အခန်း (၁၂၁)
Vol. 13 Ch. 121
ကျန်းကျန်းရဲ့ မျက်လုံးရှေ့မှာ ရုတ်တရက် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့ပြီး ထိုလမ်းကြောင်းဘက်မှ အလင်းရောင်တွေက တောက်ပနေခဲ့တာကြောင့် ကျန်းကျန်း သတ္တိရှိစွာနဲ့ လှမ်းဝင်လိုက်တယ်။
ကျန်းကျန်းရဲ့နောက်မှာကျန်နေခဲ့တဲ့ လမ်းကြောင်းကတော့ တဖြည်းဖြည်းနှင့် ပြန်လည်ပျောက်ကွယ်သွားခဲ့ကာ ကျန်းကျန်းတစ်ယောက် ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်ရှိလာခဲ့တယ်။
သူမ ခေါင်းမော့ကြည့်လိုက်တော့ နေနဲ့ တိမ်တွေကို မြင်တွေ့ခဲ့ရတယ်။ တိုက်ခတ်နေတဲ့ လေပြေညင်းကိုလည်း ခံစားနိုင်ပြီး၊ ခြေဖဝါးရဲ့အောက်မှာလည်း ခိုင်ခံ့တဲ့မြေကြီးတွေရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ မြက်ပင်တွေ၊ သစ်ပင်တွေတော့ မရှိနေခဲ့ဘူး။ နေရာရဲ့ အလယ်မှာတော့ အနောက်တိုင်းပုံစံ အဆောက်အဦး ငါးလုံးရှိနေခဲ့တယ်။
“ဒါက အသက်မဲ့လွန်းတယ်၊ ကြည့်ကောင်းသွားအောင် မြက်ပင်တွေ စိုက်ရမယ်”
သူမရဲ့ အသံထွက်ပေါ်လာတာနဲ့တပြိုင်နက် စိမ်းစိုနေတဲ့ မြက်ပင်တွေက မြေကြီးထဲမှ ပေါက်ထွက်လာခဲ့ပြီး အချိန်တခဏအတွင်းမှာပဲ စိမ်းလန်းပြီး နူးညံ့ပုံရတဲ့ မြက်ခင်းပြင်ကြီး ဖြစ်ပေါ်လာခဲ့တယ်။
ကျန်းကျန်းအနေနဲ့ အပင်ကြီးထွားမှုကို ထိန်းချုပ်နိုင်စေဖို့အတွက် အနည်းဆုံး အစေ့ရှိနေဖို့လိုအပ်တယ်။ အခုလိုမျိုး သာမန်ကာလျှံကာပြောရုံနှင့်အပင်တွေရှင်သန် ပေါက်ရောက်လာတာက ပထမဆုံးအကြိမ်ပဲ။
ကျန်းကျန်း သူမရဲ့ စွမ်းရည်တွေက အဆင့်မြင့်သွားတာလား ဒါမှမဟုတ် ဒီနေရာကပဲ ထူးခြားတာလားလို့ တွေးမိတယ်။
သူမရဲ့ ခြေဖဝါးတွေမှတစ်ဆင့် ကျန်းကျန်း နူးညံ့တဲ့ အထိအတွေ့ကို ခံစားနိုင်တာကြောင့် သူမက ဖိနပ်ကိုပါ ချွတ်လိုက်ပြီး ပြေးလွှားကြည့်လိုက်တယ်။
ပြေးရတာ ပျင်းလာတော့သူမ အနောက်တိုင်းပုံစံ အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက်သို့ လျှောက်သွားခဲ့ပြန်ကာ သော့ခတ်ထားတဲ့ တံခါးကို သူမရဲ့နောက်မှာ ချန်ထားခဲ့လိုက်တယ်။
ကျန်းကျန်း သူမရဲ့ ရင်ဘတ်ကို ပွတ်သပ်ပြီး ပြုံးလိုက်မိတယ်။
“အကုန်လုံးက ကြောက်ရွှံ့ထိတ်လန့်စရာသရဲရုပ်ရှင်ကားတစ်ကားလိုပဲ၊ တော်တော်လေး ကြောက်စရာကောင်းနေပြီ”
အိမ်ထဲဝင်လိုက်ပြီး အတွင်းပိုင်းကို လှည့်ပတ်ကြည့်လိုက်ချိန်မှာ ပိုင်ရှင်က ဘယ်လောက်ထိ အလျှင်အမြန် ထွက်သွားတာလဲဆိုတာကို အသေအချာ မြင်နိုင်ခဲ့တယ်။
ကျန်းကျန်း ဧည့်ခန်းကို လှည့်ပတ်ကြည့်ပြီးနောက် မီးဖိုခန်းထဲကို သွားကာ အလေ့အကျင့်ဖြစ်စွာနှင့် ဘာတွေများ စားစရာရှိလဲဆိုတာကို ကြည့်ပြန်တယ်။
မီးဖိုချောင်ထဲသို့ ဝင်လိုက်တာနဲ့ ကျန်းကျန်းရဲ့နှာခေါင်းထဲသို့ အစားအသောက်တွေရဲ့ရနံ့တွေက တိုးဝင်လာခဲ့တယ်။ သူမ အနံ့ထွက်လာရာနေရာကို လိုက်ကြည့်ရင်းနဲ့ ပိုင်ရှင်ထွက်သွားကာစလိုမျိုး ဂက်စ်မီးဖိုပေါ်မှ ဒယ်အိုးထဲမှာ လတ်လတ်ဆတ်ဆတ်ကြော်ထားတဲ့ အမဲသားကင်ကြော်ကို တွေ့လိုက်ရတယ်။
သူတို့က အလွန်လျင်မြန်စွာ ထွက်သွားခဲ့ကြတာဖြစ်လိမ့်မယ်။ ဆီတွေတစ်စက်စက်ကျနေတဲ့ ဇွန်းကို ဘေးဘက်မှာ ပစ်ချထားကြပြီး အောက်ဘက်ကို ထွက်ကျခါနီးဖြစ်နေခဲ့တယ်။ တခြားမီးဖိုပေါ်မှာတော့ စွပ်ပြုတ်အိုးတစ်လုံးရှိနေခဲ့တယ်။
ကျန်းကျန်း အဖုံးကိုဖွင့်ပြီး အထဲသို့ကြည့်လိုက်တော့ ထိုအိုးထဲမှာ ခရမ်းချဉ်သီးနှင့် တခြားအရောအနှောစွက်ပြုတ်တစ်အိုးချက်ထားခဲ့တယ်။
ကျန်းကျန်း ဒီမိသားစုက တရုတ်နှင့် အနောက်တိုင်းအစားအသောက်တွေကို ဘယ်လိုများ ပေါင်းစပ်ပြီးစားနိုင်ကြတာလဲဆိုတာကို မသိပေမဲ့ သူမ ပထမဆုံး စားသောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအသားကင်ကို ပထမဆုံး ဆီစစ်ထားရမယ်။
ကျန်းကျန်း ဘေးမှာရှိတဲ့ ဗီဒိုကို ဖွင့်လိုက်ပြီး လှပတဲ့ပန်းကန်ပြားတစ်ချပ်၊ ငွေရောင်ဓားနဲ့ ခက်ရင်းတို့ကိုထုတ်ယူလိုက်ကာ အမဲသားကင်ကို သေသေချာချာနေရာ ချထားလိုက်တယ်။ ဟင်းခတ်မှုန့်တွေထားတဲ့နေရာမှ ငရုတ်ကောင်းမှုန့်ကို ရှာတွေ့ပြီး အသားကင်ရဲ့ဘေးအစွန်းနားမှာ ဖျန်းပေးလိုက်တယ်။
ထို့နောက် ကျန်းကျန်းတစ်ယောက် သီချင်းအနည်းငယ်လောက်ကို ညည်းရင်း အမဲသားကင်ပန်းကန်ကိုယူကာ စားပွဲပေါ်မှာ ထိုင်ချလိုက်လေတယ်။ သူမက ငွေရောင်ဓားနဲ့ နူးညံ့တဲ့အမဲသားတစ်ပိုင်းကို ဖြည်းညှင်းစွာလှီးဖြတ်ပြီး ပါးစပ်ထဲကို ထည့်ဝါးလိုက်တယ်။
ကင်ထားတဲ့အမဲသားက နွားရဲ့ဘယ်အပိုင်းလဲဆိုတာကိုတော့ မသိဘူး။ အသားက ထူထဲပြီး အရသာက နူးညံ့ကာ အရည်ရွှမ်းတယ်။
ကျန်းကျန်း တစ်ကိုက်ကိုက်ပြီးနောက် မရပ်နိုင်တော့ဘူး။ သူမသာ အခု အသက်မပြည့်သေးတာမဟုတ်ရင် ဝိုင်နီတစ်ခွက်လောက်တောင်သောက်ချင်သေးတယ်။
အကင်က လူနှစ်ယောက်အတွက်ဖြစ်လောက်ပေမဲ့ မနက်စာစားပြီးသားဖြစ်တဲ့ ကျန်းကျန်းက အကုန်လုံးကို စားခဲ့တယ်။ ပြည့်အင့်စွာနဲ့ လေချဥ်တက်ပြီ့နောက်မှာတော့ ကျန်းကျန်း သူမရဲ့ဖောင်းကားနေတဲ့ ဗိုက်ကို ပွတ်သတ်ရင်း တွေးတောလိုက်မိတယ်။
ဒီမနက်ကတော့ အကင်ကို ချေဖျက်ဖို့ရန်အတွက် အလုပ်ပိုလုပ်ရတော့မယ်။
**
မနေ့တုန်းက မုန်ချင်းရှန်းရဲ့အိမ်ထဲမှ ပစ္စည်းတွေကို သူမ တောထဲမှာဆောက်ထားတဲ့ သစ်သားအိမ်ထဲသို့ အကြိမ်ပေါင်းဒါဇင်ပေါင်းများစွာ ရွှေ့ခဲ့ရတယ်။ ကျန်းကျန်း ထိုပစ္စည်းတွေကို တူညီတဲ့နည်းလမ်းအတိုင်း အတွင်းပိုင်းသို့ ပြန်ရွှေ့ခဲ့ပြန်တယ်။
တခြားအရာတွေက အဆင်ပြေပေမဲ့ မင်မင်းဆက်လက်ကျန် ပရိဘောဂပစ္စည်းတွေနှင့် အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကိုတော့အပြင်ဘက်မှာ အချိန်ကြာမြင့်စွာ မထားနိုင်ဘူး။
ပေရှားရဲ့ ဆောင်းရာသီက အနုတ်သုံးဆယ် မှ လေးဆယ်ဒီဂရီလောက်အထိ ကျဆင်းနိုင်ပြီး ဆီးနှင်းတွေကလည်းထူထပ်စွာကျဆင်းလွန်းတာကြောင့် ပရိဘောဂတွေက နှစ်အနည်းငယ်အတွင်း အက်ကြောင်းတွေကိုဖြစ်ပေါ်သွားစေလိမ့်မယ်။
ကျန်းကျန်း မနက်ပိုင်းမှာ အရပ်အနားမရှိ အလုပ်များနေခဲ့ပြီးနောက်ဆုံးမှာတော့ ပစ္စည်းတွေအားလုံးကို ရွှေ့ပြောင်းပေးလိုက်ပြီ။ သို့ပေမယ့် အပြင်ဘက်မှာ ကျန်နေသေးတဲ့ သစ်သားအိမ်ကိုတော့ ပြန်လည် မဖြိုဖျက်ခဲ့ဘူး။
အဓိကကတော့ ဒီသစ်သားအိမ်ကို ဆောက်ခဲ့တုန်းက အတော်လေး အလုပ်ရှုပ်ခဲ့တယ်လေ။ တစ်မနက်လောက်ပဲ အသုံးပြုပြီး ပြန်ဖျက်လိုက်မယ်ဆိုရင် ဖြုန်းတီးရာကျလွန်းတယ်။
တကယ်လို့ နောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေလိုမျိုးတစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်လည်း အနီးအနားမှာရှိတဲ့သားရဲတိရစ္ဆာန်တွေအတွက် ခိုနားစရာနေရာတစ်ခုပေးနိုင်တယ်။
ဒါ့အပြင် ဒီသစ်ပင်အိမ်က သစ်တောနက်ထဲမှာရှိနေတာဖြစ်လို့ အနီးအနားမှာ တိရစ္ဆာန်အမျိုးမျိုးတို့သာ ရှိနေလောက်တယ်။ ဒီနေရာကို နှစ်ပေါင်းရာနှင့်ချီပြီး လူတွေမလာခဲ့တာကြောင့် နောက်ပိုင်းမှာလည်း အလွယ်တကူ ရောက်မလာနိုင်လောက်တဲ့အတွက် ခဲ့ရှာဖွေတွေ့ရှိခံရဖို့ကို စိုးရိမ်နေစရာမလိုဘူး။
ကျန်းကျန်း အနောက်တိုင်းပုံစံအဆောက်အဦးတွေကို လှည့်လည်ကြည့်ရှုခဲ့ပြီး အမဲသားတစ်ပိုင်းကို ရရှိခဲ့ပြန်တယ်။ ကျန်းကျန်း ထိုအသားပေါ်မှ အဆီကိုကြည့်ပြီး အရသာရှိလောက်တဲ့ အမဲနံရိုးအောက်ဘက်အသားဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်။ သို့ပေမဲ့ အချိန်က မွန်းတည့်အချိန်နီးပါးဖြစ်နေခဲ့တာကြောင့် အမဲသားကိုချက်ပြုတ်ရန်အချိန်မရှိတော့ဘူး။
ကျန်းကျန်း ဘီဒိုထဲမှ ထပ်မံရှာဖွေခဲ့ပြီး နောက်ဆုံးမှာ ပုံးတစ်ခုကို ရရှိခဲ့တာကြောင့် ယန်ချွေ့မြစ်ဆီသို့ချက်ချင်းသွားခဲ့တယ်။ မိနစ်အနည်းငယ်အတွင်းမှာပဲ ပုံးထဲမှာ အဆီအပြည့်ရှိတဲ့ကဏန်းတွေနှင့် ပုစွန်တို့က ပြည့်သွားခဲ့ပြီ။
ကျန်းကျန်း စိတ်ကျေနပ်စွာနဲ့ အိမ်ကို ပြန်လာခဲ့တယ်။
မဒမ်လီက ဒီအချိန်မှာ တံခါးဝမှာထိုင်နေပြီး ဆေးတံကိုသောက်နေခဲ့တယ်။ သူမက ကျန်းကျန်းကို အဝေးကနေ လှမ်းမြင်ခဲ့ပြီး သူမရဲ့ဘယ်ဘက်နှင့်ညဘက်လက်တွေမှာ ပစ္စည်းတွေကို ကိုင်ဆောင်လာတာကိာ မြင်တာကြောင့် အလျင်အမြန်ထရပ်ကာ ပြောလာတယ်။
“မင်း ဘာလို့ ကဏန်းတွေ အများကြီးဖမ်းလာရတာလဲ.. ရေတွေနဲ့ထည့်လာရတာ မလေးဘူးလား”
“ဒီအလေးချိန်က သမီးအတွက် လုံးဝမလေးပါဘူး”
ကျန်းကျန်း မဒမ်လီက ကူသယ်ပေးဖို့ လုပ်နေတာကိုမြင်တော့ သူမလက်ထဲမှ အဝတ်အိတ်ကို လှမ်းပေးလိုက်တယ်။
“အဖွား အမဲသားကိုပဲ ကူပြီးသယ်ပေးလေ”
“အမဲသားလား?”
မဒမ်လီ အထုပ်ကိုဖွင့်ကြည့်ပြီး ကျန်းကျန်းကို အံ့သြစွာကြည့်လိုက်တယ်။
“ဘယ်ကရလာတာလဲ”
ကျန်းကျန်း ရှက်ကိုးရှက်ကန်းဟန်နှင့် သူမရဲ့မျက်နှာကို ကုတ်လိုက်တယ်။
“အမ်.. သမီး နွားတစ်ကောင်တွေ့ခဲ့တယ်...”
မဒမ်လီက မျက်လုံးပြူးသွားခဲ့ပေမဲ့ မေးခွန်းတွေ ထပ်မမေးတော့ဘူး။ ဒီမြေးမလေးက ငယ်ငယ်လေးကတည်းက သာမန်လူတွေနဲ့ မတူဘူးလေ။ သူမရဲ့စွမ်းရည်တွေက မသေမျိုးတွေမှာသာ ရှိသင့်တဲ့ စွမ်းရည်တွေပဲ။
လွန်ခဲ့ခဲ့ နှစ်နှစ်အတွင်းမှာ ကျန်းကျန်းက တောရိုင်းတိရိစ္ဆာန်တွေနှင့် ငါး၊ ပုစွန်များကို အိမ်သို့ သယ်ဆောင်လာခဲ့ပေမဲ့လည်း အသားကို ပိုင်းဖြတ်ပြီးယူလာတာကတော့ ပထမဆုံးအကြိမ်ပဲ။
မဒမ်လီက ကျန်းကျန်းကို လေးလေးနက်နက်ကြည့်ပြီး အသံတိုးတိုးနဲ့ မေးတယ်။
“မင်း ခိုးလာတာတော့ မဟုတ်ဘူးမလား”
ကျန်းကျန်း ထိုစကားကို ကြားတော့ မပျော်မရွှင်ဖြစ်သွားခဲ့ရတယ်။
“အဖွား.. အဖွားက သမီးကို အထင်သေးနေတာပဲ.. သမီးက အဲလောက်တောင် လောဘကြီးတယ်လို့ ထင်နေတာလား”
မဒမ်လီက ချက်ချင်းပဲ ခေါင်းညိတ်လိုက်တယ်။
“မင်းက ငါတို့မိသားစုမှာ လောဘအကြီးဆုံးပဲလေ”
ကျန်းကျန်း သူမကို အကူအညီမဲ့စွာ ကြည့်လိုက်ပြီး အသံကို လျှော့ကာပြောလိုက်တယ်။
“တကယ်တော့ တခြားလူဆီက ဝယ်ခဲ့တာ.. သမီးက အဖွားသိရင် ဆူမှာစိုးလို့ တိုက်ရိုက် မပြောရဲခဲ့တာ”
မဒမ်လီက ကျန်းကျန်းရဲ့လက်ထဲမှာ ပိုက်ဆံတွေအများကြီးရှိတယ်ဆိုတာကို သိတယ်။ လီမူဝမ်း ပြန်ယူသွားတဲ့ အဝါရောင်ငါးပုတ်ကောင်ကြီးက ပိုက်ဆံအမြောက်အမြားပြန်ရခဲ့တယ်။
မဒမ်လီက ထိုပိုက်ဆံတွေကို လီမူဝူအတွက် စက်ဘီးဝယ်ဖို့နှင့် မိသားစုဘဝတိုးတက်ဖို့ သုံးစွဲခဲ့ပေမယ့် ထိုပိုက်ဆံတွေက ကျန်းကျန်းပိုင်ဆိုင်သင့်တာလို့သာ အမြဲတမ်း တွေးတောထားခဲ့ပြီး ကျန်းကျန်းရဲ့အိတ်ကပ်ထဲကို ပိုက်ဆံတွေထည့်ပေးတတ်လေ့ရှိတယ်။
ဒါကြောင့် မဒမ်လီက ဒီအမဲသား ဘယ်ကနေရောက်လာတာလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်တယ်။ ကျန်းကျန်းရဲ့ လက်ကိုင်ပုဝါလေးထဲမှာ ဝှက်ထားတဲ့ ကိုယ်ပိုင်ပိုက်ဆံလေးဆယ်၊ ငါးဆယ်လောက်ရှိတယ်လေ။
“မင်း ဒီလိုမျိုး ပိုက်ဆံကို သုံးဖြုန်းနေမယ်ဆိုရင် နောက်တစ်ခါ မင်းကို ပိုက်ဆံမပေးတော့ဘူး”
အဘွားလီက ပြင်းပြင်းထန်ထန်ဆူပူလိုက်ပေမဲ့ သူမက အမဲသားနှင့် ပုံးကိုယူကာ အတွင်းကို သယ်သွားပေးဖို့ ကူညီနေတုန်းပဲ။
လီမင်ပေက ခြံထဲသို့ဆင်းကာ တည်သီးတစ်အိုးကို ခူးယူလာခဲ့ပြီး ပြန်လာချိန်မှာ မဒမ်လီက ပုံးကိုသယ်နေတာကိုမြင်တော့ ကူညီပေးဖို့ အပြေးအလွှားသွားခဲ့တယ်။
ပုံးအတွင်းပိုင်းမှ လက်မတွေ လှုပ်ရှားကာ ပုံးထဲမှ တိုးထွက်ချင်နေတဲ့ ကဏန်းတွေကို မြင်တော့ လီမင်ပေရဲ့ပါးစပ်က မပိတ်နိုင်တော့ဘူး။
“ငါ မင်းကိုအကြိုက်ဆုံးပဲ အကြီးဆုံးညီမလေး.. အမဲလိုက်တာဖြစ်ဖြစ်၊ ငါးဖမ်းတာတွေ နှင့် ကဏန်းဖမ်းတာတွေပဲဖြစ်ဖြစ် မင်းက အတော်ဆုံးပဲ.. ငါတို့ရဲ့ အိမ်နားမှာ မင်းလောက် လုပ်နိုင်တဲ့လူ ဘယ်သူမှမရှိဘူး..
မင်းက လက်ဗလာနဲ့တက်သွားပြီး တာ့ဟွမ်ကို ယုန်ဖမ်းဖို့ အကူအညီတောင်းခဲ့တာမလား.. ငါးနဲ့ ကဏန်းဖမ်းတဲ့အချိန်ရော သူက မြစ်ထဲမှာ ကူညီပေးခဲ့တာလား”
ကျန်းကျန်း သူ့ကို မျက်နှာရိပ်မျက်မှာကဲပြပြီး စကားမပြောခင်မှာပဲ မဒမ်လီက ရုတ်တရက် မေးလာတယ်။
“တာ့ဟွမ်က ဘယ်သူလဲ”
ကျန်းကျန်း : …
လီမင်ပေ ကျန်းကျန်းရဲ့ ဒေါသတကြီးအပြုံးကိုမြင်တော့ ရုတ်တရက် သတိရသွားခဲ့ကာ ဆံပင်မွှေးတွေပါ ထောင်ထသွားခဲ့ရပြီး ခေါင်းကို ကုတ်ကာ ရေပုံးကိုသယ်ပြီး အိမ်ခန်းထဲသို့ အမြန်ပြေးဝင်ခဲ့တယ်။
မဒမ်လီက ကျန်းကျန်းဆီကိုပြန်ကြည့်လာတယ်။
“တာ့ဟွမ်က ဘယ်သူလဲ”
ကျန်းကျန်း ရှက်ရွံ့စွာ ပြုံးလိုက်တယ်။
“အင်း.. အဲဒါက တောင်ပေါ်က မျောက်တစ်ကောင်ပါ.. သမီး သူ့ကို ယဥ်အောင်သင်ပေးပြီး တာ့ဟွမ်လို့ နာမည်ပေးထားတာ”
***