု ရှိတယ်။ ဘယ်သူမှ ဒီအမှတ်အသားပြားရဲ့ အာဏာကို အထင်မသေးရဲဘူး

အမှတ်အသားပြား၏ ကျောဘက်တွင် “ အကြီးဆုံး မင်းသမီး အောင်းပင်း” ဟု ရေးထိုးထားသည်။

နဂါးနက်ကျွန်း…အကြီးဆုံး မင်းသမီး…အောင်းပင်း… တဲ့လား။ အရမ်းရင်းနှီးနေတဲ့ နာမည်တစ်ခုပဲ…

အော်….

အမလေး….

အမလေးလေး…

သူ့အဖေက ဒီနာမည်ကို ထုတ်ပြောဖူးတာကို အောင်းဝူ ရုတ်တရက် မှတ်မိသွားသည်။

အကြီးဆုံး မင်းသမီးအောင်းပင်းက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက နဂါးနက်ကျွန်းတွင် စွမ်းအားအကြီးဆုံး ပါရမီရှင်ဖြစ်ပြီး သူမတွင် အသန့်စင်ဆုံး သွေးမျိုးဆက် ပိုင်ဆိုင်ထားသည်။

ထိုကဲ့သို့သော ဆူပုအုံကြွသည့်ခေတ်တွင် နဂါးနက်ကျွန်း၏ အောင်းပင်းနှင့် တောင်ပိုင်းနယ်မြေ နိဗာနတော်တန်း၏ ဇာမဏီဘုရင်မ နှစ်ယောက်တို့က နတ်ဆိုးမျိုးနွယ်၏ စွမ်းအားအကြီးဆုံး ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။

အောင်းပင်းသာ တိုက်ပွဲအတွင်း ဆန်းကြယ်စွာ မပျောက်ကွယ်သွားပါက သူမက မြောက်ပင်လယ် နဂါးနက်ကျွန်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေမည်။ သူမသာ ဦးဆောင်လိုက်ပါက နဂါးမျိုးနွယ်က ဇာမဏီမျိုးနွယ်နှင့် တန်းတူရပ်တည်နိုင်ခဲ့မည် ဖြစ်၏။

ဒီအစ်မကြီးက ဒီအမှတ်အသားပြားကို ဘယ်လိုရတာလဲ။ သူမရဲ့ မျိုးရိုးကလည်း သေချာပေါက် အရမ်းထူးခြားတယ်… ဒါဆို…

အောင်းပင်း ပင့်သက်ရှိုက်လိုက်မိသည်။ သူ အရမ်းထိတ်လန့်သွားသည့်အတွက်ပင် နဂါးအသက်ငွေ့ပင် ထွက်သွားသည်

“ မင်း…မင်း…မင်း… မင်း…”

အောင်းပင်းက ခါးထောက်ထားကာ ရင်ကော့လိုက်သည်။

သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်

“ ဟုတ်တယ် … ငါက အောင်းလိန်ရဲ့ အစ်မကြီးပဲ။ ဝါစဉ်လိုက် စီရင် မင်း ငါ့ကို ဖွားဖွားလို့ ခေါ်သင့်တာ။

ဖွား … ဖွားဖွားတဲ့လား …

အောင်းပင်းက နှုတ်ခမ်းကို တွန့်ချိုးကာ သူမထက် ခေါင်းတစ်ဝက်စာလောက်သာ အရပ်ရှည်သည့် နဂါးချိုပါသော ကောင်မလေးကို ကြည့်လိုက်သည်။

ဘာတွေဖြစ်ကုန်တာလဲ

ဒီအစ်မကြီးက ငါ့ရဲ့ အဖွားပဲ။ သူမ နောက်နေတာပဲ ဖြစ်ရမယ်

အဖွားအောင်းပင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်ကတည်းက ပျောက်သွားပြီလို့ ပြောကြတယ်မဟုတ်လား။ သူမက ဒီမှာ ရောက်နေတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

အောင်းဝူက အောင်းပင်းကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ဘဝအဓိပ္ပာယ်ကို ယုံကြည်မှု ကင်းမဲ့လာသည်။ ချီရှောက်ရွှမ်၏ သံသယရှိသော အသံကိုလည်း စိတ်ထဲမှ ကြားလိုက်ရသည်

ကောင်းကင်ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထားပြီး ခရမ်းရောင် အရှိန်အဝါ လွှမ်းခြုံထားသော ချီရှောက်ရွှမ်က အောင်းပင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ငါသာ မမှားဘူးဆိုရင် နဂါးမင်းသမီး အောင်းပင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက တည်ရှိခဲ့တာ။

မင်းကိုယ်မင်း နဂါးမင်းသမီး အောင်းပင်းလို့ ပြောဖို့အတွက် တခြားအထောက်အထား ဘာတွေရှိသေးလဲ။ ဒီနဂါးနက် အမှတ်အသားပြား တစ်ခုတည်းနဲ့တင် ယုံကြည်ဖို့ မလုံလောက်ဘူး”

အမှန်အတိုင်း ပြောရလျှင် ချီရှောက်ရွှမ် အားကျနေမိသည်။

သူက မြောက်ပင်လယ် နဂါးနက်ကျွန်း၏ နဂါးမင်းသားလေးဆီမှ အသိအမှတ်ပြုမှုကို ရရှိကာ နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ဆိုခဲ့ရသည့်အတွက် သူအမြဲတမ်း ဂုဏ်ယူနေခဲ့သည်။

သူ သိထားသည်အရ နှစ်ပေါင်းရာကျော်အတွင်း နဂါးမျိုးနွယ်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ပြီး နဂါးသူရဲကောင်းတစ်ယောက် ဖြစ်လာသည်ဟု သိထားသည်။

သို့သော် ဒီနေ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် နောက်ထပ် နဂါးနက် တစ်ကောင်ကို မြင်လိုက်ရသည်။

ဒီနဂါးနက်က အင်မတန်သန့်စင်ပြီး အားကောင်းတဲ့ မျိုးရိုးကို ပိုင်ဆိုင်ထားတယ်။ အောင်းဝူကိုတောင် ဖိနှိပ်လိုက်နိုင်တယ်

ဒီထက်ပိုပြီးအရေးကြီးတာက သူမက နဂါးမလေးလေ

အဲဒါကလည်း အရမ်းကို ဆွဲဆောင်မှုရှိတဲ့ နဂါးမလေး

ချီရှောက်ရွှမ် စိတ်ပျက်အားလျော့သွားမိသည်။ မနာလိုမှုက သူ့ကို အင်မတန် နေရခက်စေသည်။

ထိုမိန်းမငယ်လေးက အောင်းပင်း မဟုတ်ဖို့အတွက် သူ တကယ် မျှော်လင့်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် နဂါးသူရဲကောင်း၏ ရာထူးက ကိုယ် စာချုပ်ချုပ်ဆိုထားသော နဂါးနှင့် တိုက်ရိုက်အချိုးကျသည်။

ချီရှောက်ရွှမ်၏ နဂါးနတ်ဘုရား စာချုပ်က အောင်းဝူနှင့် ချုပ်ဆိုခဲ့သည်။ ထို့ကြောင့် သူ့ရာထူးက အောင်းဝူနှင့် အတူတူပင် ဖြစ်သည်။ သူ့အနေဖြင့် မြောက်ပင်မယ် နဂါးနက် ဘုရင်ကို “ဦးလေး”ဟု ခေါ်ရမည် ဖြစ်၏။

သူသာ နဂါးနက်ဘုရင်ဟောင်း အောင်းလိန်နှင့် တွေ့ဆုံပါက ဝါစဉ်အလိုက် နှစ်ဆင့် နိမ့်ကျသွားမည်။

ဤမိန်းကလေးကသာ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက နဂါးမျိုးနွယ်၏ အကြီးဆုံးမင်းသမီး အောင်းပင်းဖြစ်ပါက ချီရှောက်ရွှမ်လည်း သူမကို အဖွားဟု ခေါ်ရပေမည်။

ချီရှောက်ရွှမ် ကြားလိုက်တာသာ မှန်ပါက ထိုမိန်းမငယ်လေးက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အစ်မကြီးပင်းဟု ခေါ်ခိုင်းထားသည်။

ထိုသွယ်ဝိုက်ပြောဆိုမှုက ချီရှောက်ရွှမ်ကို ထုံထိုင်းသွားစေသည်။

မဟုတ်ဘူး…မဟုတ်ဘူး… သူမက အောင်းပင်း မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။

အောင်းဝူ၏ သိမ်မွေ့ငယ်ရွယ်သော မျက်နှာပေါ်ရှိ မျက်ခုံးများက သံသယဝင်နေပုံရသော ချီရှောက်ရွှမ်နှင့် အောင်းဝူကို ကြည့်ကာ တွန့်ချိုးထားမိသည်။

သူမက ချီရှောက်ရွှမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မင်းက ငါ့ရဲ့ ရာထူးကို သံသယဝင်ရဲတယ်ပေါ့လေ။ အတင့်ရဲလိုက်တာ”

ဂါး…

အောင်းပင်း ကျယ်လောင်သော နဂါးဟိန်းဟောက်သံကို ထုတ်လိုက်ပြီး ချီရှောက်ရွှမ်၏ ရှေ့သို့ ရောက်ရှိသွားသည်။

သိမ်မွေ့သော ညာဖက်လက်က တန်ဖိုးကြီးသော ရတနာများဖြင့် လင်းလက်တောက်ပနေသည်။ ထိုအရာက ချီရှောက်ရွှမ်၏ မျက်နှာကို ရိုက်နှက်လိုက်သည်။

“ နဂါးလက်သည်း”

ထိုရိုက်နှက်မှုက သိမ်မွေ့သည်ဟု ထင်ရသော်လည်း ချီရှောက်ရွှမ်၏ မျက်နှာ ရုတ်တရက် ဖူးယောင်လာသည်။

“ နဂါးချပ်ဝတ်တန်ဆာ”

ချီရှောက်ရွှမ်၏ ခန္ဓာကိုယ်ပတ်လည်တွင် စုဝေးနေသော ခရမ်းရောင်အရှိန်အဝါများက ခရမ်းရောင် နဂါးကြေးခွံ ချပ်ဝတ်တန်ဆာအဖြစ်သို့ ပြောင်းလဲသွားသည်။

လှောင်ပြောင်သော အကြည့်က အောင်းပင်း၏ မျက်နှာပေါ်တွင် ဖြစ်တည်လာသည်။ သူမ၏ လက်လေးဖြင့် ချပ်ဝတ်တန်ဆာပေါ်သို့ ဖိလိုက်သည်။

ဂါး…

ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့် နဂါးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထို ချပ်ဝတ်တန်ဆာက အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ပျံ့လွင့်နေသော ချပ်ဝတ်တန်ဆာ အပိုင်းအစများနှင့်အတူ အောင်းပင်းက ချီရှောက်ရွှမ်၏ ကောင်းကင်ပုဆိန်လှံရှည်မှ ကိုင်ကာ လေထဲသို့ လွှင့်ထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချီရှောက်ရွှမ်က ကြီးမားသော နဂါးတစ်ကောင် သူ့ကို ဝင်တိုက်သွားသည်ဟု ခံစားလိုက်ရပြီး ပါးစပ်မှ သွေးများပင် အန်ထွက်သွားသည်။

ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းတဲ့ နဂါးမလဲ။ သူမက ဘာလို့ ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ

“ မင်းက ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဆိုတော့ရော ဘာဖြစ်လဲ။ ငါ မင်းတို့လိုလူမျိုးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက အများကြီး သတ်ဖူးတယ်”

အောင်းပင်းက ချီရှောက်ရွှမ်နှင့် အောင်းဝူကို ကြည့်ကာ ပြောလိုက်သည်

“ မင်းလို သာမန်အဆင့်ပဲ ရှိတဲ့သူက ဘယ်လိုလုပ်ပြီးတော့ နဂါးမျိုးနွယ်ရဲ့ လူသားတွဲဖက် ဖြစ်လာရတာလဲ။

လူသားတွဲဖက်က လူသားကမ္ဘာမှာ ငါတို့မျိုးနွယ်ရဲ့ ကိုယ်စားပြုလေ။ သူက အရမ်းအားနည်းတယ်။ စာချုပ်ကို မြန်မြန် ဖျက်သိမ်းလိုက်တာ ကောင်းလိမ့်မယ်”

ရှုံးနိမ့်သွားတာလား

သူတော်စင်တောင်ခြေတွင် ကြည့်နေသော ပရိတ်သတ်အားလုံး အံ့အားသင့်သွားရသည်။

ခရမ်းစံအိမ် သူတော်စင် ချီရှောက်ရွှမ်က အရှေ့ပိုင်းလွင်ပြင် ရွှေအမြုတေစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့သလို သူ့မျိုးဆက်မှာလည်း ပါရမီရှင်တွေကြားမှာ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ဒီနဂါးမလေးရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတယ်တဲ့လား။ သူမရဲ့ စွမ်းအားက အရမ်းကြီးနေလို့ ဖြစ်လိမ့်မယ်

သူမက ယခုပုံစံလိုမျိုး ငယ်ရွယ်နေလိမ့်မည်ဟု ဘယ်သူမှ မယုံကြည်ကြသော်လည်း သူမ၏ ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်ဆိုတာကို ဘယ်သူမှ သံသယမဝင်ကြပေ။

ရွှေအမြုတေ ကျင့်ကြံသူက ၁၀ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကျင့်ကြံသူကို တစ်ချက်ထဲနဲ့ တိုက်ခိုက်လိုက်နိုင်တယ်တဲ့လား။ သူမရဲ့ မွေးရာပါ အရည်အချင်းက ကြောက်ဖို့ကောင်းလိုက်တာ

ချီရှောက်ရွှမ်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို စိန်ခေါ်ဖို့အတွက် ဂုဏ်မောက်နေခဲ့တာလေ

နောက်ဆုံးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မတိုက်ခိုက်ချင်လို့ အခုမှ ဥကနေ ပေါက်လာတဲ့ နဂါးမလေးတစ်ကောင်ကို လွှတ်လိုက်ပြီး သူမက ချီရှောက်ရွှမ်ကို အလွယ်တကူလေး အနိုင်ယူသွားတယ်

လူအုပ်ထဲမှ လီယွင်ဖုန်းက အောင်းပင်းနှင့် ချီရှောက်ရွှမ်ကို တောက်တောက်ပပ အကြည့်များဖြင့် ကြည့်လိုက်သည်။

သူ့ဆီမှာ မနက်ဖြန်အတွက် အထူးသတင်းရှိနေလေပြီ။

အာဏာကြီးသော အောင်းပင်းကို ကြည့်ပြိး ချီရှောက်ရွှမ် မရေမရာ ဖြစ်နေမိသည်။

အောင်းပင်းက လက်ချောင်းများကို အသာလှုပ်လိုက်သည့်အခါ အောင်းဝူ၏ လက်ထဲရှိ နဂါးနက်အမှတ်အသားပြားက သူ့ဆီသို့ ပြန်ရောက်လာသည်။

အောင်းပင်းက သူမ၏ နတ်ဘုရားအသိစိတ်ဖြင့် နဂါးနက် အမှတ်အသားပြားကို အသက်သွင်းပေးလိုက်သည်။ အမှတ်အသားပြားမှ တောက်ပသော အလင်းတန်းထွက်လာကာ ကောင်းကင်ကို တောက်ပသော အလင်းရောင်ဖြင့် ဖြည့်စည်းပေးလိုက်သည်။

မကြာခင်မှာပဲ တောက်ပသော အလင်းရောင်က ခမ်းနားသော ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်သည်။

ထိုအရာက ချော်ရည်ထဲတွင် နစ်မြုပ်နေသော နဂါးကြီးတစ်ကောင်၏ ပုံရိပ် ဖြစ်သည်။ ပေါ်ထွက်နေသေးသော နဂါး၏ အစိတ်အပိုင်းများကပင် ပေတစ်ရာကျော်သည်။

ထိုအရာက အနက်ရောင်ဖြစ်ပြီး အနီရင့်ရောင် မျက်လုံးများက မလွှမ်းမိုးနိုင်သော အာဏာကို ပိုင်ဆိုင်ထားသည်။ တကယ့်နဂါးအစစ်က ဝေးနေသော်လည်း အကုန်လုံး သူ၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားကြည့်လို့ ရနိုင်သည်။

ထိုအရာက နဂါးဘုရင်ဆိုတာ သေချာသည်။ ထိုနဂါးသာ တကယ်ရှိနေပါက နယ်မြေငါးခုက လူတွေအားလုံး ကြောက်ဒူးတုန်နေကြမည် ဖြစ်သည်။

သို့သော် နဂါးက ပတ်ဝန်းကျင်ကို အကဲခတ်ကာ ထိတ်လန့်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်

“ ဒီ နတ်ဘုရားအသိစိတ်က… ဒါက…”

အောင်းပင်းက သူမ၏ ခေါင်းလေးကို မော့ကာ ပြောလိုက်သည်

“ မောင်လေး (၂) အစ်မပါ။ မင်းရဲ့ အစ်မကြီးလေ”

နဂါးဘုရင်၏ ထိတ်လန့်နေသော အနီရောင်မျက်လုံးများက သူ၏ ငယ်ဘဝတွင် ရင်းနှီးခဲ့သော မျက်နှာလေးကို မြင်ရသည့်အခါ ပိုပြီးတော့ ပြင်းထန်လာသည်။ သူက စွမ်းအင်လှိုင်းများ ထုတ်လိုက်သည်။

ဝုန်း…

ကြီးမားသော မီးတောင်ကြီး ပေါက်ကွဲသွားကာ ချော်ရည်များလည်း ကောင်းကင်သို့ ပန်းထွက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို မီးပင်လယ်ဖြစ်သွားစေကာ မီးခိုးများလည်း ထွက်နေသည်။

ကြီးမားသော အနက်ရောင် အကြီးအကဲက လေထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။ သူ့အကြည့်များထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်

“ အစ်မကြီး … အဲဒါ တကယ်ပဲ အစ်မကြီးလား”

အောင်းပင်းက နှုတ်ခမ်းဆူကာ ပြောလိုက်သည်

“ အစ်မ မင်းကို မေးပါဦးမယ်။ အခု နဂါးနက်ကျွန်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ ငါ့စကားတွေက ဘယ်နေရာမှာမဆို အကျိုးသက်ရောက်မှု ရှိသေးလား”

စောစောက ကြောက်ဖို့ကောင်းပုံပေါ်သော ဤရှေးဟောင်းနဂါးဝိဇ္ဇာက ယခု မျက်နှာချိုသွေးကာ ပြုံးနေသည်။

“ အစ်မကြီး ဘာတွေပြောနေတာလဲ။ ကျွန်တော်က အနားယူလိုက်ပြီလေ။ အခု ကျွန်တော်ရဲ့သား အောင်းယဲ့က နဂါးနက်ကျွန်းက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေတယ်။

ဒါပေမဲ့ နဂါးနက်ကျွန်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့် ရှိပါသေးတယ်။ အစ်မကြီး ဘယ်မှာပဲ။ ကျွန်တော် ညီအစ်ကိုတွေ အားလုံးကို ခေါ်ပြီးတော့ လာကြိုမယ်လေ”

အောင်းပင်းက ထပ်မံနှုတ်ခမ်းဆူကာ ပြောလိုက်သည်

“ အစ်မက အခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ။ အစ်မမှာ ပြန်ဖို့ အစီအစဉ် မရှိသေးဘူး။ အစ်မ ပြန်ချင်ရင် မင်းကို ဆက်သွယ်လိုက်မယ်။ မလိုအပ်ပဲနဲ့ အစ်မကို မနှောင့်ယှက်နဲ့”

အောင်းပင်းက ဆက်သွယ်မှုကို ဖြတ်တောက်ကာ သူမ၏ နဂါးနက် အမှတ်အသားပြားကို ပြန်သိမ်းလိုက်သည်။ သူမက တအံ့တဩဖြစ်နေသော အောင်းဝူကို စိုက်ကြည့်လိုက်သည်။

“ ကဲ ဘယ်လိုလဲ။ မင်းရဲ့ အဘိုးလေ။ မင်း သူ့ကိုတော့ မှတ်မိမှာပါ”

ဂလု …

အောင်းဝူ တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။

အမှန်အတိုင်းပြောရလျှင် သူက သူ့အဖိုးဖြစ်သည့် အောင်းလိန်ကို အရမ်းကြောက်သည်။

နဂါးဘုရင်ဟောင်း အောင်းလိန်က ရက်စက်ခက်ထန်သည်ဟု လူသိများသည်။ အဘိုးအများစုက ချစ်စရာကောင်းသော်လည်း အောင်းလိန်တော့ မပါပေ။

သူ့ဘဝတစ်လျှောက်လုံးတွင် အောင်းဝူက အောင်းလိန် ပြုံးတာကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ အောင်းဝူက သူ၏ အထူးလေ့ကျင့်ရေးအဖွဲ့ထဲကိုပင် ဝင်ခဲ့သေးသည်။

တိုက်ပွဲပညာရပ်၊ နဂါးပညာရပ်များမှ နဂါးသမိုင်းနှင့် စာပေအထိ အောင်းလိန်က အရမ်းစည်းကမ်းကြီးသည်။ ထိုအခိုက်အတန့်တွင် အောင်းဝူ အရမ်းကြောက်လန့်နေခဲ့သည်။

သူ့အဘိုးတွင် “အပြုံး” ဗီဇချို့တဲ့နေသည်ဟု အောင်းဝူ အမြဲတမ်း တွေးခဲ့သည်။

သို့သော် ယနေ့တော့ သူ့ ထင်မြင်ထားတာအားလုံး တလွဲဖြစ်နေသည်ကို သိလိုက်ရသည်။

အဘိုးက ဤနဂါးမလေးရှေ့တွင် မျက်နှာချိုသွေးသော ခွေးလေးတစ်ကောင်ကဲ့သို့ ပြုံးရယ်နေခဲ့သည်။

ငါ့ထက် အရပ်နည်းနည်းပဲ ရှည်တဲ့ ဒီနဂါးမလေးက တကယ်ပဲ ငါ့ရဲ့ အဖွားဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ ဒါကအရမ်းရယ်ရတယ်

“ အစ်မကြီးပင်း ပြန်လည်မွေးဖွားလာတဲ့အတွက် ဂုဏ်ယူပါတယ်နော်။ မကြာခင် မောင်နှမတွေနဲ့ ပြန်တွေ့ရတော့မှာပါ”

ရှန်ထျန်းက ရွှေတောင်ပံများဖြင့် လေထဲတွင် တောက်ပနေရာမှ အားလုံးရှေ့သို့ ဆင်းသက်လာသည်။ သူ့အပြုံးများက လတ်ဆတ်သော လေပြေလေညှင်းလေးနှင့် တူသည်။

သူ  သူတော်စင်တောင်ခြေသို့ ဆင်းသက်လာသည့်အခါ သူ့ပတ်လည်ရှိ ပန်းပွင့်များက တောက်ပစွာ ဖူးပွင့်နေကြသည်။ ပြတ်လပ်နေသော စွမ်းအားများလည်း အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်သွားသည်။

ထိုအခိုက်အတန့်မှစ၍ အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားသည်။

ကျန်းယွင်ရှီးတို့က ရှန်ထျန်းကို ချီရှောက်ရွှမ်၏ အပြုအမူများအကြောင်း ပြောထားပြီးပြီ ဖြစ်သည်။

သို့သော် ရှန်ထျန်းက စိတ်မတိုပေ။

သူက အောင်းပင်းနှင့် နဂါးနတ်ဘုရားစာချုပ်ကို ချုပ်ဆိုထားပြီးပြီ ဖြစ်သည်။ နဂါးနက်များ၏ လူသားတွဲဖက် ဖြစ်ရခြင်းအတွက် တာဝန်ယူမှုကို လက်ခံလိုက်ခြင်း ဖြစ်သည်။

နဂါးသူရဲကောင်း တစ်ယောက်၏ ထုံးစံများအရ နဂါးနက်မျိုးနွယ်တွင် သူ့ရာထူးက အောင်းပင်းနှင့် အတူတူပင် ဖြစ်သည်။ သူက အောင်းဝူထက် နှစ်ဆင့်မြင့်သည်ဟု ဆိုနိုင်သည်။

ချီရှောက်ရွှမ်က အောင်းဝူနှင့် နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုပြီးသည့်အတွက် သူက အောင်းဝူနှင့် အတူတူ ဖြစ်သည်။ ထိုအရာက သူက အောင်းပင်းထက် နှစ်ဆင့်နိမ့်သည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။

အတူတူတွေးကြည့်လိုက်ပါက ချီရှောက်ရွှမ်၏ ရာထူးက ရှန်ထျန်းအောက် နှစ်ဆင့်နိမ့်နေသည့်အတွက် သူက ရှန်ထျန်းကို အဘိုးလေးဟု ခေါ်ရမည် ဖြစ်သည်။

ရှန်ထျန်းက မြေးများအပေါ်တွင် အရမ်းသဘောထားကြီးသူတစ်ယောက် ဖြစ်သည်။

ထို့အပြင် သူက လူကြီးတစ်ယောက် ဖြစ်သည်။

သူက ဘာလို့ ကလေးနဲ့ ပြိုင်ပြီး စိတ်ဆိုးရမှာလဲ။ ဒါက လုံးဝ မလိုအပ်တဲ့ ကိစ္စပဲ

ရှန်ထျန်းက ချီရှောက်ရွှမ်နှင့် အောင်းဝူကို ကြည့်ကာ ပြောလိုက်သည်

“ အစ်မကြီးပင်း ကလေးတွေကို ပိုပြီးတော့ ကြင်နာပေးလိုက်ပါနော်”

အောင်းဝူက ထိုရုပ်ချောသည့်သူကို ကြည့်ကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ သူက ချီရှောက်ရွှမ်ထက် အများကြီး ပိုကြည့်ကောင်းသည်ဟု သူ ခံစားမိသည်။

သူက ပိုပြီးတော့လည်း သဘောထားကြီးတယ် …  လန်းဆန်းတက်ကြွစေတဲ့ ခံစားမှုကို ပေးစွမ်းတယ်

အစ်ကိုလိုမျိုးလူက ဘာလို့ အဖွားနဲ့ နဂါးနတ်ဘုရား စာချုပ်ကို ချုပ်ဆိုလိုက်ရတာလဲ။ အဖွားပင်းက သူ့အတွက် အရမ်းအသက်ကြီးနေတယ်လို့ မခံစားရဘူးလား

ရှန်ထျန်းက အောင်းဝူ၏ ခေါင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်တောက်ပစွာဖြင့် ပြောလိုက်သည်

“ ဒီနဂါးကောင်လေးက တကယ် သန်မာတာပဲ”

အောင်းဝူ၏ နှုတ်ခမ်းထောင့်များကိုလည်း တွန့်ချိုးလိုက်မိသည်။

သန်မာတဲ့ နဂါးကောင်လေးတဲ့လား။ ငါက အဲလောက်လည်း မငယ်တော့ပါဘူး

ဟား…ဟား…ဟား… တစ်နည်းအားဖြင့် မင်းထက်ကြီးတယ်

ဂွက်

အောင်းဝူ၏ ခေါင်း ထပ်မံ အထုခံလိုက်ရပြန်သည်။

အောင်းဝူ၏ ခေါင်းတွင် နောက်ထပ် အဖုတစ်ခု ပေါ်လာပြန်သည်။ ယခု အဖုနှစ်ခုက ဘယ်ဖက်တစ်ခု၊ ညာဘက်တစ်ခုဖြစ်ပြီး အတွဲညီနေသည်။

အောင်းဝူက ငိုမဲ့မဲ့အသံဖြင့် ပြောလိုက်သည်

“ဖွားဖွားက ကျွန်တော်ကို ဘာလို့ ခေါင်းခေါက်တာလဲ”

အောင်းပင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်

“ မင်းရဲ့ အကြီးအကဲက မင်းကို စကားပြောနေတယ်။ မင်းမှာ ယဉ်ကျေးတဲ့ အပြုအမူတွေ မရှိဘူးလား။ အစီအစဉ်အရဆိုရင် သူက မင်းရဲ့ အဘိုးလေးပဲ”

အောင်းဝူ၏ နှုတ်ခမ်းထောင့်များကို တွန့်ချိုးလိုက်မိသည်။

သူက နဂါးနက်ကျွန်းရဲ့ ခုနစ်ယောက်မြောက် နဂါးမင်းသားလေးလေ။ သူမက ဒီလူသားကို အဘိုးလေးလို့ ခေါ်စေချင်တာတဲ့လား။ မျက်နှာပျက်လိုက်တာ…

အောင်းပင်း၏ “နတ်ဆိုးလက်ဝါး” က ထပ်မံ မြင့်တက်လာသည့်အတွက် အောင်းဝူက ချက်ချင်းအရိုအသေပေးကာ နှုတ်ဆက်လိုက်သည်

“ အဘိုးလေးကို နှုတ်ခွန်းဆက်သအပ်ပါတယ်”

အဟင့်…ဟင့်…အရမ်းဝမ်းနည်းတာပဲ။ ငါ မှားသွားပြီ။ ဒါပေမဲ့ အဟင့်…ဟင့်…ငါ တခြားဘာမှ မပြောနိုင်တော့ဘူး

“သူက ကလေးဆိုတော့ ဘာမှမသိသေးလို့ပါ။ အစ်မကြီးပင်းက အရမ်းစိတ်ဆတ်နေတယ်”

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် ပုလင်းလေးကို ထုတ်ကာ သက်ပြင်းချရင်း ရေစင်ကို အောင်းဝူ၏ အဖုပေါ် ဖွဖွလေး ပွတ်ပေးလိုက်သည်။

အောင်းဝူ၏ ခေါင်းပေါ်မှာ အဖုလေး အလျင်အမြန် ပျောက်ကွယ်သွားသည်။ အောင်းဝူ အရမ်းခံစားရပြီး မျက်ရည်များပင် ကျလာမိသည်။

သူက ငယ်ရင်သာ ငယ်မယ် ငတုံးမဟုတ်ဘူး

ဒီရှန်ထျန်း…ဒီ အဘိုးလေးက သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သူ ခံစားကြည့်လို့ရတယ်

အဘိုးလေးက အဖိုးတန်ရတနာဖြစ်တဲ့ နိဗာနတော်ဝင်ရေစင်ကိုတောင် ထုတ်ပြီးတော့ ယောင်နေတဲ့ ဒဏ်ရာကို ကုပေးတယ်… ရက်ရောတယ်… အရမ်းရက်ရောတယ်

ပြီးတော့ ရေစင်ရဲ့ အေးမြတဲ့အထိအတွေ့ကလည်း အရမ်းကောင်းတယ်

ရှေ့လျှောက် ဒီနိဗာနတော်ဝင်ရေစင်တွေကို ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ မသက်သာမှုတွေအတွက် အသုံးပြုရမယ်

ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရှောက်ရွှမ်မှာလည်း နိဗာနတော်ဝင်ရေစင်တွေ အများကြီးရှိတယ်ဆိုတော့ သူ ငါ့ကို နည်းနည်းတော့ မျှသင့်တယ်

ဒါပေမဲ့ ငါ နားမလည်တာက  ဒီအဘိုးလေး ရှန်ထျန်း နိဗာနတော်ဝင်ရေစင် လိမ်းပေးနေတဲ့တစ်လျှောက်လုံး ဘာလို့ ငါ့ခေါင်းပေါ်ကို ကြည့်နေရတာလဲ

အဲဒီမှာ တစ်ခုခုများ ရှိနေလို့လား

ရှန်ထျန်းက အောင်းဝူနှင့် အလုပ်များနေစဉ် အောင်းပင်းက ချီရှောက်ရွှမ်ကို ပြန်ပြီး အာရုံစိုက်လိုက်သည်။

သူမက သူ့ကို စိုက်ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်

“ ဝါစဉ်လိုက်အရ မင်း ငါ့ကို အဖွားလို့ ခေါ်ပြီးတော့ ရှန်ထျန်းကို အဘိုးလေးလို့ ခေါ်ရမယ်။ ငယ်ရွယ်တဲ့ နဂါးသူရဲကောင်းတွေအားလုံးက ရိုင်းကြတာလား။ စမ်းသပ်မှုကို ဘယ်လိုများ အောင်မြင်ခဲ့လဲ။

စိုက်ကြည့်နေတုန်းပေါ့ ဟုတ်လား။ မင်း ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ငါ့ကို ချက်ချင်းနှုတ်ဆက်”

ဥမှ ပေါက်ခါစ ဖြစ်သော်လည်း ပိုင်စိုးပိုင်နင်း အမူအယာဖြင့် ရပ်နေသည့် အောင်းပင်းကို ကြည့်ကာ ချီရှောက်ရွမ် တစ်ယောက် မှုန်မှိုင်းလာမိသည်။

ငါ ဒီနေ့ ဒီကို လာခဲ့တာက ပြိုင်ဘက်လေးယောက်လုံးကို ဖျက်စီးပစ်မလို့လေ

ငါ ခြေချော်လက်ချော် ဖြစ်သွားပြီးတော့ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ထိပ်သီးပါရမီရှင် သုံးယောက်ရဲ့ အနိုင်ယူတာကို ခံခဲ့ရတယ်။ အဲဒါက သုံးယောက် တစ်ယောက် တိုက်ခိုက်တာမလို့ အရှက်ရစရာ မရှိဘူး။ ငါသာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို အနိုင်ရရင် သေချာပေါက် ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်လို့ရမှာပဲ

ဒါပေမဲ့ အခုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းက မိန်းကလေးကို တွေ့လိုက်ပြီးတော့ ငါက သူမကို အဖွားလို့ ခေါ်ရမှာတင် မကသေးဘူး အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း ငါ့ရဲ့ အဘိုးလေး ဖြစ်လာတာတဲ့လား

ဒီလိုနဲ့ ငါ့ရဲ့ရန်သူတော်ကြီးက ငါ့ရဲ့ အဘိုးလေးအဖြစ် ပြောင်းလဲသွားတာတဲ့လား။ ဒါက ဘယ်လောက်တောင် ပေါလိုက်တဲ့ ဇာတ်ကွက်မျိုးလဲ

ဒါက အရမ်းရယ်စရာကောင်းတယ် မဟုတ်လား

All Chapters